အခန်း (၃၈၂)
Vol. 32 Ch. 382
ယင်ဖန်းချီလိုအပ်နေသည့် ကျင့်ကြံခြင်းရတနာမှာ နဂါးသွေးကြောရတနာပင်ဖြစ်ပါသည်။
ထိုနဂါးသွေးကြောရတနာသည် စန်းယွမ်နယ်မြေကြီး၏ သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်သာပေါ်ပေါက်ခဲ့သော လွန်စွာရှားပါးသည့် ရတနာဖြစ်ပါသည်။
ထျန်းဟိုင်မြို့၏ ကောင်းမှု စုဆောင်းရေးခန်းမတွင်ပင်လျှင် ကောင်းမှုရမှတ်များနှင့်လဲလှယ်ရန်အတွက် ထိုရတနာကို မရရှိနိုင်ပါချေ။ ထိုရတနာမရှိပါက ယင်ဖန်းချီသည် အဆင့်မြင့်ဆရာသခင်နယ်ပယ်သို့ တက်လှမ်းနိုင်မည် မဟုတ်ပါချေ။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာကတည်းကိုက ယင်ဖန်းချီက ထိုလိုအပ်သော နဂါးသွေးကြော ရတနာကို လူများစွာစေလွှတ်ပြီး နေရာအနှံ့ရှာဖွေခိုင်းခဲ့ပါသည်။ ဒါပေမဲ့ ရလဒ်ကတော့ အချည်းနှီးသာဖြစ်၏။ ထို့ကြောင့် နဂါးသွေးကြောရတနာတည်ရှိရာနေရာ သတင်းအချက်အလက်ကို သိရှိရန်အတွက် ယင်ဖန်းချီသည် စန်းယွမ်ခန်းမသို့ ကိုယ်တိုင်သွားပြီး သတင်းအချက်အလက်ကို စုံးစမ်းခဲ့ဖူးပါ၏။
ကံကောင်းစွာဖြင့် စန်းယွမ်ခန်းမ၌ နဂါးနှလုံးသွေးကြောတည်ရှိရာ အရပ်ကို ဖော်ပြသော သတင်းအချက်အလက်ရှိသည့်တိုင် လွန်မင်းစွာ ဈေးကြီးလှသောကြောင့် ယင်ဖန်းချီက မတတ်နိုင်ခဲ့ပါချေ။
ထိုသတင်းအချက်အလက်ကို ရရှိရန်အတွက် ပန်းချီသူတော်စင်တစ်ဦးရေးဆွဲထားသော စွမ်းအားမြင့်မားလှသည့် ပန်းချီကားတစ်ချပ် သို့မဟုတ် လွန်စွာရှားပါးသည့် စွမ်းအားကြီးမားသည့် ပန်းချီရတနာတစ်ခု သို့မဟုတ် နတ်ဘုရားလက်နက်အဆင့်ဝင်သော နတ်ဘုရား လက်နက် အခု သုံးဆယ်သာ လဲလှယ်နိုင်မည် ဖြစ်၏။
ထိုဈေးနှုန်းက ယင်ဖန်းချီ လုံးဝမတတ်နိုင်ပါ။ ထိုကဲ့သို့သော လက်နက်များ၊ ပန်းချီရတနာများကို ယင်ဖန်းချီက ဘယ်က သွားရှာရမှာလဲ။ ပန်းချီသူတော်စင်များ၏ ပန်းချီရတနာများ တွင် အဆင့်သတ်မှတ်ချက်များ တိတိကျကျ မရှိပါ။ ဒါပေမဲ့ စန်းယွမ်ခန်းမတွင်တော့ အဆင့်သတ်မှတ်ချက်များ ရှိပါ၏။
