သေစေနိုင်သော ပိတ်ဆို့တိုက်ခိုက်မှု
Vol. 64 Ch. 950
မင်းဟန်၏စကားလုံးများက သံသယများစွာကို မဖြစ်ပေါ်စေပေ။
သူသည် စိတ်ပိုင်းဆိုင်ရာထိုးနှက်ချက်များကို ထပ်တလဲလဲ ခံစားခဲ့ရပြီး စိတ်များကယောင်ချောက်ချားဖြစ်ကာ ထအော်ခြင်းဖြစ်မည်ဟု လက်ရှိကျင့်ကြံသူများက တွေးထင်လိုက်ကြလေသည်။
စောစောက နိုးထဝိညာဥ် ပြိုင်စံရှားတစ်အုပ်စုသည် နေုက်သို့ဆုတ်ခွာမသွားပေ။ သူတို့တစ်ယောက်ချင်းစီက သူတို့၏ ဓမ္မလက်နက်များကို ထိန်းချုပ်ပြီး လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်ကာ ဆူဇီမိုကို နောက်တစ်ဖန်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြလေသည်။
ရွှစ်ရွှစ်ရွှစ်......
နောက်ထပ်နိုးထဝိညာဥ်ဆယ်ယောင်ကျော်ကလည်း စုဝေးလိုက်ကြပြီး အခြေအနေကို အမြတ်ထုတ်ကာ တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်ကြလေသည်။
“ဏီ.........”
ဆူဇီမိုက လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ပြီး ဂါထာမန္တာန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။
ဘုန်း.....
ရွှေရောင်အလင်းများက ကောင်းကင်တစ်ခွင်ပြည့်နှက်သွားလေသည်။
ဧရာမရွှေရောင်လက်ဝါးတစ်ဖက်က မိုးကောင်းကင်ကို ဆုတ်ဖြဲ၍ အပေါ်ကနေ အုပ်မိုးကာ ကျဆင်းလာခဲ့လေသည်။
ရွှေရောင်လက်ဝါးပေါ်ရှိ လက်ဗွေရာများကို ရှင်းလင်းစွာမြင်နေရပြီး အဲ့ဒါက ပြိုးပြိုးပြက်ပြက်အလင်းဖြင့် တောက်ပနေလေသည်။ အဲ့ဒါက ခမ်းနားထည်ဝါသော အော်ရာတစ်ခုနှင့်အတူ လေထဲရှိ နိုးထဝိညာဥ်ပြိုင်စံရှားများကို ဖိနှိမ်ဖို့အတွက် ကျဆင်းလာလေသည်။
“သတ်....”
များစွာသော နိုးထဝိညာဥ်ပြိုင်စံရှားများသည် တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လိုက်ကြပြီး သူတို့၏ ဓမ္မလက်နက်များက ရွှေရောင်လက်ဝါးဆီသို့ ပျံသန်းသွားကြလေသည်။
ချွမ်း.. ချွမ်း.. ချွမ်း......
များစွာသော ဓမ္မလက်နက်များသည် ရွှေရောင်လက်ဝါးနှင့်ထိတွေ့မိသောအခါ မီးပွားများ အဘက်ဘက်သို့ လွင့်စင်ထွက်သွားလေသည်။ သူတို့က နတ်ဘုရားဆန်၍ စွမ်းအားကြီးသော လက်ဝါးကြီးကို ကိုင်လှုပ်နိုင်ခြင်းမရှိကြပေ။
များစွာသော ဓမ္မပညာရပ်မျကလည်း အဲ့ဒါကို ထိခတ်သွားပြီး မည်သည့်အရာမှဖြစ်ပေါ်မလာပေ။ အဲ့ဒါက တာမင်းဓမ္မချိပ်စည်းများထဲမှ တစ်ခုဖြစ်သော အင်မော်တယ်ထောင်ချောက်ဓမ္မချိပ်စည်းဖြစ်လေသည်။
ဆူဇီမိုသည် နိုးထဝိညာဥ်အဆင့်သို့တက်လှမ်းပြီးနောင် တာမင်းဓမ္မချိပ်စည်းကို သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ အသက်သွင်းထားခဲ့လေသည်။
တာမင်းမန္တာန်နှင့် မင်းဝမ်ဆုတောင်းပုတီးတို့ပေါင်းစပ်လိုက်သောအခါ ၎င်း၏ခွန်အားက အထွတ်အထိပ်သို့ရောက်ရှိလာခဲ့လေသည်။
ဘန်း.....ဘုန်း.. ဘုန်း...
