အခန်း (၃၈၄)
Vol. 32 Ch. 384
မြွေဖြူလမ်းကြောင်းတွင် ရှိသော ကိစ္စရပ်တော်တော် များများ က အချိန်ကျသွားပြီဖြစ်သည်။ ထို့ကြောင့် လီဟမ်ရှန်းက ဟွာမိသားစုနဲ့ တောက်ဟီအိမ်တော်ကို အပြစ်ပေးရန်အတွက် အလောကြီးမနေတော့ပါ။ ထိုအရာများကို လုပ်မည့်အစား သူက မြွေဖြူလမ်းကြောင်းကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်မည့် ကိစ္စရပ်များတွင် စိတ်နှစ်ထားခဲ့ပါသည်။ လီဟမ်ရှန်း၏ နံဘေးတွင် အစစအရာရာကူညီပေးသော ဝူစန်းထောင်ကြောင့် လည်း ကိစ္စရပ်များက အဆင်ပြေချောမွေ့သည်ဟု ပြော၍ ရပါသည်။
ဝူစန်းထောင်က သာမာန်လူများအတွက် ဥပဒေ ပေါ်လစီများကို ထုတ်ပြန်ကာ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ခဲ့ပါသည်။ အသစ်ချမှတ်လိုက်သော ဥပဒေ ပြဋ္ဌာန်း ချက်များမှာ သာမာန်လူများသည် လွန်မင်းစွာစိတ်ကျေနပ် ကြပါ၏။ စစ်ဆေးရေးမှူးရုံးတော်က ပြုလုပ်နေသည့် ဥပဒေများ အားလုံးက သာမာန်ပြည်သူများ၏ ဘဝအခြေ အနေကို လွန်မင်းစွာ တိုးတက်စေခဲ့ ပါသည်။ အတိတ်တုန်းက မှောင်မဲနေသော နေ့ရက်များက ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
မြွေဖြူလမ်းကြောင်းနယ်မြေ၊ တုရှန်းမြို့၏ အပြင်ဘက်တွင် ရှိသော မြစ်ငယ်မြို့လေးထဲတွင်တော့ နေမင်းက ထွန်းလင်းစွာ တောက်ပနေခဲ့သည်။ ရာသီဥတုမှာ လွန်စွာသာယာလှပါ၏။ ထိုမြို့လေး၏ အပြင်ဘက်တွင် ကျယ်ပြန့်လှသော စပါး စိုက်ခင်း များရှိနေပါသည်။ လယ်သမားများသည် လယ်ကွင်းများ၌ စပါးမျိုးစေ့များကို စိုက်နေခဲ့ကြပါ၏။ လူတိုင်း၏ မျက်နှာထက်တွင် အပြုံးများကို မြင်တွေ့ရမည်ဖြစ်သည်။ သူတို့လိုမျိုး သာမာန်တောင်သူများအတွက်တော့ လယ်ယာလုပ်ကိုင်ခြင်း ဝမ်းပြည့်အောင် အစားအသောက်များစားသုံးခြင်းသည် သူတို့ဘဝအတွက် အပျော်ရွှင်ဆုံးသော အရာများပင်ဖြစ်ပါသည်။ ကျန်သောအရာများအားလုံးက ဒုတိယနေရာတွင်သာ ရှိပါသည်။
ထိုအခိုက်မှာပင် လယ်ကွင်းထဲ၌ လူတစ်စုကလည်း ကြိုးစားပမ်းစားနဲ့ အလုပ်လုပ်နေကြပါ၏။ သူတို့သည် ကောက်ရိုးဦးထုပ်များဆောင်းထားပြီး မျိုးစေ့များကို ခါးကုန်းလျက် စိုက်ပျိုးနေခဲ့ပါသည်။
“စစ်ဆေးရေးမှူးကြီး ရေသောက်ပါဦး။”
