ကောင်းကင်ဘုံနဂါး ၈ ကောင်
Vol. 32 Ch. 445
ဘာသာပြန်- The Fate
"ဒင်~ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကြီးအကဲ မဟာနတ်ဆိုး ရွှမ်ရှက ထျန်းကျွင်းအထွတ်အထိပ်အဆင့် ရန်သူတစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၁၀၀ ဘီလီယံနဲ့ ထျန်းကျင်းအဆင့် မန္တိမဆင့်ခေါ်ခွင့်တစ်ကြိမ်ဆုချလိုက်သည်"
စနစ်၏ အေးစက်သော အသံထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းဟာ ရှေးဗုဒ္ဓတားမြစ်နယ်မြေအပြင်ဘက်တွင် ရှိနေသော ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို လှမ်းကြည့်နေခဲ့သည်။ ဤနေရာတွင် ထူထပ်များပြားသော ကျောက်စာတိုင်ကြီးပေါင်းများစွာ ရှိနေသည်က ဝမ်ဖုန်းကို မျက်မှောင်ကျုံ့သွားစေခဲ့သည်။
ဤနေရာဟာ ဗုဒ္ဓဂိုဏ်းတည်ရှိသော နေရာတစ်ခုနှင့် တူမနေပဲ ဂူသင်္ချိုင်းကြီးတစ်ခုနှင့် သာ၍တူနေခဲ့သည်။
မဟာနတ်ဆိုးကြီး ရွှမ်ရှနှင့် ဟွေ့ဖတို့၏ တိုက်ပွဲက ကောင်းကင်နှင့်ကမ္ဘာမြေကို ဖျက်ဆီးလုမတက်ဖြစ်နေခဲ့သော်လည်း ကျောက်စာတိုင်များကိုတော့ အနည်းငယ်တောင် ထိခိုက်မသွားစေခဲ့ပါ။ မြေပြင်ဟာ တစ်ဝက်ခန့်ပြိုကျသွားပြီဖြစ်သော်လည်း ကျောက်စာတိုင်များရှိနေသော နေရာအောက်ရှိ မြေပြင်ဟာတော့ အနည်းငယ်တောင် ထိခိုက်မှုမရှိပါချေ။
"ဒီနေရာကြီးကို တစ်စုံတစ်ခုက ကာကွယ်ပေးနေတာလား?"
ဝမ်ဖုန်း၏မျက်နှာမှာ တည်ငြိမ်သွားပြီး သူ့ဘာသာ တွေးတောလိုက်မိသည်။
ထိုထူးခြားမှုက မသိသာခဲ့သော်လည်း ဝမ်ဖုန်းကတော့ ချက်ချင်းကို သတိထားမိခဲ့သည်။ သူ၏ခွန်အားက အမှန်တစ်ကယ်တိုးတက်လာခဲ့သော်လည်း ယွမ်ဟွားကောင်းကင်ဘုံအတွင်းရှိ အထူးအင်အားစုတစ်စု ဖြစ်လေရာ ရှေးဟောင်းဗုဒ္ဓဂိုဏ်းတွင် နက်ရှိုင်းသော နောက်ခံရှိလေသည်။ သူတို့ရဲ့ ဝှက်ဖဲက ဘာများလဲ?... ဝမ်ဖုန်းဟာလည်း မသိပါချေ။
ဂရုစိုက်ရမယ်...
အရာရာတိုင်းကို သတိထားဆောင်ရွက်ရမယ်...
"အော်မီတောဖု..."