ရွှေရောင်လက်ဝါးက ဆက်တိုက်ဖိချေကျဆင်းလာခဲ့လေသည်။
“ရှောင်ကြဟေ့...”
များစွာသောကျင့်ကြံသူများသည် အခြေအနေမဟန်တော့ဘူးဆိုတာ မြင်လိုက်ပြီး ရွှေရောင်လက်ဝါး၏ သက်ရောက်မှုဧရိယာကနေ ဖောက်ထွက်ဖို့ကြုးစားလိုက်ကြလေသည်။ သို့သော်လည်း ရွှေရောင်လက်ဝါး၏ လက်ချောင်းငါးချောင်းသည် အကျဥ်းထောင်တစ်ခုကို ဖြစ်ပေါ်လာစေသည့်အလား အောက်သို့ကွေးညွတ်၍ ဆင်းသက်လာခဲ့လေသည်။
အင်မော်တယ်ထောင်ချောက်ချိပ်စည်းက အစစ်အမှန်အင်မော်တယ်များကိုပင် ပိတ်လှောင်နိုင်လေသည်။
ကျင့်ကြံသူများစွာက မည်သို့ပင် ကြိုးစားကြပါစေ သူတို့သည် ရွှေရောင်လက်ချောင်းငါးချောင်းကနေ ဖြစ်ပေါ်လာသော လှောင်အိမ်ထဲကနေ ရုန်းထွက်နိုင်ခြင်း မရှိကြပေ။
အဲ့ဒါက အရမ်းကိုသက်တောင့်သက်သာမရှိသော ခံစားချက်တစ်ခုဖြစ်လေသည်။
သူတို့က ခြေလှမ်းအနည်းငယ်မျှနှင့် အဲ့ဒီကနေ ရုန်းထွက်နိုင်တော့မည်မှာ သိသာလေသည်။ သို့သော်လည်း သူတို့က မည်သို့ပင်ကြိုးစားကြပါစေ ထိုသက်ရောက်မှုဧရိယာကနေ ရုန်းထွက်နိုင်ခြင်းမရှိကြပေ။
လက်ချောင်းငါးချောင်းက အဆက်မပြတ် ချဉ်းကပ်လာပြီး သူတို့ကို အတူတကွဖမ်းဆုပ်၍ ခွန်အားကို စိုက်ထုတ်လိုက်သည်ကို ထိုပြိုင်စံရှားများက ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။
သူတို့အားလုံးကို ဧရာမရွှေရောင်လက်ဝါးကြီးက အတူတကွဖမ်းဆုပ်၍ ဖျစ်ညှစ်လိုက်လေသည်။
ထိုသည်ကိုမြင်သောအခါလူအုပ်ကြီးက တုန်လှုပ်သွားရလေသည်။
“အား....”
နောက်ဆုံးများတော့ ပြိုင်စံရှားများထဲမှ တစ်ယောက်သည် အဲ့ဒါကို ဆက်လက်၍ တောင့်မခံနိုင်တော့ပဲ ချောက်ချားဖွယ်ရာအမူအရာတစ်ခုနှင့်အတူ စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။
ဖောင်းဖောင်းဖောင်း.....
သိပ်သည်းပြင်းထန်သော ထိုဖိအားအောက်မှာ များစွာသောပြိုင်စံရှားများ၏ ခန္ဓာကိုယ်များမှာသွေးမြူများက ပန်းထွက်လာပြီး သူတို့၏အရိုးများက ကျိုးကြေမွကုန်လေသည်။
ပုံရိပ်များက တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့လေသည်။ သူတို့က သေဆုံးမသွားသော်လည်း သူတို့၏ ခန္ဓာကိုယ်များက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး အပြည့်အဝပြန်ကောင်းလာရန် ခက်ခဲသွားခဲ့လေပြီ။
တစ်ခဏအတွင်းမှာပင် နိုးထဝိညာဥ်ပြိုင်စံရှားများစွာက ရှုံးနိမ့်သွားခဲ့ရလေသည်။
လူတိုင်းက တုန်လှုပ်သွားရလေသည်...
