နိုးထလာသော မရဏမျိုးနွယ်စု၊သူတော်စင်သိချင်း
Vol. 32 Ch. 449
ဘာသာပြန်- The Fate
သေခြင်း၏မြူခိုးထုများအတွင်း၌ အရောင်လက်လျက်ရှိသော သွေးနီရောင်မျက်လုံးကြီးခြောက်လုံးက ဝမ်ဖုန်းနဲ့အခြားသူများကို အေးခဲသွားစေခဲ့သည်။ထိုမျက်ဝန်းများ၏အနက်ပိုင်းတွင် သူတို့ဟာ မရဏမင်းကို တွေ့မြင်လိုက်ရပုံပေါ်သည်။
ဝမ်ဖုန်းတို့ဟာ ထိုပုဂ္ဂိုလ်ကြီးသုံးယောက်၏ စိတ်ရုံကို ဆွဲဆောင်မိသွားမှာကို စိုးရိမ်မိတာကြောင့် အသက်ရှုတောင် အောင့်ထားလိုက်မိကြသည်။ သို့ပါသော်လည်း ဝမ်ဖုန်း၏ဘေးနားတွင်ရှိနေသော သိချင်းကတော့ ထူးမခြားနားသောမျက်ဝန်းများဖြင့် ထိုလူသုံးယောက်ကို စူးစိုက်ကြည့်နေခဲ့သည်။ သူမ၏ထက်မြက်သော မျက်ဝန်းများအတွင်း၌ သတ်ဖြတ်လိုသောအရှိန်အဝါများ ရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပင်.......
ယွမ်ဟွားကောင်းကင်ဘုံ အထူးအင်အားစုကြီးငါးစုအနက် တစ်စုဖြစ်သော ဟွမ်ထျန်းအိမ်တော်ကြီးအနက်ပိုင်းတွင် လူအိုကြီးသုံးယောက်က မျက်ဝန်းများကိုဖိမှိတ်ထားပြီး တင်ပျဥ်ချိတ်ထိုင်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူတို့၏မျက်ဝန်းများဟာ ပွင့်ဟသွားခဲ့ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းတည်ရှိရာအရပ်မျက်နှာသို့ လှမ်းမျှော်ကြည့်ရှူ့လိုက်သည်။
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့ဒီဘုန်းကြီးအိုကြီးတွေက ဘာတွေလုပ်လိုက်တာလဲ။ "
တုန်လှုပ်နေသောလေသံတစ်သံသည် အဖိုးအိုတစ်ယောက်၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့သည်။ သူတို့လို သန်မာသောပုဂ္ဂိုလ်များကတောင် ဤအချိန်၌ တစ်ကိုယ်လုံးတုန်တက်သွားကြသည်။
ထိုအဖိုးအိုသုံးယောက်ဟာ ဟွမ်ထျန်းအိမ်တော်၏ ပဏ္ဍိတအဆင့် ဘိုးဘေးကြီးသုံးယောက်ဖြစ်လေသည်။
ထိုကဲ့သို့အဆင့်အတန်းမှာ ယွမ်ဟွားကောင်းကင်ဘုံကြီး၌ ပြိုင်ဖက်ကင်းသော်လည်း ဤအချိန်၌ သူတို့ဟာ ကြောက်လန့်နေကြသည်။
" မရဏမျိုးနွယ်စုရဲ့ ပြန်လည်ထမြောက်မှု ....ငါတို့ရဲ့ ယွမ်ဟွားကောင်းကင်ဘုံကြီးတော့ ကြီးမားတဲ့ ကပ်ဘေးဒုက္ခကြီးကို ရင်ဆိုင်ရတော့မယ်။ "
ဟွမ်ထျန်းအိမ်တော်၏ မြင့်မြတ်သောအကြီးအကဲသည် ရုပ်ဆိုးနေသောအမူအဖြင့် ပြောဆိုလိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ အကြောက်တရားများ ကိန်းဝပ်နေခဲ့သည်။
