အခန်း (၃၈၆)
Vol. 32 Ch. 386
ကြီးမားကျယ်ပြန့်သော လမ်းမများထက်တွင် လမ်းလျှောက်နေရခြင်းက သူ့ကိုယ်သူ အင်မတန်သေးငယ်သွားသည်ဟု ခံစားစေခဲ့ရပါသည်။ ထျန်းဟိုင်မြို့သည် အမှန်တကယ်ကိုပင် ဧရာမကြီး အကြီးကြီးပင်ဖြစ်၏။
မြို့ဂိတ်တံခါးတွင် လွန်စွာများပြားလှသော စိတ်ဝိညာဉ်သားရဲများက ဆွဲသော ရထားလုံးများသည် တန်းစီကာ ရပ်တန့်နေခဲ့ပါ၏။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ထျန်းဟိုင်မြို့သို့ လာကြသော ဧည့်သည်များအားလုံးသည် မြို့တွင်းသို့ဝင်ရောက်ရန်အတွက် ထိုရထားလုံးများကို စီးကာ ဝင်ရောက်မည်ဖြစ်ပါသည်။ ထျန်းဟိုင်မြို့တွင် နယ်မြေလေးခု ခွဲထားပါ၏။ မိုးနဂါးနယ်မြေ၊ မီးငှက်နယ်မြေ၊ ကျားဖြူနယ်မြေနှင့် လိပ်နက်နယ်မြေ ဟူ၍ဖြစ်သည်။
ရထားလုံးများကို မစီးဘဲ လမ်းလျှောက်သွားမည်ဆိုပါက အကွာအဝေးမှာ ဝေးကွာလွန်းလှသောကြောင့် မနက်ကနေ လမ်းလျှောက်လျှင် ညမိုးချုပ်မှောင်မှသာ နယ်မြေတစ်ခုသို့ ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဝိညာဉ်သားရဲများဆွဲသော ရထားလုံးများကို စီးနင်းခြင်းဖြင့်ပင် နယ်မြေများကို လျင်မြန်စွာ ရောက်ရှိပြီး ကောင်းမွန်စွာ လည်ပတ်နိုင်မည်ဖြစ်ပါသည်။
စန်းယွမ်ခန်းမသည် မိုးနဂါးနယ်မြေ၌ တည်ရှိပါ၏။ ထိုနယ်မြေလေးခုကို အုပ်စိုးသော နယ်မြေသခင်များကလည်း အလွန်အမင်းကို စွမ်းအားကြီးမားလှပါသည်။ ဥပမာပြောရသော် မိုးနဂါးနယ်မြေကို ဦးစီးကာ အုပ်စိုးသော သူသည် တခြားသူမဟုတ်ပါ။ ကျန်းထျန်းယွမ်၏ ယုံကြည်ရဆုံးသော သစ္စာခံ လင်းချင်းကျီပင်ဖြစ်ပါသည်။
လင်းချင်းကျီ၏ပုံရိပ်ကို တွေးတောရင်းနှင့် ထိုသူမှာ ဆန်းကြယ်ရုံသာမက ကြောက်မက်ဖွယ်ကောင်းလှသည်ဟု လီချန်ချင်းက ခံစားလိုက်ရပါသည်။ ကျန်းဖုကွမ်းလိုမျိုး စွမ်းအားကြီးလုပ်ကြံသတ်ဖြတ်သူကပင်လျှင် လင်းချင်းကျီကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါဟု ကျန်းဖုကွမ်းထံမှတစ်ဆင့် လီချန်ချင်းက ကြားသိခဲ့ပြီးဖြစ်ပါသည်။ လင်းချင်းကျီမှာ လွန်စွာ အန္တရာယ်များသော လူဖြစ်သည်ဟု ရွှယ်ချန်းပိုင်မှလည်း လီချန်ချင်းကို သတိပေးထားခဲ့ဖူးပါသည်။
