← Chapters

ငွေရောင်လေးရဲ့အဓိကဝါသနာ

Vol. 41 Ch. 614

ငွေရောင်လေးရဲ့အဓိကဝါသနာ

Vol. 41 Ch. 614

ဤကဲ့သို့ ပုံဆိုးပန်းဆိုး ဆိုဖာတစ်လုံးက အမှန်တကယ်ပင် ငါးသိန်းမျှ ကျသင့်မည်ဟု သူမထင်ထားပေ။

“ဒီဆိုဖာမှာ ကျားသစ်အရိုးများ ရောထားလို့များ ဖြစ်နိုင်မလား”

သူ့အတွက် ငါးသိန်းဆိုသည်မှာ များပြားသောပမာဏ ဖြစ်သည်။

သူက အစားအသောက်ကို မဆံ့မပြဲ စားသောက်၍ မရတော့ပေ။

ထိန်းထိန်းသိမ်းသိမ်း စားသောက်ရတော့မည် ဖြစ်သည်။

သူက ဤလတွင် မိစ္ဆာသစ်သီးများကို မှာယူမိတော့မည် မဟုတ်ပေ။

သူ့ကုန်ကျစရိတ်၏ ထက်ဝက်မှာ ဤမိစ္ဆာသစ်သီးများမှဖြစ်သည်။

သူ့အနေဖြင့် အစားအသောက်စရိတ်ကို ချွေတာသင့်သည်ဟု သူခံစားမိသည်။

ထိုသို့တွေးမိပြီး သူက ချက်ချင်းပင် သက်ပြင်းချမိသည်။

နောက်လတွင် သူက ကြက်အိုးနှပ်ထမင်းဖြင့် နှစ်ပါးသွားရတော့မည်ဖြစ်၍ တကယ်ကို နာကျင်နေခဲ့သည်။

ငွေရောင်လေးနှင့် အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်ပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် အခြေခံအားဖြင့် ငွေရောင်လေး၏ စရိုက်ကို နားလည်ထားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ငွေရောင်လေးထံတွင် ဗုံးပစ်စီနီယာအင်မော်တယ် ထင်ထားသည်ထက် ကျော်လွန်သော အချက်တစ်ခုအမြဲရှိခဲ့သည်။

ယင်းမှာ ဝမ်လင်းအပေါ် ငွေရောင်လေး၏ ရိုသေလေးစားမှုဖြစ်သည်။

ညီနောင်လင်းကတော့ တကယ်ပင် ညီနောင်လင်းဟု ဆိုရပေမည်။

သူတော်စင်သားရဲ ကိုယ်တိုင်ပင် သခင်အဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့ရသည် မဟုတ်ပါလော။

ရုတ်တရက် ဗုံးပစ်စီနီယာ အင်မော်တယ်က အကြောင်းတစ်ခုခုကြောင့် အနည်းငယ် ဝမ်းနည်းလာခဲ့သည်။

ငွေရောင်လေးက ဝမ်လင်း၏ စာချုပ်သားရဲ ဖြစ်သော်လည်း သူတော်စင်သားရဲများကို ကာကွယ်ရန်မှာ လူတိုင်း၏တာဝန် ဖြစ်သည်။

ငွေရောင်လေး၏ လက်ရှိအုပ်ထိန်းသူအနေဖြင့် သူက ငွေရောင်လေးကို ပိုဂရုစိုက်ရမည်ဟု တွေးမိခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က စိုးရိမ်စိတ်များ ပြည့်နှက်နေပုံရသော ငွေရောင်လေးကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ညီနောင်ငွေရောင်လေး.. မင်းငါ့ကို ဘာလို့အော်ခေါ်တာလဲ”

“မေးချင်တာတစ်ခုရှိလို့ပါ.. ဆရာလေးလင်းက ဘာကြောင့်ခွေးနဲ့တူတူ လမ်းလျှောက်ရတာလဲ”

“ခွေးနဲ့လမ်းလျှောက်တာကို မေးနေတာလား”

ဤမေးခွန်းက ဗုံးပစ်စီနီယာအင်မော်တယ် တစ်ခါမှမတွေးမိသောမေးခွန်း ဖြစ်သည်။

ခွေးနှင့်အတူ လမ်းလျှောက်သည်က ခွေးပိုင်ရှင်တိုင်း လုပ်လေ့ရှိသည့် ကိစ္စတစ်ခု ဖြစ်ပြီး အဓိကအားဖြင့် ၎င်းတို့၏ခွေးများ မပျင်းစေရန် ဖြစ်သည်။

အိမ်ထဲတွင် ခွေးကို အချိန်အတော်ကြာထားခြင်းက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် မကောင်းဟု သိပ္ပံနည်းကျ သုတေသနပြုချက်တွင် ဆိုထားသည်။