" ကျန်တဲ့လူတွေလည်း ဒါကို အာရုံခံမိမှာပဲ။ ငါတို့ရှေးဟောင်းဗုဒ္ဓဂိုဏ်းတစ်ခုလုံးကို ချိပ်ပိတ်နိုင်မလားဆိုတာ ကြိုးစားကြည့်သင့်တယ်။ "နောက်ထပ်ပဏ္ဍိတနယ်ပယ်အဆင့်စွမ်းအားရှင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
" ရှေးဟောင်းဗုဒ္ဓဂိုဏ်းတစ်ခုလုံးကို စတေးလိုက်တာက ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကို စတေးရမှာထက် ပိုကောင်းပါသေးတယ်။ သွားကြရအောင်။"
ခေါင်းဆောင်လုပ်သူ မြင့်မြတ်သည့်အကြီးအကဲက နောက်ဆုံးသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီး ဟွမ်ထျန်းအိမ်တော်အနက်ပိုင်းမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။
တခြားသော အထူးအင်အားစုသုံးစု တည်ရှိရာနေရာ၌လည်း အလင်းတန်းကြီးများသည် ကောင်းကင်ထိတိုင် ထိုးတက်သွားခဲ့ကြသည်။ ထိုအလင်းတန်းကြီးများ၏ ဦးတည်ရာသည်ကား ရှေးဟောင်းဗုဒ္ဓဂိုဏ်းဖြစ်၏။
ချန်ခွမ်းအထွတ်အထိပ်အဆင့်စွမ်းအားရှင်များမှလွဲ၍ ထိုထူးဆန်းမှုကို ဘယ်သူကမှ သတိမထားမိလိုက်ကြပါ။ ဟွမ်းထျန်းအိမ်တော်လို အထူးအင်အားစုလေးစုတို့၏ ဂိုဏ်းချုပ်များကတောင် သူတို့၏ဘိုးဘေးများ ဂိုဏ်းအတွင်းမှ ပျောက်ကွယ်သွားတာကို သတိမထားမိလိုက်ကြချေ။
အချိန်တစ်ခုကြာမြင့်လာသည့်အခါ မြောက်များစွာသော လူများသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်းရှိနေသော လျို့ဝှက်ကမ္ဘာလေး၏ အပြင်ဘက်သို့ ရောက်ရှိနေကြသည်။ သူတို့တစ်ယောက်ချင်းစီတိုင်း၌ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများ ကိန်းဝပ်နေကာ ကမ္ဘာလောကတစ်ခုလုံးကို တုန်ယင်စေခဲ့သည်။ သူတို့ဟာ အထူးအင်အားစုကြီးများမှ ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့်စွမ်းအားရှင်များ ဖြစ်ကြလေသည်။
သူတို့သည် သေခြင်းအငွေ့အသက်များ ထုတ်လွှတ်နေသော ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီးကို စူးစိုက်ကြည့်မိလိုက်သည်။ သူတို့၏မျက်နှာများမှာ ပြိုတော့မည့်မိုးကဲ့သို့ မဲမှောင်နေခဲ့၏။
" လူတိုင်းပဲ အရမ်းနောက်မကျသေးခင် ဒီနေရာကို ချိပ်ပိတ်လိုက်ရအောင်။ "
"မရဏမျိုးနွယ်စုက အလောင်းသုံးလောင်းသာ ထွက်ပေါ်လာရင် ဘယ်သူကမှ သူတို့ကိုမတားဆီးနိုင်မှာကို စိုးရိမ်မိတယ်။"ဟွမ်ထျန်းအိမ်တော်၏ ဘိုးဘေးတစ်ယောက်က ကျန်ရစ်နေသောလူများကို ဝေ့ဝေ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
