အခန်း (၃၈၅)
Vol. 32 Ch. 385
ထိုဆန်းကြယ်သည့်စွမ်းအားကြီးမားသည့်သူမှာ သူ၏ဖခင် လီချန်းချင်းဖြစ်သည်ဟု လီဟမ်ရှန်းကသံသယတော့ ဝင်နေခဲ့ပါ၏။ သို့သော်သေချာတွေးကြည့်ပြီးသည့်နောက်တွင် ထိုအချက်အလက်မှာ မဖြစ်နိုင်ကြောင်းကို ခံစားမိပါသည်။ သူ့ဖခင်က ဒီလိုမျိုးတန်ဖိုးကြီးပြီးတော့ ဒဏ္ဍာရီလာရတနာမျိုး ကိုဘယ်လိုလုပ်ပြီးတော့ရနိုင်မှာလဲ။
လီဟမ်ရှန်းသည် ဝူစန်းထောင်ကို အားပေးစကားမပြောခဲ့ပါ။ သူက ကောက်ရိုးပုံကြီးကိုမှီလိုက်ပြီး တိုက်ခတ်နေသောလေနုအေးကို မျက်လုံးမှိတ်လျက် ခံစားလိုက်ပါ၏။ ထို့နောက်တွင်သူသည် အဝေးတွင်ရှိသော မြင်ကွင်းများကို ဖျော့တော့စွာဖြင့် စိုက်ကြည့်နေခဲ့ပါသည်။
“ဂျူနီယာညီလေးဝူ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းကို ရက်နည်းနည်းလောက်သွားလိုက်ပါ။ ပြီးတော့ ရွာသားတွေအတွက် လိုအပ်မဲ့ မျိုးစေ့တွေကို ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကနေပြီးတော့ ဝယ်လာခဲ့။ ပြီးရင်ငါတို့က စစ်ဆေးရေးမှူးရုံးတော်ကနေတဆင့် ရွာသားတွေကို ဖြန့်ဝေပေးမယ်။”
လီဟမ်ရှန်းက ဝူစန်းထောင်ကို ပြောလိုက်ပါသည်။
“ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းကို သွားရမယ်။ ဟုတ်လား။” ဝူစန်းထောင်သည်အနည်းငယ် အံ့ဩသွားခဲ့သည်။
“မျိုးစေ့တွေဝယ်ဖို့လောက်ကတော့ တုရှန်းမြို့ကပဲ ဝယ်လို့ရတယ် မဟုတ်ဘူးလား။ ဘာလို့များ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းအထိအဝေးကြီးကို သွားရမှာလဲ။”
ဝူစန်းထောင်သည် လီဟမ်ရှန်း၏ရည်ရွယ်ချက်ကိုနားမလည်ပါ။
“စပါးမျိုးစေ့တွေကိုဝယ်ဖို့အတွက် ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းကို သွားခိုင်းတာမဟုတ်ဘူးလေ”
လီဟမ်ရှန်းက ခံစားချက်ကင်းမဲ့နေသောလေသံဖြင့်ပြောလိုက်ပါ၏။
“စစ်ဆေးရေးမှူးရုံးတော်ကို ကိုယ်စားပြုပြီးတော့ ငါတို့က လယ်ယာမြေတွေကိုခွဲဝေပေးတယ်။ ပြီးတော့ စစ်ဆေးရေးမှူးရုံးတော်ကိုယ်စားပြုပြီးတော့ဘဲ သီးပင်စားပင်တွေရဲ့ မျိုးစေ့တွေကို ဝယ်မယ်။ ငါချန်ထင်းမြို့မှာ နေခဲ့တုန်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းဆီကနေပဲဝယ်လို့ရပြီးတော့ အရမ်းကို အရသာရှိပြီးအဟာရရှိတဲ့ သီးနှံမျိုးစေ့တွေကို စားသုံးခဲ့ဖူးတယ်။ ဒီလောကကြီး တစ်ခုလုံးမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကလွဲပြီးတော့ တစ်ခြားဘယ်နေရာမှ အဲဒီမျိုးစေ့ကိုဝယ်လို့မရဘူး”
