အခန်း (၆၁၆)
Vol. 42 Ch. 616
ကော်ဟောက်က စကားပြောလျှင် ပိဿာအလေးခဲ နှင့် ပစ်သလို ပြောတတ်သည်ကို မကြာသေးမီကစပြီး ဝမ်လင်း သဘောပေါက်ခဲ့သည်။
ရံဖန်ရံခါတွင် သူ့ကို ဦးတည်၍ စနောက်တတ်သည်။
ပြောရလျှင် ဝမ်လင်းက အတန်းထဲတွင် သူ့ကိုယ်သူ အတော်လေး နှိမ့်ချသည့် ကိုယ်ရေးကိုယ်တာ ရှိသည်ဟု ထင်ခဲ့သော်လည်း ထိုအစား လူများက သူ့ကို အမြဲအာရုံစိုက်နေသလို ခံစားခဲ့ရသည်။
ထူးဆန်းသည်မှာ ဤခံစားချက်က ဝမ်လင်းကို အနှောင့်အယှက် မပေးခဲ့ပေ။
အထူးသဖြင့် အမှတ်၆၀ အထက်တန်းကျောင်းရှိ လူတိုင်းသည် ပေါင်းသင်း၍ ရနိုင်သည်ဟု ဝမ်လင်းခံစားမိသည်။
ဝမ်လင်းက မူလစိတ်ဝိညာဉ်နယ်ပယ် ဖန်တီးရာတွင် အမှတ်၆၀ အထက်တန်းကျောင်းကို အခြေခံ၍ ဖန်တီးခဲ့သည်။
ယင်းက မသိစိတ်၏ တုံ့ပြန်မှုတစ်ခုဖြစ်ပြီး သူ့စိတ်ထဲတွင်ရှိသည့် အမှတ်၆၀ အထက်တန်းကျောင်း၏ အရေးပါမှုကို ထင်ဟပ်စေသည်။
ဆိုရလျှင် အမှတ်၆၀ အထက်တန်းကျောင်းသည် အကောင်းဆုံးကျောင်း မဟုတ်သော်လည်း သူ့စိတ်ထဲတွင်မူ အကောင်းဆုံးကျောင်း ဖြစ်၏။
ဤနေ့က စာသင်နှစ်၏ ၁၃ပတ်မြောက်နေ့ဖြစ်သည်။
သူက ကိစ္စအများအပြား ကြုံတွေ့ခဲ့ရ၍ သေချင်လောက်အောင် မောပန်းနွမ်းနယ် နေခဲ့သည်။
ယနေ့မနက်တွင် ဆရာမဖန်က အတန်းချိန် နှစ်ချိန်ကို ဆက်တိုက် ယူထားသည်။
အမှတ်၆၀အထက်တန်းကျောင်း၏ ရှေ့ဆောင်ဆရာမဖြစ်သည့် ဆရာမဖန်သည် အမှန်တကယ် ဆရာမဖန်ဟုပင် ဆိုရမည်။
ဆရာမဖန်က ကာယဆရာ ယဲ့ဟန်ကို တစ်ခွန်းတလေမျှပင် မပြောဘဲ ကာယဆရာ ယဲ့ဟန်၏ အတန်းချိန်ကို တိုက်ရိုက်သိမ်းပိုက်ခဲ့ပြီး သင်ခန်းစာများကို ဆက်သင်နေခဲ့သည်။
ဆရာယဲ့ဟန် ရောက်လာသောအခါတွင် ထုံးစံအတိုင်း စာသင်ခန်း တံခါးကို ခေါက်လိုက်သည်။
သို့သော် ဆရာမဖန်၏ မျက်လုံးများနှင့် ရင်ဆိုင်ရလျှင် ချက်ချင်းပင် ခေါင်းပြန်လှည့်ကာ ပျောက်ကွယ်သွားခဲ့သည်။
