အခန်း (၃၈၇)
Vol. 32 Ch. 387
“သူလာပြီ”
(၄၅)မိနစ်ကြာပြီးချိန်မှာတော့ ကျန်းဝမ်လျိုက လီချန်ချင်းကို အသံပို့လွှတ်လိုက်သည်။ လီချန်ချင်းမှာ မျက်နှာဖုံးအောက်မှ ရွှေရောင်နှင့် အနက်ရောင် တလှည့်စီတန်းနေတဲ့ မျက်ဝန်းများနဲ့စိုက်ကြည့်နေပါ၏။
တွန်းလှည်းငယ်လေးကို တွန်းလာသော လူတစ်ဦးကို လီချန်ချင်းမြင်လိုက်ရပါသည်။ ထိုသူ၏ပုံစံမှာ သာမန်လူတစ်ဦးနှင့်တူပါသည်။ သူ၏အရှေ့လှည်းတွင် ဂျုံများစွာရှိပြီး ခါးစည်းတစ်ခုကိုလည်း သူ၏ခါးတွင် ချည်နှောင်ထားပါ၏။ သူ့ပုံစံက ဘယ်လိုပဲကြည့်ကြည့် သာမန်ပေါက်စီရောင်းသောလူတစ်ဦးဟုပင် ထင်မြင်စရာပင်ဖြစ်၏။
ထိုသူမှာ စန်းယွမ်ခန်းမ၏အချက်အလက်ဌာနတွင် အလုပ်လုပ်သော ကျွမ်းကျင်သူတစ်ဦးဖြစ်လိမ့်မည်ဟု ဘယ်လိုမှပင် ထင်ရက်စရာမရှိပါ။ ရှီယွင်စန်းက ဆိုင်ကို နေရာချလိုက်ပြီးသည်နောက်တွင် စတင်၍အလုပ်ရှုပ်နေပါတော့သည်။
သိပ်မကြာခင်မှာပင် မွှေးပျံ့သင်းကြိုင်လှသော ပေါက်စီရနံ့များက လီချန်ချင်းတို့ထိုင်နေသော နေရာထိ ရောက်ရှိလာခဲ့ပါ၏။ သိပ်မကြာခင် ရှီယွင်စန်း၏တွန်းလှည်းဆိုင်ကလေးအရှေ့တွင် ဈေးဝယ်သူအများအပြားရောက်လာခဲ့ပါ၏။ လီချန်ချင်းက တိတ်ဆိတ်စွာပင် ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။ တဖြည်းဖြည်းနှင့်မှောင်ရိပ်သန်းလာသောအခါတွင် ရှီယွင်စန်းက ဆိုင်သိမ်းရန်အတွက် ဟန်ပြင်လိုက်ပါ၏။
သူ မမျှော်လင့်ထားတာက ထိုအခိုက်မှာပင် တခြားသူတစ်ဦးရောက်လာခဲ့ပါ၏။
ရောက်ရှိလာသောသူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမက စွတ်စွတ်ဖြူနေသော ငွေရောင်ဆံနွယ်များရှိပြီး ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပါ၏။ သူမ၏ပုံစံမှာ ဆန်းကြယ်လှသောအရှိန်အဝါတစ်ရပ်ကို ပေးစွမ်းလို့နေပေသည်။ သူမသည် တွန်းလှည်းဆိုင်လေး၏အရှေ့ခုံတန်း၌ ထိုင်လိုက်သည်။ နောက်တစ်ခါတွင် သူမထံမှ ခပ်ဖျော့ဖျော့သံစဉ်ကဲ့သို့သော ညင်သာသည့်အသံတစ်သံထွက်ပေါ်လာခဲ့သည်။
“ ဆိုင်ရှင်.. ကျွန်မ ပေါက်စီ(၂)လုံးလိုချင်တယ်။”
ရှီယွင်စန်းက ရောက်လာသောအမျိုးသမီးလေးကိုကြည့်ပြီး ရွှင်လန်းစွာ ပြုံးလိုက်ပါသည်။
“အာ..သခင်မလေးယွဲ့ပဲ..။ အခုပဲကျွန်တော် သခင်မလေးအတွက် ပြင်ပေးပါ့မယ်”