“အဲဒီမျိုးစေ့တွေကို မင်းဝယ်လာရမယ်။ ပြီးတော့ ရွာသားတွေကို ခွဲပေးလိုက်။ အဲဒါတွေကို စိုက်ပျိုးပြီးသွားလို့ရှိရင် ရိတ်သိမ်းလိုက်။ ရိတ်သိမ်းပြီးလို့ရှိရင် စစ်ဆေးရေးမှူးရုံးတော်ကို ယူလာခဲ့။ ရသမျှအသီးအနှံတွေအကုန်လုံးကို ငါတို့က အမြတ်ကောင်းကောင်းတင်ပြီးတော့ ရောင်းချမယ်။ ရောင်းလို့ရမျှဟာတွေအားလုံးရယ် အမြတ်အစွန်းတွေရဲ့ တစ်ဆယ်ရာခိုင်နှုန်းကို အခွန်အခအနေနဲ့ စစ်ဆေးရေးမှူး ရုံးတော်ကဖြတ်မယ်။ ကျန်တဲ့အမြတ်တွေအကုန်လုံးကို သက်ဆိုင်ရာ လယ်သမားတွေ၊ ပြည်သူတွေအားလုံးကို ခွဲဝေပေးမယ်”
လီဟမ်ရှန်းက သူ၏အစီအစဉ်ကိုပြောပြလိုက်ပါသည်။
“သိပ်ကောင်းတဲ့အကြံပဲဗျာ” ဝူစန်းထောင်၏ မျက်လုံးများမှာအရောင်တောက်ပသွားခဲ့ပါသည်။ သူတို့သာ ထိုနည်းလမ်းအတိုင်းလုပ်လိုက်ပါက ရွာသူရွာသားများကို ငွေကြေးပိုများရရှိစေမည်ဖြစ်ပါသည်။
ရွာသူရွာသားများက ထိုငွေကြေးအပိုများကို အသုံးပြုပြီး သူတို့လိုချင်သောအရာများကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဥပမာဆိုသော် သူတို့၏ကလေးများ၊သားသမီးများကို ကျောင်းသို့ပို့နိုင်မည်ဖြစ်သည်။ သို့မဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသေးစားလေးများကို စတင်နိုင်မည်ဖြစ်ပါ၏။ ထိုအရာများက မြွေဖြူလမ်းကြောင်းကို တိုးတက်စေမည့် အခြေခံအုတ်မြစ်များပင်ဖြစ်ပါသည်။ ထို့အပြင် လူတိုင်းက အမြတ်အစွန်းများရရှိမည်ဖြစ်သောကြောင့် အားလုံးက ပျော်ရွှင်ကြမည်ဖြစ်သည်။
“ကောင်းပြီ။ ဒီဟာကိုလုပ်ဖို့ ကျွန်တော့်ကို ယုံထားလိုက်ပါ” ဝူစန်းထောင်သည် ရင်ကော့လျက် သူ၏ရင်ဘတ်ကို တဘုန်းဘုန်းပုတ်ရင်း ပြောလိုက်ပါသည်။
ဝူစန်းထောင်မှာ သူ၏ကျင့်ကြံမှုအဆင့် ဆက်မတိုးနိုင်တော့သောကြောင့် စိတ်ဓါတ်ကျနေသည်ကို လီဟမ်ရှန်းက အာရုံခံစားမိခဲ့ပါသည်။ ထို့ကြောင့် သူက ဝူစန်းထောင်ကို စိတ်လက်ပေါ့ပါးစေရန်အတွက် ခရီးထွက်ရမည့် တာဝန်ကိုတမင်ပေးခဲ့လိုက်ခြင်းဖြစ်ပါသည်။
ထို့အပြင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို သွားရောက်ခြင်းက ဝူစန်းထောင်၏ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်နိုင်မည့် တစ်စုံတစ်ခုကို တွေ့လိုတွေ့ငြားဟူသော ရည်ရွယ်ချက် နှင့်လည်းဖြစ်ပါ၏။
