← Chapters

မရဏမျိုးနွယ်စု

Vol. 32 Ch. 448

မရဏမျိုးနွယ်စု

Vol. 32 Ch. 448

ဘာသာပြန်- The Fate

"ဒင်~ အဲ့ဒါတွေက ကောင်းကင်တာအိုမျိုးနွယ်စုက အလောင်းကောင်သုံးကောင်ပါ"

စနစ်၏အသံက ဝမ်ဖုန်း၏ မျက်လုံးသူငယ်အိမ်များကို လှုပ်ရှားသွားစေခဲ့ကာ သူ၏ မျက်နှာထက်၌ ထိတ်လန့်နေသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။ ထို မနှိုင်းယှဥ်နိုင်သော အရှိန်အဝါများထုတ်လွှတ်နေသည့် ပုံရိပ်ကြီးသုံးခုမှာ တစ်ကယ်တော့ အလောင်းကောင်တွေတဲ့လား။

ဘုန်းတော်ကြီး ၆ ပါး အသက်စွန့်၍ ဖြိုခွင်းခဲ့သော ချိပ်စည်းမှာ အလောင်းကောင်သုံးကောင်ကို ခေါ်ထုတ်ဖို့လား?။

ဝမ်ဖုန်း၏ အမူအရာများမှာ အင်မတန်မှ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး မယုံကြည်နိုင်ဖြစ်လာခဲ့သည်။ စနစ်ပြောတာမှ မဟုတ်ရင် သူယုံနိုင်မှာတောင်မဟုတ်ပါ။

"ကောင်းကင်တာအိုမျိုးနွယ်စုဆိုတာ ဘာကြီးလဲ? အဲ့ဒါက အလောင်းကောင်တွေသက်သက်ပဲလေ... ဘာဖြစ်လို့ ရှေးဟောင်းဗုဒ္ဓဂိုဏ်းက ဒီလိုအစီအရင်ကြီးကို အသုံးပြုပြီး ချိပ်ပိတ်ထားရတာလဲ?"

ဝမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး လျှို့ဝှက်စွာမေးမြန်းလိုက်သည်။

"ကောင်းကင်တာအိုမျိုးနွယ်စုဆိုတာ စကြာဝဠာကြီးထဲမှာ အသန်မာဆုံးသော မျိုးနွယ်စုတစ်ခုပါ... အဲ့ဒီမျိုးနွယ်စုမှာ မျိုးနွယ်စုခွဲပေါင်း ၅ ခုရှိတယ်... မရဏ ၊ ဖျက်ဆီးခြင်း ၊ ကောင်းကင် ၊ ရွှမ်ဟိုင်း နဲ့ ဟွမ်လျိုဆိုပြီးတော့ပေါ့"

"ဒီအလောင်းကောင်သုံးကောင်က မရဏမျိုးနွယ်စုရဲ့ ချန်ခွမ်းယွမ်အဆင့် ပုဂ္ဂိုလ်ကြီးသုံးယောက်ပါ"

"မရဏမျိုးနွယ်စုက ကောင်းကင်တာအိုရဲ့ သေခြင်းလမ်းစဥ်ကို ကျင့်ကြံပြီး သေခြင်းရဲ့ထူးချွန်ပြောင်မြောက်တဲ့စွမ်းအားတွေကို ပိုင်ဆိုင်ထားပါတယ် ၊ အဲ့ဒီအလောင်းကောင်သုံးကောင်က သေဆုံးနေပုံပေါ်ပေမယ့် တစ်ကယ်မှာတော့ သူတို့က အသွင်ပြောင်းလဲမှုဖြစ်စဥ်ကို ဝင်ရောက်နေတာပါ... သေခြင်းအသွင်ပြောင်းလဲခြင်း ဖြစ်စဥ်လို့ခေါ်ပါတယ်"

"ဘုန်းတော်ကြီး ၆ ပါးရဲ့ သွေးနဲ့ချီစွမ်းအားတွေက ဒီမရဏစွမ်းအားရှင်တွေရဲ့ ပြောင်းလဲခြင်းဖြစ်စဥ်ကို အပြည့်အဝအသက်ဝင်စေခဲ့ပါတယ် ၊ သူတို့နိုးထလာမယ်ဆိုရင် သူတို့က ချန်ခွမ်းကပ်ဘေးအဆင့်ကို ရောက်ရှိသွားမှာပါ"

