စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှု
Vol. 64 Ch. 960
ချက်ချင်းပင် ဂမ္ဘီရခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ထိုသည်ကိုမြင်သောအခါ လူတိုင်းသည် တွေဝေရှုပ်ထွေးသော အမူအရာများဖြင့် ပါးစပ်အဟောင်းသားဖြစ်ပြီး အတန်ကြာသည့်အထိ မတည်ငြိမ်နိုင်ကြပေ။
သေလေပြီ...
အလယ်ပိုင်းတိုက်၏ နံပါတ်တစ် ပကတိအရှင်ဘွဲ့ကို ခံယူထားသော အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ၊ ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ပြိုင်စံရှားနှစ်ယောက်ထဲမှ တစ်ယောက်... ထိုသူက လူတိုင်း၏ ရှေ့မှောက်မှာပင် ထိုကဲ့သို့ သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။
လူတိုင်းသည် တုန်လှုပ်မှုအပြင် စိတ်ခံစားချက်ပေါင်းစုံကို ခံစားလိုက်ရလေသည်။
အဲ့ဒါက ကျင့်ကြံရေးလောကဖြစ်လေသည်။ သူက ပြိုင်စံရှားတစ်ယောက်ဆိုလျှင်ရော ဘာဖြစ်သလဲ... သူက ပြန်ဝင်စားမွန်းစတားတစ်ယောက်ဆိုရင်ရော ဘာဖြစ်လဲ...။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အထွတ်အထိပ်အဆင့်မှာ မရပ်တည်နိုင်သေးသရွေ့ သူတို့က သတ်ဖြတ်ခြင်းခံရနိုင်လေသည်။
သေဆုံးသွားသော ပြိုင်စံရှားတစ်ယောက်ကို နောက်ဆုံးမှာ အားလုံးက မေ့လျော့သွားကြပေလိမ့်မည်။
အဲ့ဒါက သိပ်ကြာလိုက်မည်မဟုတ်ပေ။ နောက်နှစ်ပေါင်းတစ်ရာလောက်ဆိုရင် သူတို့ထဲမှ လူအများစုက ယဲ့ထျန်းချန်ဘယ်သူဆိုတာကို မေ့လျော့ကောင်းမေ့လျော့သွားကြပေလိမ့်မည်။
သူက ငယ်ရွယ်လွန်းသေးလေသည်။ သူက ကြယ်တံခွန်တစ်ခုကဲ့သို့ မြင့်တက်လာခဲ့ပြီး နာမည်တစ်ခုရခဲ့သည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးလေသည်။ ယခုသူက သူ့ထက်ပို၍ကြောက်စရာကောင်းသော ပြန်ဝင်စားမွန်းစတားတစ်ယောက်နှင့် တွေ့ဆုံပြီး ထိုကဲ့သို့အဆုံးသတ်သွားရလေသည်။ ယဲ့ထျန်းချန်က သေသင့်သေထိုက်သည်ဆိုတာကို လူတိုင်းကသိထားကြလေသည်။
သူက လက်ထပ်မင်္ဂလာပွဲကို တောင်းဆိုရသည့်အချက်မှာ ဖက်တီးလေး ၊ ကျိချန်းရှန် ၊ ရှစ်ကျန့်နှင့် ဆူဇီမို၏ မိတ်ဆွေဟောင်းများကို ပေါ်ထွက်လာစေပြီး သူတို့ကိုတစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နိုင်ဖို့ ဖြစ်လေသည်။ သို့သော်လည်း ယဲ့ထျန်းချန်သည် လှိုဏ်ဂူထဲမှ မြွေတစ်ကောင်ကို မျှားခေါ်ထုတ်ရမည့်အစား နဂါးတစ်ကောင်ကို မျှားခေါ်ထုတ်ခဲ့မိမည်ဟု သူက မျှော်လင့်မထားခဲ့ပေ။
