ခင်ဗျား ဘယ်သူလဲ
Vol. 64 Ch. 952
တိုက်ပွဲနယ်မြေတွင် ဆူဇီမိုသည် ဓားကိုလုယူပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ကို ထုတ်ဖော်ဖို့အတွက် အချိန်ခဏမျှသာ ယူခဲ့လေသည်။
တစ်ချိန်တည်းမှာပင် အစေခံ ၈ယောက်၏ တိုက်ခိုက်မှုများက ရောက်ရှိလာခဲ့လေပြီ။
ယဲ့ယီ၏ ပုလွေသံက အရင်ဆုံး ရောက်ရှိလာခဲ့လေသည်။
ဝမ်းနည်းပူဆွေးဖွယ်ကောင်းသော ပုလွေသံသည် ကျင့်ကြံသူများ၏ စိတ်အာရုံကို နှောင့်ယှက်နိုင်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်အပေါ်မှာပင် သက်ရောက်နိုင်လေသည်။
သို့သော်လည်း ဆူဇီမိုက အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားပြီး သူ၏ ဒွါရခုနှစ်ပေါက်က မနှိုင်းယှဉ်သာအောင် သန်မာနေလေသည်။ ပုလွေသံက သူ၏စိတ်အပေါ်မှာ လုံးဝသက်ရောက်နိုင်ခြင်း မရှိချေ။
သူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် သက်ရောက်ဖို့က ပိုလို့တောင် မဖြစ်နိုင်သေးပေ။
ပုလွေသံက မင်းဝမ်ဆုတောင်ပုတီး၏ ခံစစ်အလွှာကိုပင် ထိုးဖောက်နိုင်ခြင်း မရှိပေ။
ထို့နောက် ချက်ချင်းပင် ပြင်းထန်သော လေပြင်းတစ်ချက်က တိုက်ခိုက်လာခဲ့လေသည်။
အဲဒါက အားနည်းသော ကိုယ်ကာယရှိသည့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင် သူတို့သည် ထိုလေအဝှေ့မှာ ဒယီးဒယိုင်နှင့် ဟန်ချက်ပျက်သွားရပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ကိုယ်ကာယက အရမ်းကိုသန်မာပြီး သူက မြေပြင်ပေါ်မှာ မလှုပ်မယှက် ရပ်နေနိုင်လေသည်။
ယဲ့စီ၏ ပွင့်ဖတ်ပွင့်ချပ်များကလည်း လေနှင့်အတူ ပျံသန်းလာလေသည်။
အခြားသော အမျိုးသမီးအစေခံ ၅ယောက်ကလည်း ချဉ်းကပ်လာခဲ့လေသည်။
ထိုစဉ်မှာပင် ဆူဇီမိုက ကျန့်ဝူကျုံး၏လက်ထဲရှိ ဓားကို လုယူထားကာစ ဖြစ်လေသည်။ သူက တစ်ဘက်သို့လှည့်ပြီး လက်ကောက်ဝတ်ကို လှုပ်ခါကာ ဓားကို တုန်ခါသွားစေလေသည်။
သူသည် ဓားကို လုယူပြီး တန်ပြန်တိုက်ခိုက်မှုကို စတင်ကာ လှုပ်ရှားကွက်တစ်ကွက်ဖြင့် ဓားသွားကို လည်ပတ်သွားစေလေသည်။
ဝှစ်.. ဝှစ်..
