← Chapters

အရှင်နဲ့အတူတိုက်ခိုက်ဖို့ စောင့်မျှော်နေပါ့မယ်

Vol. 32 Ch. 443

အရှင်နဲ့အတူတိုက်ခိုက်ဖို့ စောင့်မျှော်နေပါ့မယ်

Vol. 32 Ch. 443

ဘာသာပြန်- The Fate

"ဒင်~ နတ်ဆိုးနှလုံးသား နဲ့ဖုန်းရဲ့စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်

အမည် - နဲ့ဖုန်း

ဘွဲ့ - လေနတ်ဘုရား

ကောင်းကင်ဘုံသွေးကြော - လေဝိညာဥ်ကောင်းကင်ဘုံသွေးကြော

ကျင့်ကြံမှု - ထျန်းကျွင်းအထွတ်အထိပ်

မိုးကောင်းကင်အဆင့် အထူးစွမ်းအားများ - ပင်းရှင်းကျွယ် ၊ လေအလျင်အရိပ်ခြေလှမ်း ၊ အောင်းဟန်စစ်ကျွယ် ၊ ချွင်းတောက် တောက်နည်းစနစ် ၊ မှော်ဝင်တာအိုနည်းစနစ် ၊ မြင့်မြတ်သောလေအလျင်ရွေ့လျားမှု ၊ မိုးကောင်းကင်၏ကတိစကား ၊ အရပ်ဆယ်မျက်နှာ၌ ပြိုင်ဘက်ကင်းခြင်း

သဘာဝလွန်အထူးစွမ်းအားများ - ဖုန်းရှန်းကန်ချက် ၊ ဖုန်းရှန်း၏အမျက်ဒေါသ ၊ မိုရှင်းတု ၊ မုန့်ဝူလီ ၊ ဖုန်းဝူရှန်း 

ကောင်းကင်ဘုံလက်နက် - နှင်းရည်သောက်ဓါး ၊ ကျင်းကျိဓါး ၊ လင်းယုန်မျက်ဝန်းဓါး"

"မှတ်ချက် - နတ်ဆိုးနှလုံးသားကို ဖြတ်ကျော်ပြီးနောက် နဲ့ဖုန်းက ကြီးမားသော အလားအလာနဲ့ သန်မာတဲ့တိုက်ပွဲဝင်စွမ်း အားကို ပိုင်ဆိုင်ခဲ့ပြီး ချန်ခွမ်းအထွတ် အမြတ်ဘုံနဲ့တောင် နှိုင်းယှဥ်နိုင်ခဲ့ပါတယ် ၊ သူက မုန့်ဝူလီ(အကန့်အသတ်မဲ့ လေအလျင်) နဲ့ ပြောင်းလဲမှုမရှိကိုအသုံးပြုလိုက်ရင် သူ့ရဲ့အလျင်ကအရမ်းကို မြန်ဆန်လာတာကြောင့် ပဏ္ဍိတနယ်ပယ်တွေတောင် မယှဥ်ပြိုင်နိုင်ပါဘူး... သူက ပဏ္ဍိတနယ်ပယ်တွေကိုတောင် ထိခိုက်ဒဏ်ရာရစေနိုင်ပါတယ်"

"ပိုင်ရှင်သာ ပုကျင်းယွင်ကို ဆင့်ခေါ်နိုင်ခဲ့ရင် နတ်ဆိုးနှလုံးသား နဲ့ဖုန်းနဲ့ပူးပေါင်းပြီး အကန့်အသတ်မဲ့ လေအလျင်သိုင်းကို အသုံးပြုနိုင်ပါတယ် ၊ အကန့်အသတ်မဲ့‌ေလအလျင်သိုင်းကွက်ရဲ့ အလားအလာကို အပြည့်အစုံ ဖော်ထုတ်လိုက်လို့ရှိရင် အဆင့်ကြီးသုံးဆင့်ပိုမြင့်တဲ့ရန်သူကိုတောင် သတ်ဖြတ်နိုင်ပါတယ်"