အစက တိုက်ခိုက်တော့မည် တကဲကဲ ပြင်နေကြသော နိုးထဝိညာဥ်များသည် သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး ရှေ့သို့ဆက်မတက်ရဲတော့ပဲ တုံ့ဆိုင်းသွားကြလေသည်။
စီးပိုးခြယ်လှယ်ခြင်း.....
ရက်စက်ကြမ်းကြုတ်ခြင်း....
သတ်ဖြတ်ရာမှာ ပြတ်သားခြင်း....
များစွာသောကျင့်ကြံသူများသည် တိုက်ပွဲနယ်မြေ၏အလယ်ရှိ အစိမ်းရောင်ပုံရိပ်ကိုကြည့်ရင်း ထိုအတွေးများကသာ သူတို့၏ စိတ်ထဲသို့ ဝင်ရောက်လာကြလေသည်။
စောစောက ဝင်ရောက်သွားခဲ့သော နိုးထဝိညာဥ်များအားလုံးသည် ဆိုးဆိုးဝါးဝါး အခြေအနေဖြင့် အဆုံးသွားခဲ့ရလေသည်။
လက်ကျိုးခြင်းနှင့် ခြေကျိုးခြင်းများက ဒဏ်ရာအသေးအဖွဲ့များဟု သတ်မှတ်ရပေမည်။
အချို့သောကျင့်ကြံသူများက လုံးဝကို ဒုက္ခိတဖြစ်သွားရလေသည်။
သူ၏ စီးပိုးခြယ်လှယ်သော နည်းလမ်းများသည် အခြေအနေပေါ်အမြတ်ထုတ်၍ သူ့ကိုတိုက်ခိုက်ချင်နေကြသော နိုးထဝိညာဥ်များအားလုံးကို မှင်တက်သွားစေလေသည်။ မည်သူကမှ အရမ်းကာရော မပြုမူရဲကြတော့ပေ။
“သူက ဓားကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား... သူက ဘယ်လိုလုပ်ပြီး ဗုဒ္ဓဂိုဏ်းတွေက ဓမ္မပညာရပ်တွေကို သိနေရတာလဲ...”
“အဲ့ဒါ... ဘာဓမ္မပညာရပ်လဲ... အဲ့ဒါက ဗုဒ္ဓကျောင်းတော် ၆ ကျောင်းက ဓမ္မပညာရပ်တွေနဲ့ တူပုံမရဘူး... အဲ့ဒါက ဘာလို့အဲ့လောက်ထိ ကြောက်ဖို့ကောင်းနေရတာလဲ”
“သူက တစ်ကယ်ပဲ... ပြိုင်စံရှားတွေအကုန်လုံးကို တစ်ယောက်တည်းနဲ့ ဖိနှိမ်တော့မှာလား...”
