ငါဒီအတိုင်းငြိမ်နေလို့မရတော့ဘူး
Vol. 41 Ch. 613
ထိုအေးစက်စက် မျက်လုံးများက ထွင်ထျန်းဟာ၏ မျက်လုံးများကို ထောင်ထသွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် ထွင်ထျန်းဟာက ဆရာလေးလင်း၏ ဘေး၌ ကျင့်ခယ် လဲလျောင်းနေသည်ကို သတိပြုမိသည်။
နှစ်ယောက်စလုံးက အနေအထား တူညီစွာဖြင့် သူ့ကိုစိုက်ကြည့်နေကြသည်။
ထွင်ထျန်းဟာ “……….”
ထိုခဏတွင် ထွင်ထျန်းဟာက ချက်ချင်းပင် နားလည်သွားခဲ့သည်။
ဆရာလေးလင်းက သူနတ်ဆိုးလောကသို့ ပြန်မည့်အကြောင်းကို အစောပိုင်းကတည်းက သိထားပုံရပြီး သူ့ကို လျှို့ဝှက်စွာကူညီရန် နည်းလမ်းများကို တွေးတောနေပုံရသည်။
ရွှေရောင်အလင်း အကာအကွယ်က သခင်မာ၏ တည်နေရာ ရွှေ့ပြောင်းသော အကျိုးသက်ရောက်မှုကြောင့် မဟုတ်ဘဲ ဆရာလေးလင်းကြောင့်သာ ဖြစ်ပုံရသည်။
မှန်၏၊ ဆရာလေးလင်းကို ဖုံးကွယ်ရန် ကြိုးစားသည်မှာ အမှန်တကယ် မိုက်မဲသော ရွေးချယ်မှု ဖြစ်၏။
“မင်းဘာပြောစရာရှိသေးလဲ”
ကျင့်ခယ်က အပြစ်သား တစ်ယောက်ကို ဆက်ဆံသည့်ပုံစံဖြင့် မေးလိုက်သည်။
ထွင်ထျန်းဟာက တံတွေးကို မျိုချလိုက်သည်။
“ဘယ်ကတည်းက သိနေတာလဲ”
“အစကတည်းကပဲ”
ကျင့်ခယ်က ပြန်ဖြေလိုက်သည်။
ထွင်ထျန်းဟာ “ဒါဆို…”
“ဟုတ်တယ်.. မင်းလုပ်ခဲ့သမျှ အားလုံးကို ငါတို့မြင်ခဲ့တယ်”
ကျင့်ခယ်ကပြောလိုက်သည်။
“လင်းက ချောင်းကြည့်ရတာကို ကြိုက်တယ်လေ.. မင်းမသိဘူးလား”
ထွင်ထျန်းဟာ “……….”
ကျင့်ခယ်က ရွှမ်းဝူယွဲ့ကဲ့သို့ လမ်းလွဲနေပြီဟု ဝမ်လင်း ခံစားခဲ့ရသည်။
ဝမ်လင်းက ဘာမှမပြောခဲ့သော်လည်း ထွင်ထျန်းဟာကို အပြစ်မပေးဟု မဆိုလိုပေ။
ပိုင်ရှင်ကို အသိမပေးသောကြောင့် သူစဉ်းစားနိုင်သမျှ အရက်စက်ဆုံး ပြစ်ဒဏ်ကို ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
“နောက်လကျရင် ငါမင်းနဲ့ လမ်းလျှောက်မပေးတော့ဘူး.. မင်းဘာသာမင်း လမ်းလျှောက်ထွက်တော့”
ဝမ်လင်းက ထွင်ထျန်းဟာကို စိတ်ချင်းဆက်သွယ်၍ အသိပေးလိုက်ရာ ထွင်ထျန်းဟာက နာကျင်သလို ခံစားလိုက်ရပြီး အံတင်းတင်း ကြိတ်လိုက်သည်။
သူ့အတွက်တော့ ဤပြစ်ဒဏ်က တကယ်ကို ရက်စက်လွန်းပေသည်။
သူက ဝမ်လင်း၏ ရင်ခွင်ထဲသို့ ချက်ချင်းပြေးဝင်ကာ ငိုယိုပြီးချွဲလိုက်သည်။
ထွင်ထျန်းဟာက အချိန်ကိုကြည့်လိုက်ရာ မနက်၆နာရီ ရှိနေပြီဖြစ်သည်။
......................