ကျန့်ဝူကျုံးသည် တိုက်ပွဲနယ်မြေ၏အလယ်တွင်ရှိသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို ကြည့်ပြီး သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများက ဝင်ရောက်လာခဲ့လေသည်။
ထိုအခါမှသာလျှင် ဟန်ချိုးယွီက ထိုသူကို မတိုက်ခိုက်ရဲရသည့်အကြောင်းရင်းကို သူက အမှန်တစ်ကယ်ပင် နားလည်သဘောပေါက်သွားခဲ့လေသည်။
သူသည် ဤလူကို နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့သည်ကို ပြန်လည်အမှတ်ရသွားပြီး ရင်ထဲမှာတလှပ်လှပ်ခံစားလာရလေသည်။
ဤလူကသတ်ဖြတ်ရာမှာ ပြတ်သားပြီး ထက်ရှ၍ အကြောက်အလန့်ကင်းမဲ့သည်ဟုဆိုလျှင် မည်သူကမှ ကန့်ကွက်ကြလိမ့်မည်မဟုတ်ပေ။
ယဲ့ထျန်းချန်ကဲ့သို့ အင်အားကြီးမားသောနောက်ခံ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို ပိုင်ဆိုင်ထားသော ပြန်ဝင်စားမွန်စတားတစ်ယောက်ပင်လျှင် ထိုကဲ့သို့ အသတ်ခံခဲ့ရလေသည်။
သူက အဲ့ဒါကိုပြုလုပ်ဖို့အတွက် တွေဝေတုံ့ဆိုင်းနေခြင်း လုံးဝမရှိခဲ့ပေ။
သို့သော်လည်း သူက သွေးဆာရက်စက်လွန်းသည်ဟု ကျန့်ဝူကျုံးက လက်မခံနိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် သူက အသက်ရှင်နေသေးသောကြောင့်ပင်။
သူက ထိုလူကို နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ခဲ့သော်လည်း ယခုချိန်ထိ အသက်ရှင်နေသေးလေသည်။
တာအိုအရှင်လန်ယွဲ့၏ အမူအရာက အတော်လေးကို ပျက်ယွင်းနေလေပြီ။
ဆူဇီမိုက သူမ၏မျက်နှာကိုပင်မထောက်ပဲ ယဲ့ထျန်းချန်ကို ချက်ချင်းလက်ငင်းသတ်ဖြတ်ပစ်လိုက်မယ်ဟု သူမက မျှော်လင့်မထားပေ။
“ဒီလူပြန်ရောက်လာပြီဆိုတော့ ကျင့်ကြံရေးလောကက တစ်ခါထပ်ပြီးသွေးလွှမ်းတော့မှာပဲ”
“သူက... သီယင်းကို စစ်ကြေညာနေတာလား”
“သီယင်းက အခုဆို မူလနတ္ထိအဆင့်ကို ရောက်နေပြီလေ... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက သန်မာတယ်ဆိုပေမယ့်လို့ သီယင်းက သူ့ထက်အဆင့်ကြီးတစ်ဆင့်လုံးလုံး မြင့်နေသေးတာပဲ... သူက နည်းနည်းတော့ မောက်မာလွန်းရာမကျဘူးလား”
တဖြည်းဖြည်းနှင့် လူအုပ်ကြီးထဲမှ တီးတိုးဆွေးနွေးသံများက ထွက်ပေါ်လာခဲ့လေသည်။
“ဘယ်လိုပဲဖြစ်ဖြစ်... သူက နံပါတ်တစ် ပကတိအရှင်ဆိုတာတော့ ယုံမှားသံသယဖြစ်စရာ မလိုတော့ဘူး...”
“အမှန်ပဲ... နောက်ဆုံးကျန်တဲ့ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကိုသောက်ဖို့ သူတစ်ယောက်ပဲ အဆင့်မီတော့မယ်”
ဝှစ်.....
