နတ်ဆိုးသူတော်စင်၏လက်ဆောင်
Vol. 41 Ch. 604
သာမန် အခြေအနေသာဆိုလျှင် ကျန်းရွမ်က သံသယဝင်မည်မှာ သေချာသည်။
သို့သော် ဤသည်က စီနီယာခွေး ဖြစ်သည်။
စီနီယာခွေးအနေဖြင့် ဘာပဲလုပ်လုပ် အကြောင်းအရင်း ရှိရပေမည်။
ထို့ကြောင့် နောက်ပြန်ပျံသန်းရသည့် အကြောင်းအရင်းကလည်း သေချာပေါက်ရှိရမည်။
ထိုခဏမှာပင် ၎င်းတို့၃ယောက်က သူတော်စင်ကျောက်တိုင်၏ အောက်ခြေသို့ လျင်မြန်စွာ ရောက်ရှိသွားကြသည်။
သူတို့က သူတော်စင်ကျောက်တိုင်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။
အစောပိုင်းက သူတို့နှင့် အလွန်ဝေးကွာနေခဲ့၍ သူတော်စင်ကျောက်တိုင်၏ စွမ်းအားသည် နတ်ဆိုးစွမ်းအင် ရောနှောနေသည်ဟု ခံစားခဲ့ရသည်။
သူတော်စင်ကျောက်တိုင်က သူတို့နှင့် ပိုနီးကပ်လာလေ သူတို့က သူတော်စင်ကျောက်တိုင်ကို ပို၍ နားလည်လာလေ ဖြစ်သည်။
သူတို့က သူတော်စင်ကျောက်တိုင်၏ သရုပ်မှန်ကို အကြမ်းဖျင်း ခန့်မှန်းခဲ့ကြသော်လည်း အဆုံးသတ်တွင် ၎င်းမှာထင်ကြေးသာ ဖြစ်သည်။
ဤကမ္ဘာပေါ်တွင် တိကျသောသက်သေ မရှိဘဲ ထင်ကြေးဖြင့်သက်သေ မပြနိုင်သည့် အကြိမ်ပေါင်းများစွာ ရှိခဲ့ဖူးသည်။
ကျန်းရွမ်ပင်လျှင် ယုံကြည်မှုလွန်ကဲခြင်း မရှိခဲ့ပေ။
စီနီယာခွေးက ဤနေရာတွင်ရှိနေ၍ သူသာ မှားယွင်းခဲ့လျှင် ရှက်စရာကောင်းလိမ့်မည် မဟုတ်ပါလား။
ကျန်းရွမ်က ထူးဆန်းသောအမူအရာဖြင့် ထွင်ထျန်းဟာကိုစိုက်ကြည့်လိုက်သည်။
သူက စီနီယာခွေးပြောလာမည့် စကားကို ခန့်မှန်းရန်ကြိုးစားနေသည်။
စီနီယာခွေးကဲ့သို့ ကြီးကျယ်သည့်စီနီယာတစ်ဦး၏ လုပ်ဆောင်ချက်တိုင်းတွင် ကိုယ်ပိုင်အကြောင်းပြချက် ရှိမည်မှာ သေချာသည်။
“ဒီထဲမှာ တာအိုနဲ့ပတ်သက်ပြီး ဝှက်ထားတဲ့အဓိပ္ပါယ်တွေများ ရှိနေမလား”
အင်မော်တယ်ကျန်းရွမ်က မျက်မှောင်ကြုတ်ကာ မေးစေ့ကိုပွတ်သပ်၍ တွေးတောလိုက်သည်။
[စီနီယာခွေး နောက်ပြန်ပျံသန်းတာက ငါ့ကို အရိပ်အမြွက်ပေးတာများ ဖြစ်နေမလား.. အင်မော်တယ်ကျောက်တိုင်နဲ့ပတ်သက်ပြီး စီနီယာခွေးက ဘာတွေများ သိထားလဲမသိဘူး]
သို့သော် ကျန်းရွမ်က ထိုမေးခွန်းကို စီနီယာခွေးအား တိုက်ရိုက်မေးရန် မသင့်တော်ကြောင်း ကောင်းစွာသိသည်။