ဤနေ့က စာသင်နှစ်၏၁၃ပတ်မြောက် သောကြာနေ့ဖြစ်ပြီး ဇူလိုင်လ၂၁ရက်ဖြစ်သည်။
ဆရာလေးလင်း အနေဖြင့် ကျောင်းသွားရန် ပြင်ဆင်ချိန်တန်ပြီ ဖြစ်သည်။
ဤတစ်ကြိမ် နတ်ဆိုးကမ္ဘာသို့ ခရီးစဉ်ကြောင့် ဆရာလေးလင်း ဒေါသအလွန်အမင်း ထွက်နေလိမ့်မည်ဟု ထွင်ထျန်းဟာထင်ထားခဲ့သည်။
သို့ရာတွင် ဆရာလေးလင်းက တကယ်ကို နူးညံ့သိမ်မွေ့သူ ဖြစ်ကြောင်း သက်သေပြခဲ့သည်။
ထွင်ထျန်းဟာက မနေ့ညက သူသွားရောက်ခဲ့သည့် နတ်ဆိုးကမ္ဘာ အကြောင်း အတွေ့အကြုံများကို သူ၏ ဒိုင်ယာရီတွင် ရေးမှတ်လိုက်သည်။
ထိုဒိုင်ယာရီကို နတ်ဆိုးကမ္ဘာနှင့် လူသားကမ္ဘာကြား ငြိမ်းချမ်းရေးကို မြှင့်တင်ရန်အတွက် ကနဦး ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။
သူနတ်ဆိုးဘုရင် ဖြစ်ခဲ့စဉ်က လူသားများ အပေါ် မလိုမုန်းထားမှု အမြောက်အမြား ရှိခဲ့ပြီး လူသားကမ္ဘာတွင်နေထိုင်ပြီးနောက် ဤအစွဲများ မည်ကဲ့သို့ ပြောင်းလဲသွားသည်ကို ဒိုင်ယာရီတွင် အသေးစိတ် မှတ်တမ်းတင်ထာခဲ့သည်။
ထွင်ထျန်းဟာက မနေ့ညက သူတွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို အကြမ်းဖျင်း ရေးမှတ်လိုက်သည်။
ဟုတ်ပါသည်၊ ဒိုင်ယာရီတွင် သူချန်ထားခဲ့သည့် အချက်နှစ်ချက်ရှိသည်။
တစ်ချက်မှာ နတ်ဆိုးသူတော်စင်၏ အမွေဆက်ခံခြင်းလျှို့ဝှက်ချက်နှင့် ပတ်သက်ပြီး နောက်တစ်ချက်မှာ နတ်ဆိုးသူတော်စင် ရာထူးကို ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင် မည်ကဲ့သို့ ရရှိခဲ့သည်နှင့် ပတ်သတ်သည့်အကြောင်း ဖြစ်သည်။
ရွှမ်းဝူယွဲ့က နှုတ်မလုံသည့်တိုင် ဆရာလေးလင်း၏ အစေအပါး ဖြစ်သည့်အတွက် သူကတော့ နှုတ်လုံရပေမည်။