မဟာနတ်ဆိုးရွှမ်ရှက ဟွေ့ဖကို သတ်ဖြတ်လိုက်ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများဘက်သို့ သွားဖြဲပြီး ပြုံးပြလိုက်သည့် အခိုက်အတန့်တွင် ဗုဒ္ဓ၏ နာမတော်ကို ရေရွတ်သံကြီးသည် ကမ္ဘာလောကကြီးအတွင်း၌ ခေါင်းလောင်းသံ တစ်ခုအလား မြည်ဟည်းသွားခဲ့သည်။
ထိုအသံကြီး ထွက်ပေါ်လာသည့်အခါ မဟာနတ်ဆိုးရွှမ်ရှ ခန္ဓာကိုယ်မှထုတ်လွှတ်နေသော နတ်ဆိုးစွမ်းအားများသည် ရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသည့်အလား ပြိုပျက်သွားရသည်။ မဟာနတ်ဆိုးရွှမ်ရှ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ အပြင်းအထန်တုန်လှုပ်လာခဲ့သည်။
ဗုဒ္ဓ၏နာမတော်ရေရွတ်သံကလေးကတောင် သူ့ကို ပြိုင်ဘက်ကင်း ဗုဒ္ဓတစ်ပါးက ဖိနှိပ်ထားသကဲ့သို့ ခံစားလိုက်ရစေကာ သူ၏ နှလုံးသားတစ်ခုလုံးကို တုန်လှုပ်လာစေခဲ့သည်။ သူ့ကိုယ်တွင်းရှိ မှော်စွမ်းအားများမှာ လုံးဝအလုပ်မလုပ်တော့ပါ။
မဟာနတ်ဆိုးရွှမ်ရှသာမက ဝမ်ဖုန်းနှင့် အခြားသူများမှာလည်း ခန္ဓာကိုယ်များ တောင့်တင်းသွားကြကာ အမူအရာများမှာ အင်မတန်မှ လေးနက်လာကြပြီး သူတို့အရှေ့ရှိ လေထုကို စူးစိုက်ကြည့်မိလိုက်ကြသည်။
"ချန်ခွမ်းအထွတ်အမြတ်ဘုံ!"
ဝမ်ဖုန်း၏ မျက်လုံးများမှာ အနည်းငယ်မှေးကျဥ်းသွားခဲ့ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများမှာ ပေါက်ကွဲထွက်လာကာ ကျယ်ပြောသော ဗုဒ္ဓ၏ အရှိန်အဝါကြီးကို ခုခံလိုက်သည်။
ဤသည်မှာ သူတော်စင်များ၏ ဂုဏ်သရေဖြစ်သည်။ လူရောက်မလာခင်ကတည်းက သက်ရှိများကို စကားလုံးတစ်လုံးဖြင့် ဖိနှိပ်နိုင်စွမ်းရှိလေသည်။
ဝမ်ဖုန်းနှင့် အခြားသူများ၏ အကြည့်အောက်သို့ လူနှစ်ယောက်ဟာ ထွက်ပေါ်လာခဲ့ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများ၏ ဦးခေါင်းအထက် ကောင်းကင်ယံ၌ ရပ်တည်နေလိုက်ကြသည်။ ယင်းမှာ အရာအားလုံးကို သိတတ်နားလည်သော ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ မြင့်မြတ်သော ဗုဒ္ဓသူတော်စင်များဖြစ်ကြသည်။
ဘုန်းတော်ကြီးနှစ်ပါးဟာ လက်နှစ်ဖက်ကို အတူတကွ လက်အုပ်ချီထားပြီး တည်ငြိမ်သောစိတ်နေသဘောထားကို ဆောင်နေခဲ့ကာ ဝမ်ဖုန်းတို့ကို ထူးမခြားနားစွာ စိုက်ကြည့်နေခဲ့သည်။ သူတို့၏ အကြည့်ဟာ သေလူများကို စိုက်ကြည့်နေသည့်အလား အနည်းငယ်သော စိတ်ခံစားမှုမှ မပါဝင်ခဲ့ပါ။
ဘုန်း!
