← Chapters

ကျုပ်နာမည်က ဆူဇီမို

Vol. 64 Ch. 953

ကျုပ်နာမည်က ဆူဇီမို

Vol. 64 Ch. 953

လူအုပ်ကြီးက မှင်တက်သွားရလေသည်။

အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည်လည်း နေရာမှာတင် မှင်တက်နေကြလေသည်။

ယဲ့ထန်းချန်၊ ဟန်ချိုးယွီနှင့် ဗုဒ္ဓဂိုဏ်းများမှ ကိုယ်တော်များသည် ဆူဇီမိုကို မကျေမနပ်ဖြင့် စစ်ဆေးမေးမြန်းနေကြလေသည်။ ယခုအခါ တာအိုအရှင်လန်ရွဲ့ကပင် ထွက်၍ ရပ်တည်လာခဲ့လေပြီ။

ဒါ့အပြင် တာအိုအရှင်လန်ရွဲ့က စိမ်းသက်သော အမူအရာတစ်ခု ရှိနေလေသည်။ သူမက အမှန်တကယ်ပင် ဒေါသထွက်နေသည်မှာ သိသာလေသည်။

နန်းကုန်လင်းနှင့် အခြားသူများက တွေဝေရှုပ်ထွေးသော အကြည့်များဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

အဲဒါက ဆရာဘိုးလေး အသေးလေးရဲ့ မူလရုပ်ရည်သွင်ပြင် မဟုတ်ဘူးလား..။

ဆရာဘိုးလေး အသေးလေးက သူရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့တာလား..။

ဒါဆို သူ့ရဲ့ မူလသရုပ်မှန်က ဘာဖြစ်မလဲ..။ သူက ဘာလို့ အဲဒါကို ဖုံးကွယ်ထားရတာလဲ..။

လမ့်ရို၊ ဖက်တီးလေးနှင့် အခြားသူများက စိုးရိမ်ထိတ်လန့်လာကြလေသည်။

ထိုအခိုက်အတန့်တွင် လူတိုင်း၏အကြည့်က တိုက်ပွဲနယ်မြေအလယ်ရှိ အစိမ်းရောင်ဝတ် ကျင့်ကြံသူအပေါ်မှာ စုပြုံကျရောက်နေကြလေသည်။

ဆူဇီမိုက တည်ငြိမ်စွာပြုံး၍ ပေါ့ပေါ့ပါးပါးပင် ရှိနေလေသည်။

သူက အဲဒါကို မျှော်လင့်ထားပြီးသားပင်။

ဤနေရာအရောက်၌ သူက အဲဒါကို ဆက်လက်၍ ဖုံးကွယ်ထားလိုစိတ် မရှိတော့ပေ။

ဆူဇီမို၏ခန္ဓာကိုယ်မှ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာပြီး သူ၏မျက်နှာပေါ်ရှိ ကြွက်သားများက တွန့်လိမ်သွားလေသည်။

တစ်ခဏအတွင်းမှာပင်.. သူ၏ရုပ်ရည်သွင်ပြင်က သိသိသာသာ ပြောင်းလဲသွားပြီး ကြော့ရှင်းချောမောသည့် ကျင့်ကြံသူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေသည်။ သူ၏ အနက်ရောင်ဆံပင်များက ယိမ်းနွဲ့နေပြီး သူ၏ အစိမ်းရောင်ဝတ်ရုံက တဖျပ်ဖျပ် လှုပ်ခါနေလေသည်။ သူ၏မျက်လုံးများက ကြည်လင်နက်ရှိုင်းနေပြီး သူ၏ခန္ဓာကိုယ်မှာ လူတစ်ယောက်ကို တုန်လှုပ်ချောက်ချားသွားစေနိုင်သော သန်မာအားကောင်းသည့် အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

ဟန်ချိုးယွီက ရင်တစ်ချက်ထိတ်သွားပြီး အလိုလို ခြေလှမ်းဝက် ဆုတ်လိုက်မိလေသည်။ သူ၏မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေပြီး သူ၏ အသက်ရှူသံက မြန်ဆန်လာလေသည်။

နှင်းပုံတောင်ကြား၏ နတ်မိမယ်လောရွှယ်က ဆတ်ခနဲ ထရပ်ပြီး သူမ၏မျက်လုံးက ဝင်းလက်သွားခဲ့လေသည်။

“အား..”

