ငါခွင့်မပြုသရွေ့ မင်းအဲ့ဒါကို မသုံးနိုင်ဘူး
Vol. 64 Ch. 954
ဟန်ချိုးယွီသည် မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုဖြင့် စိုက်ကြည့်နေလေသည်။
သူတို့သည် တိုက်ကွက်တစ်ကွက်မျှသာဖလှယ်ခဲ့ရသော်လည်း သူတို့နှစ်ယောက်ကြား ကွာဟချက်က အရင်ကထက် ပို၍ကြီးမားလာသည်ကို သူကသိရှိလိုက်လေသည်။
ထိုအခိုက်အတန့်တွင် ဆူဇီမို၏ နာမည်ကိုကြားသောအခါ ဟန်ချိုးယွီသည် ဤလူကိုဆက်လက်တိုက်ခိုက်ဖို့ သတ္တိမရှိတော့ပေ။
ဓားဂိုဏ်း၏ မူလနတ္ထိက သူ၏မျက်လုံးကိုမှေးကျဥ်းပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“သူက ကောလာဟလတွေထဲကအတိုင်း တစ်ကယ်ပဲ သန်မာလို့လား...”
“သန်မာတာပေါ့... “
ဟန်ချိုးယွီက တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ခိုင်မာစွာပြန်ပြောလိုက်လေသည်။
“ဟားဟား...”
ဓားဂိုဏ်း၏ မူလနတ္ထိက လှောင်ရယ်မောလိုက်လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပဲလေ... ဒီနေရာမှာ အမြုတေနယမြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ် နှစ်ယောက်တောင်ရှိတယ်... သူက ခြေတွေလက်တွေအပိုပါနေလို့လား”
ဟန်ချိုးယွီက ခေါင်းခါပြလိုက်လေသည်။
“သမိုင်းတစ်လျှောက်မှာ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ဝင်ခဲ့တဲ့ လူများစွာရှိတယ်... ဒါပေမယ့်လို့ သူကတော့မတူဘူး”
“ဟားဟား.... ဘယ်နေရာမှာ သွားပြီးမတူတာလဲ...”
ဓားဂိုဏ်း၏ မူလနတ္ထိက နောက်တစ်ဖန်လှောင်ရယ်မောလိုက်လေသည်။
“ခင်ဗျား.. ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”
ဟန်ချိုးယွီက မျက်မှောင်ကြုတ်၍ လှည့်ပြောလိုက်လေသည်။
ဓားဂိုဏ်း၏ မူလနတ္ထိက အေးစက်စွာပြန်ပြောလိုက်လေသည်။
“သူက သားရဲတစ်ကောင်လို့ ငါကြားထားတယ်.... သူက သားရဲဆိုမှတော့ ငါတို့က သူ့ကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ် သတ်ဖြတ်ရမှာပေါ့.. အဲ့ဒီမှာ ငှဲ့ကွက်စဥ်းစားနေစရာ ဘာအကြောင်းမှမရှိဘူး”
ဟန်ချိုးယွီက တင်းမာခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
“ခင်ဗျား.... သူနဲ့သွားမရှုပ်နဲ့လို့ ကျုပ်အကြံပေးလိုက်မယ်”
ဟန်ချိုးယွီက အမှန်တစ်ကယ်ပင် သူ၏စိတ်နှလုံးထဲကနေ စေတနာဖြင့် အကြံပေးနေခြင်းဖြစ်လေသည်။
အသင်္ချေနယ်မြေမြို့တော်မှကပ်ဘေးကို ကိုယ်တိုင်တွေ့ကြုံခံရဖူးခြင်းမရှိလျှင် ဤအစိမ်းရောင်ဝတ်စာပေသမားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲဆိုတာ မည်သူကမှ နားလည်နိုင်လိမ့်မည်မဟုတ်ပေ။
“သူက ဘယ်လိုပဲသန်မာသန်မာ သူက မူလနတ္ထိအဆင့်မှာရှိတဲ့ တစ်စုံတစ်ယောက်ကို အနိုင်ယူမှာလား... သူက ငါ့ဓားကိုရော ခုခံနိုင်မှာလား”
ဓားဂိုဏ်း၏မူလနတ္ထိက သူ၏နှုတ်ခမ်းကို သပ်လိုက်လေသည်။
“မင်းက ကျန့်ဝူကျုံးပြောသလို တစ်ကယ်ကြီးကြောက်နေတာပဲ... ဟန်ချိုးယွီ မင်းက ငါ့ကို တစ်ကယ်ပဲစိတ်ပျက်စေတာပဲ”
“ကျုပ်ကကြောက်တယ်ဆိုတာ... ဝန်ခံပါတယ်”
ဖုံးကွယ်ထားခြင်းမရှိပဲ ဟန်ချိုးယွီက ခဏမျှရပ်တန့်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်လေသည်။
“ဒါပေမယ့်လို့ ကျုပ်က ကြောက်မနေဘူးဆိုရင်တောင် သူ့ကိုတိုက်ခိုက်မှာမဟုတ်ဘူး”
“ကျုပ်ကလွဲရင် ဓားဂိုဏ်းက ဘယ်သူမဆိုသူ့ကိုတိုက်ခိုက်နိုင်တယ်”
“လွန်ခဲ့တဲ့နှစ်တစ်ရာက ကျုပ်က သူ့အပေါ်မှာ အသက်ကြွေးတင်နေခဲ့တယ်...”