သူတို့နှစ်ယောက်ဟာ အရည်မရအဖတ်မရစကားများ ပြောကြားခြင်းမရှိဘဲလက်ဖဝါးတစ်ချက်ကို ဖိနှိပ်၍ ချက်ချင်းတိုက်ခိုက်လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံးမှာ ရုတ်တရက် တုန်ခါသွားခဲ့ပြီး မျက်စိကြိမ်းလောက်သော ဗုဒ္ဓအလင်းတန်းများ ထုတ်လွှတ်နေသည့် လက်ဖဝါးရာကြီးသည် လေထုအတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းနှင့် အခြားသူများဘက်သို့ ကျဆင်းလာခဲ့သည်။
လက်ဖဝါးကြီး ကျဆင်းမလာမှီကတည်းက မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည် အင်မတန်မှ ကြောက်လန့်ဖွယ်ကောင်းသော ဖိအားကြီးကို ရင်ဆိုင်လိုက်ကြရကာ မလှုပ်ရှားနိုင်ကြတော့ပါ။
မဟာနတ်ဆိုးရွှမ်ရှတို့ ထျန်းကျွင်းအထွတ်အထိပ်သို့ ရောက်ရှိသွားခြင်းက သူတို့ဟာ ချန်ခွမ်းအထွတ်အမြတ်ဘုံနှင့် နှိုင်းယှဥ်နိုင်သည်ဟုတော့ မဆိုလိုပါ။ သူတို့၏ တိုက်ပွဲဝင်စွမ်းအားက ချန်ခွမ်းအထွတ်အမြတ်ဘုံနှင့် အင်မတန်မှ ထိကပ်လုမတက် ဖြစ်နေခဲ့သော်လည်း သူတို့ဟာ ချက်ချင်းကို ဖိနှိပ်ခံလိုက်ရသည်။ ရောက်ရှိလာသော ဗုဒ္ဓသူတော်စင်နှစ်ပါးဟာ သာမန်မဟုတ်ခဲ့ကြပါ။ ထိုသူများဟာ အနည်းဆုံးတော့ ချန်ခွမ်းအထွတ်အထိပ်အဆင့်နှင့် ပဏ္ဍိတ နယ်ပယ်၌ ရှိကြပါလိမ့်မည်။
"နဲ့ဖုန်း မင်းက ချန်ခွမ်းအထွတ်အထိပ်အဆင့်က လူပုဂ္ဂိုလ်နဲ့ရင်ဆိုင်လိုက်ပါ ။ကျန်တစ်ယောက်ကိုတော့ ငါရင်ဆိုင်လိုက်မယ်"
( ချန်ခွမ်းအထွတ်အမြတ်ဘုံရဲ့ ပထမဆင့် ပဏ္ဍိတ နယ်ပယ်မလာခင် ကြားမှာ ချန်ခွမ်းအဆင့် ရှိသေးပုံပေါ်ပါတယ်။ မူရင်း စာရေးသူက ခုမှ ချန်ခွမ်းအဆင့်လို့သုံးထားတာပါ။ယခင်ရှင်းလင်းချက်မှာ အဲ့အဆင့်မပါခဲ့ပါဘူး)
ဝမ်ဖုန်းက သူ့ဘေးတွင်ရှိနေသာ နဲ့ဖုန်းကို စူစိုက်ကြည့်လိုက်ကာ အသံကူးပြောင်းရေးစွမ်းရည်ဖြင့် ပြောဆိုလိုက်သည်။
စနစ်မှတစ်ဆင့် ဝမ်ဖုန်းသည် ထိုပုဂ္ဂိုလ်နှစ်ယောက်၏ ကျင့်ကြံမှုကို သိရှိခဲ့ရသည်။ သူတို့ဟာ ပဏ္ဍိတနယ်ပယ်အစောပိုင်းအဆင့်နှင့် ချန်ခွမ်းအထွတ်အထိပ်အဆင့်တို့ ဖြစ်ကြသည်။
ဝမ်ဖုန်းက လီပိုင်ကို ချက်ချင်းလှုပ်ရှားခိုင်းခြင်းမပြုသေးပဲ သူနှင့်နဲ့ဖုန်းတို့ အရင်ဦးဆုံးတိုက်ခိုက်ရန် စီစဥ်ထားခဲ့သည်။ ထိုပုဂ္ဂိုလ်နှစ်ယောက်ဟာ သန်မာသော်လည်း ဝမ်ဖုန်းကလည်း ထျန်းကျွင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏တိုက်ပွဲဝင်စွမ်းအားမှာ အင်မတန်မှ တိုးတက်လာခဲ့သည်။ သူ့ရဲ့ တိုက်ပွဲဝင်စွမ်းအား ဘယ်လောက်တောင် တိုးတက်သွားသလဲ ကြည့်ရသေးတာပေါ့လေ။
ဘုန်း!
