တစ်ဖက်လောက လျို့ယင်း။ ငိုခြင်းမဲ့ မရဏအရှင်။
Vol. 32 Ch. 446
ဘာသာပြန်- The Fate
"ကျဆင်းစေ!"
လင်းရန်က သူ့မျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး လက်ချောင်းများကို လျှင်မြန်စွာ လှုပ်ရှားလိုက်သည့်အခါ သူ့အနောက်ဘက်ရှိ ဗုဒ္ဓအရိပ်ကြီးရှစ်ခုမှာ လှုပ်ရှားလာခဲ့သည်။ ယင်းတို့က ဝမ်ဖုန်း၏ ပတ်ပတ်လည်၌ ရုတ်တရက် ထွက်ပေါ်လာကြကာ အရပ်လေးမျက်နှာမှနေ၍ ဝမ်ဖုန်းကို ဖိနှိပ်ထားခဲ့သည်။ ဗုဒ္ဓအရိပ်ကြီး ရှစ်ခုထံမှ ကျယ်ပြောနက်ရှိုင်းသော ဗုဒ္ဓအရှိန်အဝါများသည် ပျံလွင့်ထွက်ပေါ်လျက်ရှိကာ ကမ္ဘာလောကကြီး တစ်ခုလုံးက ဝမ်ဖုန်းကို ပစ်မှတ်ထားနေသလိုမျိုး ဖိနှိပ်ထားခဲ့သည်။ဦးခေါင်းထက်ရှိလေဟာပြင်မှာ ပြိုပျက်သွားရသည်။
ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားက မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကို စိုးရိမ်ပူပန်သွားစေခဲ့သည်။ သူတို့က ဝမ်ဖုန်း၏ ခွန်အားကိုယုံကြည်ထားသော်လည်း ပူပန်နေဆဲသာ။ ထိုနေရာတွင် သူတို့ဆိုပါက ထိုတိုက်ကွက်ကို လုံးဝခုခံနိုင်မှာ မဟုတ်ပါ။
လီပိုင်ကတောင်မှ စိုးရိမ်ပူပန်သွားမိသည်။ ဝမ်ဖုန်း၏ အကြောက်တရားကင်းမဲ့သော အမူအယာကြောင့်သာမဟုတ်ပါက သူဟာ သွားရောက်ကူညီပြီးနေလောက်သည်။ ဝမ်ဖုန်းက ဗုဒ္ဓအရိပ်ကြီး ရှစ်ခုကို ကြည့်ရှုရန် မျက်လုံးပင့်လိုက်သည်။ သူ၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု တည်ရှိနေခဲ့သည်။
တဖက်လောက လျို့ယင်း၏ စွမ်းအားများသည် သူ့ကြောင့် အပြင်းအထန် လှုံ့ဆော်ခံလိုက်ရကာ နှလုံးသားအတွင်းရှိ တစ်ဖက်လောက လျို့ယင်းကတောင် ပြင်းပြင်းထန်ထန်တုန်လှုပ်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးသည် ဝမ်ဖုန်း၏ နှလုံးအိမ်အတွင်းမှ စီးဆင်းထွက်ပေါ်လာပြီး ခန္တာကိုယ်တစ်ခုလုံးကို လှည့်ပတ်လိုက်ကာ သူ့ကို အင်မတန်မှ မြင့်မြတ် ခမ်းနားသွားစေခဲ့သည်။ အဆိုပါ ပြင်းထန်သော အရှိန်အဟုန်မှာ အနီးနားရှိ ဗုဒ္ဓအရိပ်ကြီး ရှစ်ခုကိုတောင် တုန်လှုပ်သွားစေခဲ့သည်။
"တစ်ဖက်လောက လျို့ယင်းလက်ဝါး!"