"ဒင်~ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်... နဲ့ဖုန်းရဲ့ ကျင့်ကြံမှုက ထျန်းကျွင်းအထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။ ဒါ့ကြောင့်မလို့ ပထမအစောင့်အရှောက် လီပိုင်ရဲ့ကျင့်ကြံမှုကို ပဏ္ဍိတအထွတ်အထိပ်အဆင့်ထိ အလို အလျောက် တိုးမြှင့်ပေးလိုက်ပါပြီ ၊ ဒုတိယအစောင့်အရှောက် ရှီကန်းတန်ရဲ့ကျင့်ကြံမှုကိုလည်း ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်ထိ တိုးမြှင့်ပေးလိုက်ပါပြီ"

"ဒင်~ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အသန်မာဆုံးစွမ်းအားရှင်နဲ့ဖုန်းက ထျန်းကျွင်းအထွတ် အထိပ်ကို ရောက်ရှိပြီးတာကြောင့် ပထမဂိုဏ်းအစောင့်အရှောက်သားရဲ ကိုးမြှီးမြေခွေးရဲ့ ကျင့်ကြံမှုကိုလည်း ထျန်းကျွင်းအထွတ်အထိပ်အဆင့်ထိ အလိုအလျောက် တိုးမြှင့်ပေးလိုက်ပါပြီ... သူမအပေါ် ကန့်သတ်ချက်တွေက အကြုံးဝင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ပဏ္ဍိတအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားရင်တော့ အစောင့်အရှောက်သားရဲတွေရဲ့ ကန့်သတ်မှုတွေကို ပြန်လည်ရရှိမှာဖြစ်ပြီး ဂိုဏ်းနယ်မြေအပြင်ဘက်ကို သွားရောက်တိုက် ခိုက်လို့မရတော့ပါဘူး"

စနစ်၏ အေးစက်သောအသံက တစ်သံပြီးတစ်သံ ထွက်လာခဲ့ကာ ဝမ်ဖုန်းကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ သူ့အရှေ့ရှိ စွမ်းရည်ဇယားကို စူးစိုက်ကြည့်နေရင်း သူမျက်နှာက ဝင်းလက်တောက်ပလာခဲ့သည်။ 

နတ်ဆိုးနှလုံးသား နဲ့ဖုန်း၏ စွမ်းရည်က အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းလေသည်။ အဓိက ဇာတ်ဆောင်နှစ်ယောက်ထဲမှတစ်ယောက်အဖြစ် ထိုက်တန်ပါပေသည်။ ဤတိုက်ပွဲဝင်စွမ်းအားဖြင့်ဆိုပါက ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးတွင်တောင်မှ သူ့ကို လူနည်းစုကသာ ယှဥ်ပြိုင်နိုင်ကောင်း ယှဥ်ပြိုင်နိုင်လိမ့်မည်။

"စနစ်~ ဂိုဏ်းအမှတ် ၅၀၀ ဘီလီယံအသုံးပြုပြီး ထီဆုကံစမ်းလိုက်ပါ... ရရှိလာတဲ့ကျင့်ကြံမှုတွေကိုတော့ ဒီဂိုဏ်းချုပ် ၊ လုအာ ၊ ဒုတိယမြောက် ဓါးဧကရာဇ် ၊ တတိယမြောက် ဝက်ဧကရာဇ်နဲ့ မဟာနတ်ဆိုးရွှမ်ရှအပေါ် ကောင်းချီးပေးလိုက်ပါ"

ဝမ်ဖုန်းက စိတ်သက်သာရာရစွာ သက်ပြင်းချက်လိုက်ပြီး တီးတိုးပြောဆိုလိုက်သည်။

ဤတစ်ကြိမ်တွင် ရှန်ရှန့်ကျုံဂိုဏ်း အကြီး အကဲတိုင်းကို ကောင်းချီးမပေးခိုင်းခဲ့ပါချေ။ သူ့တွင် ဂိုဏ်းအမှတ်များစွာ ရှိသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲအားလုံး၏ ကျင့်ကြံမှုကို ထျန်းကျွင်းအထွတ်အထိပ်သို့ တိုးမြှင့်ပေးဖို့တော့ မလုံလောက်ခဲ့ပါ။

ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ ချန်ခွမ်းအထွတ် အမြတ်ဘုံအဆင့် စွမ်းအားရှင်များက ဘယ်တော့တိုက်ခိုက်လာမလဲ မသိနိုင်ပါ။ ထို့အတွက်ကြောင့် သူဟာ သူနှင့်လတ်တလောရှိနေသည့် စွမ်းအားရှင်များကိုသာ တိုးတက်အောင် ဆောင်ကြဥ်းပေးနိုင်သည်။ သူတို့၏ ကျင့်ကြံမှုများက ထျန်းကျွင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည့်အခါ ချန်ခွမ်းအထွတ်အမြတ်ဘုံ စွမ်းအားရှင်များကို မသတ်ဖြတ်နိုင်သေးသော်လည်း အနည်းဆုံးတော့ ခုခံနိုင်ကောင်းသည်။

"ဒင်~ နဲ့ဖုန်း၏ ကျင့်ကြံမှု ဆယ်ပုံတစ်ပုံကို ရရှိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် "

"ဒင်~...."

"ဒင်~ ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ကျင့်ကြံမှုတွေကို ကောင်းချီးပေးပြီးပါပြီ... ပိုင်ရှင် ၊ လုံအာ ၊ ဒုတိယမြောက် ဓါးဧကရာဇ် ၊ တတိယမြောက် ဝက်ဧကရာဇ်နဲ့ မဟာနတ်ဆိုးရွှမ်ရှတို့အားလုံးက မြင့်မြတ်သော ထျန်းကျွင်းအထွတ်အထိပ်သို့ ရောက်ရှိသွားပါပြီ"

စနစ်၏ အသိပေးသံနှင့်အတူ ဝမ်ဖုန်းနှင့်အခြားသူများ၏ အရှိန်အဟုန်များမှာ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ ခမ်းနားကြီးကျယ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများသည် ကောင်းကင်နှင့်ကမ္ဘာမြေပြင်၏ မျဥ်းကြောင်းများကဲ့သို့ သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ထွက်ပေါ်လာကာ သွေးကြောများတစ်လျှောက်စီးဆင်းနေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်ကို ကြည့်ရှုရသည်မှာ တောက်တောက်ပပဖြင့် အင်မတန်မှ ဆန်းကြယ်လှသည်။ 

သူတို့ထံမှ ထုတ်လွှတ်နေသော စွမ်းအားအရှိန်အဟုန်များသည် အနီးနားရှိလေထုကို မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် တွန့်လိမ်သွားစေခဲ့သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးဟာ သူတို့၏ ခန္ဓာကိုယ်များကို အံတုရင်ဆိုင်နိုင်ခြင်းမရှိတော့သည့်အလား။

ကြီးမားသော စွမ်းအားများကို လက်ခံရရှိလိုက်သော မဟာနတ်ဆိုးရွှမ်ရှသည် တစ်ခဏကြာအောင် အံဩသွားခဲ့သည်။ ဂိုဏ်းချုပ်နောက်ကို လိုက်ပါရတာက ကောင်းလွန်းလိုက်တာကွာ။ သခင်မအနောက်ကို လိုက်ပါရတာကလည်း အတော်လေးကောင်းမွန်သော်ငြား ကျင့်ကြံမှုကိုတော့ မိမိဘာသာပြုလုပ်ရပြီး ဖြစ်စဥ်မှာ အင်မတန်မှ နှေးကွေးနာကျင်ဖွယ်ကောင်းလှသည်။ လုံလောက်သော လုံ့လဝီရိယမရှိပါက သည်းခံနိုင်ခဲ့မှာမဟုတ်ပါ။