သူက အတွေ့အကြုံ ကြွယ်ဝသူတစ်ဦး ဖြစ်သောကြောင့် သူ၏ဆန္ဒကို ထိန်းချုပ်လိုက်သည်။
သူတို့နှစ်ယောက်က အကြီးအကဲဝမ် နှင့်အတူ သူတော်စင်ကျောက်တိုင် အောက်တွင် စောင့်နေခဲ့သည်။
ထိုခဏတွင် တိုင်ထိပ်ပေါ်မှ အတားအဆီး မရှိသော နတ်ဆိုးစွမ်းအင်များ ပေါ်ထွက်လာသည်။
ထွင်ထျန်းဟာက မျှော်ကြည့်လိုက်ရာ အဖြူရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ လေထဲမှ ၎င်းတို့ရှေ့သို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရသည်။
အဘိုးအိုက ဆံပင်ဖြူများ ပေါက်နေပြီး နီမြန်းသောမျက်နှာ ရှိသည်။
သူ၏ဦးခေါင်းပေါ်တွင် သမင်ချိုတစ်စုံရှိပြီး တစ်ဖက်က ရွှေရောင်ဖြစ်ကာ ကျန်တစ်ဖက်က ငွေရောင်ဖြစ်သည်။
အကြီးအကဲဝမ်က အဘိုးအိုကို တစ်ခါမှ မမြင်ဖူးသော်လည်း အဘိုးအို၏ အော်ရာကို အခြေခံကာ ၎င်း၏ လက္ခဏာကို ခန့်မှန်းနိုင်ခဲ့သည်။
ဤအဘိုးအိုက နတ်ဆိုးသူတော်စင်၏ သူတော်စင် နန်းတော်ကို စောင့်ရှောက်၍ နတ်ဆိုးသူတော်စင် မျိုးဆက်များကို ကူညီပေးခဲ့သည့် ဒဏ္ဍာရီဆန်သော သူတော်စင်ဆရာကြီး ဖြစ်ရပေမည်။
ကောလာဟလအရ သူတော်စင်ဆရာကြီး၏ အလုံးစုံတိုက်ခိုက်ခြင်း စွမ်းရည်သည် အလွန်အမင်း အားကောင်းခြင်းမရှိသော်လည်း သူ၏ ခံယူချက်ကမူ ကမ္ဘာကိုပင် အံတုနိုင်သည်။
ထို့ပြင် သူက အလွန်ကြာရှည်စွာ အသက်ရှင်လာခဲ့သူ ဖြစ်သည်။
နတ်ဆိုးသူတော်စင်ဘွဲ့ထူးကို ဒုတိယမျိုးဆက်သို့ လွှဲပြောင်းပေးခဲ့ပြီ ဖြစ်သော်လည်း ပထမမျိုးဆက် နတ်ဆိုးသူတော်စင်မှ ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ထိတိုင် သူတော်စင်ဆရာကြီးမှာ သူတစ်ဦးတည်းသာ ရှိခဲ့သည်။
“သူတော်စင်ဆရာကြီးကို ဂါရဝပြုပါတယ်”
အကြီးအကဲဝမ်က ရိုသေစွာ ဦးညွှတ်လိုက်သည်။
ထို့နောက်သူက ဒူးထောက်ခါနီးတွင် သူတော်စင်ဆရာကြီးက ရှေ့သို့လှမ်းတက်ကာ ဟန့်တားလိုက်သည်။
“နယ်မြေ၄ခုရဲ့ ပူးတွဲ အထွေထွေအတွင်းရေးမှူးက ဒူးထောက်မှုကနေ လွတ်ငြိမ်းခွင့်ရှိတယ်.. အကြီးအကဲဝမ် အနေနဲ့ သိပ်ပြီး ယဉ်ကျေးနေဖို့မလိုပါဘူး”
ထိုစကားကြောင့် အကြီးအကဲဝမ် အံ့အားသင့်သွားသည်။
