အခန်း (၃၈၃)
Vol. 32 Ch. 383
မြောက်ပိုင်းအေးခဲနိုင်ငံတော်၏ တော်ဝင်နန်းတော်တွင် ယင်ဖန်းချီသည် ယနေ့၌ ထူးထူးဆန်းဆန်း ရှုနင်နန်းဆောင်သို့ ကြွချီတော်မူလာခဲ့ပါသည်။ ရှုနင်နန်းဆောင်၌ ကိုယ်လုပ်တော်ရွှမ်သည် မင်းကြီး ယခုလို ကြွလာမည်ကို မမျှော်လင့်ထားသောကြောင့် ယင်ဖန်းချီကို မြင်သောအခါတွင် ခပ်မြန်မြန်ပင်လျှင် ထကာ ကြိုဆိုခဲ့ပါ၏။
ရှုနင်နန်းဆောင်၏ အထိန်းတော်များနှင့် အစေခံမိန်းမများသည် လွန်စွာထိတ်လန့်နေခဲ့ပါ၏။ ယင်ဖန်းချီက ဤနန်းဆောင်သို့ ကြွချီခြင်း မရှိတော့သည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ဖြစ်ပါ၏။ သူတို့၏ အမြင်တွင် ကိုယ်လုပ်တော်ရွှမ်သည် နန်းတော်ထဲ၌ အစွန့်ပစ်ခံရသည်ဟု တသတ်မတ်တည်း တွေးထားခဲ့ပါ၏။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်လုပ်တော်ဟွမ် အပေါ်ထားရှိဆက်ဆံပုံများမှာ တဖြေးဖြေးအေးစက်လာခဲ့ပါသည်။ တစ်ခါတစ်လေတွင် သူတို့သည် ကိုယ်လုပ်တော်ရွှမ်ကိုပင်လျှင် မျက်နှာသာမပေးဘဲ အော်ငေါက်ခြင်းများပြုလုပ်ခဲ့ပါ၏။
ယခုလိုမျိုး မင်းကြီးကြွချီလာသောကြောင့် သူတို့အားလုံးက အလွန်တရာ ထိတ်လန့် တုန်လှုပ်ခဲ့ပါသည်။
ဘယ်လိုဖြစ်ပြီး ဧကရာဇ်က ရှုနင်နန်းဆောင်ကို ရောက်လာခဲ့ရတာလဲ။ ဖြစ်နိုင်တာက မင်းသားဆယ့်တစ် ရောက်လာတာကြောင့်များလား။ ကိုယ်လုပ်တော်ရွှမ်မှာ မျက်ရည်များဝဲလျက် ယင်ဖန်းချီကို အရိုအသေ ပြုနေခဲ့ပါ၏။ သို့သော် ရှုနင်နန်းဆောင်သို့ ယင်ဖန်းချီ ရောက်လာပြီးသည့် အခါတွင် ကိုယ်လုပ်တော်ရွှမ်ကို ရွှေ့ဟွာနန်းတော်သို့ ယနေ့တွင် ရွှေ့ပြောင်းမည်ဟု ချက်ချင်း အမိန့်ချမှတ်ခဲ့ပါသည်။
ထိုအမိန့်တော်က မောင်းမနန်းဆောင် တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့ပါ၏။ ရွှေ့ဟွာနန်းတော်သည် ရှုနင်နန်းဆောင်ထက် သုံးဆကြီးမားကာ ကျယ်ဝန်းပါသည်။ ယနေ့မှစပြီး ကိုယ်လုပ်တော်ရွှမ်သည် အမျိုးမြတ်ကိုယ်လုပ်တော် အဆင့်သို့ ရာထူးတိုးမြှင့်ခြင်း ခံလိုက်ရပြီ ဖြစ်ပါ၏။ သူမကို ခစားသော အစေခံများမှာလည်း မူလကထက် သုံးဆခန့် ပိုမိုများပြားသွားမည် ဖြစ်ပါသည်။ ကိုယ်လုပ်တော်ရွှမ်ကို အတိတ်တုန်းက အနိုင်ကျင့်ခဲ့သော အထိန်းတော်များနဲ့ အစေခံမိန်းမများအားလုံးကို ယင်ဖန်းချီက အနည်းငယ်စုံစမ်းပြီးသည့်နောက်တွင် အားလုံးကို ခေါင်းဖြတ်ကွပ်မျက်ရန်အတွက် အမိန့်ပေးလိုက်ပါ၏။