ယန်ဆေးဂိုဏ်း၏ ထန်ရုက အံ့အားတသင့် ရေရွတ်လိုက်ပြီး သူမ၏မျက်လုံးထဲရှိ ဝမ်းသာပျော်ရွှင်မှုနှင့်အတူ သူမ၏ပါးစပ်ကို အလောတကြီး အုပ်လိုက်လေသည်။

“ဝါး…”

ရူရွှမ်က အံ့အားတသင့် ရေရွတ်ပြီး ရယ်မောလိုက်လေသည်။

“အဲ့တော့.. ဆရာဘိုးလေး အသေးလေးရဲ့ ရုပ်ရည်သွင်ပြင်က ဒီလိုပေါ့လေ.. သူက တော်တော်ချောတာပဲ”

ယဲ့ထန်းချန်၊ ပကတိအရှင်ဖန်းလမ်နှင့် အခြားသူများသည် ဆူဇီမိုကို အရင်က တစ်ခါမှ မမြင်ဖူးသည့်အတွက် တုံ့ပြန်မှု မရှိကြပေ။

သို့သော်လည်း.. လူအုပ်ကြီးထဲမှ တမူထူးခြားသည့် အသံတချို့က ထွက်လာခဲ့လေသည်။

“အဲဒါ သူပဲ”

“သူက အသက်ရှင်နေသေးတာပဲ”

“အဲဒီဖြစ်ရပ် ပြီးဆုံးသွားခဲ့တာ ဘာလိုလိုနဲ့ နှစ်တစ်ရာတောင် ရှိသွားခဲ့ပြီပဲ”

တာအိုအရှင်လန်ရွဲ့က မျက်မှောင်ကြုတ်လိုက်လေသည်။

လက်ရှိကျင့်ကြံသူများထဲမှ အတော်များများသည် ဤလူကို မှတ်မိကြသည်မှာ သိသာလေသည်။ သို့သော်လည်း သူတို့၏အသံကို ချိုးနှိမ်ထားပြီး သူတို့က သူ၏နာမည်ကို ထုတ်ဖော်ပြောဆိုရဲခြင်း မရှိကြပေ။

ထိုနာမည်က တားမြစ်စကားလုံးတစ်ခု ဖြစ်နေသည့်အလားပင်။

တာအိုအရှင်လန်ရွဲ့က နောက်တဖန် ထပ်မေးလိုက်လေသည်။

“နင်က ဘယ်သူလဲ”

“ကျုပ်နာမည်က ဆူဇီမို”

ဆူဇီမိုသည် သူ၏ဘေးပတ်လည်ကို တည်ငြိမ်စွာ ကြည့်ရှုပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

ချက်ချင်းပင် ဂမ္ဘီရခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားပြီး အပ်ကျသံကိုပင် ကြားရနိုင်လာလေသည်။

ထိုနာမည်တစ်ခုတည်းကပင် လက်ရှိကျင့်ကြံသူများ အားလုံး၏ အပြောအဆို၊ အသက်ရှူသံနှင့် အပြုအမူများကိုပင် ဟန့်တားနိုင်သည့် မမြင်နိုင်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားပုံရလေသည်။

ဆူဇီမိုသည် လွန်ခဲ့သည့်နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ဖြစ်လေသည်။ သူက သမိုင်းတစ်လျှောက် မကြုံစဖူး အံ့မခန်း ပြန်ဝင်စားမွန်းစတားတစ်ယောက်လည်း ဖြစ်လေသည်။