ယခင်အဆင့်ကို အချိန်တိုအတွင်း ရောက် လာဖို့အတွက် သူအဘယ်မျှလောက် ခံစားခဲ့ရသည်ကို မြတ်စွာဘုရားသာ သိပါလိမ့်မည်။

သို့ပါသော်လည်း ဂိုဏ်းချုပ်နောက်ကို လိုက်ပါသည့်အခါ သူ၏ကျင့်ကြံမှုက အချိန်တိုင်း တိုးမြင့်လာခဲ့ကာ ဘယ်ဘေးထွက်ဆိုးကျိုးမှမရှိသလို အခြေခံကလည်း အင်မတန်မှ ခိုင်မာတောင့်တင်းလှသည်။ ဘယ်သူကများ ဒီလိုကောင်းမွန်တဲ့အရာကို မလိုချင်ပဲ ရှိမှာလဲ!?

ပျော်ရွှင်ဝမ်းမြောက်သွားခြင်းနှင့်အတူ မဟာနတ်ဆိုးရွှမ်ရှ၏ ဝမ်ဖုန်းအပေါ်ထားရှိသော လေးစားအားကျမှုမှာ ပို၍ခိုင်မြဲလာခဲ့သည်။ ထိုကဲ့သို့ ခန့်မှန်းမရနိုင်သော စွမ်းဆောင်ရည်များဖြင့် ဂိုဏ်းချုပ်ကို ဘယ်သူကများ နှိုင်းယှဥ်နိုင်ပါမည်နည်း။

အင်မတန်ထက်မြတ်သော သခင်မကတောင် ဒီအဆင့်ထိကို မရောက်နိုင်ခဲ့ပါ။ ဂိုဏ်းချုပ်က ဘယ်လိုတောင် လျှို့ဝှက်ဆန်းကြယ်ပြီး ထိတ်လန့်ဖွယ်ကောင်းရတာလဲ။

ရှန်ရှန့်ကျုံဂိုဏ်းအတွင်း ဝင်ရောက်လိုက်ပြီးနောက် မဟာနတ်ဆိုးရွှမ်ရှက သူ၏ ဘဝတစ်ဝက်ခန့်ကို ဖြုန်းတီးမိလိုက်ကြောင်း ခံစားလိုက်ရသည်။ မဟာနတ်ဆိုးရွှမ်ရှက ရှန်ရှန့်ကျုံဂိုဏ်းကို သူ၏အိမ်အဖြစ် ယူဆလာခဲ့ကာ ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံး၏ အထွေထွေစံမံအုပ်ချုပ်သူဖြစ်ရန် စိတ်အားထက်သန်နေခဲ့သည်။

သနားစရာက သူဟာဘဝတစ်လျှောက်လုံးတွင် အမျိုးသမီးများနှင့် မပက်သက်ခဲ့ဖူးပါ...ဧကရီမေသုရှားက ပထမဆုံးတစ်ယောက်ဖြစ်သည်။ ထို့အတွက်ကြောင့်ပဲ ကြီးမြတ်သော မဟာနတ်ဆိုးရွှမ်ရှ၏ နှလုံးသားက ဧကရီမေသုရှားနှင့် တွေ့သည့်အခါတိုင်း အရိုင်းဆန်စွာ ခုန်ပေါက်လာခဲ့ရသည်။

ဟမ်....

ဝမ်ဖုန်းနှင့်တခြားသူများ ကျင့်ကြံမှုများကို လက်ခံရရှိပြီးသည့်နောက်တွင် လေထုတစ်နေရာက တုန်ခါလာခဲ့ပြီး လူအများ၏ အကြည့်အောက်သို့ လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ 

ရောက်ရှိလာသောသူမှာ မီးခိုးရောင်ဝတ်ဆုံကို ဝတ်ဆင်ထားပြီး ချောမောခန့်ညားလှသည်။ သူ၏ သိမ်းငှက်မျက်ဝန်းကဲ့သို့ တောက်ပသော မျက်ဝန်းများအတွင်း၌ အချိန်နှင့်အမျှ ထွန်းလင်းတောက်ပနေသော အနီရောင်အလင်းတန်းတစ်ခု ရှိနေခဲ့သည်။