ထိုအချက်က ဝိညာဉ်ခွေးများနှင့်သာ သက်ဆိုင်ခြင်း မဟုတ်ပေ။

အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူ အများအပြားသည် ၎င်းတို့၏ ဝိညာဉ်သားရဲများကို လမ်းလျှောက်ပေးသည့်အလေ့အထများ ရှိနေပြီ ဖြစ်သည်။

ဤအရာသည် လူသားအသွင် မဆောင်နိုင်သည့် ဝိညာဉ်သားရဲများနှင့်သာ သက်ဆိုင်ပေသည်။

ယနေ့ကမ္ဘာတွင် အလွန် အန္တရာယ်များသော ဝိညာဉ်သားရဲအများအပြား ရှိကြသည်။

ထို့ကြောင့် မိမိ၏ ဝိညာဉ်သားရဲကို ကိုယ်တိုင်ကိုယ်ကျ လှည့်လည် သွားလာခွင့်ပေးခြင်းသည် အလွန်အန္တရာယ်များပေသည်။

ထို့ကြောင့် ဝိညာဉ်သားရဲများ အပြင်ထွက်ချိန်တွင် ပိုင်ရှင်များကိုယ်တိုင် လမ်းညွှန်ပြသရမည့် စည်းကမ်းများကို နိုင်ငံတော်က ချမှတ်ထားခဲ့သည်။

ထို့ပြင် ဝိညာဉ်သားရဲများ၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍လည်း ကန့်သတ်ချက်များ ရှိခဲ့သည်။

ခန္ဓာကိုယ် ကြီးမားလွန်းသော ဝိညာဉ်သားရဲများသည် လူအများ သွားလာနေသောလမ်းများကို ဖြတ်သန်းခွင့် မရှိဘဲ အခြားလမ်းကြောင်း တစ်ခုကို ရှာဖွေရမည် ဖြစ်သည်။

“ညီနောင်ငွေရောင်လေးက ဘာလို့ ရုတ်တရက်ကြီး မေးရတာလဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က အလွန်ပင် သိချင်နေခဲ့သည်။

လူသားအသွင်သို့ အောင်မြင်စွာ အသွင်ပြောင်းနိုင်ခဲ့သော သူတော်စင် သားရဲတစ်ကောင်သည် သူ၏ သခင်နှင့်အတူလမ်းလျှောက်ရန် ဂရုစိုက်နေသည်မှာ အမှန်တကယ် အံ့ဩစရာပင်။

ငွေရောင်လေးက သက်ပြင်းချလိုက်သည်။

“ဒါတွေအားလုံးက ဟိုအယုတ်တမာခွေးကြောင့်ပဲ”

“ညီနောင်ခွေးကို ပြောတာလား.. ဘာ.. ဘာကိစ္စဖြစ်လို့လဲ”

ဗုံးပစ်စီနီယာအင်မော်တယ်က မေးလိုက်သည်။

ငွေရောင်လေး “ဆရာလေးလင်းက သူနဲ့အတူ လမ်းလျှောက်ပေးတယ်လို့ ပြောတယ်.. ဒါပေမဲ့ သူကအခု အပြစ်ပေးခံရတယ်.. ဆရာလေးလင်းက နောက်လကျရင် သူနဲ့အတူလမ်းလျှောက်ပေးမှာ မဟုတ်တော့ဘူး.. ဒါက သူ့ရဲ့နေရာကို ရယူဖို့အတွက် ငါ့အတွက် အခွင့်ကောင်းပဲလို့ ငါထင်တယ်”

ဗုံးပစ်စီနီယာ အင်မော်တယ်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။

“ညီနောင်ငွေရောင်လေး.. မင်းက ညီနောင်လင်းနဲ့ အတူတူ လမ်းလျှောက်ထွက်ချင်လို့လား”

“ဟုတ်တယ်.. ငါဆရာလေးလင်းနဲ့ အတူ လမ်းလျှောက်ထွက်ချင်တယ်”

ငွေရောင်လေးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ် အံ့ဩသွားသည်။

“ဒါပေမဲ့ မင်းရဲ့သားရဲပုံစံကို ထုတ်ပြလို့ မဖြစ်ဘူးလေ.. မဟုတ်လို့ရှိရင် လူတွေ မင်းကိုသိသွားလိမ့်မယ်.. ညီနောင်လင်းကို ကတိပေးထားတာ မေ့သွားပြီလား”

ထိုစကားကိုကြားလျှင် ငွေရောင်လေးက ပုခုံးတွန့်ပြလိုက်သည်။

“ဒါဆိုလည်း ငါ လူသားအသွင်နဲ့ အပြင်ထွက်မှာပေါ့”