သူသည် တစ်ခါက ရှေးဟောင်းတိုက်ပွဲမြေ နှစ်ခုစလုံးမှာ အမျိုးမျိုးသော ဂိုဏ်းကြီးများ၏ ပြိုင်စံရှားများကို ဖိနှိမ်ခဲ့ပြီး အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းခဲ့လေသည်။ ဤလူက ရှုံးနိမ့်မှုကို တစ်ခါမှ မခံစားဖူးပေ။ သူသည် အံ့မခန်း ရွှေအမြုတေနယ်မြေတစ်ခုကို ဖန်တီးခဲ့ပြီး သူ၏နာမည်ကို ရှေးဟောင်းအသင်္ချေနယ်မြေ ကျောက်စာတိုင်မှာ ချန်ထားရစ်ခဲ့လေသည်။

များစွာသော ကျင့်ကြံသူများသည် ထိုနာမည်နှင့် ပတ်သက်သည့် အမျိုးမျိုးသော ဒဏ္ဍာရီများကို ပြန်လည်အမှတ်ရလာကြလေသည်။

တကယ်တော့ ကြောက်စရာအကောင်းဆုံး ဒဏ္ဍာရီများမှာ လွန်ခဲ့သည့်နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက် တိုက်ပွဲအတွင်း အသင်္ချေနယ်မြေမြို့တော်မှာ ဖြစ်ပွားခဲ့သည့် ပြိုင်စံရှားများ၏ ကပ်ဘေးနှင့် ဆက်စပ်နေလေသည်။

ဒဏ္ဍာရီအရဆို.. ထိုကပ်ဘေးအတွင်း ပြင်ပမျိုးနွယ်စုနှစ်စုက ရောက်ရှိလာပြီး မြို့ထဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့လေသည်။ အလောင်းများက နေရာတိုင်းမှာ ပုံထပ်နေပြီး သွေးများက မြစ်များကဲ့သို့ စီးဆင်းနေခဲ့လေသည်။ မရေမတွက်နိုင်သော ပြိုင်စံရှားများက အသတ်ခံခဲ့ရလေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှား ထက်ဝက်ကျော်သည် သေဆုံးသွားခဲ့ရလေသည်။

ကံကောင်းထောက်မစွာဖြင့် ဤလူသည် လူသားမျိုးနွယ်၏ နောက်ဆုံးဂုဏ်သိက္ခာကို ကာကွယ်ပြီး ပြင်ပမျိုးနွယ်များနှင့် အသေအကြေ သွေးလွှမ်းတိုက်ပွဲတစ်ခုကို ဆင်နွှဲခဲ့လေသည်။ သူက ခြေကုန်လက်ပန်းကျလုနီးပါး အခြေအနေမှာ ထိုပြင်ပမျိုးနွယ်နှစ်စုကို သတ်ဖြတ်နိုင်ခဲ့လေသည်။

တကယ်တော့ ထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများသည် ထိုဖြစ်ရပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ နောက်ပိုင်းမှာ ပြန့်ပွားမသွားစေရန် တားမြစ်ပိတ်ပင်ခဲ့ကြလေသည်။ ရှင်သန်ကျန်ရစ်ခဲ့ကြသော ကျင့်ကြံသူများစွာသည် ထိုကိစ္စနှင့် ပတ်သက်၍ အလွန်တရာ သိုဝှက်သွားကြပြီး ထိုအကြောင်းအရာက တားမြစ်စကားလုံးများ ဖြစ်လာခဲ့လေသည်။

အချိန်ကြာလာသည့်နှင့်အမျှ.. အချက်အလက်များစွာက အချိန်ကာလနှင့်အတူ နစ်မြုပ်သွားခဲ့လေသည်။

နောက်ဆုံးမှာတော့ အဲဒါက ဒဏ္ဍာရီတစ်ပုဒ်​ ဖြစ်သွားခဲ့လေသည်။

ယခုအခါ နှစ်တစ်ရာက ကုန်ဆုံးသွားပြီး ထိုဖြစ်ရပ်က အစစ်အမှန်ဖြစ်သလားဆိုတာကို လူအတော်များများက မသိနိုင်ကြတော့ပေ။