အိပ်ပျော်နေသောချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့် စွမ်းအားရှင်ကြီးများမှလွဲ၍ ဟွမ်ထျန်းအိမ်တော်နှင့် ကျန်ရစ်သောအထူးအင်အားစုလေးစုမှ ချန်ခွမ်းစွမ်းအားရှင်များအကုန်လုံးသည် ရောက်ရှိခဲ့ကြသည်။ အထူးအင်အားစုကြီးလေးစု၌ စုစုပေါင်းချန်ခွမ်းဘုံအဆင့်စွမ်းအားရှင် (12)ယောက်ရှိလေသည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက ပဏ္ဍိတနယ်ပယ်သို့ ရောက်ရှိနေကြသည်။
ထိုကဲ့သို့အင်အားသာ ပျံ့လွင့်သွားပါက ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်ပေသည်။
" ဒီချိပ်စည်းကို စတင်လိုက်တာနဲ့တပြိုင်နက် ငါတို့တွေ အဲ့ဒီအရာကို ထိန်းချုပ်နိုင်တဲ့အထိ ဒီနေရာမှာပဲ နေရတော့မှာ။ မင်းတို့တွေ သေချာရဲ့လား။ " အခြားသောအထူးအင်အားစုသုံးစုမှ ဘိုးဘေးအိုကြီးတစ်ပါးမှလည်း လေးနက်နေသောအမူအရာဖြင့် ပြောဆိုလိုက်သည်။
" ဒီနေရာကို ဖိနှိပ်ဖို့အတွက် အချိန်အတော်လေးကြာမှာဆိုပေမဲ့ မရဏမျိုးနွယ်စုရဲ့လူတွေကို ရင်ဆိုင်တိုက်ခိုက်တာက ကျုပ်တို့ရဲ့ချန်ခွမ်းဘုံအဆင့်ကျင့်ကြံမှုကို အများကြီးတိုးတက်စေလိမ့်မယ် " အခြားသောဘိုးဘေးတစ်ယောက်ကလည်း ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ သူ၏မျက်နှာထက်၌ အကြောက်တရားများရှိမနေဘဲ စိတ်လှုပ်ရှားမှုများသာ ရှိနေခဲ့သည်။
ထိုစကားများဆုံးသွားသည်နဲ့တပြိုင်နက် ရှိနေကြသော ချန်ခွမ်းဘုံအဆင့်စွမ်းအားရှင်ကြီးများရဲ့ မျက်ဝန်းများမှာ လင်းလက်တောက်ပသွားကြသည်။သူတို့ဟာ ချန်ခွမ်းဘုံအဆင့်သို့ ရောက်ရှိနေခဲ့ကြတာကြောင့် သာမန်အခြေအနေ၌ ဝင်ရောက်လှုပ်ရှားခြင်း မပြုကြပါ။ အချိန်အများစုမှာ သူတို့အားလုံးဟာ တစ်သီးတခြားစီ နေထိုင်ခဲ့ကြသည်။
သူတို့သာ မရဏမျိုးနွယ်စုမှလူများနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ပါက သူတို့၏ကျင့်ကြံမှုကြီးများမှာ အများကြီး တိုးတက်သွားနိုင်သည်။
" မင်းတို့မှာ ပြောစရာမရှိတော့ဘူးဆိုမှတော့ စတင်ပြီး ပြုလုပ်လိုက်ရအောင်။ "
ဟွမ်ထျန်းအိမ်တော်၏ဘိုးဘေးအိုကြီးသည် လူတိုင်းကိုလှမ်းကြည့်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။
