အခန်း (၃၇၅)
Vol. 32 Ch. 375
လီချန်ချင်းတို့ နှစ်ဦးသားမှာ ရှေးဟောင်းဆေးလှိုဏ်ဂူအတွင်းသို့ ဆက်လက်၍ ခရီးဆက်နေခဲ့ပါသည်။ အတွင်းတွင်တော့ အရာအားလုံးကို ယူဆောင်သွားပြီဖြစ်သောကြောင့် မည်သည်မှ မကျန်ရစ်နေခဲ့တော့ပေ။
ဆေးလှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးသောနေရာသို့ ရောက်သည့်အချိန်တွင်တော့ နှစ်ဦးသားမှာ ထိတ်လန့်သွားစေမည့် မြင်ကွင်းတခုကို တွေ့မြင်ခဲ့ပါတော့သည်။
ယင်းနေရာ၌ တစုံတဦးက အချိန်အကြာကြီးနေထိုင်ခဲ့သည့် လက္ခဏာကို သူတို့ မြင်လိုက်ရသောကြောင့်ပင် ဖြစ်သည်။
လီချန်ချင်းက မော့ကြည့်လိုက်ရာတွင် ရှေးဟောင်းဆေးလှိုဏ်ဂူ၏ မျက်နှာကျက်မှာ လွန်စွာမှကိုမြင့်မားသည်ကို သိလိုက်ရသည်။ ထိုမျက်နှာကျက်တွင် စာလိပ်တခုကို ချိတ်ဆွဲထားသည်ကိုပါ တပါတည်းတွေ့လိုက်ရပါသည်။
“စာလိပ်လား”
လီချန်ချင်းက နဂါးနိုင်လက်ဝါးသိုင်းကို အသုံးပြုလိုက်၏။
သူ့ကိုယ်တွင်းမှ နဂါးအရှိန်အဝါများက ရုတ်တရက်ထွက်လာတော့သည်။ ပုံရိပ်ယောင်နဂါးကြီးက လေထုထဲတွင် ရစ်ပတ်နေရင်း လီချန်ချင်းကိုယ်ပေါ်သို့ ဇောက်ထိုးကျလာကာ ပေါင်းစပ်သွားခဲ့သည်။
ယခုလီချန်ချင်းက လူတပိုင်းနဂါးတပိုင်းသားရဲအလားဖြစ်သွားပါသည်။
သူက လက်ကို ဆန့်လိုက်ရာ ပုံရိပ်ယောင်နဂါးလက်ကြီးက ရှည်ထွက်လာပြီး အဝေးက စာလိပ်ကို လှမ်းကိုင်ဆုတ်လိုက်၏။
“လူကြီးမင်းချန်ချင်း၊ သေချာသတိထားပါ”
ယင်ချန်းလီက ခပ်မြန်မြန်လေး သတိပေးလိုက်၏။
သူတို့တွေ အားလုံး နန့်ရှန်တောင်ကို သွားကာ ထူးခြားဖြစ်စဉ်များကို စုံစမ်းစဉ်တုန်းကလဲ၊ ပန်းချီသူတော်စင် ရေးဆွဲသော ပန်းချီကားထဲသို့ အဆွဲသွင်းခံခဲ့ရပြီး သေမလိုဒုက္ခရောက်ခဲ့ရသည် မဟုတ်လား
ပြန်ထွက်လာနိုင်သော်လည်း မကျေမချမ်းဝိဉာဉ်ကျိန်စာများ အသင့်ခံခဲ့ကြရသည်။
ထိုအရာကို သတိပြုမိသော လီချန်ချင်းကလည်း ယင်းပန်းချီကားကို သတိကြီးစွာနှင့် ကိုင်တွယ်ခဲ့ပါ၏။