ထို့ကြောင့် မိုးနဂါးနယ်မြေမှာ လင်းချင်းကျီ၏စီမံခန့်ခွဲမှုအောက်တွင်ရှိသည်ဟု သိလိုက်ရသည်နှင့် လီချန်ချင်းက သူ၏သတိပြုမှုများကို အဆုံးအစွန်အထိ မြှင့်တင်ထားပြီးသားဖြစ်ပါသည်။ သူ့အတွက်ကံကောင်းထားသည်က လောလောဆယ် သူ၏ရုပ်ဖျက်ထားမှုမှာ လင်းချင်းကျီက သူ့ကို ဘယ်လိုမှ မှတ်မိနိုင်စရာအကြောင်းမရှိပါချေ။ စိတ်ဝိညာဉ်သားရဲဆွဲသော ရထားလုံးကို စီးနင်းပြီး သူတို့သုံးဦးမှာ မိုးနဂါးနယ်မြေ၌ရှိသော စန်းယွမ်ခန်းမထံသို့ ဦးတည်သွားကြပါတော့သည်။ ပိုင်တုက လီချန်ချင်းကို ပေးထားသော သတင်းအချက်အလက်များအရ ရှီယွင်စန်းသည် ညနေရောက်လျှင် ဘယ်နေရာမှာ ပေါက်စီကိုရောင်းသည်ဆိုတာကို လီချန်ချင်းက သိထားပါသည်။ ရှီယွင်စန်းက ပေါက်စီရောင်းချပြီး ဆိုင်သိမ်းသည့်အခါတွင် သူ့ကို ဖမ်းဆီးရန်အတွက် လီချန်ချင်းက အစီအစဉ်ချထားပါ၏။ ရှီယွင်စန်းကို ဖမ်းဆီးပြီးသည့်နောက်တွင် သူ၏ဝိညာဉ်တွေအကုန်ဆွဲထုတ်ပြီး လီချန်ချင်းရဲ့ကိုယ်ပိုင်လူ၏ဝိညာဉ်ကို သွတ်သွင်းမည်ဟု အစီအစဉ်ချထားခြင်းပဲဖြစ်သည်။
ထျန်းဟိုင်မြို့၏ စည်ကားသိုက်မြိုက်မှုမှာ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်လှပါသည်။ ထျန်းဟိုင်မြို့၌ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ဖွင့်လှစ်ရန်အတွက်ပင် လီချန်ချင်းက စတင်၍တွေးတောလာနေခဲ့ပါသည်။ ဤနေရာတွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲကို ဖွင့်လှစ်တည်ထောင်လိုက်ပါက လီချန်ချင်းရရှိနိုင်မည့် အမြတ်ငွေများသည် အလွန်အမင်းများပြားမည်ဖြစ်သည်။
“ထျန်းဟိုင်မြို့မှာ ဆိုင်ဖွင့်တာက ထင်သလောက်မရိုးရှင်းဘူး”ကျန်းဝမ်လျိုက လီချန်ချင်း၏တလတ်လတ်တောက်ပနေသော မျက်ဝန်းများကို မြင်သောအခါ သတိပေးလိုက်ခြင်းဖြစ်ပါသည်။
“ထျန်းဟိုင်မြို့မှာ ရှိသမျှ ဆိုင်တိုင်းအားလုံးက သူတို့ရဲ့အထက်တန်းမိသားစုတွေရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိတယ်။ ထျန်းဟိုင်မြို့ရဲ့ (၈၀)ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတွေကို အထက်တန်းလွှာမိသားစုကြီး (၁၉)ခုက ကိုင်တွယ်ထားတယ်။ မိသားစုတွေအားလုံးကို ဦးဆောင်နေတာကတော့ ယွဲ့မိသားစုပဲ။ ကျန်တဲ့ (၂၀)ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတွေကိုတော့ အထက်တန်းလွှာမိသားစုတွေအောက် တစ်ဆင့်နိမ့်တဲ့မိသားစုငယ်လေးတွေက ထိန်းချုပ်ထားတယ်။
ပြီးတော့ ကျန်တဲ့အစိတ်အပိုင်းတွေကတော့ ထျန်းဟိုင်မြို့ရဲ့ မြို့သခင်ဖြစ်တဲ့ ကျန်းထျန်းယွမ်ကကိုင်တွယ်ထားတယ်။ အဲ့ဒါကြောင့်မလို့ ပြင်ပကစီးပွားရေးအင်အားတစ်ခုခုက ဝင်ရောက်ပြီးတော့ စီးပွားရေးလုပ်ငန်းကို ခွဲဝေဖို့က ထင်သလောက် မလွယ်ကူဘူး”
ကျန်းဝမ်လျိုက လီချန်ချင်းကို သေချာရှင်းပြလိုက်ပါသည်။
