စစ်ကြေညာခြင်း
Vol. 64 Ch. 947
ဆူဇီမိုသည် လက်ရှိအခြေအနေက အထိုင်ကျသွားသည်ကို မြင်သောအခါ.. သူက ဓားပျံ ၃၆ လက်ကို ညင်သာစွာ ယပ်ခေါ်၍ သိမ်းဆည်းလိုက်လေသည်။
မည်သို့ပင်ဆိုစေ.. သူ၏ဓားပျံများက အစစ်အမှန် မူလဓမ္မလက်နက်များ မဟုတ်ပေ။ ဓားပျံတစ်စုံလုံးကို အချိန်ကြာမြင့်စွာ ထုတ်ဖော်ထားမည်ဆိုလျှင် မသင်္ကာစရာ တစ်စုံတစ်ရာ ဖြစ်ပေါ်မလာဟု အာမမခံနိုင်ပေ။
ဓားပျံ ၃၆ လက်စလုံးကို အတူတကွ စုစည်းထားလျှင်တောင် အဲဒါက နေရာများစွာ မယူပေ။
သူက ဓားပျံများကို လက်ထဲမှာ စုကိုင်ပြီး မျက်ခုံးတစ်ချက်ပင့်ကာ ဓားပျံ ၃၆ လက်ကို သူ၏ ညာဘက်မျက်လုံးထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားစေလေသည်။
“မင်းတို့ရဲ့ အသွန်းတစ်ရာဂိုဏ်းက ဒီလက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲမှာ အနိုင်ရသွားတယ်ဆိုရင်တောင် ဘာမှထူးခြားလာမှာ မဟုတ်ဘူး”
ထိုစကားကို ပြောလိုက်သောသူက ငရဲမီးစံအိမ်ဘက်ခြမ်းရှေ့ရှိ ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။
သူက ငရဲမီးစံအိမ်ဘက်မှ တစ်ဦးတည်းသော မူလနတ္ထိဖြစ်ပြီး သူ၏တာအိုဘွဲ့က အသွန်းတောင်ထွတ် ဖြစ်လေသည်။
သူက ထိုစကားကို ပြောလိုက်ခြင်းဖြင့် ငရဲမီးစံအိမ်က ရှုံးနိမ့်မှုကို ဝန်ခံသွားပြီဖြစ်ကြောင်း လူတိုင်းက သိလိုက်လေသည်။
တာအိုသက်ရှိ အသွန်းတောင်ထွတ်၏ မျက်နှာက ညိုမည်းလာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မဟာဘိုးဘေးတွေကြားက လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲမှာဆိုရင် ငါတို့ရဲ့ စံအိမ်သခင်ကို ယှဉ်နိုင်တဲ့သူ အသွန်းတစ်ရာဂိုဏ်းဘက်မှာ တစ်ယောက်မှ မရှိဘူး”
“ဟုတ်ပါ့မလား”
ဆူဇီမိုက ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်လေသည်။
“မင်းတို့ ငရဲမီးစံအိမ်ဘက်က သူတွေက အဲဒါကို မကျေနပ်ဘူး လက်မခံဘူးဆိုရင် ဒီလက်ဖက်ရည်ဧည့်ခံပွဲ ပြီးတာနဲ့ အသွန်းတစ်ရာဂိုဏ်းက မင်းတို့ကို လာရှာမယ်.. အဲဒီအချိန်ကျရင် စိန်ခေါ်မှုကို မင်းတို့က လက်ခံရဲပါစေလို့ပဲ ငါမျှော်လင့်ရတာပဲ”
အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းက မလုံမလဲ ဖြစ်သွားကြလေသည်။
လက်နက်သွန်းလုပ်ခြင်းအရာမှာ ငရဲမီးစံအိမ်၏ စံအိမ်သခင်ကို ယှဉ်နိုင်သောသူ သူတို့ဘက်မှာ တစ်ယောက်မှမရှိကြောင်း သိထားကြလေသည်။
ဆူဇီမိုက ထိုစကားကို ပြောဆိုရဲခြင်းမှာ တာအိုအရှင်အဆုံးစွန်မီးကြောင့်ပင် ဖြစ်လေသည်။
လက်ဖက်ရည်ဧည့်ခံပွဲ ပြီးသည်နှင့် တာအိုအရှင်အဆုံးစွန်မီးက သူ၏ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပြီး လွှမ်းမိုးခြယ်လှယ်သော ပုံစံဖြင့် ထွက်ပေါ်လာမည် ဖြစ်လေသည်။
လက်နက်သွန်းလုပ်ခြင်းတွင် သူ၏ ကျွမ်းကျင်ပိုင်နိုင်မှုများအရ သူက ငရဲမီးစံအိမ်သခင်ကို သေချာပေါက် ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