ထိုကဲ့သို့သော ပြောင်းလဲမှုများမှာ နန်းတော်၏ ပုန်းအောင်းနေသော အာဏာရှင်များအားလုံးကို ထိတ်လန့်သွားစေခဲ့ပါသည်။ မောင်းမဆောင် တစ်ခုလုံး နားလည်ထားသည်မှာ တစ်ခုရှိပါ၏။ ကိုယ်လုပ်တော်ရွှမ်မှာ ယခုအချိန်တွင် ကောင်းကင်ထက်သို့ ထိုးတက်သွားပြီ ဖြစ်ပါသည်။ ထိုသတင်းပေါက်ကြားသွားသည့်အခါတွင် မင်းသားများနဲ့ မင်းသမီးများစွာတို့ကလည်း ကြားသိ သွားခဲ့ပါ၏။
“ရုတ်တရတ်ကြီး ကိုယ်လုပ်တော်ရွှမ်က ချီးမြှောက်ခြင်းခံလိုက်ရတယ်တဲ့။”
ထိုသတင်းက တစ်စုံတစ်ခု ထူးခြားနေသည်ကို လူတိုင်းကို ခံစားသွားစေခဲ့ပါသည်။ အနည်းငယ်မျှ စုံစမ်းပြီးသောအခါတွင် ယနေ့၌ တော်ဝင်နန်းတော်သို့ မင်းသားဆယ့်တစ်က ပြန်ရောက်လာသည်ဟူသော သတင်းကို လူတိုင်းကြားလိုက်ရပါ၏။
မင်းသားဆယ့်တစ်ကို မည်သူကမျှ ခေါင်းထဲတွင် ထည့်ထားခြင်း မရှိပါ။ သို့ပေမယ့် ထိုသတင်းကို ကြားပြီးသည့်နောက်တွင် လူတိုင်းက အပြောင်းအလဲကြီး တစ်ခုရောက်လာပြီဟု အာရုံခံစားမိခဲ့ကြပါသည်။ တစ်စုံတစ်ခုက လွဲမှားနေသည်ဟု သူတို့ ခံစားမိသည်။ ဖြစ်နိုင်တာက ပုလ္လင်ကိုလုဖို့အတွက် ပြိုင်ဖက်တစ်ဦး ထပ်ပြီးပေါ်လာတာများလား။
ထိုမျှနှင့်တင် မကသေးပါချေ။ နောက်တစ်ရက်တွင် ယင်ဖန်းချီက ယင်ချန်းလီကို နန်းဆောင်တစ်ခု ချီးမြှင့်ခဲ့ပါ၏။ ထိုနန်းဆောင်ကို “ချန်းလီနန်းဆောင်”ဟု အမည်ပေးခဲ့ပါသည်။ ငယ်ရွယ်စဉ်ကတည်းကိုက မြှောက်စားခြင်းမခံရသော ယင်ချန်းလီအဖို့ ထိုကဲ့သို့သောပြောင်းလဲမှုက အံ့ဩဘနန်းဖြစ်နေခဲ့ရ၏။ သူ မသိသည်မှာ ထိုကဲ့သို့သော အရာများအားလုံးက လီချန်းချင်း၏ လွှမ်းမိုးမှုကြောင့် ရရှိခြင်းဖြစ်သည်ကိုပင်ဖြစ်ပါ၏။
မှန်ပါသည်။
ယင်ဖန်းချီက မင်းသားများနဲ့ တစ်ခြားလူများအား ရင်းနှီးသောဆက်ဆံရေးကို မလိုလားပါ။ ဒါပေမဲ့ အခြားလူက ဘယ်သူဆိုသည့် အပေါ်တွင်တော့ အများကြီးမှီခိုပါသေးသည်။
