အခန်း (၃၇၈)
Vol. 32 Ch. 378
သာမန်အတိုင်းဆိုလျှင် လူများသည် တခြားလူတဦး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ရန်အတွက် တုန့်ဆိုင်းကြမည်သာဖြစ်သည်။ သို့သော် ကျန်းဝမ်လျိုကတော့ ကြားတာနဲ့တင် စိတ်လှုပ်ရှားနေတယ်တဲ့လား။
လီချန်ချင်းမှာ နည်းနည်းတော့ ပြောစရာစကားပျောက်ဆုံးနေခဲ့ပါသည်။
“မင်း သဘောတူတယ်ဆိုမှတော့ စိတ်ပြင်ဆင်ထားတော့”
လီချန်ချင်းက ပြောလိုက်ပါသည်။
“ရက်နည်းနည်းကြာရင် ရှီယွမ်စန်းကို ပြန်ပေးဆွဲဖို့အတွက် ငါတို့ ခရီးထွက်မယ်”
“ဘာကိုပြင်ဆင်ရမှာလဲ၊ ငါက အခုကတည်းကအဆင်သင့်ကို ဖြစ်နေပြီဟေ့”
ကျန်းဝမ်လျိုက စိတ်တက်ကြွစွာပြောလိုက်ပါသည်။
“မင်းက ဘာတွေ အသင့်ပြင်ထားလို့လဲ”
လီချန်ချင်းက မိန့်မိန့်ကြီးပြုံးရင်းနှင့် မေးလိုက်ပါ၏။
“ငါက ဘာကို ပြင်ဆင်နေဖို့ လိုအပ်မှာလဲ”
ကျန်းဝမ်လျိုက အံ့အားသင့်စွာ မေးလိုက်ပါသည်။
“မင်း ပေါက်ဆီကို ဘယ်လိုလုပ်ရမလဲဆိုတာကို သိလား” လီချန်ချင်းက မေးလိုက်ပါသည်။
“မသိဘူးလေ”
“မင်းကို သင်ပေးဖို့အတွက် ငါတယောက်ယောက်ကို ရှာလိုက်ဦးမယ်။ မင်းသာ ပေါက်ဆီမလုပ်တတ်ဘူးဆိုရင် မင်းရဲ့ လျို့ဝှက်ချက်တွေ ပေါက်ကြားသွားလိမ့်မယ်။ ပြီးတော့ ပိုင်တုကို အချက်အလက်တွေကို ထပ်ပို့ခိုင်းလိုက်မယ်။ အဲ့ဒါမှ ရှီယွမ်စန်းရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို သိရပြီး ကောင်းကောင်းလှုပ်ရှားနိုင်မှာ”
လီချန်ချင်းက လေးနက်စွာဖြင့်ပြောလိုက်ပါသည်။
“ကောင်းပြီ”
ကျန်းဝမ်လျှိုက စိတ်အားတက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။
သူသာ စန်းယွမ်ခန်းမကို ဝင်ရောက်နိုင်မည်ဆိုပါက အတွင်းတွင်ရှိသော အချက်အလက်များကို ရယူလိုခြင်းက သူ၏ ဦးစားပေးအချက်ပင် ဖြစ်သည်။
နေ့ခင်းရောက်သော်…
ယင်ချင်းအား ချင်အိမ်တော်၌ စာသင်ပေးပြီးသောအခါတွင် လီချန်ချင်းက မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ အချက်အလက်ဌာနသို့ တိုက်ရိုက်သွားခဲ့ပါသည်။ ယင်ဖန်းချီပေးထားသည့် အမိန့်ပြကြောင့် သူက ပထမတန်းစား သတင်းအချက်အလက်ကို ရယူနိုင်စွမ်းရှိနေပါသည်။
သတင်းအချက်အလက်များမှတဆင့် ဆုမိသားစုက တောင်ဘက်လွင်ပြင်မှ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေကို ခရီးထွက်လာပြီး လဝက်အတွင်းတွင် ရောက်ရှိမည်ဖြစ်ကြောင်းကိုပါ တပါတည်း သိလိုက်ရပါသည်။