“ကောင်းပြီလေ.. ငါတို့ စောင့်ကြည့်ရသေးတာပေါ့”
တာအိုသက်ရှိ အသွန်းတောင်ထွတ်က လှောင်ရယ်လိုက်လေသည်။
နန်းကုန်လင်းကို ပန်းပဲမီးဖို ပြန်ပေးပြီးနောက် ဆူဇီမိုက တာအိုအရှင်လန်ယွဲ့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
“စီနီယာ.. လက်နက်သွန်းလုပ်ခြင်း ပြိုင်ပွဲရဲ့ ရလဒ်က ရှင်းနေပြီပဲ.. ကျေးဇူးပြုပြီး ကျုပ်ကို လက်ဖက်ရည်တစ်ခွက် ပေးပါဦး”
တာအိုအရှင်လန်ယွဲ့က အလွန်တရာ မနှစ်မြို့သည့်ပုံပေါက်နေလေသည်။
သို့သော်လည်း.. သူမက လူတိုင်း၏ရှေ့မှောက်မှာ ကြိုးကြာတစ်ထောင်ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများကို မဖောက်ဖျက်နိုင်ပေ။
အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် တာအိုအရှင်လန်ယွဲ့က သူမကိုယ်သူမ ဣန္ဒြေဆည်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“လက်ဖက်ရည်ကို သုံးဆောင်ပါဦး”
သိပ်မကြာမီ.. အငွေ့တထောင်းထောင်း ထနေသော ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို ဆူဇီမိုထံသို့ ကမ်းပေးလိုက်လေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဓမ္မဝိသေသ အကြီးအကဲက ဆူဇီမိုအပေါ် အတော်လေးကို ရင်းနှီးဖော်ရွေမှုရှိပြီး သူက အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
“လက်ဖက်ရည်က ပူတုန်းသောက်မယ်ဆိုရင် အကောင်းဆုံးပဲ.. အဲဒါကို သောက်ပြီး အထဲမှာရှိတဲ့ လျှို့ဝှက်နက်နဲမှုတွေကို နားလည်ဆင်ခြင်ဖို့အတွက် မင်းရဲ့ အမြုတေစိတ်ဝိညာဉ်ကို အသုံးချပါ”
“ကျေးဇူးတင်ပါတယ် စီနီယာ”
ဆူဇီမိုက ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို လက်ခံယူပြီး သောက်သုံးလိုက်ခြင်း မရှိပေ။ ထိုအစား သူက လက်ဖက်ရည်ခွက်ကို အသွန်းတစ်ရာဂိုဏ်းဘက်သို့ ပြန်သယ်သွားလေသည်။
“ရော့.. အဲဒါကို သောက်လိုက်”
အားလုံး၏ အကြည့်အောက်မှာပင် ဆူဇီမိုက ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို လျှိုဟန်ယန်ထံသို့ ကမ်းပေးလိုက်လေသည်။
ကျင့်ကြံသူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ၏ အဓိကအခရာက ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ပင် ဖြစ်လေသည်။
အလယ်ပိုင်းတိုက်ရှိ နိုးထဝိညာဉ် ပြိုင်စံရှားများ အားလုံးသည် ဤနေရာတွင် စုဝေးလာကြသည်မှာ ဂမ္ဘီရလက်ဖက်ရည်တစ်ခွက် သောက်သုံးရဖို့ပင် ဖြစ်လေသည်။
သာမန် ဂမ္ဘီရလက်ဖက်ရည်ကပင်လျှင် အံ့မခန်း အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေလေသည်။
ဒါ့အပြင် အဲဒီမှာ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်က ငါးခွက်သာလျှင် ရှိလေသည်။
