← Chapters

အခန်း (၃၇၆)

Vol. 32 Ch. 376

အခန်း (၃၇၆)

Vol. 32 Ch. 376

လီချန်ချင်းက ယင်ချန်းလီ၏ စကားကို သတိမမူမိသည့်အလားပင်၊ သုံးသက်ပန်းပန်းချီကားချပ်ကိုသာ သေချာလေး သိမ်းနေခဲ့သည်။

မူဟန်ရှန်း၏ အလောင်းကို မတွေ့သောကြောင့် သူက အမှန်တကယ်ကို အသက်ရှင်နေနိုင်၏။

ဤဂိုဏ်းပြတ်သုတ်သင်မှုတွင် မူဟန်ရှန်း၏ ပါဝင်မှုက အရေးကြီးပေလိမ့်မည်။

“ငါတို့ဒီမှာ ဆက်နေစရာအကြောင်းမရှိတော့ဘူး။ ဒီကနေ သွားရအောင်”

လီချန်ချင်းက ယင်ချန်းလီကို လှည့်ကြည့်ရင်းနှင့် ပြောလိုက်ပါသည်။

“ကောင်းပါပြီ”

ယင်ချန်းလီက ခပ်မြန်မြန်ပင် သဘောတူလိုက်သည်။

ရှေးဟောင်းဆေးလှိုဏ်ဂူမှ ထွက်လာပြီးသည့်နောက်တွင် လီချန်ချင်းက ဓားပျံကို ဆင့်ခေါ်ကာ ယင်ချန်းလီကို ခေါ်ဆောင်ကာ မြောက်ပိုင်းအေးခဲနိုင်ငံ ရှိရာ အရပ်သို့ ဦးတည်လိုက်ကြ၏။

ကောင်းကင်ထက်မှနေ၍ ယင်ချန်းလီက ဆေးဘုရင်တောင်ကြားကို ငုံ့ကြည့်လိုက်၏။ သူ့နှလုံးသားတခုလုံးတွင် ခံစားချက်များစွာတို့ဖြင့် ရောယှက်ကာ ရှုပ်ထွေးနေခဲ့ပါတော့သည်။ ဤနေရာက သူအချိန်အကြာကြီး နေထိုင်ရစ်ခဲ့သော နေရာဖြစ်သောကြောင့် သူက သံယောဇဉ်တွယ်နေခဲ့မိပါသည်။

သို့သော် ယင်ချန်းလီကို စိတ်နှလုံးငြိမ်းချမ်းစေသည်မှာ သူ၏ ဆရာဖြစ်သော မူချင်းကောက လုံခြုံနေခြင်းပင် ဖြစ်ပါ၏။

ယင်းမှာ အကောင်းဆုံးသော ရလဒ်တခုပင် ဖြစ်သည်။

“လူကြီးမင်းချန်ချင်း၊ ကျွန်တော်တို့က အခုဘယ်ပြန်နေကြတာလဲ။ ချန်ထင်မြို့လား”

ယင်ချန်းလီက မေးလိုက်ခြင်းဖြစ်သည်။

“မြောက်ပိုင်းအေးခဲနိုင်ငံကိုပဲ”

လီချန်ချင်းက ပြန်ဖြေ၏။

“လောလောဆယ်မှာ ငါက မြောက်ပိုင်းအေးခဲနိုင်ငံတော်မှာနေရင်းနဲ့ ယင်ချင်းကို စာသင်ပေးနေတယ်”

“မြောက်ပိုင်းအေးခဲနိုင်ငံတော်လား”

ယင်ချန်းလီက ထိတ်လန့်သွားပါသည်။ သူ၏ မျက်နှာအမူအရာကလည်း ရှုပ်ထွေးလာခဲ့ပါ၏။

အတိတ်တုန်းက မြောက်ပိုင်းအေးခဲနိုင်ငံတော်က သူ၏ အိမ်ဖြစ်ခဲ့ပါသည်။

အမှန်အတိုင်းပြောရလျှင် သူကလည်း မင်းသားတပါးဖြစ်ပါသည်။

သို့သော် သူ၏ မိခင်က ယင်ဖန်းချီ၏ မျက်နှာသာသိပ်မပေးကာ၊ အဆောင်တော်သိပ်မကူးသည့် မိဖုရားအငယ်တပါးဖြစ်နေခြင်းပင်။ ထို့ကြောင့် ယင်ချန်းလီသည် မင်းသားဘွဲ့ရထားသော်လည်း ချီးမြှောက်ခြင်းကိုမခံရသလို မည်သည့်အခွင့်ထူးမှ မရပါချေ။ နန်းတော်ထဲ၌လည်း မည်သည့်လွှမ်းမိုးနိုင်မှုမှ ရှိမနေပါ။