တိုးညှင်းသော ရေရွတ်သံတစ်ခုသည် ဝမ်ဖုန်း၏ နှုတ်ဖျားမှ ပွင့်ဟထွက်ပေါ်လာခဲ့သည်။ သူဟာ လက်ကို မြင့်မြင့်မြှောက်လိုက်ပြီး သူ့ကိုယ်တွင်းရှိ စွမ်းအားများအားလုံးကို လက်ဖဝါးအတွင်းသို့ စုစည်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ အလင်းရောင်များသည် ဤလက်ဖဝါးကြီး၏ စုပ်ယူခြင်းခံလိုက်ရသည့်အလား မိန်ဖျော့ သွားကြသည်။
ရုတ်တရက် ဆိုသလို ဝမ်ဖုန်း၏ ပတ်လည်၌ ကြီးမားသော လေဟာပြင်ကြီးတစ်ခု ဖြစ်တည်လာခဲ့ကာ မည်သည့် ထျန်းကျွင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်ကိုမဆို တုန်လှုပ်သွားစေနိုင်သော ဗုဒ္ဓအလင်းတန်းများသည် ရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသည့်အလား ရပ်တန့်သွားကြသည်။
ဤသည်မှာ တစ်ဖက်လောက လျို့ယင်းလက်ဝါးကို အသုံးပြုပြီး အဆုံးစွန်ဆုံးသော အထူးစွမ်းအားကို ထုတ်ဖော်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်နေသည်။ လက်ဖဝါးကြီး ပြည့်ဝစွာ မဖြစ်တည်လာခင်ကတည်းက ကောင်းကင်ဘုံနဂါးရှစ်ကောင်သိုင်းကွက်သည် ပြိုပျက်သွားခဲ့သည်။ ဤလက်ဖဝါးကြီး အဘယ်မျှလောက် ထိတ်လန့်ဖွယ်ကောင်းသည်ကို တွေးတောကြည့်ပါလေ။
ဘုန်း!
ဝမ်ဖုန်း၏ လက်ဖဝါးထွက်ပေါ်လာခြင်းနှင့်အတူ လေဟာပြင် တစ်ခုလုံးဟာ ယိမ်းထိုးသွားခဲ့သည်။ ကောင်းကင်ကြီးတစ်ခုလုံးဟာ ဤလက်ဖဝါးကြီးကြောင့် လွင့်ပျံထွက်သွားပုံပေါ်ကာ ကမ္ဘာ လောကကြီးသည် ရုတ်ချည်း မိန်ဖျော့သွားခဲ့ရသည်။ တဖက်လောကမှ ထွက်ပေါ်လာဟန်ရှိသော ထိတ်လန့်ဖွယ်ကောင်းသည့် လက်ဖဝါးကြီးသည် လေဟာပြင်ကို ဖြတ်သန်း၍ ပြေးထွက်သွားခဲ့သည်။
ဗုဒ္ဓအရိပ်ရှစ်ခုသည် ထိုအရှိန်အဟုန်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ အလင်းတန်းများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားပြီး ကမ္ဘာလောက အတွင်းမှ နှုတ်ဆက်ထွက်ခွာသွားခဲ့သည်။
