သေလိုက်တော့
Vol. 64 Ch. 959
ဆူဇီမို၏ မှင်သေသေအကြည့်ကို မြင်သောအခါ ယဲ့ထန်းချန်သည် ကြောက်ရွံ့မှုကို ခံစားရပြီး နောက်သို့ ခြေတစ်လှမ်း အလိုလို ဆုတ်လိုက်မိလေသည်။
ထိုခြေတစ်လှမ်း နောက်ဆုတ်ခြင်းနှင့်အတူ ယဲ့ထန်းချန်၏ အော်ရာက ချက်ချင်းပင် ကျဆင်းသွားလေသည်။
“မင်းက ပြီးသွားပြီပဲ”
ဖျတ်ခနဲဆို ဆူဇီမိုက ယဲ့ထန်းချန်ဘေးသို့ ရောက်ရှိလာခဲ့လေသည်။
မည်သည့် အပိုအလို လှုပ်ရှားကွက်မှ မရှိဘဲ သူ၏ခန္ဓာကိုယ်ထဲရှိ မျိုးဆက်သွေးကို ရုန်းကြွစေပြီး ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်လေသည်။
ဆူနာမီသွေး..
ဆူဇီမိုသည် ထိုထိုးချက်နှင့်အတူ သူ၏ မျိုးဆက်သွေးစွမ်းအားကို ထုတ်ဖော်လိုက်လေသည်။
ယဲ့ထန်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။
ထိုထိုးချက်စွမ်းအား၏ လွှမ်းခြုံမှုအောက်တွင် သူက အလောင်းတစ်လောင်းပင် မကျန်ဘဲ နစ်မြုပ်သွားရတော့မည့်အလား ခံစားရလေသည်။
သေရေးရှင်ရေး အခြေအနေတွင် ယဲ့ထန်းချန်က အော်ဟစ်ဟိန်းဟောက်၍ သူ၏မျိုးဆက်သွေးကို ထုတ်ဖော်လိုက်လေသည်။ ဓမ္မစွမ်းအားများက သူ့ခန္ဓာကိုယ်ထဲကနေ တလိပ်လိပ် ကြွတက်လာပြီး သူက တန်ပြန်ထိုးနှက်မှုတစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ဘန်း..
လက်သီးနှစ်လုံးက ထိတွေ့ရိုက်ခတ်သွားလေသည်။
ဖျောက်.. ဖျောက်.. ဖျောက်..
ယဲ့ထန်းချန်၏ လက်သီးထံမှ အရိုးကျိုးသံများကို ကြားလိုက်ရလေသည်။
အားလုံး၏ အကြည့်အောက်မှာပင် သူ၏လက်သီးက ပုံပျက်ပန်းပျက် ဖြစ်သွားပြီး သူ၏အသားများက မွစာကြဲသွားလေသည်။ သူ၏ ကျိုးသွားသော အရိုးများက ကြောက်မက်ဖွယ်ရာ ပုံစံဖြင့် ထွက်ပေါ်လာခဲ့လေသည်။
သူ၏လက်သည် ထိုထိုးချက်၏ စွမ်းအားကို ခံနိုင်ရည်မရှိဘဲ သူ၏ ပကတိအဆင့် ကိုယ်ကျပ်ချပ်ဝတ်ကပင် ကြေမွသွားပြီး သူ၏အသားများက သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားလေသည်။
ဆူဇီမို၏ မျိုးဆက်သွေးက အရမ်းကို ကြောက်စရာကောင်းလေသည်။
ယခု သူ၏ မျိုးဆက်သွေးကို အသက်သွင်းလိုက်သောအခါ ထိုထိုးချက်၏ စွမ်းအားက အရမ်းကို ကြောက်စရာကောင်းလာလေသည်။
“အား..”
ယဲ့ထန်းချန်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး မခံမရပ်နိုင်သော နာကျင်မှုဖြင့် သူ့မျက်နှာက ရှုံ့တွသွားလေသည်။ သူ့လည်ပင်းပေါ်ရှိ သွေးကြောများက ဖောင်းကြွလာပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်သွားလေသည်။
ထိုးချက်တစ်ချက်..