"နဲ့ဖုန်းက ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်"

ထိုသူက ဝမ်ဖုန်းကို တွေ့မြင်လိုက်သည်နှင့်တစ်ပြိုင်နက် လက်သီးဆုပ်ကာ လေးလေးစားစား ဂါရဝပြုလိုက်သည်။ 

"အကြီးအကဲနဲ့... အရမ်းကြီးယဥ်ကျေးမနေပါနဲ့ အကြီးအကဲနဲ့ရဲ့ အကူညီနဲ့ဆို ကျုပ်တို့တွေ ဘာကိုများ ကြောက်လန့်ရဦးမတုန်း"

ဝမ်ဖုန်းက ရယ်မောလိုက်ကာ နဲ့ဖုန်းကို ထူမရန် လက်ဆန့်ထုတ်လိုက်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

ထိုစကားများကို ဘေးတစ်ဖက်တွင်ရှိနေသော မဟာနတ်ဆိုးရွှမ်ရှ ကြားလိုက်ရသည့်အခါ နှုတ်လမ်းဆူလိုက်မိသည်။ 

'ဂိုဏ်းချုပ်ရေ... ဒီစကားတွေကို ဒီလူအိုကြီးကိုကျတော့ ဘာဖြစ်လို့မပြောရတာလဲ'

ဝမ်ဖုန်းက တစ်ခဏကြာတွေးတောလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ ကမ္ဘာဘောလုံးလေးအတွင်းမှ ဘုန်းတော်ကြီးဝူရှန်းကို ခေါ်ထုတ်လိုက်သည်။

"ဂိုဏ်းချုပ်ကိုတွေ့ဆုံပါတယ်..."

ဘုန်းတော်ကြီးဝူရှန်းက အလျင်စလိုဂါရဝပြုလိုက်သည်။

"ဒီရှေးဗုဒ္ဓ တားမြစ်နယ်မြေထဲမှာရှိတဲ့ ဗုဒ္ဓအမွေအနှစ်ကို သွားရောက်လက်ခံပါ..."

ဝမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ဝူရှန်းဘုန်းတော်ကြီးကို ပြောဆိုလိုက်သည်။ 

ဗုဒ္ဓဝါဒကျင့်ကြံသူတစ်ယောက်ဖြစ်သည်နှင့်အညီ ရှေးဗုဒ္ဓတားမြစ်နယ်မြေ၏ အမွေ အနှစ်သည် ဘုန်းတော်ကြီးဝူရှန်းနှင့် အင်မတန်မှ သင့်လျော်ပေသည်။

"ဟုတ်ကဲ့ပါ..."

ဘုန်းတော်ကြီးဝူရှန်းက အင်မတန်မှ ပျော်မြူးသွားကာ လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ရှေးဗုဒ္ဓတားမြစ်နယ်အတွင်း၌ ရှိနေသော အမွေအနှစ်ကို ရှာဖွေရန် ထွက်ခွာသွားလေသည်။

ဝမ်ဖုန်းက ဘုန်းတော်ကြီးဝူရှန်း၏ ထွက်ခွာသွားသော ကျောပြင်ကိုငေးစိုက်ကြည့်လိုက်ရင်း သူ၏လက်ကို အနည်းငယ်ဆန့်တန်းကာ ကမ္ဘာဘောလုံးလေးအတွင်းသို့ ဝင်ရောက်နိုင်သည့် နေရာရွှေ့ပြောင်းရေး တံဆိပ်ပြားတစ်ခုကို ပေးအပ်လိုက်သည်။ ဒီလိုဆိုလျှင် အမွေအနှစ်ကို ရရှိပြီးပါက ကမ္ဘာဘောလုံးလေးအတွင်းသို့ သူ့ဘာသာပြန်လည်၍ ဝင်ရောက်နိုင်လိမ့်မည်။