ချန်းချောင်နှင့် ကော်ဟောက်တို့က ဆရာယဲ့၏ သူရဲဘောကြောင်သော အပြုအမူကြောင့် စိတ်ပျက်သောအမူအယာဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒ ပြခဲ့သည်။
ဆရာမဖန် အနေဖြင့် ဆရာတစ်ယောက်ကို မည်ကဲ့သို့ အလျှော့ပေးနိုင်ပါအံ့နည်း။
"ဆရာရေ.. မယိမ်းယိုင်နဲ့.. အလျှော့မပေးနဲ့"
သို့သော် သူတို့၏ဆန္ဒက မပြည့်ဝဘဲ ဆရာယဲ့က ထွက်သွားခဲ့သည်။
ကျောင်းစာသင်ချိန် အားလုံးကို ကျောင်းပေါင်း ၁၀၀ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့မှ ပညာရေး အတိုင်ပင်ခံများက ကျောင်းတိုင်းရှိ ကျောင်းသားများ၏ အလေ့အထကိုအခြေခံ၍ စနစ်တကျ စီစဉ်ရေးဆွဲထားခြင်း ဖြစ်သည်။
ထိုအထဲတွင် ကျောင်းသားများ အနေဖြင့် ဆရာနှင့် မည်မျှကြာကြာ မျက်လုံးချင်း ထိန်းထားနိုင်သည် ဟူသောအချက်ပင် ပါဝင်သည်။
ဝမ်လင်းက အစပိုင်းတွင် ဤအရာအားလုံးကို မသိသော်လည်း နောက်ပိုင်းတွင် ကျိုးရီထံမှ ကြားသိခဲ့ရသည်။
ထို့ကြောင့် တစ်ဘာသာတည်းကို အတန်းချိန်၃ချိန် ဆက်တိုက်လုပ်ရသည်မှာ တစ်ခါတစ်ရံတွင် အဆင်မပြေပေ။
သာမန်အားဖြင့် ဆရာမဖန် အတန်းချိန် သိမ်းပိုက်သည့် ကာလသည် စာမေးပွဲကာလအတွင်းသာ ဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ လူတိုင်း၏ ဆန္ဒနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ဆရာမဖန်က အတန်းအစည်းအဝေး ကျင်းပမည့် တတိယမြောက် အချိန်ကို အမှန်တကယ် အသုံးပြုခဲ့သည်။
သူမက စတိတ်စင်ပေါ်တွင် ရပ်ကာ အရာအားလုံးကို သိနေသူအမူအယာဖြင့် စာသင်ခန်းကို မျက်စိဝေ့၍ ကြည့်လိုက်သည်။
"ဆရာယဲ့ ထွက်သွားတာနဲ့ ပတ်သက်ပြီး စိတ်ထဲကနေ ငါ့ကို ဝေဖန်နေတဲ့သူတွေ ရှိတယ်.. ဟုတ်တယ်မလား"
ဆရာမဖန်၏ ဒေါသကြောင့် ချန်းချောင်နှင့် ကော်ဟောက်တို့က ဘာမှမပြောရဲကြပေ။
ဆရာမဖန် "ချန်းချောင်နဲ့ကော်ဟောက်.. မင်းတို့နှစ်ယောက် ငါ့ကိုကြည့်ပြီး ပြုံးမနေနဲ့.. မင်းတို့နှစ်ယောက်ကို ပြောနေတာ.. ပြုံးစရာ ဘာအကြောင်းမှမရှိဘူး"
ချန်းချောင်နှင့်ကော်ဟောက် "........."