"ဒါ...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
ဤမြင်ကွင်းက လင်းရန်ကို ကြောင်အသွားစေခဲ့ပြီး သူ၏မျက်ဝန်းများမှာ ပြူးကျယ်လာခဲ့သည်။ သူ့တွင် တည်ငြိမ်နေမှု မရှိတော့ဘဲ အကြောက်တရားများက နှလုံးအိမ်အတွင်း၌ ပျံ့နှံ့လာခဲ့သည်။သူ၏ခန္တာကိုယ်တစ်ခုလုံးမှာ အဆက်မပြတ်တုန်ယင်နေခဲ့သည်။
ကြီးကျယ်မြင့်မြတ်တဲ့ ပဏ္ဍိတတစ်ပါးက ထျန်းကျွင်းအထွတ်အထိပ်အဆင့်တစ်ယောက် ထုတ်လွတ်လိုက်တဲ့ လက်ဖဝါးကြောင့်တုန်လှုပ်နေရတယ်တဲ့လား။ဒီသတင်းသာ ပျံ့နှံ့သွားပါက ဘယ်သူကမှ ယုံအံ့မည်မထင်။
နဲ့ဖုန်းနှင့် တစ်ဖက်တွင် တိုက်ခိုက်နေသော ဘုန်းတော်ကြီးသည်လည်း ထိတ်လန့်သွားခဲ့သည်။ သူဟာ ပြန်လည်တိုက်ခိုက်ဖို့ မေ့လျော့သွားတာကြောင့် နဲ့ဖုန်း၏ တိုက်ကွက်ကို ရင်ဆိုင်လိုက်ရပြီး လွင့်စင်ထွက်သွားခဲ့သည်။
တစ်ဖက်လောက နွေဉီးဝါအရပ်မှရောက်ရှိလာသော လက်ဖဝါးကြီးကို တွေ့မြင်လိုက်ရသည့်အခါ သူ၏ အတွေးအမြင်များအားလုံးမှာ ယိမ်းထိုးသွားပြီး ကြောက်လန့် တုန်လှုပ်သွားရသည်။ ထို့နောက်မှာ လင်းရန်ဟာ ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။ သူဟာ သေဆုံးတော့မည်ဆိုတာကို သိရှိလိုက်ရသည်။ ထိုကဲ့သို့ကြောက်လန့်ဖွယ်ကောင်းသော လက်ဖဝါးကြီး၏ လက်မှောက်တွင် သူ့ကိုအသာထား ပဏ္ဍိတနယ််ပယ်အထွတ်အထိပ် စွမ်းအားရှင်များကတောင် အသက်ရှင်နိုင်မှာမဟုတ်ပါ။
"ညီငယ်လေးရေ၊ ဒီဂိုဏ််းတူအစ်ကိုကြီးက ဗုဒ္ဓကို အရင်ဦးဆုံး သွားရောက်တွေ့ဆုံတော့မယ်။"
"ဒါက ငါတို့ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးရဲ့ အတိဒုက္ခကပ်ဘေးကြီးပဲ။ဘာမှဆက်ပြီး စိုးရိမ်ကြောင့်ကြမနေပါနဲ့တော့။ ကျန်တဲ့ ဂိုဏ်းတူအစ်ကိုတွေနဲ့ လွှဲအပ်ထားခဲ့လိုက်ပါ။"
"ငါ့ရဲ့ ဗုဒ္ဓက ဂရုဏာကြီးမားပါပေတယ်။ ဒါပေမယ့် အမွေအနှစ်သာ ပြတ်တောက်သွားမယ်ဆိုရင် ရှင်သန်ခြင်း၊သေဆုံးခြင်းကရော ဘာအရေးရှိတော့မလဲ?"