သူတို့လိုချင်သော ပန်းချီသူတော်စင်၏ အဆင့်မြင့် ပန်းချီရတနာဆိုသည်မှာ ပန်းချီအင်မော်တယ်အဆင့်ကို ရောက်နိုင်သော ပန်းချီသူတော်စင်တစ်ပါး၏ အဆင့်အမြင့်ဆုံးသော ထိပ်တန်းဖန်တီးမှုဖြစ်သည့်ပန်းချီကား ကိုဆိုလိုခြင်းဖြစ်သည်။ ထိုပန်းချီသူတော်စင်က ဖန်တီးထားသည့် ပန်းချီရတနာများကိုသာ အဆင့်မြင့်သူတော်စင် ပန်းချီရတနာဟု ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
ပန်းချီသူတော်စင်အဆင့်သို့ ယခုမှ လောလောလတ်လတ်ရောက်ရှိလာသောသူများသည် ၎င်းတို့၏နတ်ဘုရားဝိဉာဉ်မှာ ယခုမှသာ သူတော်စင်အဆင့်သို့ ရောက်လာခြင်း ဖြစ်ပါ၏။ ထိုကဲ့သို့သော အဆင့်ရှိသော ပန်းချီသူတော်စင်များကို အငယ်တန်းပန်းချီသူတော်စင်များဟု ခေါ်ပါ၏။ ထိုအငယ်တန်းပန်းချီသူတော်စင်များ ရေးဆွဲထားသည့် ပန်းချီရတနာများကိုတော့ အဆင့်မြင့်သူတော်စင် ပန်းချီရတနာဟု မသတ်မှတ်နိုင်ပါ။
ထို့ကြောင့် အဆင့်မြင့်သူတော်စင် ပန်းချီရတနာများသည် အလွန်အမင်းကို ရှားပါးသည်ဟု ဆိုရပေမည်။
မြောက်ပိုင်းအေးခဲနိုင်ငံတော်၌ အဆင့်မြင့်ဆရာသခင်အဆင့်သည် နှစ်ဦးသာရှိသောကြောင့် ထိုကဲ့သို့သော ပန်းချီရတနာကို ရရှိနိုင်သော်လည်း ရရှိလာနိုင်ခဲ့သည့်တိုင် ထိန်းသိမ်းကာကွယ်ရန်မှာ ခက်ခဲလှပါသည်။
ဥပမာဆိုရသော မဟာသိုင်းဂိုဏ်းအဆင့်တွင် ရှိသော ဆုကျန်း အသုံးပြုခဲ့သော မကောင်းဆိုးဝါးတစ္ဆေပန်းချီရတနာသည် အဆင့်မြင့် သူတော်စင် ပန်းချီရတနာတစ်ခုဖြစ်ပါ၏။ သို့သော် ကံဆိုးသည်က ထိုအဆင့်မြင့် သူတော်စင် ပန်းချီရတနာကို လီချန်းချင်း၏ ကျန်းရွှမ်ဓားအစီအရင်က ဖျက်ဆီးခဲ့ပါ၏။
ယင်ဖန်းချီက လီချန်းချင်းကို အပြင်လူဟု မသတ်မှတ်ဘဲ စန်းယွမ်ခန်းမက တောင်းဆိုသည့် ဈေးနှုန်းကိုသာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါ၏။ လီချန်းချင်းက စန်းယွမ်ခန်းမက တောင်းဆိုသည့် ဈေးနှုန်းကို ကြားသိသောအခါတစ်ချက်မျှ တွေးတောလိုက်ပါ၏။
ထို့နောက်တွင် သူက ပြဿနာမရှိဟု ပြောခဲ့ပါသည်။ လီချန်းချင်းတောင်းဆိုသော ဈေးနှုန်းမှာ ယင်ဖန်းချီတတ်နိုင်သော ပမာဏပင်ဖြစ်ပါ၏။ သူက ယင်ဖန်းချီ၏ ရတနာသိုက်ထဲတွင် ရှိသော အနီရောင်သွေးဓားသွား နတ်ဘုရားဓားကို တောင်းခဲ့ပါသည်။