[ဆရာမဖန်က ငါတို့အကြောင်းကို တော်တော်လေး သိနေပါလား]
"ဒီအချိန် အတန်းအစည်းအဝေးမှာ ဆရာမ ပြောချင်တာက မိစ္ဆာတောင်ကြား အကြောင်းပဲ.. အားလုံး ကြားဖူးကြတယ်မဟုတ်လား"
ဆရာမဖန်၏ စကားဆုံးလျှင် အတန်းက ခဏငြိမ်သက်သွားသည်။
လူတိုင်းက မှင်တက်သွားခဲ့သည်။
ကျောင်းသားများက ကျောင်းပြင်ပ အကြောင်းအရာမျကို အတော်လေး လေ့လာဖတ်ရှုကြသဖြင့် အများစုသည် ဤအချက်အလက်ကို ကြားသောအခါတွင် လုံးလုံးလျားလျား အံ့အားသင့်သွားကြသည်။
"မိစ္ဆာတောင်ကြားလား"
"အဲဒါက ရာစုနှစ်တိုင်းမှာ တစ်ကြိမ်ပဲ ဖွင့်လှစ်တဲ့ လျှို့ဝှက်နယ်မြေ မဟုတ်လား"
"မိစ္ဆာတောင်ကြား ဆိုတာ နိုင်ငံတော်က ကာကွယ်ထားတဲ့ 5A အဆင့် လျှို့ဝှက်မြေ ဖြစ်ပြီး သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေလို့လည်း ခေါ်ဆိုကြတယ်.. အကြောင်းအရင်းကတော့ မိစ္ဆာတောင်ကြားဟာ သူတော်စင်သားရဲဘုရင် ဖြစ်တဲ့ မိစ္ဆာဘုရင်ရဲ့ သင်္ချိုင်းမြေ ဖြစ်နေတာကြောင့်ပဲ.. အဲဒီ သင်္ချိုင်းကို သားရဲဘုရင်ကြီးက ကိုယ်တိုင် တည်ဆောက်ခဲ့တယ်"
ဆရာမဖန်က ပြောလိုက်သည်။
"ဒီတစ်ကြိမ်မှာတော့ လျှို့ဝှက်နယ်မြေ ဖြစ်တဲ့ မိစ္ဆာတောင်ကြားက စုန့်ဟိုင်မြို့ရဲ့ တစ်နေရာရာမှာ ဖွင့်မယ်ဆိုတာကို ရှာဖွေတွေ့ရှိထားခဲ့တယ်.. အရေးအကြီးဆုံးက ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှူး စွန်းတာခန်းက အမှတ်၆၀ အထက်တန်းကျောင်းရဲ့ နွေရာသီ စခန်းသွင်းလေ့လာရေး အတွက် မိစ္ဆာတောင်တန်းကို ထောက်ခံချက်ပေးထားခဲ့တယ်"
"ဒါက ငါတို့ Grade 1 ကျောင်းသားတွေ အတွက် ကံကောင်းမှုတစ်ခုပဲ"
"အိုး.. ဒီသတင်းက ဘယ်လိုတောင် အံ့ဩစရာ ကောင်းတဲ့သတင်းလဲဟ"
ကျောင်းသားများအားလုံး အလွန် အံ့ဩဝမ်းသာသွားကြသည်။
မိစ္ဆာတောင်ကြားကို သူတို့ကိုယ်တိုင် မျက်စိနှင့် မြင်ရတော့မည်ဖြစ်သည်။
မိစ္ဆာတောင်ကြား ဆိုသည်မှာ ဒဏ္ဍာရီလာ သူတော်စင်သားရဲဘုရင် ဖြစ်သည့် မိစ္ဆာဘုရင်ကြီး၏ အကြွင်းအကျန် နယ်မြေလည်း ဖြစ်၏။
ထို့ပြင် ရာစုနှစ်တိုင်းတွင် တစ်ကြိမ်သာ ဖွင့်လှစ်သည့် ရှားပါးအဖိုးတန် နယ်မြေဆိုလည်း မမှားပေ။
ဆရာမဖန် ကိုယ်တိုင် မကြေညာဘဲ ကော်ဟောက်က ကြားလာပြီး အတန်းထဲတွင် ပြောလျှင်ပင် မည်သူမှ ယုံကြမည် မဟုတ်ပေ။
ဆရာမဖန်က စကားကို ဆက်ပြောလိုက်သည်။