အစက တက်ကြွနေခဲ့သော ကျင့်ကြံသူတစ်အုပ်စုသည် ဆူဇီမို၏ ကြောက်မက်ဖွယ်ရာကောင်းသော နည်းလမ်းများမှာ အပြတ်အသတ် ဖိနှိမ်ခံလိုက်ရလေသည်။
ယဲ့ထျန်းချန်က သူ၏ပလ္လင်ပေါ်မှာ တည်ငြိမ်စွာထိုင်နေလေသည်။
ပကတိအရှင်ဖန်းလန်ကလည်း အရေးမလုပ်ဟန်ဖြင့် ပြုံးနေလေသည်။
အခုတင် ဆူဇီမိုပြသခဲ့သော နည်းလမ်းများသည် အမှန်တစ်ကယ်စွမ်းအားကြီးပြီး မှင်တက်ဖွယ်ရာကောင်းလေသည်။ သို့သော်လည်း အဲ့ဒါက သူ့ကို ခြိမ်းခြောက်ဖို့အတွက်မလုံလောက်ပေ။
ဒါ့အပြင် သူတို့က အချက်တစ်ချက်ကိုသိထားလေသည်။
သူတို့၏မျက်လုံးထဲတွင် ဆူဇီမိုအနိုင်ယူခဲ့သော နိုးထဝိညာဥ်ပြိုင်စံရှားများသည် ဘာမှမဟုတ်ပဲ အလွယ်တကူဖိနှိမ်ခံရနိုင်သူများ ဖြစ်လေသည်။
အကြောင်းမှာ စစ်မှန်သောပြိုင်စံရှားများသည် မာန်မာနကိုယ်စီရှိကြလေသည်။
လူတိုင်း၏ စောင့်ကြည့်နေမှုအောက်မှာ စစ်မှန်သော ပြိုင်စံရှားများက အခြားသူများနှင့်ပူးပေါင်း၍ တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။ ဒါ့အပြင် သူကဲ့သို့သော ပြန်ဝင်စားမွန်းစတားများနှင့် ယဲ့ထျန်းချန်တို့က နာမည်တစ်ခုရှိပြီးသားပင်။
သူတို့က အခြားသူများနှင့်ပူးပေါင်း၍ ဆူဇီမိုကို အနိုင်ယူမည်ဆိုလျှင် အဲ့ဒါက မျှတသော အနိုင်ရလဒ်တစ်ခုဖြစ်လိမ့်မည်မဟုတ်ပေ။
သူတို့က ထိုကဲ့သို့ပြုလုပ်ပါက မျက်နှာပျက်ရပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူများအားလုံးသည် ဆူဇီမို၏ ထက်ရှသောနည်းလမ်းများအောက်မှာ မှင်တက်သွားကြပြီး ရှေ့သို့ဆက်မတက်ရဲကြတော့ပေ။
နောက်ဆုံးမှာတော့ ကျန့်ဝူကျုံးက လှောင်ရယ်မော၍ ထရပ်လိုက်လေသည်။
ပကတိအရှင်ဖန်းလန်က ထိုသည်ကိုမြင်သောအခါ ပြုံးလိုက်လေသည်။
“မင်းက ငါတို့ကို စိန်ခေါ်ချင်တယ်ဟုတ်လား... စမ်းသပ်မှုက အခုမှစမှာကောင်လေး...”
“ကျန့်ဝူကျုံး...မသွားနဲ့”
ဟန်ချိုးယွီက မျက်မှောင်ကြုတ်ပြီး အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်ကာ သတိပေးလိုက်လေသည်။
“ဟမ့်...”
ကျန့်ဝူကျုံးက နှစ်တစ်ချက်မှုတ်ပြီး ပြန်လည်မေးလိုက်လေသည်။
“ဘာလို့လဲ... စီနီယာအစ်ကို ခင်ဗျားက ရင်သပ်ရှုမောဓမ္မဓားကို ပြန်ယူပေးမလို့လား”
“အလောတကြီးလုပ်စရာ မလိုပါဘူး...”
ဟန်ချိုးယွီက လေးနက်သောလေသံဖြင့်ပြောလိုက်လေသည်။
“အဲ့ဒီလူရဲ့ နောက်ခံက...”
“ဟင်းဟင်း...”