နဂါးလက်က စာလိပ်ကို ဆွဲမ ထားသည့်အခိုက်တွင်၊ ယင်ချန်းလီ၏ ဓားကို လီချန်ချင်းက စေစားလိုက်ပြီး စာလိပ်ကို ချည်ထားသည့်ကြိုးကို ဖြတ်စေလိုက်သည်။
ကြိုးပြတ်သွားသည်နှင့် ပန်းချီစာလိပ်က သူတို့၏ မျက်မှောက်တွင် ထွက်ပေါ်လာခဲ့၏။
ပန်းချီကားချပ်မှာ အတော့်ကို ဟောင်းနွမ်းနေခဲ့ပါသည်။
အရောင်ကို ကြည့်ရှုခြင်းနှင့်ပင်၊ ပန်းချီကားမှာ လွန်စွာမှကို ရှေးကျသည်ကို တန်းသိနိုင်မည်ဖြစ်သည်။
ပန်းချီကားချပ်တွင် ရေးဆွဲထားသည်ကို မြင်တွေ့ပြီးသောအခါတွင်မူ နှစ်ယောက်စလုံးက လွန်စွာအံ့အားသင့်သွားခဲ့ပါ၏။
ပန်းချီကားချပ်မှာ ပန်းပွင့်ပုံကို ရေးဆွဲထားခြင်းဖြစ်သည်။
ထိုပန်းပွင့်မှာ လွန်စွာထူးဆန်းလှပေ၏။
ထိုပန်းသည် သုံးရောင်ခြယ်ပန်းဖြစ်၏။ အရောင်အသွေးများမှာ ညီညာခြင်းမရှိသည့်တိုင်အောင်၊ တချက်ကြည့်ရှုလိုက်သည်နှင့် ယင်းပန်း၏ သာမန်မဟုတ်သည့်အနေအထားကို တန်းမြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သူ၏ စွမ်းအားက စိတ်နှလုံးကို လွှမ်းမိုးကာ ဆွဲဆောင်နေမည်ဖြစ်သည်။
ပန်းပွင့်မှာ သွေးကဲ့သို့ ရဲရဲနီနေသည့် တောင်စောင်းတွင် ပေါက်ရောက်နေခဲ့သည်။ အဝေးရှိရှုမျှော်ခင်းများမှာ ခြောက်ကပ်နေကာ မည်သည့်အရာမှကို မမြင်ရပါချေ။ ပန်းတပွင့်သာလျှင် ထိုနေရာ၌သာ ရှိနေခဲ့ပါ၏။
“သုံးသက်ပန်းပါလား”
ထိုပန်းက ဘာပန်းလဲဆိုသည်ကို လီချန်ချင်းက ယခုတွင်တော့ သိသွားပြီဖြစ်သည်။
“ဒါက သုံးသက်ပန်းဆိုတာကိုး”
ယင်ချန်းလီကလည်း ချက်ချင်းကို သတိပြုမိခဲ့ပါသည်။
သုံးသက်ပန်း၏ ဒဏ္ဍာရီအကြောင်းအရာများကို မူချင်းကောထံမှ လီချန်ချင်းက ပထမဦးဆုံးကြားသိခဲ့ခြင်းဖြစ်၏။
သုံးသက်ပန်းကို စားသုံးခြင်းသည် စားသုံးသူအား မှတ်ဉာဏ်များ မပျောက်ကွယ်စေပဲ သုံးဘဝကို ဝင်စားနိုင်စွမ်းကို ပေးအပ်လိမ့်မည်။
တတိယဘဝတွင် သုံးသက်ပန်းကို ထပ်မံရှာဖွေနိုင်ပြီး စားသုံးနိုင်ခဲ့ပါက ထာဝရရှင်သန်နိုင်လိမ့်မည်..