ထိုအခိုက်တွင် ရွာသားအချို့က မျိုးစေ့စိုက်နေသော လူတစ်ဦးထံသို့ တိုးကပ်ပြီး ဗူးသီးခြောက်ရေဘူးကို ဖွင့်ကာပေးလိုက်ပါသည်။ လယ်စိုက်နေသော သူသည် လီဟမ်ရှန်းပင်ဖြစ်ပါ၏။
“ကျေးဇူးတင်ပါတယ်ဗျာ အားလုံးပဲ။”
လီဟမ်ရှန်းက ပြုံးရင်း ဗူးသီးခြောက်ကို ယူကာ တစ်ကြိုက်တည်း မော့သောက်လိုက်ပါ၏။ လီဟမ်ရှန်းက စစ်ဆေးရေးမှူးရုံးတော်မှ ရုံးအမှုထမ်းများကို ခေါ်လာပြီး တောင်ယာလုပ်ကိုင်နေကြသော တောင်သူများကို ကူညီရန်အတွက် လယ်လာစိုက်နေကြခြင်းဖြစ်ပါသည်။ သူ၏ ရည်ရွယ်ချက်မှာ တောင်ယာစိုက်ပျိုးသောသူများ၏ ဘဝအခြေအနေကို ကိုယ်တိုင်ကိုယ်ကျခံစားပြီးတော့ ထိုသူများ လိုအပ်မည့်အရာများကို ခံစားကြည့်လိုသောကြောင့်ပင်ဖြစ်ပါသည်။
စစ်ဆေးရေးမှူးရုံးတော်ရှိ အမှုထမ်းများတွင် တောင်သူမျိုးရိုးမှ ဆင်းသက်လာသော လူအနည်းစုပဲ ရှိပါသည်။ ကျန်သောသူများမှာ အမျိုးမြတ်မိသားစုများမှ ဆင်းသက်လာသော သူများဖြစ်ပါ၏။ ထို့ကြောင့် ရုံးတော်ရှိ မြင့်မြတ်သော အထက်တန်းလွှာမိသားစုမှ ပေါက်ဖွားလာသည့် မျိုးဆက်များကို သာမာန်ပြည်သူတို့၏ ဘဝက ဘယ်လောက်တောင်ခက်ခဲကြမ်းတမ်းလိုက်သလဲဆိုတာကို ခေါင်းထဲသို့ အသိတရားရိုက်သွင်းပေးလိုသော ရည်ရွယ်ချက်နဲ့ ခေါ်လာခဲ့ခြင်းလည်းဖြစ်ပါ၏။
ထို့ကြောင့်ပင် ခေါင်းဆောင်ဖြစ်သူ လီဟမ်ရှန်း ကိုယ်တိုင်ပင်လျှင် အားကြိုးမာန်တက်နှင့် လယ်ကွင်းထဲ၌ လယ်စိုက်နေခြင်းပင်ဖြစ်သည်။
“စိတ်မပူပါနဲ့ဗျာ။ ကျုပ်က ကျင့်ကြံသူတစ်ဦးပါ။” ဒီလောက် အလုပ်ကလေးကတော့ မပင်ပန်းပါဘူး”
လီဟမ်ရှန်းက တစ်ချက်ရယ်မောလျက် လက်ထဲရှိ မျိုးစေ့များကို စိုက်လိုက်ပြန်သည်။ တောင်ယာအနည်းငယ်လုပ်ကိုင်ခြင်းက ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနဲ့ တိုက်ခိုက်တာလောက်တော့ မပင်ပန်းပါချေ။
“အစ်ကို ကျုပ်တို့ ဒီနေရာမှာ ခဏလောက်ရပ်ပြီးတော့ ဟိုနားက အရိပ်ရတဲ့ အပင်အောက်မှာ သွားထိုင်ကြရအောင်။”
လီဟမ်ရှန်းအနားသို့ ဝူစန်းထောင်က လမ်းလျှောက်လာပြီးနောက် ပြောလိုက်ပါသည်။