အတိအကျပြောရလျှင် လက်ဖက်ရည်ဧည့်ခံပွဲ၏ ဤနေရာအရောက်၌ ဆူဇီမိုလက်ထဲရှိ လက်ဖက်ရည်ခွက် အပါအဝင် အဲဒီမှာ လက်ဖက်ရည်ခွက် နှစ်ခွက်သာ ကျန်ရှိတော့လေသည်။
သို့သော် ယခုအခါမှာတော့ သူက ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို အခြားတစ်ယောက်ထံသို့ ပေးနေလေသည်။
“အဲဒီမိုလင်းက တော်တော်လေး ရက်ရောတာပဲ”
“သူက စောစောက ပေါ်လာတုန်းကလည်း မူလပကတိအရှင် ဓမ္မလက်နက်တစ်ခုကို ပေးပစ်လိုက်တယ်… အခုလည်း ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို ပေးပစ်နေပြန်ပြီ”
“ငါ အဲဒါကို ဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး.. ငါ သူ့ကို ကြွေသွားပြီထင်တယ်”
ကြိုးကြာတစ်ထောင်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ယောက်က အရူးအမူး စွဲလမ်းနေသော အမူအရာဖြင့် တီးတိုးပြောလိုက်လေသည်။
နောက်ထပ် အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကလည်း တီးတိုးပြောဆိုလိုက်လေသည်။
“ငါလည်း အဲဒါကို ဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး.. ငါသာ သူမနေရာမှာဆိုရင် အဲဒီ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို ငါ့ထံကို ကမ်းပေးလိုက်တဲ့အချိန်မှာ ငါက ပျော်လွန်းလို့ သတိတောင်လစ်သွားနိုင်တယ်”
အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းကလည်း တုန်လှုပ်မှုဖြင့် မျက်လုံးပြူးကြည့်လိုက်ကြလေသည်။
များစွာသော လူများသည် ဆူဇီမိုနှင့် လျှိုဟန်ယန်ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။
အသွန်းတစ်ရာဂိုဏ်းမှ ဤအချောအလှလေးသည် ပိုင်ရှင်ရှိနေပြီလား..။
ရူရွှမ်က အနည်းငယ် အားကျသွားပြီး အောင့်သက်သက် ခံစားလိုက်ရလေသည်။
နန်းကုန်လင်း၏ အမူအရာကလည်း မှိန်ဖျော့သွားခဲ့လေသည်။
အချိန်ကြာလာသည်နှင့်အမျှ.. သူနှင့် ဆရာဘိုးလေးအကြား ကွာဟချက်က တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာကြောင်း နားလည်လိုက်လေသည်။
ဆူဇီမိုက သူမအပေါ် ခံစားချက် လုံးဝမရှိသည်ကို လျှိုဟန်ယန်ကသာလျှင် သိလေသည်။
“မင်းတို့တွေ သိပ်ပြီးတော့ အများကြီး တွေးမနေကြနဲ့”
ဆူဇီမိုက ညင်သာစွာ ပြောလိုက်လေသည်။
“ဟန်ယန်က သူမရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းကို ကျရှုံးပြီးတော့ ဒဏ်ရာရသွားတဲ့ သူမရဲ့ အမြုတေစိတ်ဝိညာဉ်က အပြည့်အဝ ပြန်ကောင်းလာဖို့ ခက်ခဲတယ်.. ဒီ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကပဲ သူမရဲ့ အမြုတေစိတ်ဝိညာဉ်ကို ကုသပေးနိုင်လိမ့်မယ်”
ရူရွှမ်နှင့် နန်းကုန်လင်းသည် ရင်တစ်ချက်ထိတ်သွားကြလေသည်။
ဆူဇီမိုက သူတို့ကို ပြောနေခြင်းဖြစ်သည်ဆိုတာ သူတို့က သိလေသည်။
နန်းကုန်လင်းက စိတ်သက်သာရာရသွားပြီး ရူးသွပ်စွာဖြင့် ပြုံးလိုက်လေသည်။ သူက လျှိုဟန်ယန်ဘက်သို့ လှည့်ပြီး ပြောလိုက်လေသည်။