“မင်းပြောတဲ့အချက်အလက်တွေအရဆို တကယ်ကို မလွယ်ကူတာပဲ။” ကျန်းဝမ်လျို၏ရှင်းလင်းမှုကို ကြားပြီးနောက်တွင် လီချန်ချင်းက အနည်းငယ်တော့ စိတ်ပျက်သွားခဲ့ပါသည်။ ဒါပေမယ့်သူက မျှော်လင့်ချက်ကိုတော့ မစွန့်လွှတ်ပါ။ လောလောဆယ်မှာ မဖြစ်နိုင်ဘူးဆိုရင်တောင် အနာဂတ်မှာ ဖြစ်နိုင်ချေရှိသေးတယ်လေ။
ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အမှန်တကယ်ကို အင်အားကြီးလာလို့ရှိရင် ဒီနေရာမှာရှိတဲ့ နယ်မြေတစ်ခုလောက်ကိုတော့ သိမ်းပိုက်နိုင်မှာပဲ။ အဆောက်အဦးများမှာ ကြီးမားလှသည်။
မြင့်မားလှသော အထပ်မြင့်အဆောက်အဦးများလည်းရှိ၏။ လူများစွာသွားလာနေပြီး ဆိုင်တိုင်း ဆိုင်တိုင်းတွင် လူအပြည့်နှင့် စည်ကားသိုက်မြိုက်နေသောကြောင့် လီချန်ချင်းက အတိတ်ဘဝတုန်းက ခေတ်သစ်မြို့ပြများကိုပင် ပြန်လည်မြင်ယောင်လာခဲ့မိပါသည်။
မြောက်မြားစွာသော စီးပွားရေးအကြံဉာဏ်များက လီချန်ချင်း၏ခေါင်းထဲ၌ တဖြည်းဖြည်းပေါ်လာခဲ့ပါသည်။ ခပ်ဝေးဝေးတွင်ရှိသော လူနေအိမ်အဆောက်အဦးများကို မြင်သောအခါတွင်တော့ လီချန်ချင်းကအံ့အားသင့်သွားခဲ့ပါ၏။
“ဒီနေရာမှာ အိမ်တွေရောင်းတယ်… ဟုတ်လား” လီချန်ချင်းသည် မေးမြန်းလိုက်ပါသည်။
“ဟုတ်တယ်။ ထျန်းဟိုင်မြို့မှာ နေတာက ရွေးချယ်မှုကောင်းတစ်ခုလို့ ပြောလို့ရတယ်လေ။” ကျန်းဝမ်လျိုသည် အပြုံးတစ်ခုနှင့် ပြောလိုက်ပါသည်။
“ထျန်းဟိုင်မြို့ရဲ့ လုံခြုံရေးက အရမ်းကို ကောင်းလွန်းအားကြီးတယ်။ ဒီမှာနေထိုင်ကြတဲ့သူတွေ တော်တော်များများက ပြသနာရှာတာတွေ သိပ်မရှိဘူး။ ပြီးတော့ မိသားစုကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေက သာမန်လူတွေအတွက် အလုပ်လုပ်ရဖို့ လွယ်ကူတယ်လေ။ အဲ့မိသားစုကြီးတွေက သိုင်းပညာသင်တန်းကျောင်းတွေ ဖွင့်ထားပြီးတော့ ပါရမီရှိပြီးအလားအလာကောင်းတဲ့လူငယ်တွေကို သူတို့မိသားစုရဲ့ တပည့်တွေအဖြစ် ခေါ်သွင်းလေ့ရှိတယ်။
မင်းသာဒီမှာ အိမ်ဝယ်ပြီးနေမယ်ဆိုလို့ရှိရင် မင်းရဲ့ကျင့်ကြံခြင်းက အားနည်းနေတယ်ဆိုရင်တောင်မှ မင်းရဲ့တခြား တခြားသော ကျွမ်းကျင်မှုတွေနဲ့ ဒီမှာ အလုပ်လုပ်လို့ရတယ်။ ပြောရမယ်ဆိုရင်ကွာ ဒီမှာနေပြီး အလုပ်လုပ်မယ်ဆိုလို့ရှိရင် ချမ်းသာဖို့အတွက် ရာခိုင်နှုန်းပိုများတယ်လေ။”
ကျန်းဝမ်လျိုသည် မနာလိုဖြစ်နေသော လေသံဖြင့်ပြောလိုက်ပါ၏။ ထိုစကားကို ကြားသောအခါတွင် လီချန်ချင်းတစ်ယောက် စိတ်မထိန်းနိုင်ဘဲ အိမ်ခြံမြေရောင်းဝယ်ရေးဌာနမှ ကိုယ်စားလှယ်များထံသို့ ချဉ်းကပ်သွားခဲ့ပါသည်။ ဤနေရာမှာ ရောင်းချသည့် အိမ်ရဲ့ တန်ဖိုးနဲ့ပတ်သတ်ပြီး လီချန်ချင်း သိချင်နေခဲ့သည်။ ဤနေရာရှိ ပတ်ဝန်းကျင်အခြေအနေမှာ လွန်စွာကောင်းမွန်လှ၏။ သူသာ ဤနေရာတွင် အိမ်ဝယ်နိုင်မည်ဆိုပါက သူ၏အစီအစဉ်များအတွက် ပို၍အလုပ်ဖြစ်သွားမည်ဖြစ်သည်။