အေးစက်စက်အလင်းတန်းတစ်ခုသည် လေထုကိုဆုတ်ဖြဲ၍ ဆူဇီမို၏ ဦးခေါင်းနောက်ကို ထိုးဖောက်ဖို့အတွက် ချက်ချင်းပင် ရောက်ရှိလာခဲ့လေသည်။
လူတိုင်းက ဆွေးနွေးပြောကြားနေစဥ်မှာပင် တစ်စုံတစ်ယောက်က ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။
အေးစက်စက်အလင်းက ဆူဇီမို၏ဦးခေါင်းကို ထိုးဖောက်တော့မည့်ဆဲဆဲမှာပင် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
“မင်းက ထိပ်တန်းအဆင့်ဂမ္ဘီရလက်ဖက်ရည်ကို သောက်ချင်တယ်ဆိုရင် ငါ့ကိုအရင်ဖြတ်ကျော်ရလိမ့်မယ်”
သူ၏တိုက်ခိုက်မှုကအရင်ဖြစ်ပြီး စကားသံက နောက်မှဖြစ်လေသည်။
အဲ့ဒါက လုံးဝခြုံခိုတိုက်ခိုက်ခြင်း ဖြစ်လေသည်။
ဒါ့အပြင် ထိုလူ၏ ဓမ္မစွမ်းအားများက ကြောက်စရာကောင်းလွန်းပြီး သူ၏ ဓားပျံပေါ်တွင် ဓမ္မအင်းကွက် ၆ ခုက တောက်ပနေလေသည်။ အဲ့ဒါက သေစေနိုင်စွမ်းအားမြင့်မားသော မူလပကတိအရှင်ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
သူက ထိုတိုက်ခိုက်မှုတွင် လုံးဝထိန်ချန်ထားခြင်းမရှိပေ။
လူတိုင်း၏ ရှေ့မှောက်မှာပင် ဓားပျံက ဆူဇီမို၏ဦးခေါင်းကို ထိုးဖောက်သွားလေသည်။ သို့သော်လည်း မည်သည့်သွေးမှဖြာထွက်မလာခဲ့ပေ။
လူတိုင်းက နောက်တစ်ဖန် အာရုံစိုက်ကြည့်လိုက်ကြလေသည်။
ဓားပျံ၏ ထိုးဖောက်ခြင်းခံထားရသော ဆူဇီမိုသည် ဘာမှမကျန်အောင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။
သို့သော်လည်း ဆူဇီမို၏ အစစ်အမှန်ခန္ဓာကိုယ်က ဘေးဘက်သို့ ရှောင်ပြီးသား ဖြစ်နေလေသည်။
သူ၏လှုပ်ရှားမှုက အရမ်းကိုမြန်ဆန်သောကြောင့် သူနဂိုရပ်နေရာတွင် နောက်ချန်ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့ခြင်းဖြစ်လေသည်။
အခြားတစ်စုံတစ်ယောက်သာဆိုလျှင် သူတို့က ထိုဓားချက်ကို ရှောင်ရှားနိုင်ချင်မှာ ရှောင်ရှားနိုင်ပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုက အံ့မခန်းအာရုံခံသတိစိတ်တစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ဓားပျံက ထွက်ပေါ်လာသည့်ခဏမှာပင် သူက အဲ့ဒါကို ရှောင်ပြီးနေလေပြီ။
ဓားပျံက လေထဲမှာလှည့်ပတ်ပြီးနောက် အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ကောင်းကင်ဇင်ယော်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဆီသို့ ပြန်လည်ရောက်ရှိသွားလေသည်။
အဲ့ဒါက တိုက်ခိုက်မှုကို ပြုလုပ်လိုက်သော ပကတိအရှင်ဖန်းလန် ဖြစ်လေသည်။
“မင်းက သေချင်နေတာလား...”
ဆူဇီမိုက ပကတိအရှင်ဖန်းလန်ကို အေးစက်စွာစိုက်ကြည့်နေလေသည်။
“ဟားဟား... “
ပကတိအရှင်ဖန်းလန်က ညင်သာစွာပြုံးလိုက်လေသည်။
“ယဲ့ထျန်းချန်က ကလေးတစ်ယောက်သာသာပဲရှိသေးတယ်... ငါက သူ့ကို ပြိုင်ဘက်တစ်ယောက်အဖြစ်တောင် မှတ်ယူထားတာမဟုတ်ဘူး... မင်းက ယဲ့ထျန်းချန်ကို သတ်နိုင်တာနဲ့ပဲ နံပါတ်တစ်ပကတိအရှင်ဘွဲ့ကို ခံယူနိုင်မယ်လို့ ထင်နေတာလား..”