နှစ်ရက်ကြာပြီးသောအခါတွင် လွန်စွာကြီးမားလှသော သင်္ဘောကြီးသည်ကောင်းကင်ထက်သို့ တိမ်များကြားမှ ကူးခတ်ကာထိုးတက်သွားခဲ့ပါ၏။ သင်္ဘောကုန်းပတ်တွင်တော့ အနက်ရောင်တစ်လှည့် ရွှေရောင်တစ်လှည့်ကူးပြောင်းနေသော ထူးခြားဆန်းကြယ်သော မျက်ဝန်းနှင့် အသက်သုံးဆယ်ခန့်ရှိသောလူသည် လက်နောက်ပစ်ကာ တိမ်ပင်လယ်ကြီးကို စိုက်ကြည့်နေခဲ့ပါသည်။
သူ၏နံဘေးတွင်တော့ လွန်စွာနူညံ့ကာ နတ်သမီးအလားချောမောလှပသည့်အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ရှိသည်။ ထိုသူများကတော့ လီချန်းချင်းနှင့် မူချင်းကောပင်ဖြစ်ပါ၏။ ကျန်းဝမ်လျှိုကတော့ သင်္ဘောကုန်းပတ်တွင် ဟိုဒီလျှောက်သွားလျက် ပတ်ဝန်းကျင်ကို ကလေးတစ်ယောက်လိုမျိုး စိတ်ဝင်တစားနှင့်ကြည့်နေခဲ့ပါ၏။
ယခုအချိန်သည် ကောင်းကင်ထက်သို့ ကူးလူးသွားသည့်သင်္ဘော ပေါ်သို့ လီချန်းချင်းပထမဦးဆုံးရောက်ရှိသည့်အကြိမ်ဖြစ်ပါ သည်။ လီချန်းချင်း မူချင်းကောနှင့် ကျန်းဝမ်လျှိုတို့သည် ထျန်းဟိုင်မြို့၏အနီးအနားသို့ရောက်နေခဲ့ပါသည်။ မြို့နှင့်နီးသောအခါတွင်တော့ သူတို့သုံးဦးလုံးက သူတို့၏မူလပုံစံများကို ဖုံးကွယ်လျက် စတင်၍ ရုပ်ဖျက် လိုက်ကြပါတော့၏။ လီချန်းချင်းက မျက်နှာတစ်ဝတ်ကို ဖုံးကွယ်ထားသော သတ္တုမျက်နှာဖုံးကို တပ်ဆင်လိုက်ပါသည်။ ထို့နောက်တွင် သူ၏ဦးခေါင်းကို ဖုံးကွယ်၍ရသော ဝတ်ရုံ တစ်ခုနှင့်ကွယ်လိုက်ပါ၏။ သူ၏ကျောပေါ်တွင် လည်းလွန်စွာ ကြီးမားလှသော သတ္တာကြီးတစ်ခုကိုလွယ်လိုက်ပါသည်။ ရုတ်တရက်ကြည့်လျှင် လီချန်းချင်း၏ပုံစံကထူးခြား နေသော်လည်းတစ်ချိန်တည်းမှာပင် သာမာန်ဆန်နေခဲ့ပါသည်။
မူချင်းကောကသူမ၏လှပသော ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ် လိုက်ပြီး အိုမင်းနေသောအဘွားအိုတစ်ဦးအသွင်သို့ ရုပ်ပြောင်းလိုက်ပါသည်။ ကျန်းဝမ်လျိုကလည်း သူ၏အသက်ကို ရှိရင်းစွဲထက် ပို၍ ကြီးရင့်အောင် ရုပ်ဖျက်လိုက်ပါသည်။
သူတို့သုံးဦး တွဲလျောက်နေသည်ကို တစ်စုံတစ်ဦးမြင်လိုက်ပါက သာမာန်လူများဟုသာထင်ပြီးတော့ ချက်ချင်းပင်လျှင် လွဲချော်သွားမည်ဖြစ်၏။ စန်းယွမ်နယ်မြေ၏ ထျန်းဟိုင် မြို့တော်တွင် ထိုကဲ့သို့သော လူများက အများအပြားရှိပေ၏။
ထို့အပြင် သူတို့သုံးဦးထက် ထူးဆန်းသော လူများစွာကလည်း မြို့တော်သို့ အမြဲမပြတ်ဝင်ထွက်သွားလာနေခြင်းပင်ဖြစ်၏။ သားရဲမျိုးနွယ်များ၊ လူသားမျိုးနွယ်များနှင့် တစ္ဆေမျိုးနွယ်များပါ ထျန်းဟိုင်မြို့တော်တွင် ဝင်ထွက်သွားလာနေကြသည်။ ထိုကဲ့သို့သော မျိုးနွယ်စုပေါင်းစုံရှိသည့်အနေထားမျိုးက တစ်ခြားမြို့များတွင်တော့ လုံးဝရှိမနေနိုင်ပါ။