“စိတ်ရှုပ်စရာကောင်းတဲ့လူတော့ ရောက်လာပြီ” ထိုအခိုက်တွင် ကျန်းဝမ်လျိုက လီချန်ချင်း၏နားနားသို့ကပ်ကာ တီးတိုးပြောလိုက်ပါသည်။ သူက အသစ်ရောက်လာသောသူကို သိနေသည်မှာ အမှန်အကန်ပင်ဖြစ်သည်။
“သူမက ဘယ်သူမို့လို့လဲ” လီချန်ချင်းက ထိုအမျိုးသမီးလေးကို ကြည့်လိုက်ပါ၏။ အံ့ဩဖို့ကောင်းတာက ထိုအမျိုးသမီးလေးထံမှ လွန်စွာရင်းနှီးသောအရှိန်အဝါကို သူခံစားနေခဲ့ရပါ၏။
“မင်းသူ့ကိုမသိဘူးလား” ကျန်းဝမ်လျိုက လီချန်ချင်း၏နားနားသို့ကပ်ကာ ထပ်ပြောလိုက်၏။
“သူကယွဲ့မိသားစုရဲ့တန်ဖိုးအထားရဆုံးပုလဲရတနာဖြစ်တဲ့ ယွဲ့ချင်းဝူလေ”
“ယွဲ့ချင်းဝူ” ထိုနာမည်သည် သူနှင့်ရင်းနှီးနေသည်ဟု ခံစားနေခဲ့ရပါသည်။
“သူကယွဲ့ဟန်ကျွင်းရဲ့ညီမလေ။ မင်းယွဲ့ဟန်ကျွင်းကိုတော့ ကြားဖူးတယ်မလား။ တစ်ချိန်တုန်းက သူကအရမ်းကိုနာမည်ကြီးကျော်ကြားခဲ့တဲ့ ပန်းချီသူတော်စင်တစ်ဦးဖြစ်ခဲ့တယ်လေကွာ..။”
ကျန်းဝမ်လျိုက လီချန်ချင်းကို အသိပေးလိုက်ပါသည်။
“ယွဲ့ဟန်ကျွင်းရဲ့ညီမလား။” လီချန်ချင်းသည် ငွေရောင်ဆံပင်ရှိသော အမျိုးသမီးလေးကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပါ၏။ သူမ၏ပုံရိပ်ကို မြင်သောအခါတွင် သူ့နှလုံးသားတစ်ခုလုံးက တဆက်ဆက်တုန်ရီလာသည်ကို ခံစားလိုက်ရပါသည်။ ထိုခံစားချက်မှာ လွန်စွာထူးဆန်းလှပါ၏။ ထိုအမျိုးသမီးနှင့်သူက ပုံမှန်ထက်ရင်းနှီးနေသော ခံစားချက်ပင်ဖြစ်သည်။
ငါ..ဘာတွေဖြစ်နေတာလဲ
လီချန်ချင်း၏ထူးဆန်းသောအမူအရာကို မြင်သောအခါတွင် လီချန်ချင်းနံဘေးတွင် ထိုင်နေသော မူချင်းကောက ယွဲ့ချင်းဝူကို တစ်ချက်ကြည့်ပြီးနောက် လီချန်ချင်းကို မျက်စောင်းထိုးကာ ပြောလိုက်ပါ၏။
“လူကြီးမင်းချန်ချင်းက အလှအပကို မြင်တဲ့အချိန်မှာတောင် စိတ်နှလုံးတည်ငြိမ်တဲ့သူတစ်ယောက်လို့ ကျွန်မက ထင်ထားတာ။ အခုကြည့်ရတာတော့ အဲ့လိုဟုတ်မယ်မထင်ဘူး။”
သူမကို သူပထမဆုံးတွေ့တုန်းက လီချန်ချင်း၏အမူအရာမှာ ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေခဲ့ပါသည်။ ယခုလိုမျိုးဖြစ်မနေခဲ့ပါ။
“အဲ့လိုမဟုတ်ဘူး” လီချန်ချင်းက မူချင်းကော၏ရွဲ့တဲ့တဲ့ပြောသော လေသံကို ကြားသော ဖျော့တော့ပြုံးရင်းနှင့်် ပြောလိုက်ပါသည်။ ယွဲ့ချင်းဝူနှင့် လွန်မင်းစွာ ရင်းနှီးသော ခံစားချက်ဖြစ်နေသည်ကို လီချန်ချင်းကလည်း မရှင်းပြတတ်ပါ.။
သူမကို ယခုမှ ပထမဦးဆုံးအကြိမ် မြင်ဖူးသည့်တိုင် ဘာကြောင့်ဒီလိုဖြစ်နေရတာလဲ။ အရမ်းထူးဆန်းလွန်းတယ်