အနီရောင်သွေးဓားသွား နတ်ဘုရားဓားသည် နတ်ဘုရားအဆင့် လက်နက်တွင် အဆင့် လေးဆယ်တွင်ဝင်ပါသည်။ ထို့အပြင် ယင်းဓားသည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ ရတနာများထဲမှ တစ်ခုဖြစ်ပါ၏။
လီချန်းချင်းက ထိုဓားကို လိုချင်သည်။ ယင်ဖန်းချီကလည်း မငြင်းဆန်ဘဲ ချက်ချင်ကို သဘောတူညီခဲ့ပါ၏။ အနီရောင်သွေးဓားသွား နတ်ဘုရားဓားသွားသည် နတ်ဘုရားအဆင့်လက်နက်ဖြစ်သော်လည်း နတ်ဘုရားအဆင့် သုံးဆယ်တွင်ဝင်သော လက်နက်များသည်သာ နတ်ဘုရားအဆင့်လက်နက်များဟု အမှန်တကယ်သတ်မှတ်၍ ရပါ၏။
အဆင့်သုံးဆယ်အောက်တွင်ရှိသော လက်နက်များက သိပ်ပြီးတော့ မထူးခြားလှပါ။ အဆင့်သုံးဆယ်ဝင်လက်နက်များနှင့် အဆင့် သုံးဆယ်အောက်ရှိလက်နက်များကြားကွာခြားမှုမှာ ကောင်းကင်နှင့် မြေကြီးကွာခြားသကဲ့သို့ ဖြစ်နေပါ၏။
လီချန်းချင်းက ထိုဓားကိုလိုချင်သည်မှာ အကြောင်းပြချက်တစ်ခုရှိပါသည်။ သူ၏ ချင်းလဲ့ဓားအစီအရင်တွင် အသုံးပြုသော ဓားများသည် မဟာသိုင်းဂိုဏ်းအဆင့်များကို တိုက်ခိုက်ရာတွင် လွန်မင်းစွာရုန်းကန်နေခဲ့ရပါ၏။ မဟာသိုင်းဂိုဏ်းအဆင့်များကို အပြီးသတ်ချေမှုန်းလိုပါက လီချန်းချင်းက ကျန်းရွှမ်ဓားအစီအရင်ကို အသုံးပြုရမည်ဖြစ်ပါ၏။ သို့ပေမဲ့ ကျန်းရွှမ်ဓားအစီအရင်ကို ထုတ်ဖော်ရခြင်းမှာ လွန်စွာမှကို ခက်ခဲပြီး ဓားအစီအရင် ကိုယ်တိုင်ကိုကလည်း လွန်မင်းစွာစွမ်းအားကြီးမားလှပါ၏။ ထို့ကြောင့်သူ၏ ချင်းလဲ့ဓား ခုနစ်လက်မှာ စွမ်းအားကြီးမားလှသော အစီအရင်ကို ထုတ်ဖော်ရန်အတွက် တောင့်ခံနိုင်ခြင်းမရှိပါ။
ကျန်းရွှမ်ဓားအစီအရင်ကို ထုတ်ဖော်သည့် အကြိမ်တိုင်းသည် ဓားခုနစ်လက်ကို ထိခိုက်မှုများဖြစ်ခဲ့ပါသည်။ ထို့ကြောင့် ကျန်းရွှမ်ဓားအစီအရင်ကို အနာဂတ်တွင် ဆက်လက်အသုံးပြုလိုပါက သူသည် နတ်ဘုရားအဆင့်လက်နက်များကို အမြဲမပြတ်စုဆောင်းနေမှသာ ဖြစ်ပါ၏။ ထို့ကြောင့် လီချန်းချင်းက အနီရောင်သွေးဓားသွားကို လိုချင်နေခြင်းပင်ဖြစ်ပါ၏။
ဒါပေမဲ့လည်း လီချန်းချင်းက တစ်ခြားသော နတ်ဘုရားအဆင့် လက်နက်များကို ထပ်မံစုဆောင်းမည်ဟု တွေးထားပါ၏။ သူက ရွှယ်ချမ်းပိုင်၏ ချင်းရွှယ်ဓားကိုပင်လျှင် လိုချင်နေခဲ့ပါ၏။ သို့သော် ရွှယ်ချမ်းပိုင်၏ ချင်းရွှယ်ဓားသည် ရွှယ်ချမ်းပိုင်တစ်ယောက် လွန်စွာမြတ်နိုးလှသော ဓားဖြစ်ပြီး လီချန်းချင်းက သူ့အရှေ့တွင် လိုချင်သည့် ဟန်ပန်ကို ပြရဲမည် မဟုတ်ပါချေ။