"ဒါက မရဏမျိုးနွယ်စုက လူတွေရဲ့ အံ့ချီးဖွယ်ရာတစ်ခုပါ... အကြိမ်တိုင်းမှာ သူတို့ဟာသေဆုံးပြီး အောင်မြင်စွာ ပြန်လည်ထမြောက်လာနိုင်ရင် သူတို့ရဲ့ကျင့်ကြံမှုတွေက မိုးထိအောင်မြင့်တက်သွားမှာပါ... တိုးတက်သွားတဲ့ ကျင့်ကြံမှုတွေကတော့ သူတို့ရဲ့ ပါရမီစွမ်းအားနဲ့ သွေးမျိုးဆက် စစ်မှန်မှုအပေါ်မူတည်ပါတယ်"

"မရဏမျိုးနွယ်စုရဲ့ စစ်မှန်တဲ့ တော်ဝင်မိသားစုကဆိုရင် တစ်ကြိမ်သေဆုံးပြီး အောင်မြင်စွာ ပြန်လည်ထမြောက်နိိုင်တိုင်းမှာ အဆင့်ကြီးသုံးဆင့် ကျော်ဖြတ်တက်ရောက်နိုင်ပါတယ်"

ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း ထွက်ပေါ်လာသည့်အသံကြောင့် သူဟာ ကြောင်အသွားခဲ့ရသည်။ စနစ်ကိုပိုင်ဆိုင်ထားတာကြောင့် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းလှပါပြီဟု တွေးထင်ခဲ့သည်။ ကြည့်ရတာ သူဒီကမ္ဘာလောကကြီးရဲ့ သူရဲကောင်းတွေကို အထင်သေးမိခဲ့ပုံပဲ။

ထိုမရဏမျိုးနွယ်စုတွင် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်ရည်ကြီးများကို ပိုင်ဆိုင်ထားသည်။ ဒါဆို ကျန်တဲ့ကောင်းကင်တာအို မျိုးနွယ်စုခွဲ ၄ စုမှာရော ဘယ်လိုမျိုး ကြောက်စရာစွမ်းရည်တွေရှိနေမလဲ။ ထိုအကြောင်းကို တွေးမိလိုက်ရုံနဲ့တင် ဝမ်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့ရသည်။

"စနစ်~ သူတို့ကို နိုးမလာအောင်တားဆီးလို့ရမလား?"

ဝမ်ဖုန်း၏မျက်လုံးများအတွင်း၌ အေးစက်သော အလင်းရောင်များထွက်ပေါ်လာပြီး နက်ရှိုင်းသော အသံဖြင့်မေးမြန်းလိုက်သည်။

နိုးထလာပြီးပါက အဆိုပါ မရဏစွမ်းအားရှင်သုံးယောက်သည် ချန်ခွမ်းကပ်ဘေးအဆင့်ကို ရောက်ရှိနိုင်လိမ့်မည်။ ဒုတိယအစောင့်အရှောက် ရှီကန်းတန်ကတောင် သူတို့ကို ယှဥ်နိုင်မှာမဟုတ်တော့ပါ။ ရှီကန်းတန်ဟာ ချန်ခွမ်းယွမ်အဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။

ဒါ့အပြင် ကောင်းကင်တာအိုမျိုးနွယ်စုမှလူများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးခြင်း မရှိတာကြောင့် သူတို့၏ စွမ်းဆောင်ရည်များကို မသိရှိိထားပါ။ ရန်သူ့ရဲ့ စွမ်းဆောင်ရည်များကို သိရှိမထားသည့်အတွက် အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။

"အဆင့်မြင့်ဘုန်းတော်ကြီး ၆ ပါးစလုံးရဲ့ သွေးနဲ့ချီစွမ်းအင်တွေကို အသုံးပြုထားတာကြောင့် ရပ်တန့်လို့မဖြစ်နိုင်ပါဘူး"

ထွက်ပေါ်လာသော အေးစက်စက်အသံက ဝမ်ဖုန်း၏ မျက်နှာကို မဲမှောင်သွားစေခဲ့သည်။ သေချာပါပြီ! သူက ဘိုးဘေးငှားရမ်းခြင်း လုပ်ဆောင်ချက်ကို ကံတရားများသုံးစွဲပြီး ထပ်မံဆောင်ရွက်ရဦးမည်။

ဟွမ်!