နောက်ဆုံးမသေဆုံးမှီ အခိုက်အတန့်တွင် လင်းရန်ဟာ သူ၏ ဂိုဏ်းတူညီလေးကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့် အသံကူးပြောင်း ပို့ဆောင်လိုက်သည်။
"အစ်ကိုကြီး"
ဝမ်းပန်းတနည်း အော်ဟစ်ငိုကြွေးသံကြီးနှင့်အတူ တစ်ဖက်ဘုန်းတော်ကြီးမှာ လင်းရန်ကို စူးစူးနစ်နစ် စိုက်ကြည့်နေခဲ့ကာ သူ၏ နှလုံးသားဟာ အဆုံးစွန်တိုင်အောင် ခုန်လှုပ်သွားခဲ့ရလေသည်။
အရာအားလုံးဟာ အနိစ္စမတည်မြဲဟု ဗုဒ္ဓကဟောကြားခဲ့သည်။ သို့သော် အဘယ်သို့သောလူမျိုးက ထိုမျှလောက်အဆင့်ထိ တရားပေါက်ရမည်နည်း။ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံရင်တောင် သင်ဟာလူသားတစ်ယောက် ဖြစ်နေသေးသည် မဟုတ်ပါလော။
သူ့ကို နှစ်ပေါင်းများစွာ အဖော်ပြုပေးခဲ့သော ဂိုဏ်းတူအစ်ကိုကြီး၏ သေဆုံးမှုကို စောင့်ကြည့်နေရခဲ့သည့်အခါ သူ၏ နှလုံးသားအတွင်းမှ တည်ငြိမ်မှုများသည် ပြိုပျက်သွားရသည်။
တစ်နာရီ၏ လေးပုံတစ်ပုံကြာမြင့်သည့်အခါ ကောင်းကင်နှင့်ကမ္ဘာမြေအတွင်း၌ ရှိနေသော ဟစ်ကြွေးသံကြီးသည် ရပ်တန့်သွားခဲ့သည်။ ဝမ်ဖုန်း ရပ်တန့်နေခဲ့သော နေရာတစ်ခုလုံးဟာ အပျက်အစီးလွင်ပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ကာ သူ့ရှေ့မောက်၌ ရှိနေသော ဘုန်းတော်ကြီးသည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေပြီ။ ဂုဏ်သရေ ကြီးမြတ်သော ဗုဒ္ဓသူတော်စင်တစ်ပါးသည် ဝမ်ဖုန်း၏ လက်ဖဝါးအောက်တွင် လုံးဝ သေဆုံးခဲ့ရသည်။
ဝမ်ဖုန်းက ဖြည်းလေးစွာ သက်ပြင်းချလိုက်သည်။ ဤတစ်ဖက်လောက လျို့ယင်းလက်ဝါးသည် အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းသလို သူ့ကိုယ်တွင်းရှိ စွမ်းအားများအားလုံးကိုလည်း ကုန်ခန်းစေခဲ့သည်။ သူဟာ အချိန်တိုအတွင်း ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပါ။
မနီးမဝေးတွင်ရှိနေသော မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများက ထိတ်လန့်တုန်လှုပ်သွားပြီး ဝမ်ဖုန်းကို နတ်ဘုရားတစ်ပါးအား စိုက်ကြည့်သလို လှမ်းကြည့်လိုက်ကြသည်။ မဟာနတ်ဆိုးရွှမ်ရှတို့၏ ဝင်းလက်တောက်ပနေသော မျက်ဝန်းများကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းဟာ အနည်းငယ် ရှက်ရွံသွားခဲ့သည်။
ဝမ်ရွှယ်ကလေး၏ မျက်ဝန်းများအတွင်း၌တော့ ကြယ်ကလေးများတောင် လင်းလက်နေခဲ့ပုံပေါ်သည်။ သူမက စိတ်လှုပ်ရှားစွာ ရေရွတ်ပြောဆိုလိုက်သည်။
"ဆရာက တကယ့်ကို အံအားသင့်ဖို့ကောင်းလိုက်တာ!"
"ဂိုဏ်းချုပ်က အံသြစရာပဲ!"
စုဝမ်ရွှယ်၏ လေးစားအားကျနေသော အသံက မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကို လှုပ်နိုးလိုက်သည်။ မဟာနတ်ဆိုးရွှမ်ရှသည် တွေဝေမိန်းမောနေရင်းမှ ရေရွတ်ပြောဆိုလိုက်သည်။
ဤအချိန်အခိုက်အတန့်၌ မဟာနတ်ဆိုးရွှမ်ရှတစ်ယောက် သိရှိနားလည်ခဲ့ရသည်။ အတိတ်က သူ၏ အောင်မြင်တိုးတက်မှုများသည် ဂိုဏ်းချုပ်၏ ရှေ့မောက်၌ ပြောဆိုရန်တောင် မထိုက်တန်ခဲ့ပါ။ ဒီလို ထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဝင် စွမ်းအားနှင့်ဆိုလျှင် မဟာနတ်ဆိုးရွှမ်ရှက မေးမြန်းလိုက်ချင်ပါ၏။ ဂိုဏ်းချုပ်ရဲ့ ပြိုင်ဘက် ဘယ်သူက ဖြစ်နိုင်ဦးမှာလဲ!?