ဓားဂိုဏ်း၏ မူလနတ္ထိက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
နှင်းပုံတောင်ကြား၏ လင်းပိုင်က ဆူဇီမိုကို စိုက်ကြည့်ပြီး သူ၏ နှုတ်ခမ်းကိုကိုက်၍ စိတ်လှုပ်ရှားကာ စိတ်အားထက်သန်နေလေသည်။
ထိုနာမည်ကိုကြားသောအခါ ပြိုင်စံရှားတိုင်းက ကြောက်ရွံမှုကို ခံစားရလိမ့်မည်မဟုတ်ပေ။
လင်းပိုင်သည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၀ သာဝင်ခဲ့သော်လည်း သူသည် နိုးထဝိညာဥ်အဆင့်သို့ ဝင်ရောက်ပြီးနောက် ကြီးမားသည့်အခွင့်အလမ်းတစ်ခုကိုရရှိခဲ့လေသည်။ သူက အခြားသော နိုးထဝိညာဥ်ပြိုင်စံရှားများထက် မနိမ့်ကျဟု သူ့ကိုယ်သူယုံကြည်လေသည်။
သူသည် သူ၏အစွမ်းအစများနှင့် လူတိုင်းကိုအံ့အားသင့်တုန်လှုပ်သွားစေမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဤတစ်ခေါက် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲသို့ ရောက်ရှိလာခြင်းဖြစ်လေသည်။
ထိုစဥ်မှာပင် နှင်းပုံတောင်ကြား၏ မူလနတ္ထိတာအိုသက်ရှိ နတ်မိမယ်လောရွှယ်က ရှေ့သို့ထွက်ရပ်ပြီး ဆူဇီမိုဘက်သို့ လက်သီးနှစ်ဖက်ယှက်ကာ ပြုံးပြလိုက်လေသည်။
“ငါတို့ အသင်္ချေနယ်မြေမြို့တော်ကနေ ခွဲခွာခဲ့တာ နှစ်တစ်ရာရှိသွားခဲ့ပြီပဲ... မောင်လေးဆူ နင်ငါ့ကို မှတ်မိသေးရဲ့လား”
“နတ်မိမယ်တစ်ယောက်ကို ကျုပ်က ဘယ်လိုလုပ်မေ့နိုင်ပါ့မလဲ...”