ထွက်လာသူများတွင် ဆုမိသားစု၏ အခြားသော ဘိုးဘေးဖြစ်သည့် မဟာသိုင်းဂိုဏ်းအဆင့်ရှိသော ဆုရှီကျုံးလည်း ပါလာခဲ့ပါ၏။
လီချန်ချင်း၏ ပြန်ပေးဆွဲကြောင်းစာကို လက်ခံရရှိသည်နှင့် ဆုမိသားစုက ချက်ချင်းပင်လျှင် ဆုရှီကျုံးအား ခေါ်လာခဲ့ပါသည်။ သူတို့မိသားစု၏ ဘိုးဘေးနှင့် သခင်လေးကို ပြန်ပေးဆွဲမှုကြီးက ကြားလိုက်ရသူတိုင်းကို ထိတ်လန့်သွားခဲ့စေပါသည်။
ထိုဖြစ်ရပ်မှာ လက်ခံနိုင်စရာအကြောင်းတွင် ရှိမနေပါချေ။
သို့သော် အရှက်ရဖွယ်များကို ရှောင်ရှားနိုင်ရန်အတွက် သူတို့က ပြသနာကို မရှာသေးပဲ၊ ခပ်မြန်မြန်ပင် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းနယ်မြေကိုသာ ခရီးထွက်လာပြီး လီချန်ချင်းနှင့် ညှိုနှိုင်းရန်အတွက်သာ ပြင်ဆင်ခဲ့ပါသည်။
လီချန်ချင်း၏စာထဲတွင် ဆုကျန်းနှင့် ဆုရှန်းချီကို ပြန်လိုချင်ပါက နဂါးသွေးအဆီအနှစ်သုံးစက်နှင့်လဲလှယ်ရမည်ဟု ပါရှိလေ၏။
ပေးရသည့်ဈေးမှာ မနည်းလှသော်လည်း မဟာသိုင်းဂိုဏ်းအဆင့်ကို ပြန်ရရန်အတွက် အသုံးပြုရမည်ဖြစ်သည်။
ထိုထက်ပိုအရေးကြီးတာက ဆုကျန်းနှင့် ဆုရှန်းချီမှာ အမှန်တကယ်ကို ချင်းလဲ့ဓားသခင်၏ လက်ထဲတွင်ရောက်နေလားဆိုတာကို သူတို့ သေချာကြည့်ရမည် ဖြစ်သည်။
တကယ်သာ အဖမ်းခံထားရပါက သူတို့က ပူးပေါင်းရလိမ့်မည်။
ချန်ချင်းစံအိမ်တော်၌၊ လီချန်ချင်းက အိပ်မက်ဝိဉာဉ်ကျောက်တုံးအတွင်းသို့ ချောင်းကြည့်ရန်ပြင်ဆင်လိုက်ပါသည်။
သူက အတွင်းသို့ မကြည့်သည်မှာ အတော်လေးကို ကြာပါပြီ။ စန်းယွမ်နယ်မြေရှိ အချိန်စီးဆင်းမှုနှင့် အိပ်မက်ဝိဉာဉ်ကျောက်တုံးအတွင်း အချိန်စီးဆင်းမှုမှာ မတရားကို ကွာဟလှပါ၏။ အတွင်းတွင် အချိန်မည်မျှကြာအောင် ဖြစ်နေပြီလဲဆိုသည်ကို သူမသိပါချေ။
လီချန်ချင်းက မြေးအဖိုးနှစ်ယောက်၏ အခြေအနေကို ကြည့်ရှုရာတွင် အတွင်းတွင်တော့ မမျှော်လင့်ထားတာတွေ တန်းစီဖြစ်ပျက်နေခဲ့ချေပြီ။
ဆုကျန်းမှာ အကြွေးများစွာပိနေသည့် အပြင်၊ ဒေဝါလီခံရတော့မည့် ကုမ္ပဏီတခု၏ ဥက္ကဌဖြစ်ရန်အတွက် လိမ်လည်ကမ်းလှန်းခြင်း ခံခဲ့ရပြန်သည်။ သူက ချမ်းသာတော့မည်အထင်နှင့် ကုမ္ပဏီဥက္ကဌရာထူးကို လက်ခံခဲ့သည့်တိုင် ကုမ္ပဏီဒေဝါလီခံပြီး နောက်ထပ် အကြွေးပေါင်းများစွာ ထပ်ပိသွားပြန်တော့သည်။ သူက ငွေမရှာနိုင်သည့်အပြင်၊ ရဲအဖမ်းပင်ခံခဲ့ရပါတော့သည်။