ကောင်းကင်ဘုံ၌ ခြေဆန့်ပြီး စကြာဝဠာတစ်ခွင်လိုက်လံရှာဖွေရင်တောင်မှ မည်သူကများ ဂိုဏ်းချုပ်ကို တုဖက်ပြိုင်နိုင်အံနည်း။
ခုချိန်မှစပြီး မဟာနတ်ဆိုးရွှမ်ရှသည် ဂိုဏ်းချုပ်ကို ပိုမိုမြောက်ပင့်ဖားယားရန် ဆုံးဖြတ်လိုက်သည်။ ဒီလို စွမ်းဆောင်ရည်နှင့်လူကိုမှ မမြောက်ပင့်မဖားယားရရင် သူ ဘယ်သူ့ကို သွားပြီး ဖားယားရမှာလဲ။ မဟာနတ်ဆိုးရွှမ်ရှဟာ ဤအချိန်၌ ဂိုဏ်းချုပ်အပေါ် ပို၍ သစ္စာရှိလာတော့သည်။
မဟာနတ်ဆိုးရွှမ်ရှဟာ သူ့နှလုံးသားအတွင်းမှ လှိုက်တက်လာသော အံသြဝမ်းမြောက်မှုများကို မတားဆီးနိုင်တော့ပါ။ သူဟာ မိုးကောင်းကင်ကိုမော့ကြည့်ပြီး ဟစ်ကြွေးဖို့ မစောင့်နိုင်တော့ချေ။ ကြည့်စမ်းပါဦး။ ဒါက ငါနတ်ဆိုးအိုးကြီးရဲ့ နောက်ခံလေ။ ငါနတ်ဆိုးအိုးကြီးရဲ့ ဆံပင်တစ်ချောင်းတောင် ထိရဲရင် ငါ့ရဲ့ ဂိုဏ်းချုပ်က မင်းတို့ကို အရိုးတစ်ခြား အသားတစ်ခြားဖြစ်အောင် ရိုက်နှက်ပြစ်လိုက်မှာကွ။
"ဒင်၊ ပဏ္ဍိတနယ်ပယ် အစောပိုင်းအဆင့် စွမ်းအားရှင်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည့်အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ငါးရာဘီလီယံနှင့် ထျန်းကျင်းအဆင့် အန္တိမဆင့်ခေါ်ခွင့်ငါးကြိမ် ဆုချလိုက်သည်။"
မဟာနတ်ဆိုးရွှမ်ရှ စိတ်ကူးယဉ်နေစဉ်မှာ စနစ်၏ အသံသည် ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
"စနစ်၊ အန္တိမနယ်ပယ် ဆင့်ခေါ်ခွင့် ခြောက်ခုကိုစုပေါင်းပြီး ဆင့်ခေါ်လိုက်ပါ။"
ခွန်အားများကို ပြန်လည်ရရှိလာပြီးနောက် ဝမ်ဖုန်းက တိုးတိတ်စွာ ပြောဆိုလိုက်သည်။
"ဒင်၊ ထျန်းကျွင်းအထွတ်အထိပ် စွမ်းအားရှင်ကို ဆင့်ခေါ်ခွင့် တစ်ကြိမ်ရရှိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။"
"ဒင်၊ ပုကျင်းယွင်ကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။သူ့ရဲ့ စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပါမည်လား။"