“အဲဒါ အမှန်ပဲ.. နင်က အဲဒီလက်ဖက်ရည်ကို သောက်လိုက်တာနဲ့ နင့်ရဲ့ အမြုတေစိတ်ဝိညာဉ်က ချက်ချင်းပြန်ကောင်းလာဖို့ အခွင့်များတယ်”
“ဒါပေမဲ့လို့ ဆရာဘိုးလေး.. ဒီလက်ဖက်ရည်ခွက်ကို သောက်သင့်တဲ့သူက ရှင်ပဲလေ”
လျှိုဟန်ယန်၏မျက်လုံးက နီရဲလာပြီး သူမ၏လည်ချောင်းက တစ်ဆို့လာခဲ့လေသည်။
“ဂိုဏ်းရဲ့ဂုဏ်သတင်းကို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တာနဲ့တင် ရှင့်ရဲ့ကျေးဇူးတွေက များနေပြီ.. ကျွန်မက ဒီလက်ဖက်ရည်ကိုသောက်ဖို့ အဆင့်မမီပါဘူး”
“မင်းက အများကြီး လျှောက်တွေးနေတာပဲ.. ငါတို့ဂိုဏ်းမှာ ဒီလက်ဖက်ရည်ခွက်ကို သောက်ဖို့ အဆင့်မီတဲ့သူက မင်းတစ်ယောက်ပဲ ရှိတယ်”
ဆူဇီမိုက ညင်သာစွာပြုံး၍ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို လျှိုဟန်ယန်၏လက်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။ သူက ပြန်လည် မေးခွန်းမထုတ်ဝံ့သော လေသံဖြင့် ပြောလိုက်လေသည်။
“အဲဒါကို သောက်လိုက်.. ဘာမှ ဖိအားဝင်မနေနဲ့”
သူ၏စကားလုံးများက လျှိုဟန်ယန်ကို နှစ်သိမ့်ပေးနေရုံမျှသာ မဟုတ်ပေ။
သူက လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ရသည့် အကြောင်းရင်းမှာ သူ၏ လှည့်ကွက်အချို့ကြောင့်သာဖြစ်ပြီး သူ၏ အစစ်အမှန် လက်နက်သွန်းလုပ်ခြင်း စွမ်းရည်ကြောင့် မဟုတ်ပေ။
အသွန်းတစ်ရာဂိုဏ်းတွင် လျှိုဟန်ယန်ကသာလျှင် အဲဒီလက်ဖက်ရည်ကို သောက်သုံးခွင့်ရဖို့ အဆင့်မီလေသည်။
“အဲဒါကို သောက်လိုက်လေ.. ဆရာဘိုးလေး အသေးလေးက ပြောပြီးပြီပဲ”
နန်းကုန်လင်းက သူမကို ထပ်မံ၍ ဖျောင်းဖျလိုက်လေသည်။
လျှိုဟန်ယန်က သူမ၏ခေါင်းကို ခါမြဲခါဆဲ ဖြစ်လေသည်။
“အဲဒီမှာ ထိပ်တန်းအဆင့် လက်ဖက်ရည်က တစ်ခွက်ပဲရှိတာ.. ငါ အဲဒါကို သောက်လိုက်မယ်ဆိုရင် ဆရာဘိုးလေးအတွက် ဘာမှကျန်မှာ မဟုတ်တော့ဘူး”
လျှိုဟန်ယန်က ပြောလိုက်လေသည်။
“ဆရာဘိုးလေးက နိုးထဝိညာဉ်အဆင့်မှာပဲ.. ဒီထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်က သူ့အတွက်လည်း အရမ်းကို အရေးပါမှာပဲ”
“အဲဒီမှာ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည် တစ်ခွက်ပဲရှိတယ်လို့ ဘယ်သူက ပြောတာလဲ”
ဆူဇီမိုက ညင်သာစွာပြုံး၍ ဂမ္ဘီရလက်ဖက်ပင် ထိပ်ဖျားရှိ တစ်ရွက်တည်း ကျန်ရစ်နေသော လက်ဖက်စိမ်းရွက်ကို လက်ညိုးထိုးပြပြီး ပြောလိုက်လေသည်။
“အဲဒီမှာ နောက်တစ်ခွက် ရှိနေသေးတယ်”
“အာ..”
နန်းကုန်လင်းနှင့် အခြားသူများက ကြောင်အသွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြလေသည်။
ကျန်ရှိနေသော လက်ဖက်ရည်တစ်ခွက်သည် ပြိုင်စံရှားများအကြား တိုက်ပွဲ၏ နောက်ဆုံးအနိုင်ရရှိသူ၊ အလယ်ပိုင်းတိုက်၏ နံပါတ်တစ် ပကတိသက်ရှိအတွက် ဖြစ်သည်ဆိုတာကို သူတို့အားလုံး သိထားကြလေသည်။
ထိုသို့ပြောခြင်းဖြင့် ဆရာဘိုးလေး အသေးလေးက..