လူငယ်မျိုးဆက်များအတွက်တော့ သူတို့သည် အဲဒါကို ဟာသတစ်ခုအဖြစ် ရှုမြင်ပြီး အတည်အတံ့ မမှတ်ယူခဲ့ကြပေ။

အခြားသူများကို အသာထား.. နန်းကုန်လင်း၊ ရူရွှမ်နှင့် အသွန်းတစ်ရာဂိုဏ်းမှ အခြားသူများပင်လျှင် ဆူဇီမိုအကြောင်း ပြောသည့်အခါ အထင်အမြင်သေးမှုဖြင့် ပြည့်နှက်နေကြလေသည်။

သို့သော်လည်း လက်ရှိကျင့်ကြံသူများထဲမှ အတော်များများသည် ထိုဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခဲ့ပြီး ကံကောင်းထောက်မ၍ အသက်ရှင်ကျန်ရစ်ခဲ့သူများ ဖြစ်ကြလေသည်။

အဲဒီမှာ ဟန်ချိုးယွီလည်း ပါဝင်လေသည်။

အဲဒါက နတ်မိမယ်လောရွှယ်အတွက်လည်း ထို့အတူပင်။

အဲဒီမှာ အခြားသူများလည်း ရှိနေသေးလေသည်။

ထိုကပ်ဘေးကနေ ရှင်သန်ကျန်ရစ်ခဲ့သော ကျင့်ကြံသူ အားလုံးနီးပါးသည် နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးနောက် ဤပွဲတော်သို့ ပါဝင်တက်ရောက်ရန် အဆင့်မီသည့် ပြိုင်စံရှားများ ဖြစ်လာခဲ့လေသည်။

ဤပြိုင်စံရှားများ၏ နှလုံးသားထဲတွင် ထိုနာမည်က ပြိုင်ဘက်ကင်းပြီး တားမြစ်စကားလုံးတစ်ခု ဖြစ်လေသည်။

အဲဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လေသည်။

ယခု ဤလူက နိုးထဝိညာဉ်အဆင့်မှာ ရှိနေသည်ဆိုတော့ သူက နံပါတ်တစ် ပကတိအရှင် ဖြစ်ရပေမည်။

သူက အလယ်ပိုင်းတိုက်၏ နံပါတ်တစ် ပကတိအရှင်သာလျှင် မဟုတ်ဘဲ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ နံပါတ်တစ် ပကတိအရှင် ဖြစ်လေသည်။

“ဆရာဘိုးလေး အသေးလေး.. သူ.. သူက.. ဆူဇီမိုလား”

ရူရွှမ်က မယုံကြည်နိုင်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။

“အရင်တုန်းက ပြောခဲ့တဲ့ ဒဏ္ဍာရီတွေက အမှန်တကယ်များ ဖြစ်နေမလား”

နန်းကုန်လင်းသည် သူ၏တုန်လှုပ်မှုကနေ ရုန်းထွက်နိုင်ခြင်း မရှိသေးဘဲ တီးတိုးရေရွတ်လိုက်လေသည်။

လျှိုဟန်ယန်ကလည်း တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေလေသည်။

သူမသည် ဆူဇီမိုနှင့်ပတ်သက်၍ တစ်ခုခုလွဲမှားနေသည်ကို သတိထားမိသည်မှာ ကြာခဲ့ပြီ​ဖြစ်လေသည်။

သို့သော်လည်း သူတို့၏ ဆရာဘိုးလေးက ဤမျှအထိ စွမ်းအားကြီးသော နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူမက မျှော်လင့်မထားမိပေ။

အဲဒီမှာ အရာရာတိုင်းအတွက် ဖြေရှင်းချက်တစ်ခုစီ ရှိလာသည်ဟု ထင်ရလေသည်။

ဆူဇီမိုသာလျှင် ယဲ့ထန်းချန်ကို ဆင်းလာခဲ့ဟု ပြောဆိုရဲပေလိမ့်မည်။

ဆူဇီမိုသာလျှင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် တတိယဖြစ်သော ကျန့်ဝူကျုံးကို သူ၏ဓားကိုပင် ထုတ်နိုင်ခြင်းမရှိဘဲ အပြတ်အသတ် ဖိနှိမ်နိုင်ပေလိမ့်မည်။