သူတို့နှစ်ယောက်က အဲ့လောက်ကြီးရင်းနှီးတဲ့ခံစားချက်ကတော့ မဖြစ်သင့်ဘူးလေ။ လောကကြီးမှာ သွေးသားရင်းချာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ့်အမျိုးကို ကိုယ်တွေ့ရင်တောင်မှ အခုလိုမျိုး ရင်းနှီးပြီးတော့ ဆန်းကြယ်တဲ့ခံစားချက်ကို ရဖူးကြမှာမဟုတ်ဘူးလေ။
ထိုအခိုက်မှာပင် ပေါက်စီကိုငုံ့စားနေသော ယွဲ့ချင်းဝူကလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားသလို သူမ၏ခေါင်းလေးမှာ ရုတ်တရက်မော့လာခဲ့သည်။ ထို့နောက် သူမသည် လီချန်ချင်းထိုင်နေရာသို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
သူမက အရပ်မျက်နှာတစ်ခုလုံးကို စေ့စေ့စပ်စပ်ကြည့်ရှု့နေခဲ့၏။ သူမ၏ငွေရောင်မျက်လုံးများသည် နောက်ဆုံး၌ လီချန်ချင်း၏ ခန္ဓာကိုယ်ပေါ်တွင် ရပ်တန့်သွားခဲ့သည်။ သူမကလည်း တစ်စုံတစ်ခုကို အာရုံခံမိနေပုံပင်။ သူမ၏ငွေရောင်မျက်လုံးများက လီချန်ချင်း၏မျက်လုံးများနှင့် ဆုံတွေ့သွားသောအခါတွင် လီချန်ချင်း၏ခန္ဓာကိုယ်တွင်း၌ရှိသော နဂါးအတွင်းအားများအားလုံးက ကမောက်ကမဖြစ်သွားခဲ့သည်။
ပုံမှန်အနက်ရောင်မျက်လုံးများသည် ချက်ချင်းပင် ရွှေရောင်သန်းလာခဲ့တော့သည်။
“ငါ့ကိုရှာတွေ့သွားပြီ”
ထူးဆန်းလှသော အကြောင်းပြချက်ကြောင့် ယွဲ့ချင်းဝူ၏ငွေရောင်မျက်လုံးများက သူ့ကို သူ့ရုပ်ဖျက်ထားမှုအားထွင်းဖောက်မြင်နိုင်နေသည်ဟု ခံစားနေရပါသည်။ အခုချိန်မှာ ယွဲ့မိသားစုက သူ့ရဲ့သရုပ်မှန်ကို ရှာတွေ့သွားပါက ပြဿနာများစွာ ရှုပ်ထွေးလာမည်ဟု လီချန်ချင်းက သိနေခဲ့ပါသည်။
သူရောက်နေတာကို သည်နေရာမှာ သတင်းပေါက်ကြားသွားရင် ရှီယွင်စန်းခန္ဓာကိုယ်ကို ဖမ်းဆီးဖို့အတွက်က ပိုပြီးမဖြစ်နိုင်ဘူးဖြစ်သွားလိမ့်မယ်။ ထို့ကြောင့် လီချန်ချင်း၏လက်ရှိအစီအစဉ်မှာ ယွဲ့ချင်းဝူထံမှ လွတ်အောင်ပြေးပြီးတော့ ဤနေရာမှ ထွက်ခွာရန်ဖြစ်သည်။
“ငါတို့သွားရအောင်” လီချန်ချင်းက မတ်တပ်ချက်ချင်းရပ်ပြီးပြောလိုက်သည်။
“မင်းတို့နှစ်ယောက်အရင်ဦးဆုံး ပုန်းဖို့အတွက် နေရာရှာလိုက် ငါဒီကောင်မလေးကို မျှားခေါ်သွားလိုက်မယ်.။ ပြီးရင် မင်းတို့တွေကို ငါလာခေါ်မယ်”
ထိုသို့ပြောပြီးနောက်တွင် သူကဆိုင်ထဲမှ ထွက်သွားပြီး အရပ်မျက်နှာတစ်ခုသို့ ဦးတည်ထွက်သွားခဲ့ပါသည်။ မူချင်းကောနဲ့ ကျန်းဝမ်လျိုကလည်း အသံတစ်ချက်မှမထွက်ဘဲ တခြားသော အရပ်မျက်နှာသို့ ဦးတည်ထွက်သွားခဲ့ကြသည်။ ယွဲ့ချင်းဝူက လီချန်ချင်း၏အနောက်သို့ ချက်ချင်းကို လိုက်လာခဲ့၏။
