အခန်း (၃၇၇)
Vol. 32 Ch. 377
“မင်း ဘုရင်ဖြစ်ချင်လား”
ထိုစကားကြောင့် ယင်ချန်းလီက လုံးဝကို အူကြောင်ကြားဖြစ်သွားခဲ့ပါသည်။
သူက ခပ်မြန်မြန်ပင် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ တစုံတဦးက ခိုးနားထောင်နေခဲ့ပြီး ယင်ဖန်းချီထံသို့ သတင်းပြန်ပို့လိုက်မည်ကို သူက စိုးရွံ့နေခဲ့ပါသည်။
ဧကရာဇ်က သက်ရှိထင်ရှားရှိနေသည့်အခိုက်တွင် ထိုကဲ့သို့သော စကားမျိုးကို ပြောဆိုခြင်းက အလွန်တရာကို အန္တရာယ်များလှပါသည်။
“ရှုး၊ ပေါက်ကရတွေမပြောပါနဲ့ လူကြီးမင်း”
ယင်ချန်းလီက ဖွေးဆုတ်နေသောမျက်နှာနှင့် လီချန်ချင်း အနားကပ်ကာ တီးတိုးဆိုလိုက်သည်။
“စိတ်မပူနဲ့၊ ယင်ဖန်းချီရဲ့ လူတွေက ချန်ချင်းစံအိမ်တော်မှာ တယောက်မှ မရှိဘူး”
လီချန်ချင်းက ယုံကြည်မှုရှိစွာ ပြောလိုက်ခြင်းဖြစ်ပါသည်။ သူ့အိမ်တော်မှာ ယင်ဖန်းချီကိုယ်တိုင်ပင်လျှင် မထောက်လှမ်းရဲသည့် နေရာပင် ဖြစ်သည်။
လီချန်ချင်းက ပန်းချီသူတော်စင်အဆင့်တွင်ရှိပြီး နတ်ဘုရားဝိဉာဉ်ရှိသူဖြစ်၏။ သူ၏ နတ်ဝိဉာဉ်စွမ်းအားအောက်တွင် ဘယ်သူကမှ သူမမြင်အောင် မဖုံးကွယ်ထားနိုင်ပေ။
ယင်ဖန်းချီကလည်း လီချန်ချင်းမှ အဆိုးမြင်လာမည်ကို မလိုလားပါချေ။
ယင်ဖန်းချီက လီချန်ချင်းအား ဖားယားလိုနေခဲ့ပါသည်။ လီချန်ချင်းက ပန်းချီသူတော်စင်ဖြစ်နေသည့်အပြင် ချန်ချင်းကုန်သွယ်ရေး၏ ထောက်တိုင်ကြီးလည်း ဖြစ်နေပြန်ခဲ့သည်။
ထိုကဲ့သို့သောလူသည် မြောက်ပိုင်းအေးခဲနိုင်ငံတော်အတွက် အလွန်အရေးပါလှပါသည်။ ထိုသူကို သူတို့ဖက်သို့ ရောက်အောင် ဆွဲခေါ်နိုင်ပါက နိုင်ငံ့အင်အားမှာ တိုးတက်လာမည်ဖြစ်ပါသည်။
“ကျွန်တော်က ဘုရင်ဖြစ်ရမယ်လို့ တခါမှ မတွေးထားခဲ့မိဖူးဘူး”
ယင်ချန်းလီက ခေါင်းခါလိုက်သည်။
“ကျွန်တော်က ဓားသိုင်းပဲကျင့်ချင်တာ၊ တနေ့နေ့ကျရင် ချင်းရွှယ်အာဏာဓားအရှင်လိုမျိုး စွမ်းအားကြီးချင်တယ်”
ထိုအမည်ကိုကြားသော် လီချန်ချင်းက မျက်ခုံးတဖက်ပင့်လိုက်မိသည်။ လက်တလော၌ ရွှယ်ချမ်းပိုင်က လုံးဝကို ပျောက်ကွယ်နေသည်ကို သူရုတ်တရက်သတိရလိုက်မိပါသည်။
သူ့ကို လီချန်ချင်းက ပန်းပုရုပ်တခုကို လက်ဆောင်ပေးလိုက်ပြီးကတည်းက ကျင့်ကြံနေတာကနေ ပြန်မထွက်လာသေးတာများလား
“မနက်ဖန်ကျရင် မင်းအဖေကို တွေ့ဖို့ နန်းတော်သွားရင် ငါအဖော်လိုက်ပေးမယ်”