ဝမ်ဖုန်းက ဘိုးဘေးကို ဆင့်ခေါ်တော့မည့်အချိန်တွင် စနစ်၏ နေရာလပ်မှ အဆက်မပြတ် တုန်ခါလာကြောင်း သိရှိလိုက်ရသည်။ ဝမ်ဖုန်း၏ အမူအရာမှာ ပြောင်းလဲသွားပြီး စနစ်နေရာလွတ်အတွင်းသို့ အလျင်အမြန်စုံစမ်းကြည့်ရှုလိုက်သည်။

"ကျွန်မကို ခေါ်ထုတ်ပေးပါ... ကျွန်မ သူတို့ကို ရင်ဆိုင်နိုင်တယ်"

ဝမ်ဖုန်းက သူ၏စိတ်အာရုံကို စနစ်၏ နေရာလပ်အတွင်း ထည့်သွင်းလိုက်သည့်အခါ အေးစက်သော အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံကို ကြားလိုက်ရသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်လှုပ်သွားခဲ့ရသည်။

ထိုစကားများကို ပြောကြားလိုက်သူမှာ ရှန်းရွှမ်ဘုံလောက တောင်ပိုင်းနယ်မြေ၏ တော်ဝင်မင်းသမီးဟောင်းဖြစ်သူ သိချင်းဖြစ်သည်။

ဤအချိန်တွင် သူမက ကမ္ဘာဘောလုံးလေးအတွင်းမှ သူမဘာသာ ထွက်လာခဲ့ပြီး စနစ်၏ နေရာလွတ်အတွင်း ရောက်ရှိနေခဲ့သည်။ စနစ်၏ နေရာလွတ်ကို စနစ်က ဖန်တီးပေးထား၍မဟုတ်ပါက သူမဟာ အပြင်ဘက်လောကကို တိုက်ရိုက်ချိုးဖြတ်ထွက်လာနိုင်မှာကိုတောင် စိုးရိမ်မိသည်။

ဤသည်က ဝမ်ဖုန်းကို အင်မတန်မှ ထိတ်လန့်သွားစေခဲ့သည်။ ကမ္ဘာဘောလုံးကလေးဟာ ရှန်ရှန့်ကျုံဂိုဏ်း၏ ဌာနချုပ်ဖြစ်ပြီး စနစ်က ဆုချထားခြင်းဖြစ်လေသည်။ သူ၏ခွင့်ပြုချက်မပါရှိပါက ဘယ်သူကမှ ချိုးဖြတ်မထွက်လာနိုင်ပါ။ သူ့ထက် ခွန်အားများစွာ သာလွန်သူကသာ ထိုကမ္ဘာဘောလုံးလေးအတွင်းမှ ချိုးဖြတ်ထွက်ရောက်နိုင်စွမ်းရှိလိမ့်မည်။

"မင်းသေချာရဲ့လား?"

သိချင်းက အဘယ့်ကြောင့်ရုတ်တရက်ကြီးသန်မာလာရသလဲဆိုတာကို ဝမ်ဖုန်းက သေသေချာချာစုံစမ်းမနေတော့ဘဲ မေးမြန်းလိုက်သည်။

"မရဏမျိုးစွန်ရဲ့ အလောင်းသုံးလောင်းပဲ မဟုတ်လား"

သိချင်း၏မျက်နှာအထက်၌ အေးစက်သောအလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး မာကြောစွာ ပြောဆိုလိုက်သည်။ အကြောင်းအရင်းတစ်ချို့ကြောင့် သိချင်းက မရဏမျိုးနွယ်စုကို အင်မတန်မှ မုန်းတီးနေကြောင်း ဝမ်ဖုန်းတစ်ယောက် ခံစားသိရှိလိုက်ရသည်။

"ကောင်းပြီ! ငါမင်းကို ထုတ်ပေးမယ်"

ဝမ်ဖုန်းက တုံ့ဆိုင်းမနေတော့ပဲ ခေါင်းညိတ်ကာပြောဆိုလိုက်ပြီး သိချင်းကို စနစ်၏ နေရာလွတ်အတွင်းမှ ထုတ်ပေးလိုက်သည်။

"စနစ်~ သိချင်းရဲ့ လက်ရှိအဆင့်က ဘယ်လောက်လဲ?"