သို့သော် မူချင်းကော၏ သုံးသက်ပန်းအပေါ်နားလည်နိုင်မှုမှာ မနက်ရှိုင်းပေ။ ထို့အပြင် သုံးသက်ပန်းမှာလည်း ဒဏ္ဍာရီလာပန်းဖြစ်သောကြောင့်၊ ရရှိထားသည့်အချက်အလက်များမှာလည်း လွန်စွာမှကို နည်းပါးလှပါသည်။ ထို့ကြောင့် ထာဝရအသက်ကို ပေးနိုင်၏၊ မပေးနိုင်၏ဆိုသည်ကတော့ အငြင်းပွားဖွယ်တော့ ရှိပေလိမ့်မည်။
လီချန်ချင်းကတော့ မယုံပါ။
နောက်ထပ် လူသိနည်းသော သုံးသက်ပန်းကို အသုံးပြုနည်းများ ရှိနေပါသေးသည်။
လုချောင်းချောင်းကိုပဲ ဥပမာအနေနဲ့ ကြည့်ပါလေ။
သူမက အတိတ်ဘဝတွင် ဓားအင်မော်တယ် လီရွှမ်ရှီဖြစ်ခဲ့ပြီး သုံးသက်ပန်းကို စားသုံးခဲ့ပါ၏။ သူမ၏ ဒုတိယဘဝဖြစ်သော လုချောင်းချောင်းဘဝတွင်တော့၊ နောက်ထပ်သုံးသက်ပန်းကို စားသုံးပြီး အတိတ်ဘဝဖြစ်သော လီရွှမ်ရှီကို ပြန်ရှင်အောင် ပြုလုပ်ခဲ့ပြန်သည်။
ထို့ကြောင့် သုံးသက်ပန်းသည် အမှန်တကယ်ကို ရတနာတခုဖြစ်သည့်တိုင်, ၎င်း၏ အမှန်တကယ်အသုံးဝင်မှုကိုတော့ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်စွမ်းမရှိပါချေ။
“ဖြစ်နိုင်တာက ထာဝရရှင်သန်ခြင်းဂိုဏ်းခေါင်းဆောင်ကလည်း သုံးသက်ပန်းကို အသုံးပြုထားသေးတာများလား”
လီချန်ချင်းက စတင်၍ တွေးမိလာခဲ့ပါသည်။
ရှေးဟောင်းပန်းချီကား၏ အောက်ဘက်ရှိ ပန်းချီကားရေးဆွဲသူ၏ လက်မှတ်ကို မြင်ပြီးသော် လီချန်ချင်း၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပါတော့၏။
ကူဟန်ရှီ
“အရင်မျိုးဆက်က ပန်းချီသူတော်စင်ပါလား”
တချိန်က စန်းယွမ်တိုက်ကြီးတခုလုံးကို ဖုံးလွှမ်းခဲ့သည့် ထိုအမည်ကို လီချန်ချင်းကလည်း မှတ်မိနေခဲ့ပါသည်။
ဖြစ်နိုင်တာက ထာဝရရှင်သန်ခြင်းဂိုဏ်းခေါင်းဆောင်ရဲ့ အတိတ်ဘဝက ကူရှန်းရှီများလား
ထိုအရာက မှန်ကန်သည်ဆိုရင်တောင်မှ ကိစ္စတွေက မရိုးရှင်းဘူးဟု လီချန်ချင်းက ခံစားနေခဲ့ရတော့သည်။
ထာဝရရှင်သန်ခြင်းဂိုဏ်းခေါင်းဆောင်က အမြဲတန်း ကလေးတယောက်အသွင်ကို ယူထားပြီး လုံးဝအသက်မကြီးလာဘူးတဲ့။
အဲ့ဒါက အဓိပ္ပာယ်သိပ်ရှိမနေဘူးလေ။
ဒါမှမဟုတ် သုံးသက်ပန်းကို အသုံးပြုခြင်းက ဘေးထွက်ဆိုးကျိုးတွေ ရှိနေတာများလား
“ထူးဆန်းတယ်”
ထိုအခိုက်မှာပင် ယင်ချန်းလီက ဘေးဘီကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“လူကြီးမင်း၊ ကျွန်တော်တို့ လာတဲ့လမ်းတလျှောက်လုံးမှာ တောင်သခင်ဂိုဏ်းချုပ်ရဲ့ အလောင်းကို မတွေ့ခဲ့ဘူး”