လီချန်ချင်းက ပြုံးပြရင်း ကမ်းလှမ်းလိုက်သည်။
“အဲ့ဒါက ဖြစ်နိုင်လို့လား”
ယင်ချန်းလီ၏ အကြည့်က အရောင်လက်သွားသည်။ လီချန်ချင်းသာ သူ့နံဘေးတွင် ပါနေပါက သူက မည်သည့်အရာကိုမှ ကြောက်စရာမလိုသည့် သဘောပင်ဖြစ်သည်။
“ဟုတ်တယ်၊ ငါလည်း ယင်ဖန်းချီနဲ့ ဆွေးနွေးစရာရှိနေတယ်”
လီချန်ချင်းက ပြုံးလျက်ဆိုသည်။
ယင်ချန်းလီနှင့် တိုင်ပင်ပြီးနောက်တွင် ကျန်းဖုကွမ်းက လီချန်ချင်းထံသို့ ရောက်လာပြီး စာတစောင်ကို ပေးလိုက်သည်။
“လူကြီမင်း… ဒီစာက မနေ့က ရောက်လာခဲ့တာပါ”
လီချန်ချင်းက စာကို ဖွင့်ဖောက်လိုက်ရာ စန်းယွမ်ခန်းမမှ သူလျိုပိုင်တုက ပြသနာကြုံတွေ့နေကြောင်းကို လှမ်းအကြောင်းကြားသည့်စာပင်ဖြစ်ပါသည်။
“ရှီယွမ်စန်း?”
ထိုသူက မန်နေဂျာတဦးဖြစ်ပြီး သတင်းအချက်အလက်များကို ထုတ်ယူရာတွင် ထိုသူ၏ စစ်ဆေးမှုကို ကျော်လွန်ပြီးမှသာ ထုတ်ယူ၍ ရပါသည်။
ဆက်ဖတ်ကြည့်ရင်းနှင့် ရှီယွမ်စန်း၏ အကြောင်းကို ပိုင်တုက ပြည့်ပြည့်စုံစုံရေးသားထားသည်ကို တွေ့နေရပါသည်။
နေ့ဖက်တွင် ရှီယွမ်စန်းက စန်းယွမ်ခန်းမ၏ မန်နေဂျာဖြစ်ပြီး ညဖက်တွင်တော့ လမ်းမနံဘေးတွင် တွန်းလှည်းနှင့် ပေါက်စီရောင်းပါသည်။
ထိုကဲ့သို့သော သရုပ်ကွဲနှင့်လူမျိုး၏ အကြောင်းကို သိလိုက်ရသော လီချန်ချင်းက ပြောစရာစကားမရှိအောင်ကိုပင် ဆွံ့အသွားခဲ့ပါတော့၏။
နေ့ဖက်မှာ အလုပ်တခု၊ ညဖက်ကျတော့ ပေါက်ဆီရောင်းတယ်။ ဘယ်လောက်ထူးဆန်းတဲ့လူလဲ
တခြားအလုပ်ကို ရှာမတွေ့လို့်များလား
ဒါပေမယ့်လည်း လက်ရှိတွင် လီချန်ချင်း၌ ရှီယွမ်စန်း၏ အချက်အလက်များစွာအကုန်ရှိနေခဲ့ချေပြီ။ သူ့ကို ပြန်ပေးဆွဲသင့်၊မဆွဲသင့်ကို လီချန်ချင်းက ဆုံးဖြတ်ရပေမည်။
ရှီယွမ်စန်း၏ ကိုယ်ထဲကို ဘယ်သူ့ဝိဉာဉ်ထည့်ရမလဲဆိုသည်ကိုတော့ လီချန်ချင်းက မဆုံးဖြတ်နိုင်ပါ။
လီချန်ချင်းတွေးနေသည့်အခိုက်မှာပင်၊ ခြံထဲသို့ ဝင်လာသည့် အပြင်မှ အသံတသံကို ကြားလိုက်ရပါသည်။
“မင်းပြန်လာပြီလား”
“လာ လာ၊ ခုနက ပြောခဲ့တဲ့ ဇာတ်လမ်းကို ဆက်ပြောဦး၊ နဂါးမယ်လေးကို အိုးရန်ဖုန်းက သစ်တောထဲမှာ အကြောပိတ်ထားတဲ့အချိန်မှာ တယောက်ယောက်ရောက်လာတယ်ဆို၊ ရောက်လာတာက ဘယ်သူလဲ။ ငါ့ကို မင်းအဲ့ဇာတ်လမ်းကို ဆက်မပြောရသေးဘူးနော်”
“အာ”