ထိုစကားဆုံးသည်နှင့်တပြိုင်နက် ချန်ခွမ်းဘုံအဆင့်စွမ်းအားရှင်များအားလုံးသည် အရပ်ဆယ့်နှစ်မျက်နှာ၌ အစီအရင်တစ်ခုအဖြစ် နေရာယူလိုက်ကြသည်။ သူတို့၏အမူအရာများမှာ လေးနက်နေခဲ့ပြီး သူတို့၏လက်များက လက်ဟန်သင်္ကေတများကို ပုံဖော်နေခဲ့ကြသည်။ သူတို့၏လက်ဖဝါးများအတွင်းမှ သိပ်သည်းထူထပ်သော မြင့်မြတ်သည့်သင်္ကေတများ ထွက်ပေါ်လာခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း၌ ထိုသင်္ကေတများက ရှေးဟောင်းဗုဒ္ဓလျို့ဝှက်နယ်မြေကြီးတစ်ခုလုံး၌ ပြည့်နှက်သွားခဲ့သည်။
အဆိုပါသိပ်သည်းထူထပ်သော မြင့်မြတ်သည့်သင်္ကေတများသည် ထူထဲသောချိန်းကြိုးကြီးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရှေးဟောင်းဗုဒ္ဓဂိုဏ်းကြီး၏ လျို့ဝှက်နယ်မြေကို ချိပ်ပိတ်နေခဲ့ကြသည်။
ရှေးဟောင်းဗုဒ္ဓဂိုဏ်းအတွင်း၌ရှိနေကြသော ဝမ်ဖုန်းနှင့်အခြားသူများမှာ ချန်ခွမ်းဘုံအဆင့်စွမ်းအားရှင်ဆယ့်နှစ်ယောက်က ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို ချိတ်ပိတ်နေခဲ့ကြကြောင်း မသိရှိခဲ့ကြပါ။
" ရှင်သန်ခြင်းရဲ့အရိပ်အငွေ့က တကယ့်ကို အံ့ချီးဖွယ်ကောင်းတာပဲ။ "
အက်ရှပြီး ကြမ်းတမ်းသောအသံတစ်သံသည် ဝမ်ဖုန်းတို့၏ နားစည်အတွင်းသို့ ပဲ့တင်ထပ်သွားခဲ့ကာ သူတို့၏ခန္ဓာကိုယ်များမှာ တုန်ယင်သွားခဲ့ကြသည်။ ထိုအသံမှာ အင်မတန်မှအက်ကွဲနေပြီး နားထောင်ရသည်မှာ နားဝင်ဆိုးလှသည်။
ဝမ်ဖုန်းတို့၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် မြူခိုးထုများအတွင်းမှ ပုံရိပ်သုံးခုသည် တဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာခဲ့ကြသည်။ သူတို့၏ထူးဆန်းသောအသွင်အပြင်က ဝမ်ဖုန်းနှင့်အခြားသူများ၏ မျက်ဝန်းသူငယ်အိမ်များကို တုန်လှုပ်သွားစေခဲ့သည်။ ထိုလူသုံးယောက်ဟာ ခြောက်ပေခန့်ရှည်လျားပါသည်။ သူတို့၏အသွင်အပြင်နှင့် သူတို့၏မျက်နှာက သာမန်လူသားများနဲ့ ထူးမခြားနားပါ။ သို့ပါသော်လည်း သူတို့၏အရေပြားပေါ်၌ ထူထပ်သိပ်သည်းသော အနက်ရောင်မျဥ်းကြောင်းများ ရှိနေကြသည်။ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကလဲ မရဏဘုံမှ တက်လှမ်းလာသည့်အလား သေမင်းစွမ်းအင်များဖြင့် ပြည့်နှက်နေကြသည်။