ဆူဇီမိုက ပြန်လည်ပြုံးပြလိုက်လေသည်။
အသင်္ချေနယ်မြေမြို့တော်မှာတုန်းက နိုးထဝိညာဥ် ၁၃ ယောက်ထဲတွင် သုံးယောက်သာလျှင် ထွက်မပြေးဖို့ရွေးချယ်ခဲ့လေသည်။ နတ်မိမယ်လောရွှယ်က သူတို့ထဲမှ တစ်ယောက်ဖြစ်လေသည်။
ဤအခိုက်အတန့်တွင် သူတို့က ထွေရာလေးပါးပြောဆိုနေဖို့ မသင့်တော်ဘူးဆိုတာ နတ်မိမယ်လောရွှယ်ကလည်း သိလိုက်လေသည်။ သူမက စကားအနည်းငယ်ပြောဆိုပြီးနောက် နောက်သို့ပြန်ဆုတ်သွားခဲ့လေသည်။
“နှင်းပုံတောင်ကြားက ဂိုဏ်းသားတို့... နားထောင်ကြ”
နတ်မိမယ်လောရွှယ်က ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“နင်တို့တွေက တိုက်ခိုက်ချင်တယ်ဆိုလည်းရတယ်... ဒါပေမယ့်လို့ ဆူဇီမိုကိုတော့ ဘယ်သူမှမတိုက်ခိုက်ရဘူး...”
“ဟမ်... ဘာလို့လဲ”
လင်းပိုင်က မကျေမချမ်းဖြင့် မျက်မှောင်ကြုတ်ကာမေးလိုက်လေသည်။
နတ်မိမယ်လောရွှယ်က မှင်သေသေဖြင့် ပြောလိုက်လေသည်။
“ဆက်ပြီးတော့စောင့်ကြည့်လိုက်လေ... ဘာလို့လဲဆိုတာ နင်တို့သိရမှာပေါ့... ငါက နင်တို့တွေကို ထိခိုက်ခံစားရတာမဖြစ်စေချင်ဘူး... သူက ဒီကိုရောက်လာပြီဆိုမှတော့ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက် ဝင်မပါသရွေ့ ဘယ်သူကမှ သူ့ကိုခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး”
ဆူဇီမို၏နာမည်ကိုကြားရချိန်တွင် တစ်ချို့က စိုးရိမ်ထိတ်လန့်ကြလေသည်။ တစ်ချို့က ကြောက်ရွံ့ကြလေသည်။ သို့သော်လည်း အချို့သူများကတော့ ထီမထင်မျက်နှာဘေးဖြင့် ရှိနေကြလေသည်။
ပကတိအရှင်ဖန်းလန်က သူတို့ထဲမှတစ်ယောက်ဖြစ်လေသည်။
သူသည် လွန်ခဲ့သည့်နှစ်လေးရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်ပြီး မူလနတ္ထိအဆင့်သို့ ခြေလှမ်းဝက်ဝင်နေလေပြီ။
သူက ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည် နောက်ဆုံးတစ်ခွက်ကို သောက်သုံးနိုင်သည်ဟု သူ့ကိုယ်သူယုံကြည်မှုရှိလေသည်။
ပြောရမည်ဆိုလျှင် သူ့မှာရှိသော ဝှက်ဖဲတစ်ချို့ကြောင့် သူသည် ယဲ့ထျန်းချန်ကိုပင် အရေးလုပ်မနေပေ။
ဤနှစ်များအတွင်း သူကတံခါးပိတ်ကျင့်ကြံနေခဲ့လေသည်။
သူသည် လွန်ခဲ့သည့်နှစ်တစ်ရာက ပြိုင်စံရှားကပ်ဘေးအကြောင်းကို မကြားဖူးသလို ကြောက်ရွံ့ခြင်းလည်းမရှိပေ။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်တဲ့လား...
ပကတိအရှင်ဖန်းလန်က ထီမထင်မျက်နှာပေးဖြင့် ပြုံးလိုက်လေသည်။
“ဘယ်သူကရော နံပါတ်တစ်မဟုတ်လို့လဲ...”
သူက အခြားသောနိုးထဝိညာဥ်ပြိုင်စံရှားများထက် အသက်ပိုကြီးပြီး ပို၍ရင့်ကျက်တည်ငြိမ်မှု ရှိလေသည်။ သူက ချက်ချင်းလက်ငင်းတိုက်ခိုက်ဖို့ စိတ်ကူးမရှိပေ။
သူ့ရှေ့မှအခြေအနေက ရှင်းလင်းနေလေသည်။ ဆူဇီမိုက ယဲ့ထျန်းချန်နှင့်မကြာခင် တိုက်ခိုက်တော့မည်ဖြစ်လေသည်။ သူလုပ်စရာရှိသည်မှာ ဘေးကနေသာရပ်ကြည့်ပြီး နောက်ဆုံးမှာ အကျိုးအမြတ်ကို ရိတ်သိမ်းဖို့ ဖြစ်လေသည်။
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်...”