သူ့လက်ထဲရှိ ဓားကို ဝှေ့ယမ်းနေရင်း ဆူဇီမိုသည် လေဟာနယ်ထဲသို့ ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်လေသည်။
ဓားချက်က ကျဆင်းလာပြီး ဆူနာမီတစ်ခု၏အသံကို ကြားလိုက်ရလေသည်။
အဲဒီနောက် အကန့်အသတ်မဲ့သော သမုဒ္ဒရာတစ်ခုက များစွာသော ကျင့်ကြံသူများ၏ မျက်စိရှေ့မှောက်မှာ ထွက်ပေါ်လာသည်ဟု ထင်ရလေသည်။
သမုဒ္ဒရာ၏ အလယ်တွင် ရေလှိုင်းများက တလိပ်လိပ်တက်လာပြီး အဆက်မပြတ် လည်ပတ်ကာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ဧရာမဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ ကြောက်စရာကောင်းသော ဝဲကတော့ကြောင့် လေဟာနယ်တစ်ခုလုံး တွန့်လိမ်စုတ်ပြဲသွားသည်ဟု ထင်ရလေသည်။
သူ၏ဓားကို ဆေဘာအဖြစ်သုံးပြီး ဆူဇီမိုက တည်ငြိမ်ပင်လယ်ကျမ်းမှ ဝဲကတော့ကို ထုတ်ဖော်လိုက်လေသည်။
“ဟင်း..”
“ဘယ်လောက်တောင် သန်မာလိုက်တဲ့ ဓားစိတ်ဆန္ဒလဲ”
“အဲဒါက ဘယ်လိုမျိုး ဓားနည်းစနစ်လဲ.. အဲဒါက ဓားတာအိုရဲ့ ထက်ရှမှု ကင်းမဲ့နေသလိုပဲ.. ဒါပေမဲ့လို့ အဲဒါက ပိုပြီးတော့ ခံ့ညားထည်ဝါနေတယ်”
လူအုပ်ကြီးထဲမှ တုန်လှုပ်မှုနှင့် အံ့အားသင့်သံများကို ကြားလိုက်ရလေသည်။
ဓားတာအိုမှာ အဆင့်သုံးဆင့် ရှိလေသည်။
နည်းစနစ်၊ အင်အားနှင့် စိတ်ဆန္ဒတို့ ဖြစ်လေသည်။
ဓားနည်းစနစ်များက အပေါ်ယံအဆန်ဆုံးဖြစ်ပြီး ဓားအင်အားကို ထုတ်ဖော်ဖို့အတွက် ဓားနည်းစနစ်များ၏ အော်ရာအချို့ကို နားလည်ဆင်ခြင်နိုင်ဖို့ လိုအပ်လေသည်။
နိုးထဝိညာဉ်အဆင့်သို့ မရောက်ခင်အထိ ကျင့်ကြံသူများသည် အလွန်ဆုံး အင်အားအဆင့်ထိသာ နားလည်ဆင်ခြင်နိုင်ကြလေသည်။
အကြောင်းမှာ.. ဓားစိတ်ဆန္ဒကို ထုတ်ဖော်ဖို့အတွက် ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး နည်းစနစ်၏ စိတ်ဆန္ဒသို့ ဆင့်ကဲပြောင်းလဲရန် အမြုတေစိတ်ဝိညာဉ်ကို လိုအပ်သောကြောင့်ပင်။
အထက်တန်းစား ဓားစိတ်ဆန္ဒတစ်ခု၏ စွမ်းအားက ဓမ္မပညာရပ်များထက် အားမနည်းပေ။
ဒါ့အပြင် ဓားစိတ်ဆန္ဒဖြစ်စေ.. ဆေဘာစိတ်ဆန္ဒဖြစ်စေ.. အဲဒါကို ထုတ်ဖော်လိုက်သည်နှင့် ဓားနည်းစနစ်၏ စွမ်းအားက ချက်ချင်းပင် တိုးတက်မြင့်မားလာမည်ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက်၏ စိတ်အာရုံပေါ်မှာ သက်ရောက်စေနိုင်လေသည်။
ယခုဆိုလျှင် များစွာသော ကျင့်ကြံသူများသည် ကြီးမားသည့် သမုဒ္ဒရာဝဲကတော့တစ်ခုကို မြင်တွေ့နေရသည့်အလား ထင်ရလေသည်။
ဟန်ချိုးယွီက ထိုသည်ကိုမြင်သောအခါ မျက်လုံးပြူး၍ ဆတ်ခနဲ တုန်ယင်သွားလေသည်။
သူသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား.. သူ၏မျက်လုံးထဲက နားလည်သဘောပေါက်သည့် အရိပ်အယောင် ဖျတ်ခနဲ လက်သွားသွားပြီး.. အဲဒီနောက် တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့က လိုက်ပါလာလေသည်။
“ဓားစိတ်ဆန္ဒတဲ့လား”
လူအုပ်ကြီးထဲမှ ဆွေးနွေးပြောကြားသံများကို နားထောင်ပြီးနောက်.. ဟန်ချိုးယွီက မနေနိုင်ဘဲ ပြုံးလိုက်မိလေသည်။
တည်ငြိမ်ပင်လယ်ကျမ်း၏ ပထမကွက်က ခုခံမှုမှာ အာရုံစိုက်ဖို့ ဖြစ်လေသည်။
ခုတ်ချက်တစ်ချက်နှင့်အတူ လေဟာနယ်က တွန့်လိမ်စုတ်ပြဲသွားလေသည်။
ဆူဇီမိုက ဓားတစ်လက်ဖြင့် ဆေဘာစိတ်ဆန္ဒကို ထုတ်ဖော်လိုက်သော်လည်း ၎င်း၏စိတ်ဆန္ဒက တူညီပြီး စွမ်းအားက တုန်လှုပ်စရာကောင်းလေသည်။
ဝင်ရောက်လာသော ပွင့်ဖတ်ပွင့်ချပ်များသည် ဝဲကတော့၏ စုပ်ယူခြင်းကို ခံလိုက်ရပြီး သူတို့၏ ဦးတည်ဘက်ကို ပျောက်ဆုံးသွားသည့်အလား ရေစီးကြောင်းများနှင့်အတူ မျောပါသွားလေသည်။
အခြားသော အစေခံ ၅ယောက်သည် ရှေ့သို့ ဝင်ရောက်လာကစဖြစ်ပြီး သူတို့၏ လှုပ်ရှားမှုနည်းစနစ်များက ရုတ်တရက် ရပ်တန့်ကာ ရေစီးကြောင်းများနှင့်အတူ မျောပါလုနီးပါး ဖြစ်သွားရလေသည်။
ယဲ့ကျို၏အကြည့်က မကောင်းဆိုးရွားဆန်နေပြီး သူမက ဖိအားအောက်မှာ ရှိနေသော်လည်း ရှေ့သို့တက်လှမ်းကာ သူမ၏လက်ကို ဝှေ့ယမ်းလိုက်လေသည်။
သူမ၏ အင်္ကျီလက်စထဲမှ ငွေရောင်အပ် အမြောက်အများက ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။ သူတို့က ရောက်မလာသေးခင်မှာပင် ညှီစို့စို့ အနံ့တစ်ခုကို ထုတ်ဖော်လာခဲ့လေသည်။
အဆိပ်..။
အဲဒါက အဆိပ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ နည်းလမ်းများနှင့် ထပ်တူညီသော ရင်းနှီးနေကျ လှုပ်ရှားကွက်တစ်ကွက် ဖြစ်လေသည်။
ဆူဇီမိုက စိတ်ထဲကနေ လှောင်ရယ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်လေသည်။ အဆိပ်အပ်များက သူ့မျက်နှာဆီသို့ ရောက်ရှိတော့မည့်ဆဲဆဲမှာပင် သူက သူ၏ပါးစပ်ကို ရုတ်တရက်ဖွင့်ပြီး ဟိန်းဟောက်လိုက်လေသည်။
“သတ်”
မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း..။
ဝုန်း
အစေခံ ၈ယောက်၏ နားထဲတွင် ကျယ်လောင်သော မိုးကြိုးသံက ထွက်ပေါ်လာခဲ့လေသည်။
အရင်ဆုံး ထိခိုက်ခံစားရသူမှာ ပုလွေမှုတ်နေသော ယဲ့ယီ ဖြစ်လေသည်။
ပုလွေသံက ချက်ချင်းပင် ဖြတ်တောက်ခံလိုက်ရလေသည်။