ဦးဆောင်လာသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ၏မြင့်မားသောအရပ်က သူမ၏ဆွဲဆောင်မှုရှိသောပုံစံကိုတော့ မသက်ရောက်နိုင်ခဲ့ပါ။ ထို့အစား သူမကို တမျိုးတစ်ဖုံ ပိုမို၍ လှပလာစေခဲ့သည်။ သူမခန္ဓာကိုယ်ပေါ်မှ ထုတ်လွှတ်နေသော သေခြင်းအရှိန်အဝါများနှင့် ထူထပ်သိပ်သည်းသော အနက်ရောက်မျဥ်းကြောင်းများကြောင့်မဟုတ်ပါက ဒီကမ္ဘာပေါ်ရှိ ယောက်ကျ်ားတိုင်းသည် သူမ၏အလှအပ၌ ကျရှုံးသွားလောက်သည်။
အခြားသောမရဏမျိုးနွယ်စုမှ အမျိုးသားတစ်ယောက်သည် သူမ၏ဘေးတစ်ဖက်တစ်ချက်စီ၌ သက်တော်စောင့်များကဲ့သို့ ရပ်တန့်နေကြကာ သူမကို စောင့်ကြပ်ပေးနေကြသည်။ အက်ရှသောအသံသည် ထိုအမျိုးသားနှစ်ယောက်ထံမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
" ငါ ပြန်လည်နိုးထလာပြီးတာနဲ့တပြိုင်နက် အရသာရှိတဲ့အစားအစာတွေ အများကြီးတွေ့ရလိမ့်မေလို့ ထင်မထားမိခဲ့ဘူး။ "
အမျိုးသမီးက သူမ၏ နီစွေးနေသော နှုတ်ခမ်းသားများကို လျှာဖြင့်သပ်လိုက်ပြီး သူမ၏အပြာရောင်မျက်ဝန်းများက ဝမ်ဖုန်းနှင့်အခြားသူများကို စူးစိုက်ကြည့်နေခဲ့ကာ လှောင်ရယ်လျက် ပြောဆိုလိုက်သည်။ သူမ၏အသံမှာ အင်မတန်မှ နားဝင်ချိုလှပြီး လူအများ၏နှလုံးအိမ်အတွင်းသို့ စိမ့်ဝင်သွားကာ စွဲမက်မိသွားစေခဲ့သည်။
အလှပဆုံးသောအသံဟာ အရက်စက်ဆုံးသောစကားများကို ပြောကြားခဲ့ပါသည်။
" အမ်..."
အမျိုးသမီး၏ အသံပြုသံက မဟာနတ်ဆိုးရွှမ်ရှ၏နှလုံးသားကို တုန်ယင်သွားစေခဲ့သည်။ မရဏမျိုးနွယ်စု ပုဂ္ဂိုလ်ကြီးသုံးယောက်၏ အရှိန်အဝါများမှာ သူ့ထံသို့ကျဆင်းလာခဲ့ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားမရ ဖြစ်သွားစေခဲ့သည်။
" ဒီနေရာမှာ သန့်စင်တဲ့နတ်ဆိုးကျင့်ကြံသူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး။ မင်းရဲ့အသားက အရမ်းကို အရသာရှိမှာပဲ။ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်က သေးကွေးနေတာတော့ သနားစရာပဲ။ ငါစားလို့တောင် ဝမှာမဟုတ်ဘူး။ "
အမျိုးသမီးက မဟာနတ်ဆိုးရွှမ်ရှကို စူးစိုက်ကြည့်ိလိုက်ပြီး လှုပ်ရှားလိုက်သည့်အခါ သူမ၏ပုံရိပ်က မဟာနတ်ဆိုးရွှမ်ရှ၏ အရှေ့ဖက်၌ ပြန်၍ပေါ်လာခဲ့သည်။ သူမက မဟာနတ်ဆိုးရွှမ်ရှအပေါ်၌ နှာတရှူတ်ရှုတ်ပြုလုပ်ရင်း ပြုံးရွှင်စွာဖြင့် အနံ့ခံနေခဲ့သည်။
ကောင်းလေစွ။ အမျိုးသမီးတိုးကပ်လာသည်နှင့်တပြိုင်နက် မဟာနတ်ဆိုးရွှမ်ရှသည် တောင်ပို့လုံးလေးနှစ်လုံး၏ ဖိကပ်ခြင်းကို ခံလိုက်ရသည်။ အဆုံးအစမဲ့သောအရှက်တရားများသည် မဟာနတ်ဆိုးရွှမ်ရှ၏နှလုံးအိမ်အတွင်း၌ ပြည့်နှက်လာခဲ့သည်။