ဝမ်ဖုန်း၏ အမိန့်စကားကို လက်ခံရရှိလိုက်ပြီးနောက် နဲ့ဖုန်းက တုံ့ဆိုင်းမနေခဲ့ပဲ နတ်ဆိုးနှလုံးသား ရုပ်ခန္ဓာကို ဖွင့်လှစ်ပြသလိုက်သည်။ ပြင်းထန်သော နတ်ဆိုးစွမ်းအားများသည် သူ့ထံမှ ပေါက်ကွဲထွက်လာခဲ့ကာ သူ၏ မျက်ဝန်းများမှာ သွေးကဲ့သို့ စွေးစွေးနီသွားခဲ့သည်။ သူ၏ ပုံရိပ်မှာ ဝေဝါးပျောက်ကွယ်သွားခဲ့ပြီး ဖိနှိပ်မှုကြီးထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
တခြားတစ်ဖက်တွင် ဝမ်ဖုန်းကလည်း ဟွာကွမ်းဖေးရှန်းဓါးကို ကိုင်ဆောင်ထားပြီး တစ်ဖက်လောကလျို့ယင်းရုပ်ခန္ဓာကို အဆုံးစွန်ထိတိုင် လှည့်ပတ်စေလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ််ခုလုံးမှာ လရောင်ကဲ့သို့ အလင်းတန်းဖြူကြီးအဖြစ် ပြောင်းလဲသွားခဲ့ကာ ပြင်းထန်လွန်းသော ဓါးဆန္ဒတစ်ခုသည် ဗုဒ္ဓ၏အရှိန်အဝါများကို ဖြိုခွင်းရန် မိုးကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
'ဓါးတစ်ချောင်းထွက်ပေါ်လာသည့်အခါ တစ်လောကလုံး တုန်လှုပ်ကြရသည်'
ထိတ်လန့်ဖွယ်ကောင်းသော ဓါးအလင်းတန်းသည် လက် ဖဝါးရာကြီးနှင့် ထိတွေ့မိသွားကာ ပြင်းထန်လွန်းသော စွမ်းအားများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။
"ဘုန်း!"
နားကွဲလုမတက် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဝမ်ဖုန်းနှင့် နဲ့ဖုန်းတို့ဟာ ထိုပုဂ္ဂိုလ်နှစ်ယောက်ထံသို့ ပြေးသွားကြသည်။ တစ်ယောက်က လက်သီးတစ်ချက်နှင့် နောက်တစ်ယောက်က ဓါးတစ်လက်ဖြင့် ဘုန်းတော်ကြီးနှစ်ပါးကို အပြင်းအထန်တိုက်ခိုက်လိုက်ကြသည်။
"ဆိုးယုတ်လိုက်တဲ့ သတ္တဝါတွေ..."