နောက်ဆုံးတွင်တော့ သူတို့သုံးဦးသားစီးလာသော သင်္ဘောကြီးသည် ကောင်းကင်ထက်ရှိ ထျန်းဟိုင်မြို့၏ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ပါသည်။ လီချန်းချင်းက သင်္ဘောပေါ်မှနေ၍ မော့ကြည့်လိုက်ပြီး ကြီးမား ကျယ်ပြန့်လှသော ဧရာမမြို့တော်ကြီးကိုတွေ့လိုက်ရပါ၏။
စိတ်ထဲတွင်တော့သူသည် တော်တော်လေးအံ့ဩသွားခဲ့ပါသည်။
“ထျန်းဟိုင်မြို့ကတော်တော်ကြီးကိုကြီးတာပဲ”
“ထျန်းဟိုင်မြို့က စန်းယွမ်နယ်မြေကြီးတစ်ခုလုံးမှာအကြီးဆုံးမြို့ပဲလေ။ ပြီးတော့ အဲဒီမြို့ရဲ့ ဂုဏ်သတင်းကလည်းအရမ်းကို ကျော်ဇော လွန်းအားကြီးတယ်”
မူချင်းကောကအပြုံးနဲ့ ပြန်ဖြေလိုက်သည်။
“ပြောကြတာကတော့ လီရွှမ်းရှီက ထျန်းဟိုင်မြို့ကို ဓားတစ်ချက်တည်းနဲ့ နှစ်ပိုင်းခွဲခဲ့တယ်တဲ့”
“ ဒီကောင်မလေး ဘယ်လိုများလုပ်လိုက်လဲဆိုတာကို သိပ်သိချင်တာပဲ”
ကျန်းဝမ်လျှိုကလည်းမယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်ပါသည်။
လွန်စွာကျယ်ပြန့်သောမြို့ဖြစ်သော ထျန်းဟိုင်မြို့။ တိမ်ပင်လယ်ကြားတွင်ထိုးထွက်နေပြီး မိုင်ပေါင်းမီလီယံနှင့်ချီအောင် ကြီးမားကျယ်ပြန့်ပါသည်။ ထိုကဲ့သို့သောမြို့ကြီးတစ်ခုကို လီရွှမ်းရှီကနှစ်ပိုင်းဖြတ်ခဲ့ သည်ဆိုတာက စိတ်မကူးနိုင်လောက်အောင်ပင် ဆန်းကြယ်လှပါသည်။
“အဲလိုမျိုးလုပ်နိုင်တဲ့အကြောင်းပြချက် ကလည်း လီရွှမ်းရှီက နတ်ဘုရားအဆင့်မှာ နံပါတ်လေးဖြစ်တဲ့ ကောင်းကင်နတ်သမီးဓားသွားကို ပိုင်ဆိုင်ထားလို့လေ။ နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ လီရွှမ်းရှီရဲ့ သူမတူအောင် ကြီးမားတဲ့ခွန်အားကြောင့်ပဲပေါ့”
မူချင်းကောက ရှင်းပြလိုက်ပါသည်။
“လူသားမျိုးနွယ်မှာ မြေလျှောက် အင်မော်တယ်တွေအများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ လီရွှမ်းရှီက လူသားမျိုးနွယ်တွေရဲ့သူတော်စင်လေးပါးထဲက တစ်ပါး အပါအဝင်ဖြစ်တယ်လေ။ သူ့ကို ကောင်းကင်နတ်သမီး ဓားအင်မော်တယ်ဆိုပြီးလူသိများကြတယ်။ အဲဒီကောင်းကင်နတ်သမီးဓားအင်မော်တယ်ဆိုတဲ့ ဂုဏ်ပုဒ်က နာမည်ကြီးသက်သက်ပဲမဟုတ်ဘူး။ မြေလျှောက် အင်မော်တယ်တွေမှာ အဆင့်တွေကိုဘယ်လိုမျိုး ခွဲခြားတယ်ဆိုတာကို သေချာတော့နားမလည်ပေမဲ့ လီရွှမ်းရှီက လောကကြီးရဲ့ ထိပ်ပိုင်းကျင့်ကြံသူတွေထဲကတစ်ဦးပဲဖြစ်တယ်”