ဟန်ချိုးယွီက သူ့စကားကို ဆုံးအောင်မပြောရသေးခင်မှာပင် ကျန့်ဝူကျုံး၏ အေးစက်စက်ရယ်မောသံက ကြားဖြတ်ဝင်ရောက်လာခဲ့လေသည်။
“စီနီယာအစ်ကို... ကျုပ်ကိုကျုပ် အရူးလုပ်ခံရတာကို ခင်ဗျားက ဘေးကနေရပ်ပြီး စောင့်ကြည့်ချင်နေတာလား... ကျုပ်ဆုံးရှုံးသွားရတဲ့ဓားကို ကျုပ်ကိုယ်တိုင်ပြန်ယူရမယ် အဲ့ဒါက ခင်ဗျားအလုပ်မဟုတ်ဘူး”
ကျန့်ဝူကျုံးက အေးစက်စွာပြော၍ သူ့လက်ထဲရှိဓားနဲ့အတူ ဆူဇီမိုဆီသို့ လျှောက်လှမ်းသွားလေသည်။
“ရှိသမျှအစွမ်းကုန်ထုတ်ပြီး အဲ့ဒီလူကို တိုက်ခိုက်သတ်ဖြတ်ဖို့ ပြင်ဆင်ထားလိုက်... “
ယဲ့ထျန်းချန်ကလည်း အမူအရာကင်းမဲ့စွာဖြင့် အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
သူ့ဘေးနားရှိ အမျိုးသမီးအစေခံ ၈ ယောက်က ခေါင်းညိတ်ပြလိုက်လေသည်။
“အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ တတိယ.. ကျန့်ဝူကျုံးက အရင်တစ်ခေါက်အရှက်ခွဲခံခဲ့ရတာအတွက် ပြန်ပြီး လက်စားချေတော့မယ်ထင်တယ်...”
“အဲ့ဒီအချိန်တုန်းက ကျန့်ဝူကျုံးက သူ့လက်ထဲမှဓားမရှိတဲ့အတွက် သူ့ခွန်အားကို အပြည့်အဝမထုတ်ဖော်နိုင်ခဲ့ဘူး... ဘယ်သူက ပိုသန်မာလဲဆိုတာ အခုမြင်ရတော့မယ်ထင်တယ်”
လူအုပ်ကြီးထဲမှ ဆွေးနွေးသံများကြားတွင် ကျန့်ဝူကျုံးသည် ဆူဇီမိုဆီသို့ တစ်လှမ်းပြီးတစ်လှမ်းလျှောက်လှမ်းသွားလေသည်။ သူက သူ၏ ဓားကို ခပ်ပေါ့ပေါ့ပင် ကိုင်ထားပြီး မြေပြင်ပေါ်မှာတရွတ်တိုက်ဆွဲ၍ မီးပွားများကို တဖျန်းဖျန်း ထွက်ပေါ်လာစေလေသည်။
ကျန့်ဝူကျုံးက ရူးသွပ်နေပုံပေါ်ပြီး ဟာကွက်အပြည့်နှင့်ဆိုသော်လည်း မည်သူကမှ သူ့ကိုအထင်မသေးရဲပေ။
အဲ့ဒါက သူဘယ်အချိန်တိုက်ခိုက်မလဲဆိုတာကို မည်သူကမှ မသိသောကြောင့်ပင်...
သူတိုက်ခိုက်လိုက်သည်နှင့် ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သော တိုက်ခိုက်မှုတစ်ရပ် သေချာပေါက်ဖြစ်လာပေလိမ့်မည်။
သူတို့နှစ်ယောက်ကြားအကွာအဝေးက တဖြည်းဖြည်းကျဥ်းမြောင်းလာခဲ့လေသည်။
တစ်ယောက်က တည်ငြိမ်နေပြီး အခြားတစ်ယောက်ကတော့ လှုပ်ရှားနေလေသည်။
လေထုကအေးခဲသွားသည်ဟုထင်ရပြီး မွန်းကျပ်ဖွယ်ရာကောင်းလှလေသည်။
ရုတ်တရက်ဆိုသလို...
ရင်သပ်ရှုမောဖွယ်ရာ ဓားအလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး ဆူဇီမို၏လည်ပင်းကို ထိုးဖောက်ဖို့အတွက် ချက်ချင်းပင်ရောက်ရှိလာခဲ့လေသည်။
အဲ့ဒါက ညကောင်းကင်ကို ဆုတ်ဖြဲလိုက်သော လျှပ်စီးအလင်းနှင့်တူလေသည်။
အဲ့ဒါက အရမ်းကိုမြန်ဆန်လွန်းလေသည်....
လူတိုင်း၏ စိတ်ထဲမှာ ထိုအတွေးကသာ ဝင်ရောက်လာလေသည်။
များစွာသောပြိုင်စံရှားများသည် သူတို့က ဆူဇီမိုနေရာမှာဆိုလျှင် ထိုဓားချက်ကို တုံ့ပြန်နိုင်လိမ့်မှာမဟုတ်ဟု အလိုလို တွေးထင်မိလိုက်ကြလေသည်။
တာအိုအရှင်လန်ယွဲ့၏ မျက်လုံးများကပင် ဝင်းလက်သွားရလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က တတိယဆိုတဲ့အတိုင်းပဲ...