“ဂျူနီယာ ညီလေးဝူ မင်းဒီလိုမျိုး မဖြစ်သင့်ဘူးနော်။ မင်းအလုပ်နည်းနည်းပဲ လုပ်ရသေးတယ် မောနေပြီလား။ မင်းရဲ့ ကျင့်ကြံတာကို ငါကိုယ်တိုင်လိုက်ပြီးတော့ ဂရုစိုက်မှ ရတော့မယ်။”
လီဟမ်ရှန်းက မျက်မှောင်ကျုံ့ပြီးနောက် ပြောလိုက်ပါသည်။
“အခုနောက်ပိုင်း မင်းကျင့်ကြံတာ ငါသိပ် မတွေ့ဘူးနော်။ မင်းရဲ့ ကျင့်ကြံမှု အဆင့်က တိုးကို မတိုးတက်လာဘူး။” ဝူစန်းထောင်က ခပ်ဖျော့ဖျော့ ပြုံးလျက် လီဟမ်ရှန်း၏ လက်မောင်းကို ဆွဲခေါ်လိုက်ပါသည်။
“ မင်းက တော်တော်လေးကို…”
ဝူစန်းထောင်၏ ဆွဲခေါ်မှုကြောင့် လီဟမ်ရှန်း၏ ပြောလက်စစကားမှာ ပြတ်တောက်သွားခဲ့ပါသည်။ ဝူစန်းထောင်သည် လီဟမ်ရှန်းအား ကောက်ရိုးပုံကြီးတစ်ခုအနားသို့ ခေါ်လာခဲ့ပါသည်။ ထို့နောက် သူက တစ်ချက်ရယ်လျက်ပြောလိုက်ပါ၏။
“တစ်ခြားလူတွေကိုပဲ ကောက်စိုက်တာ ပြီးအောင်လုပ်ခိုင်းလိုက်ပါဗျာ။ အစ်ကိုက ဒီမှာ နားနေသင့်တယ်။”
“အဓိပ္ပာယ်မရှိတာ။ ငါ့ရဲ့ လက်အောက်ငယ်သားတွေက အလုပ်လုပ်ပြီးတော့ စစ်ဆေးရေးမှူးဖြစ်တဲ့ ငါက ဒီမှာ ထိုင်ပြီးနားနေရမယ်လား။ ဒီလုပ်ရပ်က ဘာအဓိပ္ပာယ်ဖြစ်သွားမယ်ဆိုတာကို မင်းမသိဘူးလား။” လီဟမ်ရှန်းက ပြင်းထန်စွာဖြင့် ဆူပူလိုက်ပါ၏။
“ဂျူနီယာ ညီလေးဝူ မင်းမှာ တကယ့်ကို အာဏာရှင်ဆန်တဲ့ စိတ်ထားရှိနေတာပဲ”
“ အစ်ကို ရွာသားတွေက တိုးတိုးနဲ့ ဘာတွေပြောနေလဲ ဆိုတာကို အာရုံစိုက်ပြီး နားထောင်ကြည့်ပါဦး။”
ဝူစန်းထောင်က လီဟမ်ရှန်းထံသို့ ဗူးသီးခြောက်ရေဘူး ယူလာပေးသော ရွာသားများထံသို့ လက်ညှိုးညွှန်လျက်ပြောလိုက်ခြင်းဖြစ်ပါသည်။ ထိုအခိုက်မှသာ လီဟမ်ရှန်းက သတိပြုမိသွားပြီးနောက် သူ၏ စိတ်ဝိဉာဉ်အာရုံကို ရွာသားများထံသို့ လွှမ်းခြုံလိုက်ပါ၏။ သူ၏ ယခုအဆင့်နဲ့ဆိုလျှင် ရွာသားများက တိတ်တဆိတ်ပြောနေသည့် အသံများကို နားထောင်ရန်မှာ မခဲယဉ်းလှပါချေ။
“ အား ငါတို့ ဘယ်လိုလုပ်ရမလဲ။ စစ်ဆေးရေးမှူးက ငါတို့ကို အလုပ်တွေ ကူညီပေးနေတယ်ဆိုပေမဲ့ သူက တစ်ခါမှ ကောက်မစိုက်ဖူးဘူးထင်တယ်။ သူရဲ့ခွန်အားက အရမ်းကို သန်မာလွန်းအားကြီးတော့ မျိုးစေ့တွေ အကုန်လုံးက အမှုန့်တွေ ဖြစ်ကုန်ပြီ။ စိုက်ပြီးသွားတဲ့အခါမှာ အဲ့ဒီမျိုးစေ့တွေက အပင်ပေါက်လာတော့မှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ ဟုတ်တယ်။ စစ်ဆေးရေးမှူးကြီးက သူ့ရဲ့ရည်ရွယ်ချက်က အရမ်းကို ကောင်းပါတယ်။ စိတ်ထားလဲ အရမ်းကိုဖြူစင်တဲ့လူပါ။ တကယ်ကို လေးစားထိုက်ပါတယ်။ ဒါပေမဲ့ သူက ကောက် မစိုက်တတ်တဲ့ အခါကျတော့ သူလုပ်တာတွေ အကုန်လုံးက သက်သက်မဲ့ အကျိုးမဲ့ ပြီး ဖြုန်းတီးသလိုဖြစ်နေတယ်။ သူရဲ့ စိတ်သဘောထားဖြူစင်မှုကို လက်ခံတဲ့ အနေနဲ့ ငါတို့က ဘာမှ ဝင်ပြောလို့ မကောင်းဘူးလေ။ မနေ့ကတုန်းက စစ်ဆေးရေးမှူးကြီးက ဝမ်လောင်စန်းတို့ မိသားစုကို စပါးဝိုင်းပြီး စိုက်ပေးခဲ့တယ်လို့ ပြောတယ်ကွယ်။ စစ်ဆေးရေးမှူးကြီး ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ အဖိုးကြီးဝမ်တို့ မိသားစုတစ်စု လုံးက စစ်ဆေးရေးမှူးစိုက်ခဲ့တဲ့ မျိုးစေ့တွေအကုန်လုံးပြန်တူးထုတ်ပြီးတော့ အသစ်ပြန်စိုက်ရတာ။ ညသန်းခေါင်မှ ပြီးတယ်တဲ့။”
“တိုးတိုးပြော၊ တိုးတိုးပြော။ စစ်ဆေးရေးမှူးကြီးကို ငါတို့ပြောတဲ့စကားတွေကို မကြားစေနဲ့။ ဘာမှ ပြဿနာမရှိဘူး စစ်ဆေးရေးမှူးကြီးတို့ အလုပ်ပြီးလို့ ပြန်သွားလို့ရှိရင် ငါတို့တွေ ညအထိ အသစ်ပြန်စိုက်ကြတာပေါ့ကွာ။ စိတ်မပူနဲ့။ စိတ်မပူနဲ့။ ငါတို့က အိမ်နီးနားချင်းတွေပဲ။ ငါမင်းကို ကူညီပါ့မယ်။”
ရွာသားများ၏ တီးတိုးပြောဆိုနေမှုများကို ကြားသည့်အခါတွင်တော့ လီဟမ်ရှန်း၏ မျက်နှာမှာ ချက်ချင်းပူနွေးပြီး နီရဲသွားခဲ့ပါ၏။ သူက ဥပမာအနေနဲ့ ပြကာ လုပ်ပြခြင်းဖြစ်ပါ၏။ သို့သော် သူ၏ လုပ်ရပ်က လူတိုင်းကို ပြဿနာပေးသလို ဖြစ်သွားခဲ့သည် မဟုတ်ပါ့လား။ ထို့ကြောင့် ယခုအချိန်တွင် သူက ဘာပြောရမှန်း မသိအောင် ဖြစ်သွားခဲ့ပါသည်။
အဲ့တာကြောင့်မလို့ ရွာသားတွေက သူ့ကို အနားယူဖို့ လာပြောတာကို။ သူက လုံးဝကို သတိမပြုမိခဲ့တာပဲ။
ထိုမြင်ကွင်းကို မြင်သောအခါတွင် ဝူစန်းထောင်က သူ၏ မျက်နှာကို လက်ဖဝါးနဲ့ အုပ်ကာ တခွီခွီနဲ့ ရယ်မောလိုက်ပါ၏။ ထိုအမူအရာကို မြင်သော လီဟမ်ရှန်းက မနေနိုင်ဘဲနဲ့ ပြောလိုက်ပါသည်။
“သူတို့ပြောတာမှန်တယ်။ သတ်ဖြတ်သူတစ်သောင်း တောင်ထိပ်မှာ နေတုန်းက ငါတစ်ခါမှ ကောက်စိုက်တဲ့ အလုပ်ကို မလုပ်ဖူးခဲ့ဘူး”