ဤရာထူးကို သူပထမဆုံးအကြိမ် တာဝန်ယူခဲ့သော်လည်း စည်းမျဉ်းများကို သူနားလည်ခဲ့သည်။
“ဒီလိုစည်းကမ်းမျိုးရှိလို့လား”
အကြီးအကဲဝမ်က နားမလည်နိုင်စွာ မေးလိုက်သည်။
“သူတော်စင်ဆရာကြီး.. ကျေးဇူးပြုပြီး ကျွန်တော့်ကို မလှည့်စားပါနဲ့”
အကြီးအကဲဝမ်၏ စကားကိုကြားလျှင် သူတော်စင်ဆရာကြီးက ရယ်မောလိုက်သည်။။
“မင်းစကားကအမှန်ပဲ.. ဒီစည်းမျဉ်းမျိုး အရင်ကတော့ မရှိခဲ့ဘူး.. ဒီစည်းမျဉ်းကို အစောပိုင်းကပဲ နတ်ဆိုးသူတော်စင်နဲ့ငါက ချမှတ်လိုက်တာပဲ.. လာမယ့် ရက်အနည်းငယ် အတွင်းမှာ နတ်ဆိုးကမ္ဘာတစ်ခုလုံးကို တရားဝင် ကြေညာလိမ့်မယ်”
အကြီးအကဲဝမ် “……….”
ထွင်ထျန်းဟာနှင့် ကျန်းရွမ်တို့ကလည်း ထိတ်လန့်သွားကြသည်။
နတ်ဆိုးသူတော်စင်နှင့် သူတော်စင်ဆရာကြီးတို့က စည်းမျဉ်းအသစ်ကို ချက်ချင်း ရေးဆွဲခဲ့ကြသည်။
ဟုတ်ပါသည်၊ ဤသည်က အရေးအကြီးဆုံးအရာ မဟုတ်ပေ။
ထိုထက်အရေးကြီးသည်မှာ ဤဥပဒေအသစ်၏ အရေးပါမှု ဖြစ်သည်။
နတ်ဆိုးလောကရှိ နတ်ဆိုးများ အားလုံးသည် နတ်ဆိုးသူတော်စင်နှင့် သူတော်စင်ဆရာကြီး၏ ရှေ့မှောက်၌ ဒူးထောက် ဝပ်သွား၍ ခစားရသည်။
သို့သော် အကြီးအကဲဝမ်ကမူ ဤစည်းမျဉ်းနှင့် ပတ်သက်၍ အခွင့်ထူးတစ်ခုကို ရရှိခဲ့သည်။
တစ်နည်းအားဖြင့် ဆိုရသော် သူ၏လက်ရှိ အခြေအနေအရ အကြီးအကဲဝမ်သည် အတွင်းပိုင်းနယ်မြေ၄ခု၏ နတ်ဆိုးနတ်ဘုရားများနှင့် တန်းတူ ရပ်တည်နေပြီဟု ဆိုနိုင်သည်။
ဤရာထူး၏ လေးနက်သော အဓိပ္ပါယ်ကို နားလည်သောကြောင့် အကြီးအကဲဝမ်က ပို၍ပင် ထိတ်လန့်သွားသည်။
“စကားမစပ် ဒါက နတ်ဆိုးသူတော်စင်ရဲ့ လက်ဆောင်ပဲ”
သူတော်စင်ဆရာကြီးက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အလင်းတန်းများ လွင့်ထွက်သွားပြီး အကြီးအကဲဝမ်၏ လက်ထဲသို့ ကျရောက်သွားသည်။
၎င်းက ကျောက်စိမ်းနှင့် ပြုလုပ်ထားသည့် တံဆိပ်တစ်ခုဖြစ်သည်။
၎င်းတံဆိပ်ပေါ်မှ စာလုံးများကို ဖတ်လိုက်သောအခါတွင် အကြီးအကဲဝမ်၏ မျက်လုံးများက ကြေးခေါင်းလောင်း ကဲ့သို့ပြူးကျယ်သွားသည်။
“ဒါက နတ်ဆိုးသူတော်စင်ရဲ့ တံဆိပ်မဟုတ်လား”