မင်းသားများက ဧကရာဇ်နေရာအတွက် ယှဉ်ပြိုင်ကြသည်အခါတွင် ယင်ချန်းလီက အမြန်ပင် သေမည်ဖြစ်၏။ ထို့ကြောင့်မိခင်ဖြစ်သူက ယင်ချန်းလီအား နန်းတော်မှ ဆေးဘုရင်တောင်ကြားသို့ အခက်အခဲများစွာနှင့် ပို့ပေးခဲ့ခြင်းဖြစ်ပါ၏။

နှစ်များစွာကြာမြင့်ပြီးသည့်အခါတွင်တော့ ယင်ချန်းလီက သူ့ရဲ့ တကယ့်အိမ်ကို ပြန်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် သူ့စိတ်ခံစားချက်များမှာ ရောထွေးကာရှုပ်ထွေးနေခဲ့ပါ၏။

ကုန်လွန်ခဲ့သော နှစ်များစွာတို့တွင် သူက နန်းတော်ထဲတွင် ရှိသော မိခင်ဖြစ်သူထံသို့ ပြန်ကာ လည်ပတ်လိုသော်လည်း၊ မိခင်ဖြစ်သူက စာများပေးပို့ကာ၊ နန်းတော်သို့ ပြန်မလာပဲ ဆေးဘုရင်တောင်ကြားတွင်သာ နေရန်ကိုသာ တွင်တွင်မှာခဲ့ပါသည်။

ထို့ကြောင့် ယင်ချန်းလီကလည်း ပြန်မလာခဲ့ပါ။

ယခုလိုမျိုး မမျှော်လင့်ထားသော အခြေအနေ၊အနေအထားနှင့် နန်းတော်သို့ ပြန်ရမည်ဟု မထင်မိခဲ့ပါ။

ယင်ချန်းလီက ခံစားချက်များစွာတို့ ဖြစ်နေသည့်တိုင်၊ သူက စကားတခွန်းမှတော့ မဆိုပါချေ။ ဆေးဘုရင်တောင်ကြားက ဂိုဏ်းလုံးကျွတ်သေဆုံးကာ ပျက်စီးသွားပြီဖြစ်သောကြောင့်၊ မူချင်းကော ဘယ်ကိုသွားသွား သူက အနောက်မှ လိုက်မည်သာ ဖြစ်ပါ၏။

သူတို့နှစ်ဦးက ညကောင်းကင်ယံကို ဓားသွားနှင့် ပိုင်းလွှာဖြတ်သန်းရင်း နောက်တနေ့ အရုဏ်တက်ချိန်၌ ချန်ချင်းစံအိမ်တော်သို့ ပြန်ရောက်လာခဲ့ပါတော့၏။

လီချန်ချင်းက ယင်ချန်းလီကို ပြန်ခေါ်လာနိုင်သည်ကို မြင်သော မူချင်းကောမှာလည်း ဝမ်းသာလှသဖြင့် မျက်ရည်များ စီးကျလာခဲ့သည်။ ယခုမှသာ သူမလည်း သက်ပြင်းမောကို ချနိုင်ခဲ့ပါတော့၏။

သူမ၏ တပည့်ငယ်လေးမှာ လုံခြုံနေပြီ။

မူချင်းကောကို မြင်သည့် ယင်ချန်းလီမှာလည်း ရင်ထဲနင့်သွားခဲ့ပါ၏။

ဆေးဘုရင်တောင်ကြား၏ အခြေအနေကို မူချင်းကောက မေးမြန်းသောအခိုက်တွင်မူ ယင်ချန်းလီကော၊ လီချန်ချင်းပါ တိတ်ဆိတ်သွားခဲ့ကြတော့၏။

ထိုသို့ဆိုရင်တောင် ဆေးဘုရင်တောင်ကြားတွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များကို ယင်ချန်းလီက မူချင်းကောကို ပြန်လည်၍ ပြောပြခဲ့ပါသေးသည်။

အခြေအနေကို ကြားသိလိုက်သောအခါတွင် မူချင်းကောက ကျောက်ရုပ်ကြီးဖြစ်သွားသလို ခံစားလိုက်ရပါတော့၏။

“ဂိုဏ်းလုံးကျွတ်အသတ်ခံရတယ် ဟုတ်လား”

မူချင်းကောက အမှန်တကယ်ကို မယုံကြည်နိုင်ပါ။

ဆေးဘုရင်တောင်ကြားဆိုတာက မရှိတော့ဘူးလား။

ယင်ချန်းလီတယောက်တည်းသာ ပြောပါက ထိုကောင်လေးက မူးနေသည်ဟုတွေးကာ သူမက ယုံကြည်ဦးမည်မဟုတ်ပေ။ သို့သော် လီချန်ချင်းကိုယ်တိုင်ကပါ ဝင်ပြောနေပြီ ဖြစ်သဖြင့် သူမက ယုံကြည်မှကို ဖြစ်ပေတော့မည်။

မူဟန်ရှန်းက အသက်ရှင်နိုင်လောက်သည်ဟု လီချန်ချင်းက ပြောသည့်အခါတွင်တော့ မူချင်းကောက စိတ်သက်သာရာရသွားပါတော့၏။