ယခုအချိန်တွင် သူက ထောင်ခုနှစ်နှစ်ကျသွားပါတော့၏။
ဆုရှန်းချီကတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ် နှစ်ရာ့နှစ်မှတ်သာ ရခဲ့ပါသည်။
အမ်အိုင်တီကို ဝင်ဖို့ကို မေ့လိုက်တော့၊ သာမန်နည်းပညာတက္ကသိုလ်ကိုပင် အနိုငနိုင်ဝင်ရမည်ဖြစ်သည်။
သူသာ သေချာစာကို မလေ့လာပါက အိပ်မက်ဝိဉာဉ်ကျောက်တုံးမှ ထွက်နိုင်မည်မဟုတ်မှန်းကို ဆုရှန်းချီက သိပါသည်။ ထို့ကြောင့် သူက နောက်တကြိမ် စာမေးပွဲဖြေရန်ကြိုးစားခဲ့၏။
သို့သော် သူ လေ့လာရသည့် ဘာသာရပ်များမှာ အမှန်အကန်ကို ခက်ခဲပါသည်။
အထူးသဖြင့် သိပ္ပံဘာသာရပ်က သူ့အား ရူးမတက်ပင် ဖြစ်စေခဲ့၏။
သင်္ချာတွင် နံပတ်များအစား အင်္ဂလိပ်စာများဖြစ်နေခြင်းက ဆုရှန်းချီကို ဒေါသူပုန်ထစေသည်။
အင်္ဂလိပ်စာကို သင်ရခြင်းက ချက်ချင်းမြေအင်မော်တယ်ဖြစ်သွားပြီး တလောကလုံးကို သတ်ဖြတ်ပစ်ချင်လောက်အောင် ဆုရှန်းချီကို ဖြစ်စေခဲ့သည်။
လောကကြီးပျက်စီးသွားမှသာ သူအင်္ဂလိပ်စာ ဆက်သင်စရာမလိုပဲ ရှိလိမ့်မည်။
ထိုပြင်းထန်လှသောဖိအားများက ဆုရှန်းချီအား တိုက်ပေါ်မှ ခုန်ချကာ သတ်သေလုနီးပါးဖြစ်နေခဲ့၏။
သူ့အတွက် အရမ်းကို ခက်ခဲလွန်းလှသည်။ ဘိုးဘေးကလည်း ထောင်ကျနေပြန်သည်။ သူ့အခက်အခဲကို ပြောပြရန်အတွက် ဘယ်သူမှ ရှိမနေပါ။
ဆုရှန်းချီ၏ ဖခင်ဖြစ်သူ ဆုဝေက လျှပ်စစ်ကုမ္ပဏီ၌ ဝက်အူရစ်ရမည့်အလုပ်ကို ရှာပေးသော်လည်း ဆုရှန်းချီက ငြင်းပယ်ခဲ့သဖြင့် အဖေနဲ့သားအကြားမှာ သဘောထားကွဲလွဲမှုများ ထပ်ဖြစ်ရပြန်သည်။
ထောင်ကျပြီးနောက်တွင် ဆုကျန်း၏ အခြေအနေမှာလည်း မလွယ်ကူပါ။ သူ၏ အရိုးထဲထိအောင် စွဲနေသည့်မာနတရားနှင့် ဆုမိသားစု၏ ဘိုးဘေးဟူသော ဂုဏ်ပုဒ်တို့ကို ထုတ်ဖော်ကာ လူပေါ်လူဇော်လုပ်နေခြင်းကြောင့်၊ ထောင်သားများ၏ အရိုက်အနှက်ကို ပယ်ပယ်နယ်နယ်ခံခဲ့ရပြီးနောက်တွင် အလွန်တရာ အကြောက်တရားကြီးမားကာ, အမြဲတစေထိတ်လန့်ကြောက်ရွံ့နေသည့် လူတဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတော့သည်။
ဆုမိသားစုဘိုးဘေးဟူသော မာနတရားများအားလုံးက ပျောက်ဆုံးသွားခဲ့ရပေသည်။
တရက်တွင် ရေချိုးခန်း၌ ဆပ်ပြာခဲတခဲက သူ့ခြေထောက်အောက်သို့ ကျလာသဖြင့် သူကုန်းကာ ကောက်ယူလိုက်မိသည်။
ထိုနေ့မှာပင် ဆုကျန်း၏ ရှင်သန်လိုစိတ်နှင့် တာအိုနှလုံးသားအပါအဝင်၊ ယောကျ်ားတဦး၏ ဂုဏ်သိက္ခာတို့ အဖျက်ဆီးခံလိုက်ရပါတော့သည်။