သူ့လို ရှန်ရှန်ကျုံအပြင်စည်းဂိုဏ်းရဲ့ အထွေထွေမန်နေဂျာ ကြီးမြတ်တဲ့ မဟာနတ်ဆိုးကြီးရွှမ်ရှက အမျိုးသမီးတစ်ယောက်ရဲ့ အနိုင်ကျင့်ခြင်းကို ခံနေရတာလား။ ယခင်က သူဟာ ထောင်ကျော်သောပန်းပွင့်ကလေးများ၏ ဝန်းရံခြင်းကို ခံခဲ့ရသော်လည်း အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်တိုင်ကိုယ်ကျထိတွေ့ခြင်းကိုတော့ မခံခဲ့ရပါ။ သူ အဘယ်မှာ ထိုခံစားချက်ကို တောင့်ခံနိုင်ပါ့မည်နည်း။
သူဟာ ကြမ်းတမ်းသောစကားများကို ရေရွတ်ချင်ခဲ့သော်လည်း သူ့အရှေ့၌ရှိနေသော အမျိုးသမီး၏ လှပသော ကိုယ်ခန္ဓာကိုယ်တွေ့မြင်လိုက်ရသည့်အခါ တိတ်ဆိတ်စွာဖြင့် တောင်ပို့လုံးလေးနှစ်လုံး၏ သာယာမှုကို ခံစားရန်သာ ဆုံးဖြတ်ခဲ့သည်။
စစ်မှန်တဲ့ယောကျ်ားကောင်းတွေက မိန်းမတွေနဲ့ပြိုင်ပြီး ရန်မဖြစ်ဘူး....ကွ။
" ပုရွက်ဆိတ်လေးတွေက ရဲတင်းနေတယ်ပေါ့လေ။ "
ဤအချိန်၌ ရေခဲတမျှအေးစက်သော အသံကြီးက ကမ္ဘာလောကကြီးအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ မရဏမျိုးနွယ်စုမှ အမျိုးသမီး၏မျက်ဝန်းများမှာ အေးစက်သွားခဲ့သည်။ ထိုအကြည့်နဲ့ထိပ်တိုက်ရင်ဆိုင်လိုက်ရသူ မဟာနတ်ဆိုးကြီးရွှမ်ရှမှာ ရေခဲဂူအတွင်းသို့ ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးချွေးအေးများဖြင့် ပြည့်နှက်လာခဲ့သည်။
အမျိုးသမီးက လည်ပြန်လှည့်ကြည့်လိုက်သည့်အခါ ထိုစကားများကို ပြောကြားလိုက်သူမှာ ဝမ်ဖုန်း၏ဘေးနားတွင်ရှိနေသာ သိချင်းဖြစ်ကြောင်းသိရှိလိုက်ရသည်။ သူမက သိချင်းကို စူးစိုက်ကြည့်လိုက်ရင်း သူမ၏မျက်ဝန်းများက တုန်လှုပ်သွားခဲ့ကာ ရှည်သွယ်သော သူမ၏ခန္ဓာကိုယ်လေးမှာ တုန်လှုပ်သွားခဲ့သည်။ မဟာနတ်ဆိုးကြီးရွှမ်ရှမှာ အပျော်များဖြင့် ပြည့်နှက်သွားလေသည်။
" မြင့်မြတ်တဲ့စစ်တပ်ရဲ့ စစ်ပွဲသူတော်စင် သိချင်း "
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ နင်က ဒီမှာ ဘယ်လိုလုပ်ရှိနေရတာလဲ "
အံ့သြတုန်လှုပ်နေသော အသံတစ်သံသည် အမျိုးသမီး၏နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာလောကအတွင်း၌ ပျံ့လွင့်သွားခဲ့သည်။ မဟာနတ်ဆိုးရွှမ်ရှနဲ့ အခြားသူများတောင် သူမအသံအတွင်း၌ ကိန်းဝပ်နေသော ကြောက်လန့်နေမှုများကို ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။