ဤလောကကြီးတွင် အချို့အရာများက ပြောပြ၍ရသော်လည်း အချို့အရာများက ပြောပြ၍မရပေ။
ဒိုင်ယာရီက နောက်ပိုင်းတွင် ထွက်လာပြီး ထိုအချက်ကို အခြားသူများ မြင်ခဲ့လျှင် ဒုတိယမျိုးဆက် နတ်ဆိုးသူတော်စင်က အရှက်ရသွားပေလိမ့်မည်။
“ဟူး.. အရမ်းပင်ပန်းတာပဲ”
အဆုံးသတ်တွင် ခွေးခြေသည်းဖြင့် စာရေးခြင်းသည် လွန်စွာအဆင်မပြေစေဘဲ ထွင်ထျန်းဟာ၏ ခြေသည်းကို နာကျင်စေသည်။
သို့သော် ဒိုင်ယာရီတွင် ရေးသားထားသည့် စာလုံးများသည် တိုးတက်မှု ရှိလာသည်။
အစပိုင်းတွင် သူ၏ လက်ရေးက ဖတ်ဖို့ပင် မလွယ်ခဲ့ချေ။
ယခုအခါတွင်မူ လှပသွယ်လျပြီး ဆွဲဆောင်မှု ရှိနေပြီဖြစ်သည်။
ဒိုင်ယာရီတွင် မှတ်တမ်းတင်ပြီးနောက်တွင် ထွင်ထျန်းဟာသည် ဓာတ်ပုံရိုက်ကာ ငွေရောင်လေးကို မျှဝေရန် စိတ်ကူးလိုက်သည်။
အမှန်တကယ်တွင် ထွင်ထျန်းဟာက သူ၏ ဒိုင်ယာရီကို ဝေ့ကျစ်အား ပြသချင်ခဲ့သည်။
ဝေ့ကျစ်က ဤလူသားကမ္ဘာရှိ သူ၏သူငယ်ချင်းထဲမှ တစ်ဦးဖြစ်သည်။
သို့သော် ဒိုင်ယာရီတွင် ကန့်သတ်ထားသော အကြောင်းအရာ များကြောင့် အဆင်မပြေလောက်ဟု ထွင်ထျန်းဟာ ထင်ခဲ့သည်။
ထို့နောက် မကြာမီမှာပင် သူက ငွေရောင်လေး ထံသို့ ပုံတစ်ပုံ ပေးပို့လိုက်သည်။
တစ်မိနစ်ခန့် အကြာမှာပင် ထွင်ထျန်းဟာ၏ ချက်တင်ဝင်းဒိုးက တုန်ခါသွားသည်။
“ဟ.. မင်းနတ်ဆိုးကမ္ဘာကို သွားခဲ့တာလား.. ဒါနဲ့ မင်းကဆရာလေးလင်းကို ဖုံးကွယ်ထားခဲ့တယ် ဆိုတော့ ဆရာလေးလင်းက မင်းကို အပြစ်မတင်ဘူးလား”
ထွင်ထျန်းဟာက ခပ်ကြွားကြွား ပြန်ဖြေလိုက်သည်။
“ငါက ပထမဆုံး အသိအမှတ်ပြုခံထားရတဲ့ သားရဲပဲလေ.. ဘာဖြစ်မှာမို့လို့လဲ.. တစ်လလောက်ပဲ လမ်းအတူလျှောက်ခွင့် ပိတ်ပင်ခံလိုက်ရတယ်"
ငွေရောင်လေး “……….”