ဘုန်းကြီးနှစ်ပါး၏ မျက်ဝန်းများမှာ မှေးကျဥ်းသွားခဲ့ပြီး တိုးညင်းစွာ ရေရွတ်သံနှင့်အတူ မျက်စိကြိမ်းလောက်သော ဗုဒ္ဓအလင်းတန်းကြီးသည် သူတို့၏ ခန္ဓာကိုယ်ထံသို့ လွှမ်းခြုံသွားလိုက်ကာ သူတို့ဟာလည်း ဝမ်ဖုန်းတို့နှင့် ရင်ဆိုင်လိုက်ကြသည်။
အချိန်တစ်ခုထိတိုင်အောင် လက်သီးလုံးတစ်လုံး ဓါးတစ်ချောင်းနှင့် ဗုဒ္ဓအရှိန်အဝါများသည် အတူတကွ ထိတွေ့မိသွားကြကာ ကမ္ဘာလောကကြီးတစ်ခုလုံး အပိုင်းပိုင်းအစစ ဖြစ်သွားရသယောင်...။
များစွာသော ရှေးဟောင်းဗုဒ္ဓဂိုဏ်းသားများသည် ဤပြင်းထန်သော ဖိအား၏အောက်တွင် သွေးမြူထုကြီးအဖြစ်ပေါက်ကွဲထွက်သွားခဲ့သည်။ ထိုသွေးများကို မိုးထိအောင်မြင့်မားနေသော ကျောက်စာတိုင်များက စုပ်ယူလိုက်လေသည်။ သို့ပေသော်ငြားလည်း မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများဟာ လေထုအတွင်းရှိတိုက်ပွဲကို အာရုံစိုက်နေခဲ့ကြတာကြောင့် ထိုထူးဆန်းသောအရာကို သတိမထားမိခဲ့ကြပါ။
လီပိုင်တစ်ယောက်တည်းကသာ ကျောက်စာတိုင်များကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီး ဝမ်ဖုန်း၏ သတိပေးစကားကို ပြန်၍ကြားယောင်လာခဲ့သည်။ လီပိုင်ဟာ ထိုအရာများကို အသေအချာစောင့်ကြပ်နေခဲ့သည်။ ကျောက်စာတိုင်များ၏ ထူးခြားမှုကြောင့်မဟုတ်ပါက ဝမ်ဖုန်းဟာ လီပိုင်ကိုချက်ချင်း လှုပ်ရှားခိုင်းလောက်သည်။
သူတို့၏ ကိုယ်ပိုင်ခွန်အားကို စမ်းသပ်ခြင်းမှာ အရံအခြေအနေသာဖြစ်လေသည်။ ကျောက်စာတိုင်များကို စောင့်ကြည့်ထားစေလိုသောကြောင့်သာ ဝမ်ဖုန်းက လီပိုင်ကို မလှုပ်ရှားခိုင်းခဲ့တာဖြစ်လေသည်။
မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများဟာ ကောင်းကင်ထက်ရှိတိုက်ပွဲကို စူးစိုက်ကြည့်နေခဲ့ကြသည်။ သူတို့၏ ကျင့်ကြံမှုဖြင့်တောင် သူတို့က ဝမ်ဖုန်းတို့၏ အရှိန်နှုန်းကို လိုက်မမှီခဲ့ပါ။ သူတို့လေးယောက်ဟာ အလင်းတန်းကြီးလေးခုအဖြစ် ပြောင်းလဲသွားပုံပေါ်ပြီး နီးကပ်လိုက်ဝေးကွာလိုက်ဖြစ်နေကြသည်။
ဝမ်ဖုန်းတွင် ထိုကဲ့သို့ ခွန်အားရှိခြင်းက မဟာနတ်ဆိုးရွှမ်ရှတို့ကို မအံ့ဩစေခဲ့ပါ။ သို့ပါသော်လည်း ယခုမှထွက်ပေါ်လာသော နဲ့ဖုန်းတွင် ထိုကဲ့သို့ ထိတ်လန့်ဖွယ်ခွန်အားကြီးရှိနေခဲ့သည်။ ဤသည်က မဟာနတ်ဆိုးရွှမ်ရှတို့ကို အတော်လေးအံ့ဩသွားစေခဲ့သည်။
ဘုန်း!