ထိုးချက်တစ်ချက်က ယဲ့ထန်းချန်ကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေလေသည်။
သူက ရှင်သန်နိုင်ခဲ့လျှင်တောင် သူ၏လက်တစ်ဖက်က ပျက်စီးသွားခဲ့လေပြီ။
“သုံးကွက်အတွင်း ငါ မင်းရဲ့အသက်ကို ယူပြမယ်”
ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး သူ၏လက်ဖဝါးကို ဆန့်ထုတ်ကာ ယဲ့ထန်းချန်၏ ဦးခေါင်းကို ရိုက်ချလိုက်လေသည်။
သူ၏ အထွတ်အထိပ် အခြေအနေမှာဆိုလျှင်တောင် ယဲ့ထန်းချန်က ဆူဇီမို၏ တိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ယခု သူက ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏လှုပ်ရှားမှုက နှေးကွေးနေလေသည်။ သူက အဲဒါကို ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ အခြားလက်တစ်ဖက်ကိုသာ မြှောက်ပြီး ထိုရိုက်ချက်ကို ခုခံလိုက်ရလေသည်။
ဘန်း..
လက်ဝါးရိုက်ချက်က ပေါ့ပါးသည်ဟု ထင်ရသော်လည်း အဲဒါက ယဲ့ထန်းချန်၏ လက်ကို သွင်သွင်ကျိုးသွားစေလေသည်။
ထိုလက်ဝါး၏စွမ်းအားက ဘေးသို့ ပြန့်ကားမသွားဘဲ ယဲ့ထန်းချန်၏ ရင်ဘတ်ပေါ်သို့ ဆက်လက်ကျဆင်းလာခဲ့လေသည်။
ဖြောင်း..
ထူထဲသော ကိုယ်ကျပ်ချပ်ဝတ်မှတစ်ဆင့် ယဲ့ထန်းချန်၏ ရင်ဘတ်က ရုတ်တရက် ချိုင့်ဝင်သွားခဲ့လေသည်။
ယဲ့ထန်းချန်၏ မျက်နှာက အနီရောင်သမ်းသွားပြီး သူ၏ပါးစပ်ကို ဖွင့်ကာ သွေးများကို ထွေးထုတ်လိုက်ရလေသည်။ သူ၏မျက်လုံးက အရောင်မှိန်ကျသွားပြီး သူ၏ နောက်ဆုံးလက်ကျန် ခွန်အားကို စုစည်းကာ စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
“ငါ့ကို ကယ်ကြဦး”
ယဲ့ထန်းချန်၏ ဦးခေါင်းထိပ်ကနေ အလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး ကစဉ့်ကလျားအမြုတေဂိုဏ်း ရှိရာဘက်သို့ ပျံသန်းသွားလေသည်။
အဲဒါက သူ၏ အမြုတေစိတ်ဝိညာဉ် ဖြစ်လေသည်။
ယဲ့ထန်းချန်သည် အလွန်တရာ ပြတ်သားမှုရှိပြီး ဤအကွာအဝေး၌ သူ၏ခန္ဓာကိုယ်ကို လက်မလွှတ်လျှင် သေချာပေါက် သေရတော့မည်ဆိုတာကို နားလည်သွားလေသည်။
သူ၏ လက်ရှိအခြေအနေအရ သူ၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်ဖြင့် ဆူဇီမို၏ လိုက်လံတိုက်ခိုက်မှုကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူက သူ၏ အမြုတေစိတ်ဝိညာဉ်၏ အမြန်နှုန်းကိုသာ အသုံးပြုပြီး ဤကပ်ဘေးကနေ လွတ်မြောက်နိုင်ပေလိမ့်မည်။
ထိုသည်ကို မြင်သောအခါ လူအုပ်ကြီးက တုန်လှုပ်သွားကြလေသည်။
တစ်ဘက်မှာတော့ အဲဒါသည် ဆုံးဖြတ်ပြီးသား ဖြစ်သွားသော တိုက်ပွဲ၏ ရလဒ်နှင့် ယဲ့ထန်းချန်က ဤကဲ့သို့သော အရှက်တကွဲအကျိုးနည်း အခြေအနေသို့ ကျရောက်သွားခြင်းကြောင့် ဖြစ်လေသည်။