ထွင်ထျန်းဟာ “ငွေရောင်လေး.. မင်းက ဆရာလေးလင်းရဲ့ဒုတိယမြောက် စာချုပ်သားရဲပဲ.. ဆရာလေးလင်းက မျှမျှတတ ဆက်ဆံတယ်လို့ နှုတ်ကနေ တဖွဖွ ပြောဖူးပေမဲ့လည်း သူက ငါတစ်ယောက်တည်းကိုပဲ သဘောကျတာလေ.. ငါလည်း ဘယ်တတ်နိုင်ပါ့မလဲ”
“ဒီအတွက် ငါလည်း ကူကယ်ရာမဲ့သလို ခံစားရတယ်.. ငါကမင်းထက် ပိုချစ်စရာကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်.. ငါ့မျက်လုံးလေးတွေက ညဘက်ကျလို့ရှိရင် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး အလင်းရောင်လေးတွေ ထွက်နေတယ်လေ.. ဒါ့ပြင် ငါက အရွယ်အစားသေးငယ်တဲ့အတွက် ဘယ်ပဲသွားသွား ငါ့ကို အလွယ်တကူ ခေါ်သွားလို့ရတယ်လေ.. မင်းကိုယ်မင်း ပြန်ကြည့်စမ်း.. သားရဲပုံစံနဲ့ ဆိုရင် မင်းခန္ဓာကိုယ်က အရမ်းကြီးမားတယ်.. ဆရာလေးလင်း အတွက်လည်း တွက်ချေကိုက်မှာ မဟုတ်ဘူး”
“……….”
ငွေရောင်လေးက ထွင်ထျန်းဟာ၏ အကြောင်းမဲ့သက်သက်တိုက်ခိုက်မှုကို ခံလိုက်ရသည်။
သူက ထွင်ထျန်းဟာ၏စကားကိုကြားလျှင် မနာလိုစိတ်ဖြင့် ဆိုဖာကိုအပေါက်တစ်ခုဖြစ်သည်အထိ တိုက်ရိုက်ထိုးချလိုက်သည်။
“မဟုတ်သေးဘူး.. ငါဒီတိုင်း ငြိမ်နေလို့မဖြစ်ဘူး.. ညီနောင်ဗုံးပစ်.. ညီနောင်ဗုံးပစ်”
ငွေရောင်လေးက ဗုံးပစ်စီနီယာအင်မော်တယ်ကို အော်ခေါ်လိုက်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က အလွန်ပင် အလုပ်များနေသည်။
သူကဤနှစ်ရက်တာ ကာလအတွင်း ဥက္ကဌပိုင်၏ ကိစ္စကို အပူတပြင်း စုံစမ်းနေခဲ့သည်။
မကြာသေးမီက လျှို့ဝှက်ဆန်းကြယ် သတင်းပေးသူ တစ်ယောက်သည် ဥက္ကဌပိုင်နှင့် ဆက်စပ်နေသော နိုင်ငံခြားအဖွဲ့အစည်းတစ်ခုက ပြည်တွင်းတွင် မငြိမ်မသက် ဖြစ်အောင် လုပ်ဆောင်နေသည်ကို ကျင့်ကြံခြင်းဖိုရမ်တွင် ပို့စ်တင်ခဲ့သည်။
အက်မက်ခ်အမည်ရှိ ဥက္ကဌတစ်ဦးသည် တာဝေးပစ် တိုက်ခိုက်မှု တစ်ခုအတွင်း ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သူသိခဲ့ရသည်။
သေဆုံးသွားရသည့် အကြောင်းအရင်းမှာ အမည်မသိ လုံးဝန်းသော မှော်လက်နက်တစ်ခုကြောင့် ဖြစ်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ဤအက်မက်ခ်နှင့် ပတ်သတ်သည့် အကြောင်းအရာများကို အထူး ရှာဖွေခဲ့သည်။
ဥက္ကဌအက်မက်ခ်က ညဦးစီးမှူးအဖွဲ့မှ ဗိုလ်ချုပ်၆ဦး၏ ခေါင်းဆောင် ဖြစ်သည်။