ဆူဇီမိုက ပကတိအရှင်ဖန်းလန်၏ အဓိပ္ပါယ်မရှိသောစကားများကို နားထောင်လိုခြင်းမရှိတော့ပဲ ထိုသူ့ထံသို့ လျှောက်လှမ်းသွားလေသည်။
ချောက်ချားဖွယ်ရာကောင်းသော ဆိုးယုတ်အော်ရာတစ်ခုက တလိပ်လိပ်တက်လာခဲ့လေသည်။
ပကတိအရှင်ဖန်းလန်သည် သူက ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နေရခြင်းမဟုတ်ပဲ အဆုံးမဲ့သော သွေးများစွာဖြင့် စွန်းထင်းနေသော ရှေးဟောင်းနတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်နေရသည်ဟု ခံစားမိလာလေသည်။ သူက ရင်တစ်ချက်ထိတ်သွားလေသည်။
မည်သို့ပင်ဆိုစေ စောစောက ဆူဇီမိုပြသခဲ့သော အနီးကပ်တိုက်ခိုက်ရည်ခွန်အားမှာ သူက ထိတ်လန့်တုန်လှုပ်ရလေသည်။ သူ့ကို အနားကပ်ခံလို့မဖြစ်ပေ။
“မင်းကသာ သေချင်နေတဲ့သူပဲ...”
ပကတိအရှင်ဖန်းလန်က အော်ဟစ်ဟိန်းဟောက်၍ မနှိုင်းယှဥ်သာအောင် အားကောင်းသော စွမ်းအားတစ်ခုနှင့်အတူ သူ၏နှာရောင်က တောက်ပသွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က ပစ်လွင့်ထွက်ပေါ်လာခဲ့လေသည်။
စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှု...
အဲ့ဒါက မူလနတ္ထိအဆင့်သို့ ကျင့်ကြံပြီးမှသာလျှင် ကျင့်ကြံသူများပိုင်ဆိုင်နိုင်သော စွမ်းရည်တစ်ခုဖြစ်လေသည်။
ပုံမှန်အားဖြင့် မူလနတ္ထိတာအိုသက်ရှိများက နိုးထဝိညာဥ်များကို အပြတ်အသတ်ဖိနှိမ်နိုင်လေသည်။ အဲ့ဒါက သူတို့၏ မြင့်မားသာလွန်သော ဓမ္မစွမ်းအားများ၏ ခွန်အားအပြင် နိုးထဝိညာဥ်များကို တိုက်ရိုက်ဖိနှိမ်နိုင်သော စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကြောင့်လည်း ဖြစ်ပေသည်။
မူလနတ္ထိတာအိုသက်ရှိတိုင်းက အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်များကို မတတ်မြောက်ထားကြပေ။
သို့သော်လည်း မူလနတ္ထိတာအိုသက်ရှိတိုင်းက စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုများကိုတော့ အသုံးပြုနိုင်လေသည်။
လူအုပ်ကြီးသည် ထိုစွမ်းအင်အတတ်အကျကို ခံစားမိသောအခါ တုန်လှုပ်သွားကြလေသည်။
“ပကတိအရှင်ဖန်းလန်က နိုးထဝိညာဥ်အဆင့်မှာတင် စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်နေပြီပဲ...”
“သူက ယဲ့ထျန်းချန်ကို ပြိုင်ဘက်အဖြစ်မမှတ်ယူထားတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ... အဲ့ဒါက သူ့ရဲ့ အကြီးမားဆုံးဝှက်ဖဲကိုး...”