"မင်းတို့တစ်ယောက်ချင်းစီ အတွက် ကံကောင်းခြင်းပဲ.. ဒီနွေရာသီခရီးစဉ်ကို အခွင့်အရေး တစ်ခုအနေနဲ့ မင်းတို့တွေကောင်းကောင်း အသုံးချနိုင်မယ်လို့ ဆရာမ မျှော်လင့်ပါတယ်.. မြေပဲလေး.. အတန်းပြီးတာနဲ့ ရုံးခန်းကိုလာပြီး နွေရာသီခရီးစဉ် အတွက် သတိပေးချက် စာရွက်စာတမ်းတွေကို လာယူပါ.. ကျောင်းသားတွေ အားလုံး အိမ်ပြန်ရောက်ရင် ဒီစာရွက်တွေပေါ်မှာ မင်းတို့မိဘတွေ လက်မှတ်ကို ထိုးလာရမယ်"
"အန္တရာယ်ရှိမှာလား ဆရာမ"
"မရှိပါဘူး.. ဒီလှုပ်ရှားမှုမှာ Grade 1 ကျောင်းသားတွေအားလုံးပါဝင်တဲ့ အတွက် Grade 1မှာ သင်ကြားတဲ့ဆရာတွေအားလုံးက ကာကွယ်ပေးသွားမှာပါ"
ဆရာမဖန်က ပြောလိုက်သည်။
ဤတစ်ကြိမ်ခရီးစဉ်ကို ဦးဆောင်မည့်သူက မည်သူမည်ဝါဖြစ်သည်ကို ဆရာမဖန် တစ်ခွန်းတစ်လေမှ မပြောခဲ့ပေ။
စစ်ဆင်ရေး၏ ခေါင်းဆောင်မှာ ကျောင်းပေါင်းတစ်သောင်းမဟာမိတ်မှ မဟုတ်ပေ။
ထိုထက်ပို၍ ဩဇာကြီးမားသည့် ဟွာရှို့မဟာမိတ် အဖွဲ့အစည်းမှ ကျင့်ကြံသူများ ဖြစ်သည်။
ထိုအဖွဲ့သည် ဟွာရှို့နိုင်ငံ တဝှမ်းလုံးရှိ အလင်းတပ်ဖွဲ့ အားလုံးကို တိုက်ရိုက် အမိန့်ပေးနိုင်သည့် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်း ဖြစ်သည်။
တစ်နိုင်ငံလုံးရှိ အလင်းတပ်ဖွဲ့များ၏ ဒေတာများနှင့် မှတ်တမ်းမှတ်ရာများကို ဟွာရှို့မဟာမိတ် လက်အောက်တွင် တိုက်ရိုက်ထိန်းချုပ်ထားသည်။
ဟွာရှို့မဟာမိတ် အဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင်များသည် နိုင်ငံ့ခေါင်းဆောင်နှင့် ဟွာရှို့နိုင်ငံကို တည်ထောင်ခဲ့သော ဗိုလ်ချုပ်၁၀ပါးတို့ ဖြစ်ကြသည်။
လုံခြုံရေး ပြဿနာရှိခဲ့လျှင် ဟွာရှို့မဟာမိတ်မှ တိုက်ရိုက် ပါဝင်မည် ဖြစ်သောကြောင့် ဆရာမဖန် အနေဖြင့် ကျောင်းဆရာများပင် မလိုအပ်ဟု ထင်မြင်မိသည်။
ဤတစ်ကြိမ်နွေရာသီခရီးစဉ်က မိစ္ဆာတောင်ကြားတွင် ဖြစ်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြပေ။
အတန်းပြီးပြီးချင်းမှာပင် ဤကိစ္စက Grade 2နှင့် Grade 3 အထိပါ ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်း၏ နောက်ဆက်တွဲအဖြစ် ထိုခရီးစဉ်တွင် လိုက်ပါခွင့်မရသော အခြား အထက်တန်းကျောင်းများသည် အွန်လိုင်းတွင် မနာလိုမှုနှင့် မုန်းတီးမှုကို ဖော်ပြသော ပို့စ်များ တင်ခဲ့ကြသည်။
မိစ္ဆာတောင်ကြားသည် 5Aအဆင့် လျှို့ဝှက်နယ်မြေ ဖြစ်သည်။
၎င်းဖွင့်လှစ်သည့် အခါတိုင်းတွင် ပြည်နယ်က ပိတ်ဆို့တားဆီးမှုများနှင့် စည်းကမ်းထိန်းချုပ်မှုများကို သတ်မှတ်ပေးမည်ဖြစ်သည်။