အခြားတစ်ဘက်မှာတော့ ဤတိုက်ပွဲတွင် ဓမ္မစွမ်းအားများက တလိပ်လိပ် ရုန်းကြွနေပြီး စွမ်းအင်လှိုင်းများက နေရာတိုင်းမှာ ပျံ့လွင့်နေလေသည်။ ထိုကဲ့သို့သော အခြေအနေတွင် နိုးထဝိညာဉ်တစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာခြင်းမှာ မိမိကိုယ်ကို သတ်သေခြင်းနှင့် တူနေလေသည်။
သို့သော်လည်း လူတိုင်း အံ့အားသင့်သွားရသည်မှာ ယဲ့ထန်းချန်၏ အမြုတေစိတ်ဝိညာဉ်သည် ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲနယ်မြေတွင် ဘေးကင်းလုံခြုံစွာဖြင့် မြန်မြန်ဆန်ဆန် လှုပ်ရှားသွားလာနိုင်လေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်ကို မီးခိုးရောင်မြူခိုးတစ်လွှာက ဖုံးအုပ်ထားပြီး အဲဒါက ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသည့်အလားပင်။
သူက အစောပိုင်း နိုးထဝိညာဉ်အဆင့်သာ ဖြစ်သော်လည်း ယဲ့ထန်းချန်၏ အမြုတေစိတ်ဝိညာဉ်သည် မူလနတ္ထိ တာအိုသက်ရှိတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်ကဲ့သို့ ပြုမူနိုင်လေသည်။ အဲဒါက သူ၏ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး ဝန်းကျင်တစ်ခွင် လှုပ်ရှားသွားလာနိုင်လေသည်။
တစ်ချိန်တည်းမှာပင် သူသည် ကစဉ့်ကလျားအမြုတေဂိုဏ်းထံမှ အကူအညီကို လှမ်းတောင်းထားပြီး ဂိုဏ်း၏ မူလနတ္ထိတစ်ယောက်က ဆူဇီမိုကို တားဆီးကာ သူက ဤအကျပ်အတည်းကနေ ရုန်းထွက်နိုင်ဖို့ မျှော်လင့်ထားလေသည်။
ယဲ့ထန်းချန်၏ အစီအစဉ်က သိပ်မဆိုးလှပေ။
ကံမကောင်းစွာနှင့်ပင် သူက ဆူဇီမိုကို အထင်သေးမိထားလေသည်။
“အို.. သူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်တာပဲ”
ဆူဇီမိုက မျက်ခုံးတစ်ချက်ပင့်ပြီးနောက် ထူးမခြားနားပုံစံဖြင့် ပြောလိုက်လေသည်။
“ဒါပေမဲ့လို့ အဲဒါက သုံးစားမရဘူး”
ယဲ့ထန်းချန်က နောက်ပိုင်းနိုးထဝိညာဉ်အဆင့်သို့ ကျင့်ကြံထားနိုင်မည်ဆိုလျှင် ဆူဇီမိုအနေဖြင့် သူ့ကို သတ်ဖြတ်ဖို့ အတော်လေး ကြိုးစားအားထုတ်ရပေလိမ့်မည်။
သို့သော်လည်း.. ယနေ့တိုက်ပွဲတွင် ဆူဇီမိုက သူ့ကို အပြတ်အသတ် ဖိချေဖျက်စီးနိုင်စွမ်းရှိသည်မှာ သံသယဝင်စရာ မလိုပေ။
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ မူလနတ္ထိ တာအိုသက်ရှိက လေထဲသို့ အလောတကြီး ခုန်တက်ပြီး လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်ကာ ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်၍ ယဲ့ထန်းချန်ကို ကယ်တင်ဖို့ ပြင်ဆင်လိုက်လေသည်။
သို့သော်လည်း.. သူ၏မျက်လုံးထဲတွင် လျှပ်စီးအလင်းတန်းတစ်ခုက ဖျပ်ခနဲလက်သွားသည်ကို မြင်လိုက်ရလေသည်။
ရွှစ်..
အဲဒါက အရမ်းကို မြန်ဆန်လေသည်။
သူက မတုံ့ပြန်နိုင်ခင်မှာပင်.. အခြားလူတစ်ယောက်က သူ့ရှေ့မှာ ထွက်ပေါ်လာခဲ့လေပြီ။
ဆူဇီမို..