ယဲ့ရီသည် ခပ်သဲ့သဲ့ ညည်းတွားပြီး သူ၏မျက်နှာက ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့လေသည်။ သူမ၏ ပုလွေပေါ်မှာ အက်ကွဲကြောင်းများက ဖြစ်ပေါ်လာပြီး အဲဒါက ပျက်စီးသွားခဲ့လေပြီ။
ဒါ့အပြင်.. ဆူဇီမို၏ ဟိန်းဟောက်သံက သူ၏အဆုတ်အားနှင့်အတူ ထွက်ပေါ်လာပြီး ကြီးမားသည့် လေစီးကြောင်းတစ်ခုက သူ၏ပါးစပ်ထဲကနေ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့လေသည်။
ထိုလေစီးကြောင်းများဖြင့် အဆိပ်အပ်များက အဝေးသို့ လွင့်ပျံသွားခဲ့လေသည်။
ထို့နောက် ချက်ချင်းပင်လျှင် ပြိုင်ဘက်ကင်းဓားအလင်းတန်းများက နောက်ကနေ လိုက်ပါလာခဲ့လေသည်။
လှိုင်းဂယက်များက ယဲ့အာ၊ ယဲ့စီနှင့် အခြားအစေခံများဆီသို့ လေဟာနယ်ကို ဆုတ်ဖြဲ၍ ဝင်ရောက်လာသည်ဟု ထင်ရလေသည်။
တည်ငြိမ်ပင်လယ်ကျမ်း လှိုင်းဂယက်..။
သူက ဓားဖြင့် ဆေဘာစိတ်ဆန္ဒကို ထုတ်ဖော်လိုက်လေသည်။ ဓားအလင်းတန်းများက အေးစက်နေပြီး အဲဒါက ယဲ့အာနှင့် ယဲ့စီတို့၏ လည်ပင်းများကို ပိုင်းဖြတ်လိုက်လေသည်။
သူတို့နှစ်ယောက်စလုံးသည် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ တုန်လှုပ်မှုကနေ သူတို့၏စိတ်များက လစ်ဟာနေပြီး နေရာမှာတင် မှင်တက်နေကြလေသည်။
သူတို့က အသိစိတ်ပြန်ဝင်လာချိန်တွင် သူတို့သည် ချာချာလည်၍ လေထဲသို့ မြောက်တက်သွားသည်ဟု ခံစားလိုက်ရလေသည်။
သူတို့က သူတို့၏ရုပ်အလောင်းများကို ပြန်မြင်နေရလေသည်။
သူတို့၏ ရုပ်အလောင်းများက ဦးခေါင်းမဲ့နေလေသည်။
ကြီးမားသည့် ဦးခေါင်းနှစ်လုံးက ဆူဇီမို၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရလေသည်။
ယဲ့ပါနှင့် ယဲ့ချိုသည် ဆူဇီမိုနှင့် အနီးဆုံးမှာ ရှိနေလေသည်။
မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ ရိုက်ခတ်မှုက သူတို့နှစ်ယောက်အပေါ်မှာ အပြင်းထန်ဆုံး ဖြစ်လေသည်။
သူတို့၏ နှာခေါင်းပေါက်များ၊ နားများ၊ ပါးစပ်နှင့် မျက်လုံးတို့မှ သွေးများက စီးကျလာခဲ့လေသည်။
သူတို့၏ ဒွါရများ အားလုံးမှ သွေးများက စီးထွက်လာခဲ့လေသည်။
သူတို့နှစ်ယောက်သည် မြေပြင်ပေါ်သို့ တောင့်တင်းစွာ လဲကျသွားပြီး သူတို့က မြေပြင်နှင့် မထိတွေ့ခင်မှာပင် နောက်ထပ်ဦးခေါင်းနှစ်လုံးက ပျံသန်းသွားခဲ့လေသည်။
တခဏအတွင်းမှာပင်.. ရှေ့သို့ ဝင်ရောက်လာသော အစေခံ ၅ယောက်ထဲတွင် ယဲ့ချိုသာလျှင် တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။
သူမ၏ခန္ဓာကိုယ်က သူတို့ ၅ယောက်ထဲမှာ အသန်မာဆုံးဖြစ်သည့်အတွက် သူက ဤမျှထိကြာကြာ တောင့်ခံနိုင်သေးခြင်း ဖြစ်လေသည်။
“ရှင်..”