ထိုထဲကို အချက်အလက်များ စုဆောင်းရန် အတွက် အတည်ပြုထားသော သိပ္ပံပညာရှင်များသာ ဝင်ရောက်ခွင့်ပြုမည် ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာတောင်တန်းက သင်ဆန္ဒရှိသည့် အလျောက် ဝင်ရောက်နိုင်သော နေရာ မဟုတ်ပေ။
စစ်ဆေးရေးအဖွဲ့က တင်းကျပ်သော စည်းမျဥ်းများနှင့် ဝင်ရောက်သူ အရေအတွက်ကို ထိန်းချုပ်ထားကြသည်။
ထို့ကြောင့် ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့က နွေရာသီစခန်းသွင်းလေ့လာရေး အတွက် မိစ္ဆာတောင်ကြားအား တိုက်ရိုက်ရွေးချယ်ခဲ့သည်ကို လူအများအပြားက နားမလည်နိုင်ခဲ့ခြင်း ဖြစ်သည်။
အတန်းဆင်းချိန်တွင် ကော်ဟောက်က ထိုကိစ္စနှင့် ပတ်သက်ပြီး ရုတ်တရက် ပြောလိုက်သည်။
"ငါတို့သွားလည်မယ့် မိစ္ဆာတောင်ကြားက အတုဖြစ်မယ်လို့ လူတော်တော်များများက ပြောနေကြတယ်.. မင်းတို့ရော ဘယ်လိုထင်လဲ"
"တကယ်လည်း အတုဖြစ်မယ်လို့ ငါထင်တယ်.. မိစ္ဆာတောင်ကြားမှာ မျိုးတုန်းလုနီးပါး အရင်းအမြစ်တွေ အများကြီးရှိတယ်လို့ ငါကြားဖူးတယ်.. အစစ်သာဆိုရင် သူတို့က ငါတို့လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျောင်းသားတွေကို ဘယ်လိုလုပ် ဝင်ခွင့်ပေးနိုင်မှာလဲ"
"အဲလိုလည်း ပြောလို့မရဘူး"
ချန်းချောင်က ခေါင်းခါလိုက်သည်။
"ဒီလှုပ်ရှားမှုကို အကြောင်းတစ်ခုခုကြောင့် စီစဥ်ထားတာလို့ ငါခံစားရတယ်.. အထက်အရာရှိတွေက ငါတို့ကို လျှို့ဝှက်လက်နက် အဖြစ် အသုံးပြုနေတာလည်း ဖြစ်နိုင်တယ်"
ထိုစကားကို ကော်ဟောက်က နားမလည်ခဲ့ပေ။
"လျှို့ဝှက်လက်နက်လား.. ဘာကိုဆိုလိုတာလဲ"
"စဥ်းစားကြည့်လေ.. ဝိညာဉ်ဓားဖလှယ်ပွဲတုန်းကလည်း အရိပ်အဖွဲ့အစည်းကို ဖမ်းဖို့အတွက် ငါတို့က လျှို့ဝှက်လက်နက် ဖြစ်ခဲ့ရတယ်.. ကျောင်း၆ကျောင်း ပူးပေါင်း စစ်ရေးလေ့ကျင့်မှုလုပ်တော့လည်း ငါတို့က အထက်အရာရှိတွေ အတွက် လျှို့ဝှက်လက်နက် ဖြစ်ခဲ့တာပဲ.. ဒါကြောင့် ဒီတစ်ခေါက်နွေရာသီခရီးစဉ်ကလည်း ဒီလိုပဲ ဖြစ်လာနိုင်တယ်လို့ ငါခံစားရတယ်"
ချန်းချောင်က သူတွေးမိထားသမျှကို ရှင်းပြလိုက်သည်။
ထိုအခါမှ အတန်းထဲရှိ လူတိုင်းက သတိထားစဉ်းစားခဲ့ကြပြီး ကြောက်ရွံ့လာကြသည်။
သူတို့ အမှတ်၆၀အထက်တန်းကျောင်းက အမှန်တကယ်ပဲ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်နေပါသလော။
အပိုင်း(၆၁၆) ပြီး၏