လီချန်းချင်းလိုမျိုး စွမ်းအားကြီးမားသော ပန်းချီသူတော်စင်တစ်ဦးက မြောက်ပိုင်းအေးခဲနိုင်ငံတော်၌ နေထိုင်ပြီး မင်းသားတစ်ပါးကို ထောက်ပံ့မည်ဆိုလျှင် ယင်ဖန်းချီက စိတ်ရှိမည် မဟုတ်ပါ။ လီချန်းချင်းကိုယ်တိုင် ပုလ္လင်ပေါ်တက်ထိုင်နေသည် မဟုတ်ပါက သူက သဘောတူညီမည်သာ ဖြစ်ပါ၏။ ယင်ချန်းလီမှာလည်း သူ၏ သားအရင်းအချာပင်ဖြစ်ပါသည်။ ယင်ချန်းလီ၏ ကိုယ်ထဲ၌ သူ၏သွေးသားများက စီးဆင်းနေသည် ဖြစ်သည်။ ထို့အပြင် ယင်ဖန်းချီက ယင်ချန်းလီနဲ့ စကားပြောဆိုသည့်အခါတွင် ငယ်ရွယ်စဉ်ကတည်းက ဝေးကွာနေသော သားဖြစ်သူမှာ သာမာန်မဟုတ်သည်ကို သတိထားခဲ့မိပါ၏။ ယင်ချန်းလီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဓားအရှိန်အဝါဖျော့ဖျော့ကို သူက အာရုံခံမိပါသည်။ ထို့အပြင် ယင်ချန်းလီက နတ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါ၏။ ထိုကဲ့သို့သော ဖြစ်ရပ်ကို ယင်ဖန်းချီကိုယ်တိုင်ပင်လျှင် မမျှော်လင့်ထားခဲ့မိပါ။
သူ၏ဘဏ္ဍာတော်အတွင်း၌ နဂါးသွေးအဆီအနှစ်ရှိသည့်တိုင် သူ၏တော်ဝင်သားသမီးများတွင် မည်သူမှနတ်ခန္ဓာကိုယ်ကို မပိုင်ဆိုင်ခဲ့ပါ။ သို့သော် ငယ်ရွယ်စဉ်ကတည်းက အဝေးသို့စေလွှတ်ခြင်းခံရသော တော်ဝင်သားတော်တစ်ဦးက နတ်ခန္ဓာကိုယ်တစ်ခုရှိနေခဲ့သည်မဟုတ်ပါလား။ ယင်ဖန်းချီက ဖွင့်မပြောသည့်တိုင် သားဖြစ်သူကို တော်တော်လေးကို ကျေနပ်နေပါသည်။
ယင်ဖန်းချီ၌ သူ၏ ကိုယ်ပိုင်အတွေးများ ရှိပါသည်။ ကိုယ်လုပ်တော်ရွှမ်ကို ချီးမြှောက်ခြင်းနှင့် ယင်ချန်းလီကို ချီးမြှောက်ခြင်းများမှာ သားဖြစ်သူ ယင်ချန်းလီအား စင်မြင့်ပေါ်သို့တင်ပေးလိုက်ခြင်းသာဖြစ်ပါသည်။
သူ၏လုပ်ရပ်များကြောင့် ဧကရာဇ်ပုလ္လင်နေရာကို မှန်းနေသည့်လူတိုင်း၏အာရုံက ယင်ချန်းလီအပေါ်သို့ ရောက်ရှိနေမည်ကို ယင်ဖန်းချီက ကောင်းကောင်းသိပါသည်။ ထို့ကဲ့သို့သော ရလဒ်မျိုးကို ယင်ဖန်းချီကလိုချင်နေခဲ့ခြင်းဖြစ်ပါ၏။ ယခုလိုမျိုး ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်၌ မရှင်သန်နိုင်ပါက ယင်ချန်းလီအဖို့ ဧကရာဇ်ဖြစ်လာရန်မှာမဖြစ်နိုင်ပါချေ။