သူမကြီးပြင်းခဲ့သော ဂိုဏ်းက အသုတ်သင်ခံရပြီး သူမ၏ မိသားစုလိုဖြစ်နေသည့် အကြီးအကဲများနှင့် တပည့်များစွာတို့အားလုံးက သေဆုံးနေရသည်ကိုတော့ မူချင်းကောက လက်ခံရန်ခက်ခဲနေခဲ့ပါ၏။

လီချန်ချင်းက သူရရှိခဲ့သည့် သုံးသက်ပန်းရှေးပန်းချီစာလိပ်ကို ထုတ်ယူကာ ပြလိုက်ပါ၏။

“ကူဟန်ရှီ”

လက်မှတ်ကို ကြည့်ရင်းနှင့် မူချင်းကောက အသက်ပြင်းပြင်းကို ရှုရှိုက်လိုက်ပါ၏။ သူမ၏ အကြည့်မှာ ထိုအမည်ကို စိုက်ကြည့်နေရင်းနှင့် ခပ်ကြာကြာတွေးနေခဲ့သည်။

“သုံးသက်ပန်းနဲ့ပတ်သက်ပြီးတော့ မင်းဘယ်လောက်အထိသိသလဲ” လီချန်ချင်းက ထိုအကြောင်းအရာကို ပိုမိုသိလိုနေခဲ့ပါသည်။

“ကျွန်မက အရမ်းကြီးတော့ မသိပါဘူး။ အဲ့ဒါက ဒဏ္ဍာရီလို ဖြစ်နေတဲ့အပြင်၊ ဘယ်သူကမှလည်း အပြင်လောကမှာ အဲ့လောက်အထိ မတွေ့ဖူးကြဘူးလေ” မူချင်းကောက စိတ်ပျက်စွာဖြင့် ဝန်ခံပါ၏။

လီချန်ချင်းက ခေါင်းညိတ်ပြပြီးနောက်တွင် သူမအား ဆက်လက်၍လည်း မမေးမြန်းခဲ့ပါ။ သူက သုံးသက်ပန်းနှင့် ပတ်သက်ပြီးတော့ သတင်းရလိုပါက စန်းယွမ်ခန်းမကို မေးမှ ဖြစ်ပေမည်။

မူချင်းကော၏ စိတ်ဖိစီးမှုကို ခံစားရသော လီချန်ချင်းက သူမကို ပြန်၍ ချော့မော့ခဲ့ပါ၏။ သို့သော် သူမက အခန်းကို ပြန်ပြီး အနားယူကာ စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေခဲ့ပါ၏။

မူချင်းကောက အခန်းသို့ပြန်သွားချိန်၌ ဖခင်ဖြစ်သူ ဧကရာဇ်နှင့် တွေ့ဆုံရမည်ဖြစ်သော ယင်ချန်းလီကလည်း စိတ်ထဲတွင် ကျဉ်းကျပ်နေခဲ့ပါ၏

နောက်တရက်တွင် ဖခင်ဖြစ်သူနှင့် တွေ့ဆုံရခြင်းက ယင်ချန်းလီကို စိတ်ဖိစီးစေခဲ့သည်။ သူက ထိုလူကို မမြင်ချင်လိုပါ။

ငယ်ဘဝထဲက ယင်ချန်းလီက ယင်ဖန်းချီကို ဆယ်ကြိမ်မကပင် မြင်ဖူးခဲ့ပါသည်။

ယင်ဖန်းချီက သားဖြစ်သူကို မျှော်လင့်ချက်တစုံတရာလည်း မထားထားခဲ့ပြန်ပါချေ။ ယင်ချန်းလီ၏ မိခင်ဖြစ်သူက ယင်ချန်းလီအား ဆေးဘုရင်တောင်ကြားသို့ ပို့လိုက်ပြီးသည့်နောက်ပိုင်းတွင် ယင်ဖန်းချီက ယင်ချန်းလီအား အာရုံမစိုက်တော့ပါချေ။

ယင်ဖန်းချီအတွက်တော့ ယင်ချန်းလီက အရေးမပါသောသားတစ်ယောက်သာ ဖြစ်သည်။

ယခုတွင် သူက ပြန်ရောက်လာပြီဖြစ်သောကြောင့် မိခင်ဖြစ်သူကို မတွေ့ခင် ဧကရာဇ်ကို အရင်တွေ့ရမည်ဖြစ်သည်။

ယင်ချန်းလီ၏ စိတ်ရှုပ်ထွေးမှုများကို ခံစားမိသော လီချန်ချင်းကလည်း ယင်ချန်းလီကို စိုက်ကြည့်လိုက်ပါ၏။

ရုတ်တရက် လီချန်ချင်းက မေးလိုက်သည်။

“ယင်ချန်းလီ”

“ဟင်၊ ဘာများလဲခင်ဗျ”

“မင်း ဘုရင်ဖြစ်ချင်လားကွ”

လီချန်ချင်းက ခပ်ပြုံးပြုံးနှင့်မေးလိုက်ပါသည်။

All Chapters