မိုးချိန်းသံကြီးတစ်သံထွက်ပေါ်လာခြင်းနှင့်အတူ ဝမ်ဖုန်းနှင့် လင်းရန်တို့ဟာ မျက်နှာခြင်းဆိုင် မတ်တပ်ရပ်လိုက်ကြသည်။ ဝမ်ဖုန်းက ဟွာကွမ်းဖေးရှန်းဓါးကို ကိုင်ဆောင်ထားပြီး လင်းရန်ထံသို့ ရန်စသည့်နှယ် လက်ယက်ပြလိုက်သည်။
မှော်လက်နက်အစုံလိုက်နှင့် တစ်ဖက်လောကလျို့ယင်းရုပ်ခန္ဓာကြောင့် ဝမ်ဖုန်းဟာ ပဏ္ဍိတနယ်ပယ်များနှင့်တောင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိလာခဲ့သည်။
ဝမ်ဖုန်း၏ ရန်စသည့် ဟန်အမူအရာက လင်းရန်၏မျက်နှာကို မဲမှောင်သွားစေခဲ့ကာ သူ၏ နှလုံးသားတစ်ခုလုံးမှာ အဆုံးစွန်တိုင်အောင် ခုန်လှုပ်လာခဲ့သည်။ သာမန်ထျန်းကျွင်းအထွတ်အထိပ် လူပုဂ္ဂိုလ်တစ်ယောက်က သူ့လို ပဏ္ဍိတတစ်ပါးကို ရင်ဆိုင်နိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ ထင်မထားမိခဲ့ပါ။
ဗုဒ္ဓဝါဒရဲ့ အတိကပ်ဘေးကြီးဖြစ်ဖို့ ထိုက်တန်ပါတယ်လေ။ တစ်ကယ့်ကို ထိတ်လန့်ဖို့ကောင်းတာပဲ...။
"ကောင်းကင်ဘုံနဂါး ၈ ကောင်!"
လင်းရန်ဟာ တိုးညင်းစွာ ရေရွတ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်တစ်ခုလုံးထံမှ ဗုဒ္ဓအလင်းတန်းများ ဖြာဆင်းထွက်လာခဲ့ကာ ကမ္ဘာလောကကြီးအတွင်း၌ ထွန်းလင်းတောက်ပနေသော နေတစ်စင်းကဲ့သို့ ဖြစ်လာခဲ့သည်။ ထူထပ်သိပ်သည်းသော ဗုဒ္ဓသင်္ကေတများသည် သူ့ခန္ဓာ ထံမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ပြီး သူ့နောက်ကျောဘက်တွင် မျက်တောင်တစ်ခတ်အတွင်း၌ ထူးဆန်းသော ဗုဒ္ဓအရိပ်ကြီး ၈ ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဗုဒ္ဓအရိပ်ကြီး ၈ ခု ထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းနှင့် လင်းရန်ကို ဗဟိုပြု၍ ပတ်ပတ်လည် မိုင်တစ်သောင်းဝန်းကျင်၌ ဗုဒ္ဓအရှိန်အဝါ သင်္ကေတများဖြင့် ပြည့်နှက်သွားခဲ့ကာ ယင်းသင်္ကေတများက ဝမ်ဖုန်း၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ဖိနှိပ်နေခဲ့သည်။
ဝမ်ဖုန်း၏ အမူအရာမှာ မဲမှောင်သွားပြီး ဗုဒ္ဓအရိပ် ၈ ခုကို စိုက်ကြည့်လိုက်သည်။ တစ်ဖက်လောကလျို့ယင်းရုပ်ခန္ဓာက အဆုံးစွန်ထိတိုင် လည်ပတ်သွားခဲ့ပြီး ပြင်းထန်သော ယင်နတ်ဆိုးစွမ်းအားများသည် လှည့်ပတ်လာခဲ့ကာ ဗုဒ္ဓ၏အရှိန်အဝါများကို ခုခံနိုင်ရန် ကူညီပေးလိုက်လေသည်။