သူ့နောက်ဘက်ရှိ ဓမ္မစွမ်းအားများဖြင့် ဖွဲ့စည်းထားသော တောင်ပံတစ်စုံက တဖြည်းဖြည်း ပျက်ပြယ်သွားလေသည်။
ဆန်းကြယ်တောင်ပံများနှင့် လျှပ်စီးထွက်ပြေးခြင်းကို ပေါင်းစပ်လိုက်သောအခါ ဆူဇီမိုသည် အရင်ဆုံး ရောက်ရှိလာပြီး ယဲ့ထန်းချန်၏ အမြုတေစိတ်ဝိညာဉ်ကို သူ၏လက်ထဲမှာ ဖမ်းဆုပ်ထားပြီးလေပြီ။
ဖြစ်စဉ်တစ်ခုလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ မူလနတ္ထိက သူ၏ ဓမ္မပညာရပ်ကို ယခုအချိန်ထိ မထုတ်ဖော်နိုင်သေးပေ။
“မင်း.. “
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ မူလနတ္ထိ တာအိုသက်ရှိက တုန်လှုပ်သွားပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်လေသည်။
သူပင်လျှင် ဆူဇီမို၏ ချဉ်းကပ်ခြင်း ခံရမှာကို စိုးရွံ့လေသည်။
အခြားသော ကစဉ့်ကလျားအမြုတေဂိုဏ်းသားများက ပို၍ပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး နောက်သို့ ဆုတ်လိုက်ကြလေသည်။
“မင်း ငါ့ကို သတ်လို့မရဘူး”
ဆူဇီမို၏ လက်ဖဝါးထဲမှ ယဲ့ထန်းချန်၏ အသံက ထွက်ပေါ်လာလေသည်။ သူက အပေါ်ယံမှာ ဟိတ်ဟန်လုပ်နေသော်လည်း စိတ်ထဲမှာတော့ အလွန်တရာ ကြောက်လန့်နေလေသည်။
လူတိုင်းက လှမ်းကြည့်လိုက်ကြလေသည်။
ဆူဇီမို၏ လက်ဖဝါးထဲတွင် ဓမ္မစွမ်းအားများဖြင့် ပြုလုပ်ထားသော အလင်းလုံးတစ်လုံး ရှိနေလေသည်။ ယဲ့ထန်းချန်၏ အမြုတေစိတ်ဝိညာဉ်က ထိုအထဲမှာ ပိတ်မိနေပြီး လုံးဝ လှုပ်ရှားနိုင်ခြင်း မရှိဘဲ အလွန်တရာ ထိတ်လန့်ချောက်ချားနေသည့်ပုံပေါ်လေသည်။
“ဆူဇီမို.. သူ့ကို လွှတ်ပေးလိုက်ပါ”
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ မူလနတ္ထိက တုံ့ပြန်လာပြီး အော်ပြောလိုက်လေသည်။
ယဲ့ထန်းချန်၏ အမြုတေစိတ်ဝိညာဉ်က ဆူဇီမို၏လက်ထဲတွင် ရှိနေပြီး သူ၏ အတွေးတစ်ချက်ဖြင့် ဖိချေဖျက်စီးခံရနိုင်လေသည်။
သူက သတိကြီးကြီးထားနေရပြီး အရမ်းကာရော ပြုမူရဲခြင်း မရှိပေ။
တာအိုအရှင်လန်ရွဲ့က အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“ဆူဇီမို.. ရလဒ်က ဆုံးဖြတ်ပြီးသွားပြီဆိုမှတော့ သူ့ကို လွှတ်ပေးလိုက်ပါလား”
“ဟား.. “
ဆူဇီမို၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ပေါ်ပေါက်လာလေသည်။ သူက တာအိုအရှင်လန်ရွဲ့ကို လှည့်ကြည့်ပြီး ပြန်လှန်မေးလိုက်လေသည်။
“ကျုပ်က ယဲ့ထန်းချန်ရဲ့ နေရာမှာဆိုရင်ရော.. ခင်ဗျားက ကျုပ်အတွက် အသနားခံပေးမှာလား ဂိုဏ်းချုပ်လန်ရွဲ့”
တာအိုအရှင်လန်ရွဲ့၏ အမူအရာက ညိုမည်းသွားလေသည်။