“ အဲဒါကြောင့်မို့ သူ့ရဲ့ဓားသွားကထျန်းဟိုင်မြို့ကိုနှစ်ပိုင်း ခွဲနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာမဟုတ်ဘူး။ လီရွှမ်းရှီ က အခုလောလောဆယ်မှာ သူ့ရဲ့အထွတ်အထိပ်အခြေအနေ မဟုတ်ဘူးဆိုပေမဲ့လည်း သူရဲ့အခုလက်ရှိခွန်အားနဲ့ပဲ လောကကြီးတစ်ခုလုံးကို အုပ်စိုးနိုင်စွမ်းရှိတယ်လေ”
မူချင်းကောက ပြောလိုက်ပါသည်။ သူမရဲ့မျက်ဝန်းထဲတွင်တော့ လေးစားနေသောအရိပ်အယောင်များကိုတွေ့မြင်ရမည်ဖြစ်ပါ၏။
လီရွှမ်းရှီဟူသောအမည်သည် ဤလောကရှိ အမျိုးသမီး ကျင့်ကြံသူများအားလုံး၏ရည်မှန်းချက် ပန်းတိုင်ပင်ဖြစ်သည်။ မူချင်းကောက ထိုကဲ့သို့ခံစားနေရပုံပေါ်ပါ၏။ ဒါပေမဲ့လီချန်းချင်းအနေနဲ့ကတော့ ကြီးမားလှသော မြို့ကြီးကိုကြည့်ပြီး အံ့ဩသင့်နေခဲ့ပါသည်။
“ ဒါပေမဲ့ ဒီမြို့ကိုကြည့်ရတာ နှစ်ပိုင်းပြတ်နေတဲ့ပုံလည်းမပေါ်ပါလား”
“ ဒါပေါ့”
ကျန်းဝမ်လျှိုက ယခုအချိန်တွင်တော့ဝင်ပြောခဲ့သည်။
“ထျန်းဟိုင်မြို့က လူသားတွေတည်ဆောက်ထားတာမဟုတ် ဘူးလေ။ ကောင်းကင်နဲ့မြေကြီးကနေပြီးတော့ အလိုလိုဖြစ်ပေါ်လာတဲ့မြို့လို့ပြောလို့ရတယ်။ဥပမာ တစ်ခြားတစ်နည်းနဲ့ပြောရမယ်ဆိုလို့ရှိရင်ကွာ နတ်ဘုရားတွေဖန်ဆင်းထားတဲ့မြို့ပေါ့။ ဒီမြို့က စန်းယွမ်နယ်မြေကြီးစတင်ဖြစ်ပေါ်လာတဲ့အချိန်ကတည်းကကို ရှိနေတာ။ ကောလဟာလတွေပြောကြတာကတော့ ထျန်းဟိုင်မြို့မှာ ပြိုင်ဘက်ကင်းရတနာတစ်ခုရှိတယ်တဲ့။ အဲဒါကို စန်းယွမ်တံဆိပ်တုံးလို့ခေါ်တယ်။ စန်းယွမ်တံဆိပ်တုံးက ထျန်းဟိုင်မြို့တစ်ခုလုံကို ထိန်းချုပ်နိုင်တယ်။ စန်းယွမ်တံဆိပ်တုံးကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုမဲ့လူက စန်းယွမ်နယ်မြေအရှင်သခင်ဖြစ်လာဖို့လိုအပ်တယ်။ ပြောကြတာကတော့ အဲဒီရတနာရှိလို့ရှိရင်တော့ မသေမျိုးဘဝကို တက်လှမ်းနိုင်တယ်တဲ့”
“ မသေမျိုးဟုတ်လား”
လီချန်းချင်းက မျက်တောင်ခတ်လိုက်ပါသည်။ စန်းယွမ်တံဆိပ်တုံးကဘယ်လိုပုံစံဖြစ်မလဲဆိုတာကိုသူ သိချင်သွားခဲ့ပါသည်။ ဖြစ်နိုင်လျှင် စန်းယွမ်တံဆိပ်တုံး နှင့်ပုံစံတူသော ပန်းပုရုပ်ကိုထုပြီးတော့ သူတို့နှစ်ဦး၏ စွမ်းအားအာနိသင်များကတူတူဖြစ်မည်လားဆိုတာပင် စမ်းသပ်ကြည့်ချင်နေခဲ့ပါသည်။
ဒါပေမဲ့လည်း သာမာန်လူတွေကဘယ်လိုလုပ်ပြီးတော့ စန်းယွမ်တံဆိပ်တုံးကိုလွယ်လွယ်ကူကူနှင့်မြင်တွေ့နိုင်စွမ်းရှိ ရမှာလဲ။ ထိုအချိန်တွင် သင်္ဘောပေါ်ရှိခရီးသည်များက စတင်၍ ဆိပ်ကမ်းသို့ဆင်းသက်လာကြပြီဖြစ်သည်။ လီချန်းချင်းနှင့် သူ၏အဖော်နှစ်ဦးတို့ကလည်းသင်္ဘောပေါ်မှဆင်းကာ ထျန်းဟိုင်မြို့ထဲသို့ စတင်၍ဝင်ရောက်လာခဲ့တော့ပါသည်။