“ သတ်ဖြတ်သူတောင်ထိပ်တဲ့လား”
ဝူစန်းထောင်သည် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပါသည်။
“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို မပြန်တာတော်တော်လေး ကြာပြီပဲ။ အစ်ကို ပြောမှပဲ ကျုပ်တောင် လွမ်းသွားပြီ။”
“ အံမယ်မယ် ဒီနေရာမှာရှိတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေက ရှေးဟောင်းတာအို တောင်တန်းဂိုဏ်းလောက် မကောင်းဘူးလေ။ အခုပဲ ကြည့်ပါအုံး မင်းရဲ့ ကျင့်ကြံမှု အဆင့်က တော်တော်လေးကို နှေးကွေးသွားပြီးတော့ အဆင့်ကို တက်မလာတော့ဘူး”
လီဟမ်ရှန်းက ဝူစန်းထောင်၏ ပုခုံးကို ပုတ်လျက်ပြောလိုက်ပါသည်။
“အစ်ကိုလီ ကျွန်တော်ရဲ့ ကျင့်ကြံမှု အမြန်နှုန်းက နှေးသွားတာ မဟုတ်ဘူးဗျ”
ဝူစန်းထောင်သည် ဖျော့တော့စွာ ပြုံးလိုက်ပါသည်။
“အမှန်တကယ်က ကျွန်တော်က ကျွန်တော့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီလေ။”
“ဟေ”
လီဟမ်ရှန်းသည် ထိုစကားကို ကြားသော် အံ့ဩသွားခဲ့ပါသည်။ ဝူစန်းထောင်က ကောင်းကင်ကြီးကို မော့ကြည့်လျက် ပြောလိုက်၏။
“ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ပါရမီက ထူးချွန်တဲ့ အထဲမပါဘူးဗျ။ မူဟိုင်ဖုန်းတောင်ရဲ့ အပြင်စည်းတပည့်ဖြစ်တာနဲ့တင်ပဲ ကျွန်တော်ဘဝမှာ အကြီးမားဆုံးအောင်မြင်မှုလို့ ပြောလို့ရတယ်။ ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်တာက ကျွန်တော့်ရဲ့ အကန့်အသတ်ပဲ။ ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ဆိုတာကတော့ လောလောဆယ်မှာ ဖြစ်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ အသက်ငါးဆယ်ခြောက်ဆယ်လောက် ရောက်မှပဲ အဲ့ဒီအဆင့်ကို ချိုးဖြတ်နိုင်ကြောင်းချိုးဖြတ်နိုင်လိမ့်မယ်။ အဲ့ဒီ အချိန်ရောက်လို့ရှိရင်လဲ ကျွန်တော့်ရဲ့ ကျင့်ကြံမှု လမ်းကြောင်းကတော့ အဆုံးသတ်သွားပါပြီ”
“ မူလအဆင့်ကို ချိုးဖြတ်ဝင်ရောက်ဖို့ ဆိုတာကတော့ အိပ်မက်ပါပဲဗျာ။ အရူးတစ်ယောက်ရဲ့ အိပ်မက်ပေါ့။ ဒါပေမဲ့ အစ်ကိုကတော့ ကျွန်တော်နဲ့ မတူဘူး။ အစ်ကိုက ကျွန်တော်ထက် ပါရမီပိုရှိတယ်။ အလားအလာလည်း ပိုကောင်းတယ်။ အစ်ကိုက ကျွန်တော်ထက်ပိုပြီးတော့ ကျင့်ကြံမှု လမ်းကြောင်းမှာ ဝေးဝေးကို ရောက်နိုင်မှာပါ။ ကျွန်တော်ခံစားရတယ်”