လီချန်းချင်းက သူ၏ ချင်းရွှယ်ဓားကို မျက်စိကျနေသည်ကို ရွှယ်ချမ်းပိုင်က သိပါက တံခါးပိတ်ကျင့်ကြံနေသည်မှ ထွက်လာပြီးနောက်တွင် လီချန်းချင်းအား အသေလိုက်သတ်မည်ဖြစ်ပါသည်။ ထို့ကြောင့် လီချန်းချင်းသည် လိုအပ်သော နတ်ဘုရားဓားများကို ဖြေးဖြေးချင်းစုဆောင်းမည်ဟု တွေးထားပါသည်။
နေ့လယ်ခင်းတွင်တော့ တော်ဝင်နန်းတော်မှ ယင်ချန်းလီက ပြန်လာခဲ့ပါသည်။သူ့မျက်နှာထက်တွင် လွန်စွာစိတ်ကျေနပ်နေသော အရိပ်ယောင်များကိုမြင်တွေ့ရမည်ဖြစ်ပါသည်။ မိခင်ဖြစ်သူနှင့်တွေ့ဆုံပြီးသည့်နောက်တွင် သူ၏စိတ်နှလုံးသားမှာ ပျော်ရွှင်နေသည်ကို မည်သူမဆိုကြည့် ရုံနဲ့အတတ်ပြောနိုင်မည်ဖြစ်သည်။
တော်ဝင်နန်းတော်မှ ပြန်လာပြီးသည့်နောက်တွင် ယင်ချန်းလီပထမဦးဆုံး ပြုလုပ်သည့်အရာက လီချန်းချင်းကို ကျေးဇူးတင်ခြင်း ပင်ဖြစ်ပါသည်။ လီချန်းချင်းသာမရှိပါက ယခုကဲ့သို့ ချောချောမောမောနဲ့ မိခင်ဖြစ်သူကိုတွေ့ဆုံနိုင်မည်မဟုတ်ပေ။
လီချန်းချင်းကြောင့်သာမဟုတ်လျှင် သူကတော်ဝင် နန်းတော်သို့ပင် ဝင်ရောက်နိုင်မည်မဟုတ်ပါချေ။
“ဘာလို့ငါ့ကိုအဲလောက်ထိယဉ်ကျေးနေရတာလဲ”
လီချန်းချင်းက လဖက်ရည်တစ်ငုံသောက်လိုက်ရင်း ခပ်ပြုံးပြုံးနှင့်ပြောလိုက်ပါသည်။
“ ဒါပေမဲ့ လူကြီးမင်း”
ယင်ချန်းလီက တစ်ခဏမျှ တုံ့ဆိုင်းသွားပါသည်။
“ ဒီနေ့ ဖခမည်းတော်ရှေ့မှာ ကျွန်တော်တို့ နှစ်ယောက်က အရမ်းရင်းနှီးတဲ့ပုံဖြစ်နေတယ်လေ။ ဖခမည်းတော်က ဧကရာဇ်ဖြစ်တာအရမ်းကြာပြီ။ ပြီးတော့သူက အရမ်းကိုအတွေးလွန်တတ်တယ်။ သူ့ရှေ့မှာ တော်ဝင်သွေးသားတစ်ယောက်က ပြင်ပသူစိမ်းနဲ့ အရမ်းရင်းနှီးနေတာဆိုလို့ရှိရင် သူကသဘောမကျဘူး။ လူကြီးမင်းကို တစ်မျိုးမြင်သွားနိုင်တယ်။ လူကြီးမင်းက ကျွန်တော့်ကို တော်ဝင်နန်းတော်ကိုခေါ်လာတာက လူကြီးမင်းမှာ မကောင်းတဲ့အကြံအစည်ရှိတယ်လို့ ဖခမည်းတော်ထင်သွားလို့ရှိရင် ဘယ်လိုလုပ်မလဲ။”
“မကောင်းတဲ့အကြံအစည်ဆိုတာ ဘာကိုပြောချင်တာလဲ။”