အတွင်း၌ လူများစွာတို့သည် အလုပ်ရှုပ်နေခဲ့ကြပါ၏။ နံရံထက်မှာ အိမ်တန်ဖိုးဈေးနှုန်းတွေရေးချိတ်ထားသည်ကို လီချန်ချင်းမြင်လိုက်ရသည်။
မိုးနဂါးနယ်မြေ၌ဝယ်ယူ၍ရရှိနိုင်သည့် အိမ်တော်များ၏စာရင်းနှင့် တန်ဖိုးများကို တစ်ခါတည်းရေးဆွဲထားပါသည်။
မည်သည့်လမ်း၊ မည်သည့်ခြံဝန်းက မည်မျှဆိုသည့်တန်ဖိုးကိုပါ တစ်ပါတည်း ဖော်ပြထားပါ၏။ လီချန်ချင်းက ဈေးနှုန်းများကို ကြည့်လိုက်သည်။ အိမ်တစ်လုံးကို ငွေစ တစ်သိန်းခွဲ ဟု တွေ့လိုက်၏။
“ဟ ဈေးပေါလိုက်တာ” လီချန်ချင်းက စိတ်ထဲ၌ ခပ်လှောင်လှောင်တွေးလိုက်သည်။ သို့သော် တစ်သိန်းခွဲဟူသော တန်ဖိုးသည် ငွေစတစ်သိန်းခွဲမဟုတ်ဘဲ ရွှေတုံးတစ်သိန်းခွဲဟု လီချန်ချင်းကအောက်တွင် ဆက်ဖတ်မိသောအခါတွင်တော့ သူ၏မျက်လုံးများပြူးကျယ်သွားပြီး အလွန်အမင်းထိတ်လန့်သွားခဲ့ပါသည်။
ရွှေတုံးတစ်သိန်းခွဲပေးကာ သူဝယ်ယူနိုင်သော်လည်း လွန်မင်းစွာ ဈေးကြီးသည်ဟု ခံစားခဲ့ရပါ၏။ မှန်ပါသည်။ မည်သည့်လောကတွင်မဆို အိမ်တစ်လုံးကို ဝယ်ယူနိုင်ရန်မှာ အင်မတန်ခက်ခဲလှပါသည်။ တစ်နေ့တာမှာ ဖြည်းညင်းစွာဖြင့် ညနေပိုင်းသို့ ရောက်လာခဲ့ပါ၏။ ညနေပိုင်းရောက်လာသောလည်း ထျန်းဟိုင်မြို့ကြီးမှာ စည်ကားသိုက်မြိုက်လို့နေဆဲပင်ဖြစ်ပါသည်။
လမ်းတစ်လျှောက်တွင် မြောက်မြားစွာသော မိသားစုများ၏ရထားလုံးများမှာ ပြေးဆွဲနေဆဲပင်ဖြစ်သည်။ ထိုရထားလုံးများ၏အတွင်းမှာ ထွက်ပေါ်နေသော စွမ်းအားများ၏အရှိန်အဝါများကို ခံစားမိသော လီချန်ချင်းက ဤမြို့တော်တွင်ရှိသော မိသားစုများ၏ခွန်အားကို နားလည်သွားခဲ့ပါသည်။ ဤနေရာတွင် ပြန်လည်မွေးဖွားခြင်းအဆင့် ကျွမ်းကျင်သူများသည် အစေခံသာသာအဆင့်သာ ရှိပါသည်။
ဖြစ်နိုင်တာက ဤနေရာရှိ အထက်တန်းလွှာမိသားစုများတွင် အဆင့်မြင့်ဆရာသခင်ကျင့်ကြံဆင့်ရှိသော လူများတောင် ရှိနိုင်ပါ၏။ ထို့အပြင် မဟာ သိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူများလည်း ရှိနိုင်ပါသည်။
သူတို့သုံးဦးသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ထိုင်နေရင်း ရှီယွင်စန်းရောက်လာမည်ကို စောင့်မျှော်နေခဲ့ကြပါသည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ပြောကြားချက်အရ ရှီယွင်စန်းသည်နောက်ထပ် (၄၅)မိနစ်အကြာတွင် လက်ဖက်ရည်ဆိုင်အရှေ့၌ တွန်းလှည်းကလေးနှင့်လာပြီး ပေါက်စီရောင်းချလေ့ရှိသည်ဟု သိခဲ့ရပါသည်။