သူ၏ဘေးနားတွင်ထွက်ပေါ်လာသော သိချင်းကို လှမ်းကြည့်လိုက်ပြီး ဝမ်ဖုန်း၏မျက်ဝန်းများက လှုပ်ရှားသွားကာ အေးစက်စွာမေးမြန်းလိုက်သည်။

သူမဟာ အဘယ့်ကြောင့်ခွန်အားများစွာ တိုးတက်လာရကြောင်းမသိတော့ပါ။ အဆင့်ပေါင်းများစွာ ချိုးဖြတ်တက်ရောက်သွားခဲ့တာကြောင့် ဤအချိန်တွင်သိချင်း၏ ခန္ဓာကိုယ်ထံမှ စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှုများကို ထုတ်လွှတ်နေခဲ့သည်။ ခပ်လှမ်းလှမ်းရှိ မဟာနတ်ဆိုးရွှမ်ရှကတောင် သူမကို ကြောင်တိကြောင်တောင် ငေးစိုက်ကြည့်မိလိုက်သည်။

ဤသည်မှာ ဧကရီမေသုရှားနှင့် နှိုင်းဆနိုင်သော အမျိုးတစ်ယောက်ကို သူပထမဆုံး တွေ့မြင်ဖူးခြင်းဖြစ်ပါ၏။

'ဂိုဏ်းချုပ်က ရွှေစံအိမ်ကြီးထဲမှာ ဒီလိုအချောအလှလေးကို သိမ်းဆည်းထားခဲ့တာလား? အဟမ်း ငါဘာမှမမြင်ခဲ့သလို ဟန်ဆောင်ရမယ်'

မဟာနတ်ဆိုးရွှမ်ရှက ခေါင်းကိုလှည့်လိုက်ပြီး ထိတ်လန့်ဖွယ်နတ်ဆိုးစွမ်းအားများ ထုတ်လွှတ်နေသည့် ပုံရိပ်သုံးခုကို စူးစိုက်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လျက် စဥ်းစားခန်းဝင်လိုက်သည်။ သူက ထိုအရာသုံးခုနှင့် အဘယ်သို့ရင်ဆိုင်ရမည်မှန်း တွေးတောနေပုံပေါ်၏။

"ဒင်~ သိချင်းက ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပါပြီ"

"ဟူး!"

စနစ်၏အေးစက်သောအသံကြောင့် ဝမ်ဖုန်းဟာ နက်ရှိုင်းစွာ သက်ပြင်းချလိုက်မိသည်။ စနစ်၏ အသံက သူ့ကိုအိမ်မက်အလား ခံစားလိုက်ရစေသည်။

ထိုကောင်မလေးသိချင်းက ရုတ်တရက်ကြီး ချန်ခွမ်းသူတော်စင်အဆင့်ကို ရောက်ရှိသွားတာလား? အင်းလေ.. ဟုန်မန်နတ်ဘုရားအဆင့်က လူပုဂ္ဂိုလ်တစ်ယောက် ပြန်ဝင်စားတာပဲကိုး။

သိချင်း၏ သရုပ်မှန်ကို တွေးတောလိုက်မိသည့်အခါ ဝမ်ဖုန်းနှလုံးသားအတွင်းရှိ တုန်လှုပ်မှုများမှာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ ဟုန်မန်နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ယောက် ပြန်လည်ဝင်စားခြင်းဖြစ်၍ လျင်မြန်စွာ တိုးတက်သည်က သဘာဝကျပါသည်။

ထျန်းတုမြို့ကလေးကြောင့် ဤမျှလောက်အချိန်တိုအတွင်း၌ မြန်ဆန်စွာ တိုးတက်လာခဲ့ကြောင်းကိုတော့ ဝမ်ဖုန်းတစ်ယောက် သိမထားခဲ့ပါ။

သိချင်းထွက်ပေါ်လာပြီးနောက် သူမက နိုးထမလာသေးသော မရဏမျိုးနွယ်စု၏ အလောင်းသုံးလောင်းကိုတောင် စိုက်ကြည့်မနေပဲ ဝမ်ဖုန်းကိုသာ ခပ်ဖွဖွ စိုက်ကြည့်နေခဲ့သည်။ အဓိပ္ပါယ်ဖော်မရသော အကြည့်များက ဝမ်ဖုန်း၏ နှလုံးသားကို ခုန်လှုပ်သွားစေခဲ့သည်။