“မဖြစ်နိုင်ပါဘူး ညီနောင်ငွေရောင်လေးရယ်.. လက်လျှော့လိုက်ပါ”

ဗုံးပစ်စီနီယာ အင်မော်တယ်က နဖူးကိုလက်ဝါးဖြင့် ရိုက်လိုက်သည်။

“လူသားအသွင်နဲ့ မင်းက ဘယ်လိုလုပ်ပြီး လမ်းလျှောက်မှာလဲ.. အဲဒါက ပိုပြီး သိသာမနေဘူးလား”

‌ငွေရောင်လေးက အံကို တင်းတင်းကြိတ်၍ ပြောလိုက်သည်။

“ငါရွှင်းဖုန့်ကားကို ကြိုတင် ခေါ်ထားပြီးပြီ.. ငါနေ့ခင်းကျရင် ဝိညာဉ်သားရဲ ပစ္စည်းရောင်းတဲ့ဆိုင်ကို သွားမလို့လေ”

“မင်းက အဲဒီကိုသွားပြီး ဘာလုပ်မလို့လဲ.. ညီနောင်ငွေရောင်လေး”

ဗုံးပစ်စီနီယာအင်မော်တယ်က ဆိုးရွားသော ခံစားချက်ကို ရရှိခဲ့သည်။

“လည်ပတ်တွေကို သွားကြည့်မလို့”

ငွေရောင်လေးက လေးနက်စွာပြန်ဖြေလိုက်သည်။

ဗုံးပစ်စီနီယာအင်မော်တယ် “……….”

နေ့လည်ခင်းတွင် ငွေရောင်လေးသည် ဦးထုပ်ဆောင်းကာထွက်ခွာသွားခဲ့ပြီး ဝမ်ရှန်းဥယျာဉ်အိမ်ရာ၏ ဝင်ပေါက်တွင် သူကြိုတင်ခေါ်ထားသည့်ကားက သူ့ကို ခေါ်ဆောင်သွားခဲ့သည်။

ငွေရောင်လေးက စုန့်ဟိုင်မြို့တွင် ကျော်ကြားသော ဝိညာဉ်သားရဲ အထူးစတိုးဆိုင်သို့ သွားရောက်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ထိုဆိုင်က စုန့်ဟိုင်မြို့ရှိ အကြီးကျယ်ဆုံး စတိုးဆိုင်များထဲမှ တစ်ခုဖြစ်ပြီး ဝိညာဉ်သားရဲ ကုန်ပစ္စည်းများကို ရောင်းချသည်။

ဝိညာဉ်သားရဲများနှင့် ပတ်သက်သည့် အစာ၊ အကာအကွယ်ပစ္စည်းအမျိုးမျိုးနှင့် ဝိညာဉ်သားရဲများ အသုံးပြုရန် အတွက် စိတ်ကြိုက် ပြုပြင်ထားသော မှော်ရတနာများ အပါအဝင် ဝိညာဉ်သားရဲနှင့် ပတ်သက်သည့် အရာအားလုံးကို ရောင်းချသည်။

သို့သော် ဤမှော်ရတနာ အမျိုးအစားများသည် ဖက်တီးလောဖန်တီးထားသော အရာများထက် များစွာ အဆင့်နိမ့်ကျခဲ့သည်။

မှော်ရတနာ အများစုမှာ စက်ရုံထုတ်ပစ္စည်းများ ဖြစ်ကြသည်။

ထို့ကြောင့် မှော်ရတနာများ၏ အရည်အသွေးသည် အခြေခံအားဖြင့်တူညီကြ၏။

ထိုစတိုးဆိုင်က ဝမ်ရှန်းဥယျာဉ်နှင့် အတော်လေး ဝေးသည်ဟု ထင်ရသည်။

ငွေကိုချွေတာရန် အတွက် ငွေရောင်လေးက ရွှင်းဖုန့်ဝိညာဉ်ကားကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ထိုကားနှင့် ပတ်သက်သည့် အက်ပ်တွင် လောလောဆယ် ပရိုမိုးရှင်းတစ်ခု ရှိသည်။

ဤအက်ပ်တွင် သင်၏ဓာတ်ပုံဖြင့် စာရင်းသွင်းထားသရွေ့ ထိုဓာတ်ပုံတွင် Likeတစ်ထောင်ကျော် ရခဲ့လျှင် သင်၏ ပထမဆုံးစီနင်းမှု ၁၀ကြိမ်အတွက် လျှော့ဈေးရရှိမည် ဖြစ်သည်။

ဤခရီးသွားမည့် အစီအစဉ်ကို ငွေရောင်လေးက မနက်အစောပိုင်း ကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

ရှည်လျားသောဆံပင်ကို အသားပေး ရိုက်ထားသော သူ၏ ဓာတ်ပုံကို သူက အလွန် ယုံကြည်မှုရှိ နေသည်။