"လူတိုင်းပဲ နောက်ထပ်ကျရောက်လာမယ့်တိုက်ပွဲအတွက် ယုံကြည်မှုရှိရဲ့လား "

ဝမ်ဖုန်းက ဝမ်ရွှယ်ကလေး၏ ကျောက်စိမ်းရောင်လက်ကလေးများကို ဆုပ်ကိုင်ရင်း နဲ့ဖုန်းနှင့် တခြားသူများ ဝေ့ဝဲကြည့်ကာ ပြောဆိုလိုက်သည်။

"စိတ်အေးအေးထားပါ..ဂိုဏ်းချုပ် ကျုပ်တို့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းရဲ့ စွမ်းအားရှင်တွေကို ကျိန်းသေပေါက် သတ်ဖြတ်ပါမယ်"

နဲ့ဖုန်း ၊ လီပိုင် ၊ လုံအာ ၊ ဒုတိယဓါးဧကရာဇ် ၊ တတိယဝက်ဧကရာဇ် ၊ မဟာနတ်ဆိုးရွှမ်ရှနှင့် ကိုးမြှီးမြေခွေးတို့က တညီတညွတ်တည်း ပြောဆိုလိုက်သည်။ သူတို့အသံတွင် ကိန်းဝပ်နေသော အရှိန်အဟုန်က ရှေးဗုဒ္ဓ တားမြစ်နယ်မြေကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

"ကောင်းပြီ... ယွမ်ဟွားကောင်းကင်ဘုံရဲ့ အထူးအင်အားစုကြီးက ဘယ်လိုမျိုးလည်းဆိုတာ ကြည့်ရှုရအောင် ဒီဂိုဏ်းချုပ်နဲ့လိုက်ခဲ့ကြ!"

ဝမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းစွာဖြင့် ကျယ်လောင်စွာပြောဆိုလိုက်သည်။

စကားဆုံးသွားသည့်အခါ ဝမ်ဖုန်းက ဝမ်ရွှယ်ကလေးကိုခေါ်ဆောင်ပြီး ရှေးဗုဒ္ဓတားမြစ်နယ်မြေအတွင်းမှ ထွက်ခွာရန် ဦးဆုံးလှုပ်ရှားလိုက်သည်။ နဲ့ဖုန်းနှင့် အခြားသူများကလည်း နောက်ကောက်ကျမကျန်ရစ်ပဲ ဝမ်ဖုန်း၏အနောက်ကို လိုက်ပါသွားကြသည်။

ဝမ်ဖုန်းနှင့်အခြားသူများ သွားလာနေစဥ်တွင် ယွမ်ဟွားကောင်းကင်ဘုံအပြင်ဘက် အကာအရံကြီး၏ အထက်တွင် ယန်လုံသားရဲကြီးမှ အသွင်ပြောင်းဖြစ်တည်လာသော လူငယ်လေးသည် ကြယ်ရောင်စုံသော ကောင်းကင်ကြီးအတွင်း၌ မတ်တပ်ရပ်နေခဲ့သည်။ သူ၏မျက်ဝန်းများက အတား အဆီးများကို ဖြတ်သန်းသွားပြီး ဝမ်ဖုန်းနှင့်အခြားသူများကို စောင့်ကြည့်နေခဲ့ပုံပေါ်သည်။

"အရှင်... ဒီဘဝမှာ အရှင်က ကျွန်ုပ်ကို ဦးဆောင်ပြီး အောင်မြင်မှုတွေ စွတ်ခူးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ရှောင်းယန်က အရှင့်ကို နတ်ဘုရားနယ်မြေမှာ စောင့်စားနေပါ့မယ်"

(နတ်ဘုရားနယ်မြေ- နတ်ဘုရားဘုံလောက တူတူပါပဲ)

"အရှင်နဲ့အတူ ပုခုံးချင်းယှဥ်ပြီး တိုက်ခိုက်ဖို့ပေါ့..."

All Chapters