ထွင်ထျန်းဟာက ထိုတံဆိပ်၏ အခန်းကဏ္ဍကို မှတ်မိသေးသည်။
၎င်းတံဆိပ်က နတ်ဆိုးနတ်ဘုရား ၄ပါးသာ ခံယူခွင့်ရသောတံဆိပ် ဖြစ်သည်။
သို့သော် နတ်ဆိုးနတ်ဘုရား၄ပါးတွင် ထိုတံဆိပ်က တစ်ခုသာရှိပြီး ၎င်းကို နတ်ဆိုးကမ္ဘာ၏ ဗဟိုဘဏ်တွင် သိမ်ဆည်းထားသည်။
သူတို့က နတ်ဆိုးသူတော်စင်ကို ဆင့်ခေါ်လိုလျှင် ဤတံဆိပ်သည် မရှိမဖြစ် ဖြစ်သည်။
ထို့ပြင် ဤတံဆိပ်တွင် သူတော်စင်ကျောက်တိုင်၏ စွမ်းအား တစ်စိတ်တစ်ပိုင်း ပါရှိသောကြောင့် ကိုင်ဆောင်ထားသူသည်ကျောက်တိုင်၏ ကြီးမားသောဖိနှိပ်မှုမှ လွတ်မြောက်နိုင်သည်။
အကြီးအကဲဝမ်က ကျင့်ကြံခြင်းတွင် အစစအရာရာ အားနည်း၍ သူတော်စင်ကျောက်တိုင် အနီးသို့ ရောက်သောအခါတွင် ပြင်းထန်သော ဖိအားကို ခံစားခဲ့ရပြီး အသက်ရှူပင် ကျပ်ခဲ့ရ၏။
ယခု နတ်ဆိုးသူတော်စင်၏ တံဆိပ်ကို လက်ထဲတွင် ကိုင်ထားလိုက်သောအခါ သူ၏ခန္ဓာကိုယ်က ရုတ်တရက် ဖိအားများမှ လွတ်မြောက်သွားသလို ခံစားလိုက်ရပြီး လန်းဆန်းအေးမြမှုကို ရရှိခဲ့သည်။
“ဒါက.. သူတော်စင်ဆရာကြီး.. ဒီလက်ဆောင်က ရက်ရောလွန်းနေပါပြီ”
အကြီးအကဲဝမ်က တုန်လှုပ်ကာ မတည်မငြိမ် ဖြစ်နေသည်။
ဤတံဆိပ်၏ အဓိပ္ပါယ်က အလွန်လေးနက်သည်။
ယခုမှ ထုတ်လိုက်သည့် နတ်ဆိုးကမ္ဘာ၏ စည်းမျဉ်းအသစ်ကမူ အရိပ်အမြွက်ခန့်သာ ရှိသေးသော်လည်း ဤတံဆိပ်ကမူ ကြေညာချက်တစ်ခု ဖြစ်သည်။
အကြီးအကဲဝမ်၏ ကောင်းချီးနှင့်ပတ်သက်ပြီး ထွင်ထျန်းဟာက ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်ကို စိတ်ထဲမှကျေးဇူးတင်နေမိသည်။
ဤနတ်ဆိုးတံဆိပ်ပြား နှင့်အတူ နတ်ဆိုးလောကရှိ အကြီးအကဲဝမ်၏ အဆင့်အတန်းက တိုးမြင့်လာမည်ဖြစ်သည်။
၎င်းမှာ ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု တစ်ခုလုံး၏ အနေအထားက မြင့်တက်လာတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။
ယခုအချိန်ကစပြီး ကောင်းကင်းဝါးမျို ဖားပြုပ်မျိုးနွယ်စုကို ဆန့်ကျင်ရန် ဆန္ဒရှိလျှင် အကြီးအကဲဝမ်၏ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည် ဖြစ်သည်။
အကြီးအကဲဝမ်က ကျောက်စိမ်းတံဆိပ်ကို တုန်ယင်သောလက်များဖြင့် ဆုပ်ကိုင်ထားခဲ့သည်။