သို့သော်လည်း သူမက ထိုစကားတစ်ခွန်းကိုသာ ပြောလိုက်ရလေသည်။ ဆူဇီမိုက သူမရှေ့သို့ ရောက်ရှိလာပြီး သူမကို မည်သည့်အခွင့်အရေးမှ မပေးဘဲ သူ၏ဓားဖြင့် ခုတ်ပိုင်းချလိုက်လေသည်။
ရွှစ်..
ဓားခုတ်ချက်က ဆူနာမီတစ်ခုကို ဖန်တီးဖြစ်ပေါ်လာစေလေသည်။
ယဲ့ချိုသည် ဝင်ရောက်လာသော ဓားချက်ကို သူမ၏ ဆေဘာကွေးဖြင့် မြှောက်ခံလိုက်သည့် ခဏမှာပင် နောက်သို့ လွင့်စင်ထွက်သွားလေသည်။
ဆူဇီမိုက သူမ၏ဦးခေါင်းကို သာမန်ကာလျှံကာပင် ပိုင်းဖြတ်လိုက်လေသည်။
အမျိုးသမီးအစေခံ ၈ယောက်ထဲတွင် ၃ယောက်သာလျှင် ကျန်ရှိတော့လေသည်။
“နင်တို့ ၃ယောက်လည်း ထွက်သွားဖို့ မကြံနဲ့”
ဆူဇီမို၏ သူ၏ဓားနှင့်အတူ ရှေ့သို့တက်လှမ်းပြီး သူ့ဓား ဖြတ်သန်းသွားရာတစ်လျှောက်တွင် လှိုင်းဂယက်များက ဖြစ်ပေါ်လာခဲ့လေသည်။ သူတို့သုံးယောက်စလုံးသည် လှိုင်းဂယက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရပြီး ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်တော့ပေ။
ချွမ်း.. ချွမ်း..
နှစ်ဖက်စလုံးသည် သုံးချက် လေးချက်မျှ တိုက်ခိုက်ဖလှယ်လိုက်ကြလေသည်။
သွေးများ ပန်းထွက်နေသော ဦးခေါင်းသုံးလုံးက လေထဲသို့ မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။
ဆူဇီမိုကို တိုက်ခိုက်ကြသော နိုးထဝိညာဉ်များစွာ ရှိခဲ့လေသည်။ သို့သော်လည်း အမျိုးသမီးအစေခံ ၈ယောက်ကတော့ အဆိုးဝါးဆုံး ခံစားခဲ့ရလေသည်။
အဲဒါက ကံတရားပင် ဖြစ်လေသည်။
အစက.. အမျိုးသမီးအစေခံများထဲမှ တစ်ယောက်သည် နိုးထဝိညာဉ်တစ်ယောက်၏ ဦးခေါင်းကို ဖြတ်ပစ်ခဲ့လေသည်။ သူမက ကျိုးကြောင်းဆီလျော်မှု မရှိသော်လည်း မည်သူကမှ ပြန်မပြောရဲပေ။
သို့သော် ယခုအခါမှာတော့ သူတို့၏ကံကြမ္မာက ထိုသူကဲ့သို့ပင် ပြောင်းလဲသွားရလေသည်။
“ဓားကျင့်ကြံသူတွေက အညှာအတာ ကင်းမဲ့ပြီးတော့ သတ်ဖြတ်တဲ့နေရာမှာ ပြတ်သားတယ်လို့ ပြောကြတယ်.. အခု ငါကိုယ်တိုင် မြင်တွေ့မှပဲ အဲဒါက သူတို့ရဲ့ ဂုဏ်သတင်းနဲ့ လိုက်ဖက်ညီအောင် တကယ်ကို ရှင်သန်နေထိုင်ကြတာပဲ”
“အဲဒီ မိုလင်းက တော်တော်ရက်စက်တာပဲ.. သူက အမျိုးသမီးတွေကိုတောင်မှ လုံးဝမညှာဘူး”