ဆူဇီမိုသာလျှင် ပြိုင်စံရှားများ အားလုံးကို တစ်ယောက်တည်းဖြင့် လှဲချနိုင်ပေလိမ့်မည်။

“အံ့ဩစရာ မရှိတော့ဘူးပဲ”

လျှိုဟန်ယန်သည် မလှမ်းမကမ်းတွင်ရှိသော လမ့်ရိုနှင့် အခြားသူများကို လှမ်းကြည့်လိုက်လေသည်။

လမ့်ရိုနှင့် အခြားသူများသည် ယဲ့ထန်းချန်နှင့် တာအိုအရှင်လန်ရွဲ့၏ ကြီးမားသည့် ဖိအားအောက်တွင် ခံနိုင်ရည်မရှိတော့သည့်အချိန်မှာ ဆူဇီမိုက ရှေ့သို့ထွက်၍ ရပ်တည်ခဲ့ရသည့် အကြောင်းရင်းကို သူမက နောက်ဆုံး နားလည်သွားရလေသည်။

တာအိုအရှင်လန်ရွဲ့က တွေဝေရှုပ်ထွေးသော အမူအရာဖြင့် သူမ၏မျက်လုံးများကို မှေးကျဉ်းထားလေသည်။

သူမ၏ အဆင့်အတန်းအရ လွန်ခဲ့သည့်နှစ်တစ်ရာက အသင်္ချေနယ်မြေမြို့တော်မှာ ဖြစ်ပွားခဲ့သော အကြောင်းအရာများကို ကောင်းကောင်းသိထားလေသည်။

မည်သို့ပင်ဆိုစေ.. ကြိုးကြာတစ်ထောင်ဂိုဏ်းသည် လွန်ခဲ့သည့်နှစ်တစ်ရာက တိုက်ပွဲအတွက် ဆူဇီမိုအပေါ်မှာ အသက်ကြွေးတင်နေလေသည်။

ပြောရမည်ဆိုလျှင်.. ဂိုဏ်းများ အားလုံးနှင့် လွန်ခဲ့သည့်နှစ်တစ်ရာတုန်းက ရှင်သန်ကျန်ရစ်ခဲ့သော ပြိုင်စံရှားများသည် ဆူဇီမိုအပေါ် အသက်ကြွေးတင်နေကြလေသည်။

သို့သော်လည်း ဆူဇီမို၏အခြေအနေက ရှုပ်ထွေးနေလေသည်။

ဤလူသည် ဖန်သားနန်းတော်၊ ကစဉ့်ကလျား အမြုတေဂိုဏ်းနှင့် မိုးကြိုးလေပြေနန်းတော်ကဲ့သို့သော ထိပ်သီးဂိုဏ်းကြီးများကို ဆန့်ကျင်ထားပြီးလေပြီ။ သူတို့အားလုံးက သူ့ကို သတ်ဖြတ်ချင်နေကြလေသည်။

ဒါ့အပြင် ထိုလူက သားရဲကျင့်ကြံခြင်း နည်းစနစ်တစ်ခုကိုလည်း ကျင့်ကြံထားသေးလေသည်။

ယနေ့အချိန်ထိ.. သူက လူသားတစ်ယောက်လား.. နတ်ဆိုးတစ်ကောင်လားဆိုတာ မည်သူကမှ မသိကြပေ။

ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် တာအိုအရှင်လန်ရွဲ့သည် ဤလူကို မည်သို့မည်ပုံ ကိုင်တွယ်ရမလဲ မစဉ်းစားတတ်အောင် ဖြစ်ရလေသည်။

သူ့ကို သတ်ဖြတ်လိုက်ခြင်းက တရားမျှတမှု မရှိပေ။

သို့သော်လည်း သူ့ကို မသတ်ဘူးဆိုလျှင် အဲဒါက ထိပ်သီးဂိုဏ်းကြီး အချို့ကို ဆန့်ကျင်ဖီဆန်မိခြင်းနှင့် တူနေပေလိမ့်မည်။