ထို့အပြင် ယင်ချန်းလီ၏နံဘေး၌ လီချန်းချင်းကိုယ်တိုင်းလည်းရှိပါသေး၏။ ထို့ကြောင့် ယင်ချန်းလီအန္တရာယ်တစ်စုံတစ်ရာဖြစ်မှာကို ယင်ဖန်းချီကစိတ်မပူပါချေ။ ယင်ချန်းလီထံမှတဆင့် လီချန်းချင်းကို မြောက်ပိုင်းအေးခဲနိုင်ငံတော်နှင့် ချည်နှောင်နိုင်မည် ဆိုပါက ပို၍ကောင်းမွန်သောရလဒ်ကိုရရှိလာမည်ဖြစ်ပါသည်။
ယင်ဖန်းချီစီစဉ်ထားသည့်အတိုင်းပင်လျှင် ယင်ချန်းလီ၏ ထွက်ပေါ်လာခြင်းက မင်းသားနှင့်မင်းသမီးများစွာတို့၏ အာရုံကိုဆွဲဆောင်နိုင်သွားပါ၏။ မင်းသား ဆယ့်တစ်၏ ရုတ်တရက်ထွက်ပေါ်လာမှုသည် ဧကရာဇ်နေရာကို လုယူရန်ကြံစည်နေသော မင်းသားများစွာတို့အတွက် ခြိမ်းခြောက်မှုကြီးကြီးမားမားတစ်ရပ်ဖြစ်နေခဲ့ပါ၏။
သိပ်မကြာခင်မှာပင် တစ်ခြားသော မင်းသားမင်းသမီးများ၏ လက်အောက်ခံအစေခံများအာလုံးက စတင်၍ လှုပ်ရှားလာခဲ့ပါ၏။ ချန်းလီစံအိမ်တော်၏ ပတ်ပတ်လည်၌ သူလျှိုများစွာ ရောက်လာခဲ့ပါသည်။ ချန်းလီစံအိမ်တော်၏ အစေခံများအတွင်း၌လည်း သူလျှိုများစွာရောက်ရှိလာခဲ့ပါ၏။ ၎င်းတို့သည် ချန်းလီစံအိမ်တော်ကို အဆက်မပြတ် စောင့်ကြည့်လျက် မည်သည့်သတင်းများ အချက်အလက်မဆို အသေးအကြီးမဆို မှတ်တမ်းတင်ကာ စုဆောင်းနေကြပြီ ဖြစ်ပါသည်။
ထိုကဲ့သို့သောအရာများကို လီချန်းချင်းကလည်း မျှော်လင့်ထားပြီးဖြစ်ပါ၏။ သို့သော် လောလောဆယ်၌ သူက ဝင်မစွတ်ဖက်ရန် အတွက်တွေးထားခဲ့ပါသည်။ ထိုကဲ့သို့သောအခြေအနေများကို ကိုင်တွယ်ရန်အတွက် ယင်ချန်းလီကိုသာ တာဝန်ပေးထားပါသည်။
လောလောဆယ်တော့ လီချန်းချင်းက ပို၍အရေးကြီးသော ကိစ္စများကို ဆောင်ရွက်ရမည်ဖြစ်၏။ ယခုအချိန်သည် ရှီယွင်စန်းကို အစားထိုးရမည်အချိန်ဖြစ်ပါ၏။ အချက်အလက်များကို စုဆောင်းရန်အချိန်မှာ အလျင်လိုနေပါသည်။ ရှီယွင်စန်းကို အစားထိုးရန်အတွက် သူကိုယ်တိုင်ပင် ထျန်းဟိုင်မြို့သို့သွားရန်လိုအပ်ပါ၏။ ရှီယွင်စန်းသည် နေ့ဘက်၌ စန်းယွမ်ခန်းမ၌ အလုပ်လုပ်ပြီး ညဘက်၌ ထျန်းဟိုင်မြို့၏ လမ်းနံဘေးတွင် ပေါက်စီရောင်းချသူဖြစ်ပါသည်။