ထိုခုတ်ချက်တစ်ချက်ကို ခုခံနိုင်မည့်သူက လက်ရှိနိုးထဝိညာဥ်များထဲတွင် ဆယ်ယောက်ပင် ပြည့်လိမ့်မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ယဲ့ထျန်းချန်ဘေးရှိ ပုံရိပ်ရှစ်ခုကလည်း လှုပ်ရှားသွားကြလေသည်။
ယဲ့ယီက ပုလွေကိုမှုတ်လိုက်လေသည်။
ခါးသက်သက်ပုလွေသံက ထွက်ပေါ်လာခဲ့လေသည်။ အဲ့ဒါက ဝမ်းနည်းပူဆွေး၍ မကျေမချမ်းမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
ယဲ့စီက ပန်းပွင့်များကို ကျဲပက်လိုက်လေသည်။
ပွင့်ဖတ်ပွင့်ချပ်များက အေးစက်နေသော သတ်ဖြတ်စိတ်တစ်ခုနှင့်အတူ ကျဆင်းလာခဲ့လေသည်။
ယဲ့ဝူက သူမ၏ ခေါက်ယပ်တောင်ကို ခတ်ထုတ်လိုက်လေသည်။ လေများက တဝီးဝီးအော်မြည်လာပြီး သဲများက နေရာတိုင်းမှာ လွင့်ပျံလာလေသည်။
အခြားသောအမျိုးသမီးအစေခံများ၏ ပုံရိပ်များကလည်း တဖျတ်ဖျတ်လှုပ်ရှားသွားပြီး သူတို့၏ ဓမ္မလက်နက်များကို ထုတ်ဖော်ကာ ဓားမြှောင်များ ၊ အပ်များ ၊ ဆေဘာများနှင့်အတူ ရှေ့သို့ပြေးဝင်သွားကြလေသည်။
အမျိုးသမီးအစေခံ ၈ ယောက်၏ ချိန်သားကိုက် လှုပ်ရှားမှုက ပြီးပြည့်စုံနေလေသည်။
သူတို့က ဆူဇီမို၏ ထွက်ပေါက်များအားလုံးကို ပိတ်ဆို့ထားလိုက်လေသည်။
အဲ့ဒီမှာ နောက်ဆုတ်ဖို့လမ်း လုံးဝမရှိတော့ပေ...
ထိုအခိုက်အတန့်တွင် ကျန့်ဝူကျုံးက တိုက်ခိုက်လိုက်ခါစ ဖြစ်လေသည်။ သူ၏တိုက်ခိုက်မှုသည် ချောက်ကမ်းပါးထိပ်တွင် လမ်းလျှောက်နေရသည့်အလား လူတိုင်းက အာရုံစိုက်ထားရမည့်အရာ ဖြစ်လေသည်။ ထိုအချိန်တွင်မည်သူကမှ စိတ်အာရုံပျက်ယွင်းဖို့ မတတ်နိုင်ပေ။
တစ်ချိန်တည်းမှာပင် အမျိုးသမီးအစေခံ ၈ ယောက်၏တိုက်ခိုက်မှုများက ဆူဇီမိုကို ချောက်နက်ထဲသို့ တွန်းချလိုက်ခြင်းနှင့် တူလေသေည်။
ပကတိအရှင်ဖန်းလန်က သူ၏အပြုံးကို ရုပ်သိမ်းလိုက်လေသည်။
သူက ကျန့်ဝူကျုံး၏ တိုက်ခိုက်မှုကိုသာ ရင်ဆိုင်ရမည်ဆိုလျှင် သူက အဲ့ဒါကို ခုခံနိုင်လေသည်။ သို့သော်လည်း ဤကဲ့သို့ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခံရမည်ဆိုလျှင် သူတောင်မှ မထိမခိုက် လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေတော့မည်။