ချက်ချင်းပင် တာအိုအရှင်လန်ရွဲ့က တိတ်ဆိတ်ငြိမ်သက်ကျသွားလေသည်။

အဲဒါက မကြုံစဖူး ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်လေသည်။

ထိုနာမည်က ဂမ္ဘီရခြံဝန်းတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်အထိ တုန်လှုပ်သွားစေလေသည်။

“စီနီယာအစ်ကို.. ဘာတွေ စောင့်နေတာလဲ.. အဲဒီလူကို သွားသတ်ပြီးတော့ ကျုပ်ရဲ့ အရှက်နဲ့သိက္ခာကို ပြန်ယူပေးစမ်းပါ”

ကျန့်ဝူကျုံးက ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဟန်ချိုးယွီကို တွန်းပို့လိုက်လေသည်။

ဟန်ချိုးယွီက မည်သည့်စကားမှ မပြောဘဲ သုန်မှုန်နေသော အမူအရာတစ်ခုဖြင့် ဆူဇီမိုကို စိုက်ကြည့်နေလေသည်။

ကျန့်ဝူကျုံးက အံကို တင်းတင်းကြိတ်ပြီး မုန်းတီးစွာဖြင့် ပြောလိုက်လေသည်။

“အချိန်တိုအတွင်း သူ့ရဲ့ဓားကွက်ကို သူက ထပ်ပြီးတော့ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး.. စီနီယာအစ်ကို.. သူ့ကို ကူပြီးသတ်ပေးစမ်းပါ”

“ပါးစပ်ပိတ်ထားစမ်း”

ဟန်ချိုးယွီက ကျန့်ဝူကျုံးဘက်သို့လှည့်ပြီး ပါးတစ်ချက်ရိုက်လိုက်လေသည်။

ကျန့်ဝူကျုံးသည် ထိုရိုက်ချက်မှာ မှင်တက်သွားရလေသည်။

ဟန်ချိုးယွီက ကျန့်ဝူကျုံးကို အေးစက်စွာ စိုက်ကြည့်​ပြီး ငေါက်ငမ်းလိုက်လေသည်။

“ထွက်သွားစမ်း.. မင်းကိုယ်မင်း အရှက်ရအောင် လုပ်မနေနဲ့.. သူ ဘယ်သူလဲဆိုတာ မင်းသိလား”

“စီနီယာအစ်ကို.. ခင်ဗျားက ကြောက်နေတာပဲ”

ကျန့်ဝူကျုံးက ဟားတိုက်ရယ်မောလိုက်လေသည်။

“လွန်ခဲ့တဲ့နှစ်တစ်ရာက ဖြစ်ပျက်ခဲ့တဲ့ အရာတွေက အခြေအမြစ်မရှိတဲ့ ကောလာဟလတွေပဲ.. ချဲ့ကားပြောဆိုထားတဲ့ နာမည်တစ်ခုကို ခင်ဗျားက ကြောက်နေတယ်ဆိုတော့.. ဟားဟားဟားဟား”

“ကောလာဟလတွေ ဟုတ်လား”

ဟန်ချိုးယွီက အေးစက်စွာဖြင့် ပြန်ပြောလိုက်လေသည်။

“အဲဒီ ကောလာဟလတွေ အကုန်လုံးက အစစ်အမှန်တွေပဲ”

“ခင်ဗျားက အဲဒါကို ဘယ်လိုသိလဲ.. အဲဒါကို ခင်ဗျားကိုယ်တိုင် ခင်ဗျားမျက်လုံးနဲ့..”

ကျန့်ဝူကျုံးက ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။

ဟန်ချိုးယွီသည် လွန်ခဲ့သည့်နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် အဆင့်ရှစ်ဝင်ခဲ့ပြီး အသင်္ချေမြို့တော်မှ ကပ်ဘေးကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်ကို သူက ရုတ်တရက် အမှတ်ရသွားခဲ့ရလေသည်။

All Chapters