နန်းကုန်လင်းက အသံတစ်ခုကို အလောတကြီး ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
“ဆရာဘိုးလေး အသေးလေး.. အရမ်းကာရော လျှောက်မလုပ်နဲ့.. အသွန်းတစ်ရာဂိုဏ်းက ဒီခရီးစဉ်အတွက် ကျုပ်တို့ရဲ့ ရည်ရွယ်ချက်ကို ပြီးမြောက်အောင်မြင်သွားပြီ.. ကျုပ်တို့က ဆက်ပြီးတော့ ပြဿနာရှာစရာ မလိုတော့ဘူး”
“အသွန်းတစ်ရာဂိုဏ်းရဲ့ ကိစ္စကတော့ ပြီးသွားပြီပေါ့.. ဒါပေမဲ့လို့ ငါ့ရဲ့ကိစ္စက အခုမှ စရမှာ…”
ဆူဇီမိုက နန်းကုန်လင်း၏ ပခုံးကိုပုတ်ပြီး ပြောလိုက်လေသည်။
“အခုနောက်ပိုင်း ဖြစ်လာမယ့် ကိစ္စတိုင်းက မင်းတို့နဲ့ရော.. အသွန်းတစ်ရာဂိုဏ်းနဲ့ရော.. ဘာမှပတ်သက်ခြင်း မရှိတော့ဘူး”
နန်းကုန်လင်းနှင့် အခြားသူများက မတုံ့ပြန်နိုင်ခင်မှာပင် ဆူဇီမိုက တစ်ဘက်သို့လှည့်ပြီး တစ်လုံးချင်း ပြောလိုက်လေသည်။
“ငါက.. အဲဒီ.. နောက်ဆုံးကျန်တဲ့.. ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို.. သောက်တော့မှာ.. အဲဒါကို.. ဘယ်သူက.. ကန့်ကွက်ချင်လဲ”
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
စစ်ကြေညာခြင်းပင် ဖြစ်လေသည်။
အဲဒါက ပြောင်ပြောင်တင်းတင်း စစ်ကြေညာခြင်းတစ်ခု ဖြစ်လေသည်။
“ကောင်းလိုက်တဲ့ သတ္တိ”
ယဲ့ထန်းချန်က သူ၏ပလ္လင်ပေါ်မှာပင် ထိုင်နေရင်း အေးစက်ခက်ထန်သော အကြည့်တစ်ခုဖြင့် ပြောလိုက်လေသည်။
မြွေနဂါးကိုးကောင်သည် သားရဲချီများကို တလိပ်လိပ် ထကြွစေပြီး သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ဧရာမချိန်းကြိုးများကို တချွင်ချွင်မြည်စေကာ ရှေ့သို့ပြေးဝင်ဖို့ အဆင်သင့်ဖြစ်နေလေသည်။
သူ့ဘေးရှိ ကျန်ရှိနေသော အစေခံ ရှစ်ယောက်ကလည်း ဆူဇီမိုကို အေးစက်စွာဖြင့် စိုက်ကြည့်နေကြလေသည်။
“အဲဒါက နောက်ဆုံး စတင်တော့မှာပဲ”
ကောင်းကင်စင်ရော်ဂိုဏ်း၏ ပကတိအရှင် ဖန်းလမ်က ပြုံးစစဖြင့် ပြောလိုက်လေသည်။ သူ၏မျက်လုံးထဲမှာ အေးစက်စက် အလင်းတစ်ချက်က ဖျတ်ခနဲလက်သွားလေသည်။
ချွမ်း..
ကျန့်ဝူကျုံးက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ သူ၏ဓားကို ချက်ချင်းပင် ဆွဲထုတ်လိုက်လေသည်။ သူက ဆူဇီမိုကို ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် စိုက်ကြည့်ပြီး သူ၏ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆည်ဖို့အတွက် အချိန်မရွေး ပြေးဝင်သွားဖို့ ပြင်ဆင်လိုက်လေသည်။
ဤတစ်ကြိမ်တွင်တော့ သူက ဓားကို အရင်ဆုံးကိုင်ထားလေသည်။
သူက ဟန်ချိုးယွီ၏ အကြံဉာဏ်ကို လုံးဝနားမထောင်ပေ။
သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် တတိယဖြစ်လေသည်။
ဟန်ချိုးယွီသည် သူ၏စီနီယာအစ်ကို ဖြစ်သော်လည်း.. သူသည် လွန်ခဲ့သည့်နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် အဆင့်ရှစ်သာ ဝင်ခဲ့ပြီး နာမည်မရှိသော ဓားသမားတစ်ယောက်ကိုပင် ရှုံးနိမ့်ခဲ့သေးလေသည်။
ကျန့်ဝူကျုံး၏ နှလုံးသားထဲတွင် ဟန်ချိုးယွီက သူ့ကိုပင် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ရွှမ်း ရွှမ်း ရွှမ်း
ဓားသွားထွက်ပေါ်လာသော အသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့လေသည်။
များစွာသော ပြိုင်စံရှားများသည် တိုက်ပွဲဝင်လိုစိတ် တဖွားဖွားနှင့်အတူ မတ်တတ်ထရပ်လာကြလေသည်။
ပြိုင်စံရှားများအကြား တိုက်ပွဲက စတင်တော့ပေပြီ။