အချိန်ခဏအတွင်းမှာပင် ထိုဓာတ်ပုံက Likeတစ်သောင်းကျော်သွားခဲ့ပြီ ဖြစ်သည်။

ငွေရောင်လေးက Like အရေအတွက်ကိုကြည့်ကာ ပီတိဖြစ်နေမိသည်။

သူ၏ဓာတ်ပုံက မည်သည့် Filterမှ မထည့်ထားသော်လည်း လူကြိုက်များနေခဲ့သည်။

တကယ်တမ်းတွင် ငွေရောင်လေးထံ၌ အလွန်ကောင်းမွန်သည့်အခြေခံအုတ်မြစ် တစ်ခုရှိခဲ့သည်။

သူ့အသားအရည်က Filter ထည့်ထည့် မထည့်ထည့် ညက်ညောနေမည်ကတော့ အမှန်ပင်။

ကြည့်ရသည်မှာ သူ့တွင် သရုပ်ဆောင်ဖြစ်ဖို့ အရည်အချင်း အမှန်တကယ် ရှိပုံရသည်။

ငွေရောင်လေးက ဝင်ငွေရှာရန်အတွက် အချိန်ပိုင်းအလုပ်ကိုဝင်လုပ်ရန် ယခင်က စဉ်းစားခဲ့ဖူးသည်။

သူ၏ စားဝတ်နေရေးစရိတ် အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်ကို မှီခိုနေရသည်က ဆိုးရွားလွန်းသည် မဟုတ်ပါလော။

အရေးအကြီးဆုံးမှာ အပို ကုန်ကျစရိတ်အတွက် ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ် သူ့ကို လစဉ်ပေးသော ငွေကြေးမှာ အစားအသောက် အတွက်သာ လောက်ငှသည်။

အကယ်၍ ငွေရောင်လေးက အခြားပစ္စည်းများကို ဝယ်လိုလျှင် လုံလောက်မှုမရှိတော့ပေ။

'ဖက်တီးလော'က ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားကို ရိုက်ကူးရန် ပြင်ဆင်နေသည်ကို ထွင်ထျန်းဟာ ပြောဖူးသည်အား ငွေရောင်လေး သတိရမိသည်။

“အချိန်တန်ရင် ငါ့အတွက် Audition ဝင်ဖို့ အခွင့်အရေးရပါ့မလား”

[Audition =အသံ/အမူအရာ အစမ်းလုပ်ပြခြင်း]

ငွေရောင်လေးက အွန်လိုင်းပေါ်မှ အကဲဖြတ်ချက်များကို ကြည့်ရှုခဲ့သည်။

အကဲဖြတ်ချက် ၁ =အသားဖြူ ရုပ်ရည်ချော အရပ်မြင့်

ဤအကဲဖြတ်ချက်ကို မြင်လျှင် ငွေရောင်လေးက အနည်းငယ်ရှက်သွားမိသည်။

“ဒီလောက်တည့်တိုးကြီး မပြောပါနဲ့လား.. ငါရှက်တာပေါ့.. လူသားတွေက ကြီးမြတ်တဲ့ အမှတ်အသားတွေကို ဒီလောက်လွယ်လွယ်နဲ့ ပြောတတ်တယ်လား”

အကဲဖြတ်ချက်၂ =ညီမလေးက တကယ်ကို ရုပ်ရည်ချောမောလွန်းတာပဲ

“ငွေရောင်လေး “???”

“ဒီနေ့ခေတ်လူသားတွေက အမြင်အာရုံ မှောက်မှားနေကြတာလား.. ငါ့တစ်ကိုယ်လုံး အမွေးတွေ ဒီလောက် ပေါက်နေတာ မိန်းကလေးနဲ့များ မှားရတယ်လို့ကွာ”

အကဲဖြတ်ချက်၃ = ညလေးကို မြင်မြင်ချင်းပဲ ကိုယ့်စိတ်ကိုမထိန်းနိုင်တော့ဘူး”

အကဲဖြတ်ချက်ပေးသူက ယောက်ျားနှင့် မိန်းမကိုပင် မခွဲခြားနိုင်သောကြောင့် ငွေရောင်လေး အတော် စိတ်ရှုပ်သွားသည်။

ငွေရောင်လေးက မှတ်ချက်များကို လိုက်လံကြည့်ရှုရင်း လက်ရှိတွင် Like အများဆုံးရရှိထားသည့် မှတ်ချက်တစ်ခုကို တွေ့ရှိသွားသည်။

"အဝေးပြေးလမ်းမ ဖြစ်နေတာ သနားစရာပဲ”

[ရင်သားသေးသည်ဟုဆိုလို]

ငွေရောင်လေး “……….”

အပိုင်း(၆၁၄) ပြီး၏

All Chapters