တယ်ဟုတ်ပါလား။စနစ်က အစွမ်းထက်လိုက်တာ။ သူ့ကို နဲ့ဖုန်းနှင့်အတူ တိုက်ခိုက်နိုင်တဲ့ ပုကျင်းယွင်ကို တိုက်ရိုက် ချီးမြင့်ပေးရတယ်လို့ကွာ။
ဝမ်ဖုန်းက အံသြဝမ်းမြောက်သွားပြီး ချက်ချင်း ပြောဆိုလိုက်သည်။
"စစ်ဆေးမယ်"
"ဒင်၊ ပုကျင်းယွင်ရဲ့ စွမ်းရည်ဇယားက အောက်ပါအတိုင်း ဖြစ်ပါတယ်။
အမည် - ပုကျင်းယွင်
ဘွဲ့ - ငိုခြင်းမဲ့ မရဏအရှင်
ကောင်းကင်ဘုံသွေးကြော - တိမ်ဝိညာဉ်ကောင်းကင်ဘုံသွေးကြော
ကျင့်ကြံ့မှု-ထျန်းကျွင်းအထွတ်အထိပ်
ကောင်းကင်ဘုံ အထူးစွမ်းအားများ -ဟူမိသားစု ဓားသိုင်း၊ ရှုပ်ထွေးသော ဓားများ၊ တိမ်ဖြိုခွဲခြင်းလက်ဝါး၊ မြင့်မြတ်ဝိညာဥ်ဓားသိုင်း၊ ကောင်းကင်ဘုံ အသွင်ပြောင်းလဲခြင်းအနုပညာ၊ ကောင်းကင်ဘုံ၏ ကတိစကား၊စည်းလုံးခြင်း ချီခုနှစ်သွယ်
သဘာဝလွန်အထူးစွမ်းအားများ - တိမ်ဆယ်လွှာ ဓားသုံးလက်၊ တိမ်ဆယ်လွှာ လက်ဝါးသုံးချက်၊ ဝူချိုးယိကျွယ်၊အကန့်အသတ်မဲ့လေအလျင်၊ အနိစ္စတိမ်တိုက်၊ စကြာဝဠာအားအံတုခြင်း၊ချီလင်လက်သိုင်း
ကောင်းကင်ဘုံ လက်နက် - ပြိုင်ဘက်ကင်းသောဓား"
"မှတ်ချက်-ကောင်းကင်ဘုံအား အံတုခြင်းနှင့် ချီလင်လက်သိုင်းကို အသုံးပြုထားသည့် ပုကျင်းယွင်ဟာ ချန်ခွမ်းအထွတ်အထိပ်စွမ်းအားရှင်များနှင့်
ရင်ဆိုင်နိုင်သော တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ဝူချိုးယိကျွယ်သိုင်းကွက်ကို အသုံးပြုလိုက်လျှင်တော့ သူဟာ မခံမရပ်နိုင် ဖြစ်လာပြီး မကုန်ခမ်းနိုင်သော စွမ်းအားများနှင့် ပဏ္ဍိတတွေကိုတောင် သတ်ဖြတ်နိုင်ပါတယ်။"
"ပုကျင်းယွင်နှင့် နဲ့ဖုန်းတို့ဟာ အတူတကွ တိုက်ခိုက်မည်ဆိုလျှင် လိုက်ဖက်မှုရှိပါသည်။ သူတို့ဟာ အကန့်အသတ်မဲ့ လေအလျင်သိုင်းရဲ့ အလားအလာကို အဆုံးစွန်ထိတိုင် ဖော်ထုတ်နိုင်ပါလိမ့်မယ်။"
ပုကျင်းယွင်၏ စွမ်းရည်ဇယားကို စစ်ဆေးကြည့်လိုက်ပြီး ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ပုကျင်းယွင်၏ တိုက်ပွဲဝင်စွမ်းအားမှာ နဲ့ဖုန်းထက် အနည်းငယ် သာလွန်သည်။
လေတိမ်တိုက် စစ်ပွဲနတ်ဘုရားလို့ ဆိုတဲ့အတိုင်းပါပဲလား။