ညဦးစီမှူးအဖွဲ့တွင် ဒုတိယခေါင်းဆောင် ရာထူး မရှိသော်လည်း အက်မက်ခ်၏ အလုံးစုံအင်အားနှင့် လုပ်သက်အတွေ့အကြုံအရ ဤအဆင့်တွင် ရှိနေပြီဟု ဆိုနိုင်သည်။
ဆိုရလျှင် အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ညသရဲဝိညာဉ်အင်ပါယာပြီးလျှင် ဥက္ကဌအက်မက်ခ်သည် ထိုအဖွဲ့တွင် ဩဇာအကြီးမားဆုံး ဖြစ်တည်မှုဟုပင် ဆိုနိုင်၏။
ယခုမူ ဗိုလ်ချုပ်၆ဦး၏ ခေါင်းဆောင်ဖြစ်သည့် အက်မက်ခ်သည် အလွန် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလောက်အောင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ဒါဘယ်သူ့လက်ချက်လဲ.. ဒီနိုင်ငံခြား အဖွဲ့အစည်းကို တခြားအဖွဲ့တစ်ဖွဲ့က စောင့်ကြည့်နေတာလား.. ဒီအဖွဲ့က ရန်သူလား မိတ်ဆွေလား”
ယခုအထိတော့ ဘာမှ ခြေခြေမြစ်မြစ် မသိရသေးပေ။
ဗုံးပစ်စီနီယာ အင်မော်တယ်က အတွေးနက်နေစဉ်မှာပင် ငွေရောင်လေး၏ အော်သံကို ကြားလိုက်ရသည်။
“ညီနောင်ငွေရောင်လေး.. ဘာဖြစ်လို့လဲ”
ထိုသို့ မေးပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ဆိုဖာပေါ်ရှိ အပေါက်ကြီးကို မြင်လိုက်ရလျှင် သက်ပြင်းကို ချလိုက်သည်။
“ညီနောင်ငွေရောင်လေး.. ဒီဆိုဖာရဲ့ ကုန်ကျစရိတ်ကို မင်းရဲ့နေထိုင်စရိတ်ကနေ နောက်လကျရင် ငါးသိန်း ငါနုတ်ယူလိုက်မယ်”
စင်စစ် ငွေရောင်လေး၏ စိတ်လှုပ်ရှားချိန်တွင် ဖြစ်တတ်သည့်အကျင့်ဆိုးကို ဖျောက်ဖျက်ပေးရန် ဗုံးပစ်စီနီယာအင်မော်တယ်က ကူညီပေးခဲ့ခြင်း ဖြစ်သည်။
ဆိုဖာ၏ ဈေးနှုန်းကိုကြားလျှင် ငွေရောင်လေးက ချက်ချင်းပင် လန့်ဖျပ်သွားခဲ့သည်။
“ဒီဆိုဖာက ဘာမှလည်းမဟုတ်ပါဘူး.. ဘာကြောင့် ဒီလောက် ဈေးကြီးနေရတာလဲ”
ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။
“ခွန်မွေးမြူတဲ့ဂိမ်းကို ကြားဖူးလား”
“အွန်လိုင်းဂိမ်းလား”
ဗုံးပစ်စီနီယာအင်မော်တယ် “ဒီဂိမ်းကို လူတစ်ယောက်က ကစားနေတုန်းမှာ ခွန်ကို အမှားလုပ်မိပြီး သေဆုံးစေခဲ့တယ်.. နောက်တော့ သူက ဆွေးမြေ့လာသည့်တိုင်အောင် ခွန်အလောင်းကို သိမ်းထားခဲ့တယ်.. အနံ့ဆိုးပေမဲ့ အရသာကတော့ ကောင်းပါတယ်”
ငွေရောင်လေး “……….”
“ဘာဆိုင်လို့လဲ”
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြုံးလိုက်သည်။
“ဘာမှမဆိုင်ပေမဲ့ သဘောတရားကတော့ ဒီဆိုဖာနဲ့ သက်ဆိုင်တယ်.. အဲဒါက ပုံပျက်ပန်းပျက် ဖြစ်နေရင်တောင် ဈေးကြီးတယ် ဆိုတာပဲ”
ငွေရောင်လေး “……….”
အပိုင်း(၆၁၃) ပြီး၏