ကျန်းဝမ်လျိုကို မြင်သော် လီချန်ချင်းက ပြန်ဖြေလိုက်သည်။
“မလောနဲ့၊ ငါမင်းကို မေးချင်တာ တခုရှိတယ်”
“ပြောကြည့်”
ကျန်ဝမ်လျိုက ထိုင်ချရင်း လီချန်ချင်း စကားစလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။
“စန်းယွမ်ခန်းမထဲကို မင်းဝင်ချင်လား”
လီချန်ချင်းက မြေခွေးတကောင်လို ပြုံးရင်းမေးလိုက်သည်။
ထိုစကားကိုကြားသော် ကျန်းဝမ်လျိုက ဘာပြောရမှန်းမသိ ဖြစ်သွားပါသည်။ ထို့နောက်မှ
“မင်းငါ့ကို လာနောက်နေတာလား၊ ငါက စန်းယွမ်ခန်းမကို ဘယ်လိုဝင်ရမှာလဲ။ စန်းယွမ်နယ်မြေသခင်က လက်ခံမှာမဟုတ်ဘူးလေ”
“ဖြစ်နိုင်မယ်ဆိုရင်တော့ အဲ့ကိုသွားပြီး လျို့ဝှက်ချက်တွေကို ငါသိပ်ကြည့်ချင်တာပေါ့ကွာ”
ကျန်းဝမ်လျိုက အပြုံးနှင့်ဆိုလိုက်ပါသည်။
သူက အချက်အလက်များကို ရောင်းချခြင်းနှင့် အသက်မွေးမှုကို ပြုလုပ်နေသောသူ ဖြစ်ပါသည်။ သူ့တွင် အချက်အလက်များစွာ ရှိသော်လည်း၊ သတင်းအချက်အလက်လျို့ဝှက်ချက်များစွာတို့ရှိသော စန်းယွမ်ခန်းမသို့ ဝင်ရောက်ရမည့် အခွင့်အရေးကို ရရှိပါက သူက သွားမည်သာ ဖြစ်ပါ၏။
သူ့လိုသတင်းသမားအဖို့ စန်းယွမ်ခန်းမမှာ ရတနာသိုက်ကြီးပင် ဖြစ်သည်။
“ငါ မင်းကို စန်းယွမ်ခန်းမထဲကို အရောက်ပို့ပေးနိုင်တယ်။ ဒါပေမယ့် အဲ့ဒီ့ကို ပို့ပေးတယ်ဆိုတာက အပျော်သွားရှာခိုင်းတာမဟုတ်ဘူး”
လီချန်ချင်းက ကျန်းဝမ်လျိုအား အခြေအနေကို ရှင်းပြလိုက်ပါသည်။
“အို၊ မင်းက ငါ့ကို သူလျိုလုပ်ခိုင်းချင်တာလား”
ကျန်းဝမ်လျိုက အံ့အားသင့်စွာ ပြောလိုက်သည်။
“စန်းယွမ်နယ်မြေကြီးတခုလုံးမှာ စန်းယွမ်ခန်းမထဲကို မရေမတွက်နိုင်တဲ့အင်အားစုတွေက သူလျိုတွေ လွှတ်ချင်နေတာ ဘယ်သူကမှ မအောင်မြင်သေးဘူး”
“ငါ လုပ်နိုင်တယ်”
လီချန်ချင်းက တည်ငြိမ်စွာ ဖြေလိုက်သည်။
“စန်းယွမ်ခန်းမထဲကို ငါ့လူတစ်ယောက်ကိုတောင် ထည့်ထားပြီးပြီ”
ပိုင်တုက စန်းယွမ်ခန်းမထဲသို့ ရောက်သွားသည့်သတင်းအား တင်းကြပ်စွာ ပိတ်ဆို့ထားပါသည်။
ထို့ကြောင့် လူနည်းစုသာ ဤအကြောင်းကို သိပေ၏။
လီချန်ချင်း၏ စကားကို ကြားသော် ကျန်းဝမ်လျိုက အလွန်အံ့အားသင့်စွာ မေးလိုက်သည်။
“တကယ်ပြောတာလား”
“ဒါပေါ့”
လီချန်ချင်းက တခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