လီချန်းချင်းသည် ထျန်းဟိုင်မြို့သို့ လုံးဝမရောက်ဘူးခဲ့ပါ။ ထိုနေရာသည် စန်းယွမ်နယ်မြေသခင်၏ပိုင်နက်ဖြစ်ပြီး ယွဲ့ မိသားစုကလည်း ထိုနေရာ၌နေထိုင်ပါသည်။ အဆုံးအစမဲ့ အကျဉ်းထောင်ထဲ၌ ချုပ်နှောင်ခြင်းခံထားရသော ယွဲ့ဟန်ကျွင်းက လည်းထိုနေရာ၌ရှိပါ၏။
ထျန်းဟိုင်မြို့သို့သွားသောခရီးမှာ သူ့အတွက် အများအပြား ရိတ်သိမ်းနိုင်လိမ့်မည်ဟု လီချန်းချင်းက ခံစားနေရပါ၏။ ယခုတစ်ကြိမ် ထျန်းဟိုင်မြို့သို့ သွားမည့်ခရီးတွင် သူတစ်ဦးတည်းသွားမည်မဟုတ်ပါ။ သူကမူချင်းကောနှင့် ကျန်းဝမ်လျှိုကိုပါ တစ်ပါတည်းခေါ်သွားမည်ဖြစ်၏။
ခရီးမထွက်ခင် လီချန်းချင်းသည် သားဖြစ်သူ လီဟမ်ရှန်းထံသို့ စာတစ်စောင်ရေးခဲ့ပါ၏။
သူက ထျန်းဟိုင်မြို့သို့သွားပြီး အဖြေများကိုသွားရှာမည်ဟု စာထဲ၌ ရေးသားခဲ့ပါသည်။
စာကိုရရှိသော လီဟမ်ရှန်းကလည်း စာကိုဖတ်ပြီးနောက်တွင် နားမလည်နိုင်သောမျက်နှာအမူအရာဖြစ်သွားခဲ့ပါ၏။
သူအဖေပြောတဲ့ အဖြေကိုရှာမယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ။
သူ့အဖေကဘာကိုရှာနေတာလဲ။
သူ၏ဖခင်မှာ တစ်နေ့ထက်တစ်နေ့ ပိုပိုဆန်းကြယ်လာသည်ဟုခံစားနေခဲ့ရပါ၏။
ထို့အပြင် သူ၏နံဘေး၌လည်း ဆန်းကြယ်မှုများ ဝန်းရံနေသည်ကို လီဟမ်ရှန်းက ခံစားနေခဲ့ရပါသည်။ သူသည်မမျှော်လင့်ဘဲ စန်းယွမ်နယ်မြေသခင်ကို တွေ့ခဲ့ရပါ၏။ ထိုစန်းယွမ်နယ်မြေသခင်မှာ သူ့ခန္ဓာကိုယ်ပေါ်၌ တစ်စုံတစ်ခုရှိနေမည်ဟု အပြည့်အဝယုံကြည်ကာ ရှာဖွေခဲ့ပါသည်။ သူ့လိုမျိုး ဘာမဟုတ်တဲ့ ကလေးတစ်ယောက်မှာ ဘယ်လိုမျိုးအရေးကြီးတဲ့ဟာ ရှိရမှာမလို့လဲ။
ထို့အပြင် ရှေးဟောင်းတာအိုတောင်တန်း ဂိုဏ်းချုပ်လောရှောင်ချွမ်းကလည်း သူ့ကိုဘာမှမပြောဘဲ ထားရက်ခဲ့ပါသည်။ ထိုဖြစ်ရပ်များက လီဟမ်ရှန်းကို နားမလည်နိုင်အောင်ဖြစ်နေခဲ့၏။ ယခုတွင် သူ၏ ဖခင်ကိုယ်တိုင်ပင် သူ့ကိုစကားထာဝှက်တိုင်း ကစားနေပြန်ပီ ဖြစ်၏။
လီဟမ်ရှန်းမှာ လုံးဝကိုမတွေးတော နားမလည်နိုင်တော့သောကြောင့် သူ၏ဦးခေါင်းကိုသာ ဦးတည်ရာမဲ့စွာခါရမ်းလိုက်ပြီး မြွေဖြူလမ်းကြောင်းတွင်ရှိသော ကိစ္စရပ်များကိုစီမံခန့်ခွဲလိုက်ပါတော့သည်။