လီချန်းချင်းက ပေါ့ပါးစွာမေးလိုက်ပါ၏။
“လူကြီးမင်းက ကျွန်တော့်ကို တော်ဝင်နန်းတော်ထဲကို ခေါ်လာတာက လူကြီးမင်းက ကျွန်တော့်ကို ဧကရာဇ်ဖြစ်အောင် ထောက်ပံ့ချင်တဲ့သဘောလို့ ဖခမည်းတော်က အထင်မှားသွားနိုင်တယ်လေ။ ကျွန်တော်က ဘာမှမဟုတ်တဲ့ အစွန့်ပစ်ခံမင်းသားတစ်ပါးပါ”
“ကျွန်တော်က မြောက်ပိုင်းအေးခဲနိုင်ငံတော်မှာ အကြာကြီးမနေရဘူးဆိုရင်တောင်မှ ဖခမည်းတော်က မင်းသားမင်းသမီးတွေနဲ့ ရုံးတော်ကလူတွေက အခုလိုမျိုးရင်းရင်းနှီးနှီးနေတာမျိုးကို သဘောကျလေ့မရှိဘူး။ တယောက်ယောက်ကသာစည်းကျော်လာမယ်ဆိုရင် အဲဒီလူရဲ့အဆုံးသတ်ကကောင်းမှာမဟုတ်ဘူးလေ”
ယင်ချန်းလီက ဖျော့တော့စွာပြုံးရင်းပြောလိုက်ပါသည်။
“အဲဒီတော့ဘာဖြစ်လဲ”
လီချန်းချင်းက တစ်ချက်ရယ်လိုက်ပါသည်။
“မင်းအဖေက အဲလိုမျိုး မသင်္ကာဖြစ်တယ်ဆိုရင်ရော ဘာဖြစ်လဲ။ မင်းအဖေက ငါ့ကိုထိရဲမှာ မို့လို့လား။”
လီချန်းချင်းက ယင်ချန်းလီရဲ့မျက်ဝန်းများကို စိုက်ကြည့်လျက် မေးလိုက်ပါသည်။ ထိုစကားလုံးများကိုကြားသော် ယင်ချန်းလီက ကျောက်ရုပ်တစ်ရုပ်ဖြစ်သွားသလို ခံစားလိုက်ရပါ၏။
ထို့နောက်မှ ရုတ်တရက်သူသတိရသွားခဲ့ပါ၏။ လီချန်းချင်းသည် မြောက်ပိုင်းအေးခဲနိုင်ငံသားမဟုတ်ပါ။ ထို့အပြင် လီချန်းချင်း၏အဆင့်အတန်းနှင့်ဆိုပါက ဧကရာဇ်ဖြစ်သော သူ့အဖေပင်လျှင် ဖားယားနေရမည်ဖြစ်ပါ၏။ လီချန်းချင်းကို သူ့အဖေထိနိုင်မည်ကတော့ ဝေးလွန်းပါသည်။ လီချန်းချင်းက သူကိုသဘောကျခြင်းက သူ့အတွက် အလွန်ကံကောင်းသည်မဟုတ်ပါလား။
လီချန်းချင်းမှာ ကြောက်ရွံ့ခြင်းအလျင်းမရှိပါ။ ထို့အပြင် ယနေ့တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လွန်စွာကြောက်မက်ဖွယ် ကောင်းသောအချက်အလက်ဌာနတစ်ခုဖြစ်ကြောင်းကို ယင်ဖန်းချီထံတွင် ကြေငြာခဲ့သည်မဟုတ်ပါလား။
ထို့ကြောင့်ယင်ဖန်းချီအနေဖြင့် လီချန်းချင်းအပေါ်၌ တစ်ခုခုမကောင်းကြံတော့မည်ဆိုလျှင် သူ့အနေနှင့် သုံးကြိမ်သုံးခါမက သေချာစဉ်းစားရမည်ဖြစ်သည်။ ယင်ချန်းလီမသိသည်ကလီချန်းချင်းက အမှန်တကယ်ပင် ယင်ချန်းလီကိုဧကရာဇ်ဖြစ်အောင်လုပ်တော့မည်ဆိုသည်ကို ပင်ဖြစ်ပါ၏။