ဆူဇီမို ပြောသည့်အတိုင်းပင်.. ယဲ့ထန်းချန်နေရာမှာ ဆူဇီမိုသာဆိုပါက သူမက သူ့အတွက် အသနားခံ ပြောဆိုပေးလိမ့်မည် မဟုတ်ပေ။
သူမ၏ရင်ထဲမှ ဒေါသကို ဖိနှိမ်ပြီး တာအိုအရှင်လန်ရွဲ့က တင်းမာခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
“ဂျူနီယာ.. မင်းလိုမျိုးလူတွေ ငါ အရင်ကလည်း တွေ့ဖူးတယ်.. ငါ မင်းကို အကြံတစ်ခုပေးလိုက်မယ်.. မင်းက အရမ်းကို ထက်ရှပြီးတော့ အကြောက်အလန့် ကင်းမဲ့လွန်းတယ်.. နောင်တစ်ချိန်မှာ မင်းက သေချာပေါက် အသတ်ခံရလိမ့်မယ်”
“အသတ်ခံရမယ် ဟုတ်လား”
ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြုံးလိုက်လေသည်။
“ကျုပ်က အစကတည်းက ပြဿနာတွေ အများကြီးကို ထမ်းပိုးထားရတာ.. အဲဒီထဲကို နောက်တစ်ခု ထပ်ထည့်လိုက်လို့ ဘာမှ ထူးခြားမသွားဘူး”
“ဆူဇီမို.. မင်းနဲ့ငါကြားမှာ ကြီးကြီးမားမား အမုန်းတရားမှ မရှိတာ.. အဲဒါက နံပါတ်တစ် ပကတိအရှင်ဘွဲ့အတွက်ပဲမလား.. အခု မင်းက အဲဒါကို ရသွားပြီဆိုတော့ ငါ့ကို သတ်စရာ မလိုတော့ပါဘူး”
ယဲ့ထန်းချန်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး တုန်ရီနေသော အသံဖြင့် အသနားခံ တောင်းပန်လိုက်လေသည်။
ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြလေသည်။
အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်၊ အလယ်ပိုင်းတိုက်၏ နံပါတ်တစ် ပကတိအရှင်သည် ဤကဲ့သို့သော အခြေအနေအထိ ကျဆင်းသွားရလေသည်။ အဲဒါက တကယ့်ကို သနားစရာပင်။
သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် လူအတော်များများက တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။
“ယဲ့ထန်းချန်.. အဲဒါက နံပါတ်တစ် ပကတိအရှင်ဘွဲ့အတွက်သာဆိုရင် ငါက မင်းကို အရေးလုပ်ပြီး တိုက်ခိုက်နေမှာတောင် မဟုတ်ဘူး”
ဆူဇီမို၏ အကြည့်က သူ့လက်ဖဝါးထဲရှိ အမြုတေစိတ်ဝိညာဉ်ဘက်သို့ ရောက်ရှိသွားပြီး သူက အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“ဒါပေမဲ့လို့ မင်းလုပ်ခဲ့တဲ့ အကြီးဆုံးအမှားက ငါ့ရဲ့မိတ်ဆွေတွေကို လာထိတာပဲ”
ထိုစကားကို ကြားသောအခါ.. ယဲ့ထန်းချန်သည် အေးစက်တောင့်တင်းသွားလေသည်။
ဆူဇီမိုက သူ၏ခေါင်းကိုမော့ပြီး ကစဉ့်ကလျားအမြုတေဂိုဏ်းဘက်မှ လူတိုင်းကိုကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“သီယင်းက ငါထွက်လာအောင် မျှားခေါ်ထုတ်ချင်နေမှတော့ ငါကလည်း သူ့ကို ဒီနေ့ လက်ဆောင်ကြီးကြီးတစ်ခု ပေးရတာပေါ့”
“သေလိုက်တော့”
ဆူဇီမိုက သူ့လက်ကို ဖျစ်ညှစ်လိုက်လေသည်။
ဖြောင်း..
ယဲ့ထန်းချန်၏ အမြုတေစိတ်ဝိညာဉ်က နေရာမှာတင် ပျက်စီးသွားခဲ့လေပြီ။