စစချင်းတုန်းကတော့ လီချန်ချင်းသည် လမ်းမများထက်၌ ဖြည်းညင်းစွာ လမ်းလျှောက်နေခဲ့ပါသည်။ သူ၏နတ်ဘုရားဝိညာဉ်အာရုံကိုတော့ ယွဲ့ချင်းဝူအပေါ်တွင် လွှမ်းခြုံထားခဲ့သည်။ ယွဲ့ချင်းဝူက သူ့အနောက်သို့ တောက်လျှောက်လိုက်နေသည်ကို အာရုံခံမိသောကြောင့် သူ၏ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလိုက်ပါသည်။ သူမကလည်း သူ့အနောက်သို့ ခပ်မြန်မြန်လိုက်လာခဲ့၏။ လူရှင်းသောနေရာသို့ ရောက်သောအခါတွင် လီချန်ချင်းက နောက်ဖေးလမ်းကြားတစ်ခုထဲသို့ ဝင်ပြီး အရှိန်ကို မြှင့်တင်လိုက်ပါ၏။ ယွဲ့ချင်းဝူကို မျက်ခြေပြတ်နိုင်ရန်အတွက် သူကမျှော်လင့်ခဲ့ပါသည်။ သို့သော် ယွဲ့ချင်းဝူကလည်း နုံအအမိန်းကလေးမဟုတ်ပါ။
ထျန်းဟိုင်မြို့၌ ယွဲ့မိသားစု တည်ရှိသည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ထျန်းဟိုင်မြို့၏လမ်းကြားများအားလုံးကို သူမ၏လက်ဖဝါးထက်တွင်ရှိသကဲ့သို့ ယွဲ့ချင်းဝူကကျွမ်းကျင်နေခဲ့ပါသည်။
“ထွက်ပြေးချင်တယ်ပေါ့ ဟုတ်လား”
ယွဲ့ချင်းဝူက တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် လီချန်ချင်း၏နောက်သို့ အရှိန်မြှင့်တင်ကာ လိုက်လာခဲ့ပါသည်။ သူမသည် ကောင်းကင်ထက်သို့ ခုန်တက်လိုက်၏။ သူမ၏ဝတ်ရုံလက်စများသည် ပျံသန်းနေသော လိပ်ပြာကဲ့သို့ လှပစွာ ဝေ့ဝိုက်သွားခဲ့ပါသည်။ ထို့နောက်တွင် သူမ၏ပုံရိပ်သည် လေထုထဲတွင်ပင် ပျောက်ကွယ်သွားခဲ့ပါသည်။ လီချန်ချင်းက ကောင်းကင်ထက်တွင် မပျံသန်းခဲ့ပါ။ သူသာ ကောင်းကင်ထက်တွင်ပျံသန်းပြီး ထွက်ပြေးလိုက်ပါက မြို့ထဲတွင်ရှိသော စွမ်းအားကြီးကျင့်ကြံသူများ၏အာရုံကို ဆွဲဆောင်သွားစေမည်ဖြစ်သည်။
ထို့ကြောင့်သူက လူရှင်းသော နေရာတွင်သာ ယွဲ့ချင်းဝူကို ရှင်းပစ်ရန်အတွက် တွေးထားခဲ့ပါသည်။ ယွဲ့ချင်းဝူက ထိုမျှ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် သူ့နောက်ကို လိုက်နေမည်ကိုတော့ လီချန်ချင်းမထင်ထားခဲ့ပါ။
ထို့ကြောင့် လီချန်ချင်းသည် သူ၏ခွန်အားများကို လျော့မထားတော့ဘဲ အစွမ်းကုန်သုံးလိုက်ပါ၏။ လရောင်အောက်တွင် သူ၏ပုံရိပ်မှာ လှပသော ငန်းတစ်ကောင်ကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့ပါ၏။