“ဆူဇီမိုရဲ့ ကိုယ်ကာယက ဘယ်လောက်ပဲကြောက်စရာကောင်းကောင်း သူ့ရဲ့ အနီးကပ်တိုက်ခိုက်ရည်က ဘယ်လိုပဲသန်မာသန်မာ သူက စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကိုတော့ ခုခံနိုင်မှာမဟုတ်ဘူး”
“လွန်ခဲ့တဲ့နှစ်လေးရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ဆိုတဲ့အတိုင်းပဲ သူက တစ်ချက်ကြည့်ရုံနဲ့ ဆူဇီမိုရဲ့အားနည်းချက်ကိုတန်းမြင်တာပဲ... ဆူဇီမိုကတော့သွားရှာပြီ”
ပကတိအရှင်ဖန်းလန်သည် သူ၏ဘေးပတ်လည်မှ စကားသံများကိုကြားသောအခါ ပို၍စိတ်အားတက်ကြွလာလေသည်။
ယဲ့ထျန်းချန်နှင့် ဆူဇီမိုက ဤနေ့မှစ၍ သူ၏လမ်းကြောင်းမှ ကျောက်လှေခါးထစ်များ ဖြစ်လာပေလိမ့်မည်။
“အဲ့ဒါက မင်းရဲ့ ဝှက်ဖဲပေါ့လေ... “
ထိုစဥ်မှာပင် ဆူဇီမို၏ တည်ငြိမ်နေသောအသံက ထွက်ပေါ်လာခဲ့လေသည်။
ပကတိအရှင်ဖန်းလန်က ရုတ်တရက် မအီမသာခံစားလိုက်ရလေသည်။
ဆူဇီမို၏ မျက်လုံးထဲတွင် ကြောက်ရွံ့ထိတ်လန့်မှု စိုးစဥ်းမျှမရှိပေ။ အဲ့ဒီမှာ လှောင်ပြောင်သရော်လိုမှုတစ်စွန်းတစ်စနှင့် တည်ငြိမ်မှုတို့သာရှိလေသည်။
“စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုတဲ့လား...”
ဆူဇီမိုက သရော်ပြုံးပြုံး၍ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“ငါလည်း... အဲ့ဒါကို လုပ်နိုင်သားပဲ...”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် သူ၏အသိစိတ်အတွင်းကနေ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများက ထွက်ပေါ်လာခဲ့လေသည်။
သူ၏အသိစိတ်ထဲမှာ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က မတ်တတ်ရပ်နေပြီး မိုးကြိုးလျှပ်စီးများက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ယှက်လိမ်နေလေသည်။
သူ၏အသိစိတ်အတွင်းမှာ ဂါထာမန္တန်ရွတ်ဖတ်သံများကလည်း အဆက်မပြတ်ထွက်ပေါ်လာခဲ့လေသည်။
ခရမ်းရောင်မိုးကြိုးကျမ်းနှင့် မဟာနေ့ရက်ရူလိုင်းသုတ္တန်၏ ထိပ်တန်းအဆင့်ကျင့်ကြံရေးနည်းစနစ်နှစ်ခုသည် သူတို့၏ အကန့်သတ်သို့ ရောက်ရှိလာခဲ့လေပြီ။
ပို၍ပင်ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ဆူဇီမို၏ နှာရောင်ကနေ ရုန်းကန်ထွက်ပေါ်လာပြီး ပကတိအရှင်ဖန်းလန်၏ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
ဘုန်း....
စိတ်ဝိညာဥ်အသိစိတ်နှစ်ခု ထိတွေ့ရိုက်ခတ်ခြင်းမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
လေစီးကြောင်းလှိုင်းဂယက်များသည် လေဟာနယ်ထဲမှာ ဖြစ်ပေါ်လာပြီး အဘက်ဘက်သို့ ပြန့်ကျဲသွားကာ ရှေ့တွင်ရှိသော ကျင့်ကြံသူများကို ပြိုလဲကျသွားစေလေသည်။
ပကတိအရှင်ဖန်းလန်၏ မျက်လုံးများက တုန်လှုပ်မှုများဖြင့် ပြည့်နှက်လာပြီး သူက အံ့အားသင့်မှင်တက်နေလေသည်။
ဆူဇီမိုကလည်းပဲ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူက လုံးဝမျှော်လင့်မထားပေ။ ဒါ့အပြင် ထိုသူ၏ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုက ပို၍ပင်ကြမ်းကြုတ်ခက်ထန်ပြီး ပို၍ကြောက်စရာကောင်းနေသေးလေသည်။
သိပ်မကြာမီ ပကတိအရှင်ဖန်းလန်၏ စိတ်ဝိညာဥ်အသိစိတ်က ကြေမွ၍ ပျက်ပြယ်သွားခဲ့လေသည်။
ကျန်ရစ်နေသော စိတ်ဝိညာဥ်အသိစိတ်က ပကတိအရှင်ဖန်းလန်၏ အသိစိတ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။