"ဒီပုရွက်ဆိတ်လေးသုံးကောင်ကို သတ်ဖြတ်ပြီးရင် ကျွန်မထွက်သွားတော့မယ်"

ဝမ်ဖုန်းကို အတော်ကလေးကြာအောင် နက်နက်နဲနဲစိုက်ကြည့်လိုက်ပြီးမှ သိချင်းက ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။ သူမ၏ လေသံက မလိုလားဟန်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူမက ဝမ်ဖုန်းနှင့်သိရှိလာရတာ မကြာသေးသော်လည်း ဝမ်ဖုန်း၏ ဘေးနားတွင် အစဥ်အမြဲရှိခဲ့ပါသည်။ ဒီတစ်ကြိမ် သူမထွက်သွားပြီးပါက နောက်အချိန်အတော်ကြာမှ ပြန်လည်တွေ့ဆုံရမှာကို စိုးရိမ်မိသည်။

"ဘာလို့လဲ?"

ဝမ်ဖုန်း၏ မျက်ဝန်းများမှာ မှေးကျဥ်းသွားပြီး သိချင်းကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

"ရှင် ကျွန်မရဲ့သရုပ်မှန်ကို သိသင့်တယ်လေ... ကျွန်မက နတ်ဘုရားနယ်မြေက လူတစ်ယောက်ပဲ"

သိချင်း၏ လှပသော မျက်ဝန်းကလေးများမှာ အနည်းငယ်လှုပ်ရှားသွားပြီး တိုးညင်းစွာ ပြောဆိုလိုက်သည်။

သူမဟာ ဧကရာဇ်အတွက် လမ်းရှင်းပေးဖို့ နတ်ဘုရားနယ်မြေကို သွားရောက်တော့မည်။

သူ၏ဘေးနားတွင် နေထိုင်းခြင်းက သူမကို စိတ်ကျေနပ်မှုရရှိစေသော်လည်း သူ့ကိုတော့ ဘယ်တော့မှ အကူအညီဖြစ်စေမှာမဟုတ်ပါ။

ယခုတစ်ကြိမ်ခွဲခွာရခြင်းမှာ သူ အနာဂတ်တွင် အောင်မြင်မှုများ ဆွတ်ခူးနိုင်စေဖို့ဖြစ်သည်။ ဒီလိုမှသာ သူဟာ တစ်ဘဝပြီးတစ်ဘဝ ပြန်လည်ဝင်စားခြင်းမှ လွတ်မြောက်နိုင်လိမ့်မည်။

" ကောင်းပြီ!"

ဤသည်ကိုကြားတော့ ဝမ်ဖုန်း၏ မျက်နှာက အေးခဲသွားခဲ့ကာ တည်ငြိမ်စွာဖြင့်ခေါင်းညိတ်လိုက်သည်။ သို့ပါသော်လည်း သူ၏နောက်ကျောဘက်တွင် ရှိနေသောလက်များဟာ လက်သီးတင်းတင်းဆုပ်လိုက်မိ၏။

ဘုန်း!

ဤအချိန်မှာပဲ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြီးသုံးခုသည် ကောင်းကင်ယံထိတိုင် မြောက်တက်သွားခဲ့ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းအတွင်း၌ သေခြင်း၏ အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ရှေးဟောင်းဗုဒ္ဓဂိုဏ်းအတွင်း၌ ရှိသော ရတနာပစ္စည်းများ၏ ဝိညာဥ်စွမ်းအားများမှာ စုပ်ယူခြင်းခံလိုက်ရသည်။

မူလက ဗုဒ္ဓ၏မြင့်မြတ်နယ်ပယ်ဖြစ်သော ဂိုဏ်းကြီးသည် သေခြင်းတရား၏ နယ်ပယ်အဖြစ် ပြောင်းလဲသွားခဲ့ပုံပေါ်၏။ ယင်း၏ ချောက်ချားဖွယ်ကောင်းသော အရှိန်အဟုန်များသည် ဝမ်ဖုန်းနှင့်အခြားသူများကို တုန်ရင်သွားစေခဲ့သည်။ သူတို့၏ စိတ်ဝိညာဥ်များဟာ မရဏဘုံသို့ ရောက်ရှိသွားခဲ့ပုံပေါ်၏။

ထိုခံစားချက်မှာ သေမင်းက သူတို့ထံ လမ်းလျှောက်လာသည့်အလားပင်။

All Chapters