“နှင်းငှက်မွှေးကိုယ်ဖော့သိုင်းပါလား”
ယွဲ့ချင်းဝူသည် လီချန်ချင်း အသုံးပြုသွားသော ကိုယ်ဖော့သိုင်းကို မြင်သည်နှင့်တစ်ချက်တည်းမှတ်မိသွားပါသည်။ ထိုနှင်းငှက်မွှေးကိုယ်ဖော့သိုင်းသည် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ကိုယ်ဖော့သိုင်းတစ်ခုပင်ဖြစ်သည်။ သို့သော် ထိုကိုယ်ဖော့သိုင်းမှာ စွမ်းအားကြီးမားလှသည့်တိုင် ယွဲ့မိသားစု၏ကိုယ်ပိုင် ကိုယ်ဖော့သိုင်းထက်တော့ အတော်လိုနေသေးခဲ့ပါသည်။
သူမ၏ကျင့်ကြံမှုအဆင့်ကလည်း အားမနည်းလှသောကြောင့် ယွဲ့ချင်းဝူသည် တဖြည်းဖြည်းနှင့် လီချန်ချင်းနှင့်နီးကပ်လာခဲ့ပါ၏။ နောက်ဆုံး၌ လီချန်ချင်းသည် အိမ်ပျက်များရှိသော မှောင်မိုက်နေသည့် ခြံဝန်းတစ်ခုထဲသို့ ရောက်လာခဲ့ပါသည်။
ဤနေရာသည် လရောင်မှအပ အခြားသော အလင်းများမရှိဘဲ ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေသောကြောင့် ခြောက်ခြားဖွယ်ရာခံစားချက်ကို ရရှိစေမည်ဖြစ်သည်။ ထျန်းဟိုင်မြို့လိုမျိုး စည်ကားသိုက်မြိုက်ပြီး ကြွယ်ဝသောနေရာ၌ ယခုလိုမျိုးခြောက်ခြားဖွယ်နေရာရှိမည်ဟု သူမမျှော်လင့်ထားခဲ့မိပါချေ။
သူက ဒီနေရာမှာ ရပ်လိုက်ပြီဖြစ်သောကြောင့် ယွဲ့ချင်းဝူက ပြဿနာရှာမည်ဆိုပါက သူမကို ဤနေရာ၌ မေ့မြောအောင် ပြုလုပ်မည်ဟု လီချန်ချင်းက တွေးထားပါသည်။ သူမကို သတ်ဖြတ်ရန်အကြံအစည်မှာတော့ လုံးဝမဖြစ်နိုင်ပါချေ။ သူတို့နှစ်ဦးကြားမှာ ဆန်းကြယ်သော ဆက်နွယ်မှု တစ်ခုရှိနေရုံသာမက သူသာ ယွဲ့ချင်းဝူကို သတ်ဖြတ်လိုက်ပါက ထျန်းဟိုင်မြို့ကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည်မဟုတ်ပါ။
ထို့ကြောင့် လီချန်ချင်းသည် တိတ်တဆိတ်နှင့် ယွဲ့ချင်းဝူကို စောင့်နေခဲ့ပါသည်။ ဒီအမျိုးသမီးက ဘာရည်ရွယ်ချက်နဲ့ သူ့နောက်ကို လိုက်နေတာလဲဆိုတာကို သူက ဖော်ထုတ်လိုခဲ့သည်။ ယွဲ့ချင်းဝူက တခဏမျှကြာသောအခါတွင် အိမ်ပျက်များရှိရာ ခြံဝန်းသို့ ရောက်လာခဲ့သည်။
ကြီးမားလှသော သေတ္တာကြီးတစ်ခုကို ထမ်းပိုးထားပြီး တစ်ကိုယ်လုံးကို ဝတ်ရုံနက်နှင့်ဖုံးအုပ်ထားကာ မျက်နှာတဝက်ကို သတ္တုမျက်နှာဖုံးစွပ်ထားသည့်လူတစ်ဦးသည် အရိပ်ထဲ၌ရှိနေသည်ကို သူမမြင်နေခဲ့ရပါသည်။
သူမ၏ငွေရောင်မျက်လုံးက ထိုသူ့ကို ထွင်းဖောက်လုမတတ်ကြည့်ပြီး ခပ်ဖျော့ဖျော့မေးလိုက်ပါသည်။
“ရှင်က လီချန်ချင်းလား”