လူအုပ်ကြီးက ပြောစရာစကား မဲ့သွားရလေသည်။
“ခင်ဗျားက ဘယ်သူလဲ”
ထိုစဉ်မှာပင် ဘေးဘက်ကနေ အသံတစ်သံက ထွက်ပေါ်လာလေသည်။ ထိုအသံက မေးခွန်းထုတ်နေသည်ဟု ထင်ရသော်လည်း တစ်ခုခုကို စိုးထိတ်နေပုံရလေသည်။ ထိုလူ၏အသံက တုန်ယင်နေလေသည်။
ဟန်ချိုးယွီသည် ဆူဇီမိုကို မမှိတ်မသုန် စိုက်ကြည့်ပြီး ဓားကိုကိုင်ထားသော သူ၏လက်က အနည်းငယ် တုန်ယင်နေကာ သူက ထပ်မေးလိုက်လေသည်။
“ခင်ဗျားက ဘယ်သူလဲ”
အဲဒါက ဓားစိတ်ဆန္ဒမဟုတ်ဘဲ ဆေဘာစိတ်ဆန္ဒသာဖြစ်ကြောင်း သူက ပြောနိုင်လေသည်။
နတ်ဖီးနစ်ကျွန်းမှ အရိုက်အရာဆက်ခံသူကလွဲလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ထိုဆေဘာစိတ်ဆန္ဒကို သိသောလူက တစ်ယောက်တည်းသာလျှင် ရှိလေသည်။
“ဒကာ.. ခင်ဗျားကို တာမင်းအစစ်အမှန်သုတ္တန် ဘယ်သူက သင်ပေးခဲ့တာလဲ ကျုပ်သိပါရစေ.. ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ”
ပညာဉာဏ်အလင်းကျောင်းတော်၊ လှိုဏ်ခေါင်းကျောင်းတော်နှင့် ပုံသဏ္ဍာန်မဲ့ကျောင်းတော်တို့မှ မူလနတ္ထိကိုယ်တော်များသည် တစ်ချိန်တည်းမှာ ရှေ့သို့ထွက်ရပ်လာပြီး စိမ်းသက်သော အမူအရာများဖြင့် ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်ကြလေသည်။
“ဟီးဟီး”
ရုတ်တရက်.. ယဲ့ထန်းချန်က ရယ်မောလိုက်လေသည်။
“မင်းက ဓားတစ်လက်ကို ဆေဘာအဖြစ်သုံးပြီး ဆေဘာစိတ်ဆန္ဒကို ထုတ်ဖော်ရင်းနဲ့ လူတိုင်းကို အရူးလုပ်နိုင်မယ်လို့ ထင်နေတာလား”
သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်၊ အလယ်ပိုင်းတိုက်၏ နံပါတ်တစ် ပကတိအရှင်လည်း ဖြစ်လေသည်။
ဆူဇီမို၏ နည်းလမ်းများက သူ့ထံကနေ သေချာပေါက် ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။
ထိုစဉ်မှာပင် တာအိုအရှင်လန်ရွဲ့က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လာပြီး ဖိနှိမ်နိုင်သော စွမ်းအားတစ်ခုကို ဆင်းသက်လာစေလေသည်။
“နင်က နင့်ရဲ့ အစစ်အမှန်ပုံစံကို ဖုံးကွယ်ထားတာပဲ.. နင်က အတိအကျ ဘယ်သူလဲ.. နင်က ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို ရုပ်ဖျက်ပြီးတော့ လာတက်ရဲတယ်ပေါ့လေ”