ယဲ့ထျန်းချန်က နောက်ဆုံးမှာလှုပ်ရှားလာလေသည်။
သူက ပလ္လင်ပေါ်ကနေ ဖြည်းဖြည်းချင်းထရပ်ပြီး မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို သွားဖြီး၍ကြည့်လိုက်လေသည်။
“ဒီတစ်ခေါက်... ငါ့ရဲ့လက်ထပ်မင်္ဂလာပွဲရဲ့ ရည်ရွယ်ချက်က ငါးစာတစ်ခုချဖို့အတွက်ပဲ...”
“အစကတော့ ငါက ငါးသေးသေးလေးတွေပဲ ဖမ်းမိမယ်လို့ထင်ထားတာ... အခုတော့ ငါက ငါအကြီးကြီးတစ်ကောင်ကို ဖမ်းမိတော့မှာပဲ...”
ဤနေရာအရောက်တွင် ယဲ့ထျန်းချန်က လက်ထပ်မင်္ဂလာပွဲ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်းမရှိတော့ပေ။
လမ့်ရိုက တာအိုအရှင်လန်ယွဲ့ကို လှည့်ကြည့်လိုက်လေသည်။
တာအိုအရှင်လန်ယွဲ့က မျက်နှာပျက်ယွင်းနေသော်လည်း မည်သည့်စကားမှပြောဆိုခြင်းမရှိသလို လမ့်ရိုကို တောင်းပန်ဖို့လည်းစိတ်ကူးမရှိပေ။
ဂိုဏ်းချုပ်တစ်ယောက်... လမ့်ရို၏ဆရာတစ်ယောက်အနေနှင့် သူမသည် သူမမှားမှန်းသိနေလျှင်တောင် လူတိုင်း၏ရှေ့မှောက်မှာ သေချာပေါက်ဦးညွတ်လိမ့်မည်မဟုတ်ပေ။
“ငါ့အတွက်တော့... မင်းကလည်းငါးစာပဲ”
ဆူဇီမိုက ထူးမခြားနးအမူအရာဖြင့်ပြန်ပြောလိုက်လေသည်။
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သီယင်းက ထွက်ပြေးလွတ်မြောက်သွားပြီးတော့ ဒီနေ့ပြန်ပေါ်မလာခဲ့ဘူး... သူထွက်လာဖို့အတွက် ငါက မင်းကိုငါးစာအဖြစ်သုံးရမှာပဲ”
“ဟားဟား...”
ယဲ့ထျန်းချန်က ရယ်မောလိုက်ပြီး လှောင်ပြောင်သရော်လိုမှု ပြည့်နှက်နေသော မျက်လုံးများဖြင့် ခေါင်းခါပြလိုက်လေသည်။
“ဆူဇီမို...အိုး ဆူဇီမို မင်းက ငါ့ကိုစိန်ခေါ်ဖို့အတွက် တကယ်ပဲအဆင့်မီတယ်ဆိုတာ ငါဝန်ခံပါတယ် “
“ဒါပေမယ့်လို့...မင်းက စီနီယာအစ်ကိုသီယင်းကို စိန်ခေါ်ချင်တယ်ဆိုရင်တော့... အဲ့ဒါက မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ... မင်းတို့နှစ်ယောက်ကြားကွာဟချက်က မိုးနဲ့မြေလိုပဲ”
“မင်းက... အဲ့ဒီမှာ အချက်နှစ်ချက်မှားနေပြီ”
ဆူဇီမိုက သူ၏လက်ညိုးကိုထောင်ပြီး ညင်သာစွာ ခါယမ်းပြလိုက်လေသည်။
“ပထမတစ်ချက်... ငါက မင်းကိုစိန်ခေါ်တာမဟုတ်ဘူး...မင်းကသာ ငါ့ကိုစိန်ခေါ်ရမှာ... ငါနာမည်ကြီးကျော်ကြားခဲ့တုန်းက မင်းက ဘယ်ဂျောင်မှာကပ်နေတာလဲ..”