“ အစ်ကို ရက်နည်းနည်းလောက် ကြာအောင် ပျောက်ကွယ်သွားပြီးတော့ ပြန်လာတဲ့ နောက်ပိုင်းမှာ အစ်ကိုရဲ့ အလားအလာက အရမ်းကို ထောင်တက်သွားတယ်။ မူလအဆင့်ဆိုတာ အစ်ကိုရဲ့ အဆုံးသတ် မဟုတ်သေးဘူးဗျ။ စိတ်မကောင်းစရာပဲဗျာ။ အစ်ကို အောင်မြင်ကျော်ကြားပြီးတော့ ကျင့်ကြံမှု လမ်းကြောင်းမှာ အမြင့်မားဆုံး အချိန်ကို ရောက်တဲ့အချိန်မှာတော့ အစ်ကိုအနားမှာ ကျွန်တော်က ကူညီနိုင်တော့မှာ မဟုတ်ဘူး”
“ ကျွန်တော်က အစ်ကိုအနားမှာ ဘယ်ရှိနိုင်တော့မလဲ။ ကျွန်တော်က အဲ့ဒီအချိန်ကျလို့ ရှိရင် ဒီလောကကြီးမှာ ရှိနိုင်တော့မှာ မဟုတ်ဘူးပဲ”
ဝူစန်းထောင်သည် ကောင်းကင်ကို ကြည့်လျက် ဆက်ပြောနေ၏။ ထိုစကားကို ကြားသော် လီဟမ်ရှန်း၏ နှလုံးသားမှာ တစ်ချက်နာကျင်သွားပြီး ဝူစန်းထောင်ကို အားပေးလိုခဲ့ပါသည်။ သို့သော် သူက ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘာပြောရမှန်းမသိ ဖြစ်နေခဲ့၏။ လီဟမ်ရှန်း၏ မူလ ပါရမီ အခြေအနေနဲ့ဆိုလျှင် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်ခြင်းသည် သူ၏ အဆုံးသတ်သာ ဖြစ်ပါသည်။ မူလအဆင့်ကို ချိုးဖြတ်နိုင်ဖို့ဆိုတာက ကြီးကြီးမားမားကံကောင်းမှုကို ကြုံတွေ့မှသာ ချိုးဖြတ်နိုင်မည်ဖြစ်ပါ၏။
ထိုကဲ့သို့ ကြီးမားသော ကံကောင်းမှုကြီးက တကယ်ဖြစ်လာမည်ဟု သူက တကယ် မမျှော်လင့်ထားခဲ့မိပါ။ သူသည် အသတ်ခံရပြီးသည့်နောက် ပြန်ရှင်လာရုံသာမက နတ်ဘုရား ဖီးနစ်ငှက်အရိုးကိုပါ ရရှိခဲ့ပါသေးသည်။ လီဟမ်ရှန်းက သူ၏ ဆရာဖြစ်သူအား နတ်ဘုရားဖီးနစ်ငှက် အရိုးကို ဘယ်လိုရလာလဲဆိုပြီးတော့ မေးလိုခဲ့ပါ၏။ ထိုအရာများ အားလုံး၏ နောက်ကွယ်က တရားခံမှာ ဆရာဖြစ်သူ ရှမူဟိုင်လက်ချက်မဟုတ်မှန်း လီဟမ်ရှန်းက ယုံကြည်နေခဲ့၏။
ဤကဲ့သို့သော ရတနာမျိုးက ရှမူဟိုင်လိုမျိုးလူစားမျိုးက ပိုင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်ပါ။ ရှမူဟိုင်၏ နောက်ကွယ်တွင် လီဟမ်ရှန်းကို တိတ်တဆိတ် ကာကွယ်ပေးလိုသော သူတစ်ဦးဦး ရှိကို ရှိရပေမည်။