“ငါမင်းကို မပြောထားတာရှိတယ်၊ မင်း စိတ်ပြင်ဆင်ထားပြီးမှ ငါပြောဖို့ တွေးထားတာ”
“ပြော၊ ငါနားထောင်နေတယ်” ကျန်းဝမ်လျိုက သိချင်စွာဖြင့် မေးလိုက်ပါသည်။
ထိုအချိန်မှသာ ဝိဉာဉ်ကူးပြောင်းကျင့်စဉ်အကြောင်းကို လီချန်ချင်းက ရှင်းပြလိုက်ပါသည်။
ယခုအချိန်တွင်တော့ ကျန်းဝမ်လျိုက ပို၍ ထိတ်လန့်သွားသည့်အမူအရာ ဖြစ်လာခဲ့ပါ၏။
“ဒီလို နည်းလမ်းက တကယ်ရှိတာလား၊ ဘာလိ့ငါက မကြားဖူးတာလဲ”
လီချန်ချင်းနှင့် ယှဉ်လျှင် ကျန်းဝမ်လျိုမှာ တောသားတဦးကဲ့သို့ ဖြစ်နခဲ့သည်။ သူ၏ ပုံပြင်ဇာတ်လမ်းများ၊ သူ၏ ဝိုင်အရက်၊ ယခု၌ သူ၏ နည်းလမ်းများပင်လျှင် ကျန်းဝမ်လျိုကို လုံးလုံး မရင်းနှီးပါချေ။
“စကြာဝဠာကြီးက ကျယ်ပြန့်လွန်းတယ်။ မင်းမကြားဖူးတာတွေလည်း ရှိနေမှာပဲလေ။ ဒါပေမယ့် မင်းက စန်းယွမ်ခန်းမရဲ့ မန်နေဂျာဖြစ်လာရင် မင်းမသိနားမလည်တာတွေ ရှိနေဦးမှာကို စိတ်ပူဖို့ လိုနေဦးမှာလား”
လီချန်ချင်းက ကျန်းဝမ်လျိုကို ဆက်လက်၍ ဆွဲဆောင်နေခဲ့ပါသည်။
“ဒါဆိုရင် ငါတို့ ခန္ဓာချင်းလဲသွားပြီးတော့ ရှီယွမ်စန်းရဲ့ ကိုယ်ထဲကို ငါကရောက်မယ့်အပြင်၊ သူ့ရဲ့ ကျင့်ကြံခြင်းတွေကိုပါ ရသွားမယ့်သဘောလား”
ကျန်းဝမ်လျိုက လီချန်ချင်းအား သေချာအောင် မေးမြန်းခဲ့သည်။
“အေးပေါ့၊ ဒါပေမယ့် မင်းစိတ်ပူစရာမလိုဘူး။ ငါတို့က မင်းခန္ဓာကိုယ်ကို ကောင်းကောင်းစောင့်ရှောက်ထားမယ်။ အချိန်ကျလာရင် ငါကမင်းကို…”
လီချန်ချင်း၏ စကားမဆုံးခင်မှာပင် ကျန်းဝမ်လျိုက သုံးပေခန့်အမြင့်ကို ခုန်တက်ပြီးသည့်နောက်တွင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပါတော့သည်။
“သိပ်ကောင်းတာပဲ”
“ဟင်?”
လီချန်ချင်းက ထိုမြင်ကွင်းကြောင့် နားမလည်နိုင်ဖြစ်သွားခဲ့ပါသည်။
ဘယ်လိုဖြစ်တာလဲ။
ဘာတွေဖြစ်နေတာလဲ
ဘာကောင်းတာတုန်းလို့
မင်းပြောလိုက်တာက ဘာဆိုတာကော မင်းသိလို့လား
“ငါက စန်းယွမ်ခန်းမကို ဝင်ခွင့်ရရုံတင်မဟုတ်ဘူး။ မူလအဆင့်ကျင့်ကြံခြင်းရှိတဲ့ ခန္ဓာကိုယ်ကိုပါ တခါတည်း လဲလို့ရတာလေ။ ဒီလို သတင်းကောင်းမျိုးကို စောစောကတည်းက ဘာလို့ ငါ့ကို မပြောတာလဲ”
ကျန်းဝမ်လျိုက လွန်စွာမှကို အူမြူးနေသည့်အသံနှင့်ပြောနေခဲ့တော့သည်။
လီချန်ချင်း : ……..
ထိုတုန့်ပြန်မှုမှာ လီချန်ချင်း ခန့်မှန်းထားသည့် တုန့်ပြန်မှုမျိုး လုံးဝကို ဟုတ်မနေခဲ့ပါ။