ယင်းက နတ်ဆိုးကမ္ဘာ၏ အရေးပါသော နတ်ဆိုးတစ်ယောက်ဖြစ်လာပြီဟု ဆိုလိုပေသည်။
ထွင်ထျန်းဟာက နှလုံးသားထဲတွင် ပျော်ရွှင်နေခဲ့သည်။
ဤအခြေအနေက သူ၏အတိတ်ကို အမှန်တကယ် နှုတ်ဆက်နိုင်ရန် လုံလောက်သည်။
နတ်ဆိုးသူတော်စင် တံဆိပ်ပြားကို လက်ထဲတွင် ကိုင်ထားသည့် အကြီးအကဲဝမ်၏ ဉာဏ်ပညာနှင့် ကျွမ်းကျင်မှု၊ သူ့မြေးဝမ်ယွီ၏ စီမံခန့်ခွဲမှုနှင့် အလွန်ကောင်းမွန်သော အရည်အချင်းများ နှင့်အတူ ၎င်းတို့သည် ဖားပြုပ်မျိုးနွယ်စုကို အမြင့်သို့ ပို့ဆောင်နိုင်မည်မှာ သေချာသလောက်ပင်။
“မင်းနဲ့ ထိုက်တန်ပါတယ်.. လက်ခံလိုက်ပါ”
သူတော်စင်ဆရာကြီး၏ လေသံတွင် တိုက်တွန်းမှုများ ပါဝင်နေသဖြင့် အကြီးအကဲဝမ်က နာခံခဲ့သည်။
မကြာသေးသော နာရီအနည်းငယ်ကပင် ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စုသည် ခါးသီးသောဒဏ်ကို ခံစားရကာ မျိုးနွယ်စု တစ်ခုလုံးကို ပြောင်းရွှေ့ခဲ့ရသည်။
ယခုအခါ သူတို့က နတ်ဆိုးသူတော်စင်၏ မျက်နှာသာပေးမှုကို အမှန်တကယ် ရရှိခဲ့ပြီ ဖြစ်သည်။
အရာအားလုံးက အကြီးအကဲဝမ် အတွက် အိပ်မက်တစ်ခုလို ခံစားရသည်။
ဟုတ်ပါသည်၊ အကြီးအကဲဝမ်က ငတုံးမဟုတ်ပေ။
ဤအရာအားလုံးက အမွေးစိမ်း စီနီယာခွေးနှင့် ဆက်စပ်နေသည်ဟု သူသေချာပေါက် ပြောနိုင်သည်။
စီနီယာခွေးနှင့် ပတ်သက်၍ သူသံသယဖြစ်နေသည့် အချက်များစွာရှိသည်။
စီနီယာခွေး ပေါ်လာပြီးကတည်းက အလွန်စိုးရိမ်စရာကောင်းသော အခြေအနေသည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
[စီနီယာခွေးက ဒီအခြေအနေ အားလုံးကို စီစဉ်ခဲ့တာလား.. မဖြစ်နိုင်ဘူး.. သူ့ကို ငါအရင်က မတွေ့ဖူးဘူးလေ.. ဒါမှမဟုတ် ဒီလိုများ ဖြစ်နေမလား]
သူက ကောင်းကင်ဝါးမျို ဖားပြုပ်မျိုးနွယ်စု၏ သီးသန့်စွမ်းရည်ဖြစ်သည့် ဝါးမျိုခြင်းစွမ်းရည်ကို ယခင်က စီနီယာခွေး အသုံးပြုခဲ့ကြောင်း ရုတ်တရက် သတိရမိသည်။
“သူတော်စင်ဆရာကြီး.. ငါနဲ့ စီနီယာခွေး အတွက် နေရာလွတ်တစ်ခု ဖွင့်ပေးလို့ရမလား.. ငါစီနီယာခွေးနဲ့ သီးသန့်စကားပြောချင်လို့ပါ”
အကြီးအကဲဝမ်က တောင်းဆိုလိုက်သည်။
အပိုင်း(၆၀၄) ပြီး၏