“ငါလည်း အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပဲလေ... “
ယဲ့ထျန်းချန်က ငယ်ရွယ်လွန်းသေးပြီး ရန်စစကားအနည်းငယ်မျှနှင့် သူ၏ဒေါသကို နှိုးဆွမိပြီးသားဖြစ်သွားလေပြီ။
“အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ဟုတ်လား..”
ဆူဇီမိုက ညင်သာစွာပြုံးလိုက်လေသည်။
“အဲ့ဒါက... ငါအနားမှာမရှိလို့ပေါ့ ငါသာအနားမှာရှိမယ်ဆိုရင် မင်းကို အမြူတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ကနေ ရှင်းထုတ်ပစ်လိုက်မယ်”
သူက ထိုစကားကို ဖုန်မှုန့်များကို ရှင်းလင်းသကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်လေသည်။
“ဒုတိယတစ်ချက်...”
ဆူဇီမိုက ဆက်ပြောလိုက်လေသည်။
“သီယင်းနဲ့ ငါ့ကြားမှာတစ်ကယ်ပဲ ကွာဟချက်ရှိတယ်... လွန်ခဲ့တဲ့နှစ်တစ်ရာက သီယင်းက ငါ့ကိုကြောက်လို့ထွက်ပြေးတာ သူ့ရဲ့လက်နက်ကိုတောင် ဂရုမစိုက်အားဘူး... သူက အသင်္ချေနယ်မြေမြို့တော်ထဲကိုတောင် ပြန်မလာရဲခဲ့ဘူး... ငါတို့နှစ်ယောက်ကြား ကွာဟချက်က တစ်ကယ်ပဲ မိုးနဲ့မြေလိုပဲ”
“ဟားဟားဟားဟား.... အဲ့ဒါက လွန်ခဲ့တဲ့နှစ်တစ်ရာကလေ... အဲ့ဒါတွေက အစစ်အမှန်ဟုတ်လားမဟုတ်လား ဘယ်သူကသိမှာလဲ”
ယဲ့ထျန်းချန်က မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်လေသည်။
“ဆူဇီမို... မင်းက အိုနေပြီ.. မင်းက အတိတ်ကိုပဲပြန်ပြီးတော့ စားမြုံ့ပြန်လို့ရတော့မယ်... မင်းရဲ့ခေတ်က ပြီးဆုံးသွားပြီ အခု နှစ်တစ်ရာကြာပြီးတဲ့နောက် ငါ့ခေတ်ကိုရောက်လာပြီ... ငါက နံပါတ်တစ်ပကတိအရှင်ပဲ..”
“မင်းက အဲ့ဒီနေရာမှာ ထပ်ပြီးတော့မှားပြန်ပြီ... “
ဆူဇီမိုက ခေါင်းခါပြလိုက်လေသည်။
“နှစ်တစ်ရာကြာပြီးတဲ့နောက် ငါပြန်ရောက်လာပြီ... အခုငါက နံပါတ်တစ်ပကတိအရှင်ပဲ... အဲ့ဒီဘွဲ့အတွက်တော့.. ငါခွင့်မပြုသရွေ့ မင်းအဲ့ဒါကို သုံးလို့မရနိုင်ဘူး”
သူ၏စကားလုံးများက အလွန်တစ်ရာစီးပိုးခြယ်လှယ်မှုရှိပြီး မမြင်နိုင်သော အော်ရာများက တလိပ်လိပ်တက်၍ ယဲ့ထျန်းချန်ကို ဖိအားတစ်ခုအောက်သို့ ကျရောက်သွားစေလေသည်။
“ငါက... အဲ့ဒါကို သုံးမယ်ဆိုရင်တော့ရာ မင်းဘာလုပ်နိုင်မလဲ...”
ယဲ့ထျန်းချက်က ဆူဇီမိုကို ကြောက်မက်ဖွယ်ရာစိုက်ကြည့်ပြီး စကားကိုတစ်လုံးချင်း ပြောလိုက်လေသည်။
ဆူဇီမို၏အကြည့်က ဓားသွားလိုထက်ရှလာပြီး သူက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်လေသည်။
“မင်းက... အဲ့ဒီဘွဲ့ကို အလွဲသုံးစား လုပ်မယ်ဆိုရင် ငါက မင်းကို သတ်ပစ်မယ်...”