နောက်တစ်ကြိမ် အဖမ်းခံရသောငွေရောင်လေး
Vol. 42 Ch. 618
ယာဥ်မောင်းလျူက ထအော်လိုက်သည်။
သူ၏ ညာလက်မောင်းက ငွေရောင်လေး၏ သလိပ်ကြောင့် တံတောင်ဆစ်ကနေစပြီး ချက်ချင်း ပြတ်ကျသွားခဲ့သည်။
ထိုထက် ကြောက်စရာအကောင်းဆုံးမှာ သူ့လက်က ပြတ်ကျသွားသော်လည်း ဒဏ်ရာကနေ သွေးမထွက်သောကြောင့် ပူလောင်သည့် ဝေဒနာကို ဆက်တိုက် ခံစားခဲ့ရခြင်း ဖြစ်သည်။
ဒဏ်ရာအောက်တွင် တစ်စုံတစ်ယောက်က မီးခြစ်ဖြင့် ရှို့နေသလို ခံစားလိုက်ရပြီး လျူကျန်းဟွာ၏ မျက်နှာက အရောင်ဖျော့သွားသည်။
"မင်းပြောချင်တာရှိသေးလား"
ငွေရောင်လေးက ယာဥ်မောင်းလျူကို အန္တရာယ်ကင်းသော အပြုံးဖြင့် ကြည့်လိုက်သည်။
သူ ပေါ့ပေါ့ပါးပါး ထွေးလိုက်သည့် သလိပ်က သာမန်ဟုသာ ထင်ရသော်လည်း တကယ်တမ်းတွင် သိမ်မွေ့သည့် ဓားစက်တစ်ခုလို ဖြစ်သည်။
ငွေရောင်လေးက သူ၏ တံတွေးထွေးခြင်း နည်းစနစ်ကို ဒက်စီဂရမ်အထိ အတိအကျ ချိန်ညှိနိုင်သည်။
သူက အစောပိုင်းတွင် တံတွေးထွေးခြင်းကို ထိန်းချုပ်ထားခဲ့သည်။
သို့မဟုတ်လျှင် ယာဥ်မောင်းလျူသည် နတ်ဆိုးမုဆိုးများအဖွဲ့အစည်းမှ ညီအစ်ကိုနှစ်ဦး ကဲ့သို့ သဲလွန်စမရှိဘဲ တိုက်ရိုက် ပျောက်ကွယ်သွားမည် ဖြစ်သည်။
အဘယ်ကြောင့် ဤလူယုတ်မာကို မသတ်ရပါသနည်း။
ငွေရောင်လေး၏ အကြောင်းပြချက်က အလွန်ရှင်းလင်းသည်။
အကြောင်းမှာ သူ့ဆရာက အကြောင်းမဲ့ သတ်ဖြတ်ခြင်းကို မနှစ်သက်၍ ဖြစ်သည်။
နောက်ထပ် အရေးကြီးသောအချက်မှာ ဤကဲ့သို့သော လူယုတ်မာတစ်ဦး အတွက် သေဆုံးခြင်းသည် လွယ်ကူလွန်းနေသည်ဟု ထင်မြင်မိသောကြောင့် ဖြစ်၏။
ယောက်ျား မိန်းမ မရွေး နာကျင်စေခဲ့သော ဤမကောင်းဆိုးဝါး ယာဥ်မောင်းသည် ယခုကဲ့သို့ ခံရလိမ့်မည်ဟု ဘယ်သောအခါမှ မမျှော်လင့်ထားပေ။
"မင်းငါ့ကို ရဲစခန်းဆီ လွှဲပေးရင်တောင် ငါအသက်မရှင်တော့ဘူး.. ငါ့မှာ အများဆုံး သုံးလပဲ ကျန်တော့တယ်"
လျူကျန်းဟွာ၏ မျက်နှာက နာကျင်ခြင်းဖြင့် ချွေးများ ဖုံးလွှမ်းနေ၏။
သူ၏ အသားအရေက သေတော့မည့်လူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
"ငါ့မှာ ရွှေအမြူတေ ကင်ဆာရောဂါ ဖြစ်နေတာလေ"
"မင်းရဲ့ ရွှေအမြူတေမှာ အကျိတ်ရှိနေတာလား"
ငွေရောင်လေး အံ့သြသွားသည်။
"ဟုတ်တယ်.. ကင်ဆာက နောက်ဆုံးအဆင့် ရောက်နေပြီ.. ကုသလို့မရတော့ဘူး"
လျူကျန်းဟွာက ဝေဒနာကို ခံစားရင်း အံတင်းတင်း ကြိတ်ထားသည်။
သူ့မျက်နှာက အလွန်ကို သုန်မှုန်နေ၏။
"ဒါကြောင့် ငါမသေခင်မှာ ငါ့ရဲ့ဖြစ်တည်မှုကို သတိရစေဖို့အတွက် လောကကြီးကို အကြောက်တရားတစ်ခု ယူဆောင်လာခဲ့တာပဲ"
ရွှေအမြူတေ ကင်ဆာသည် နောက်ဆုံးပေါ် ရောဂါ ဖြစ်ပြီး ပျောက်ကင်းအောင် မကုသနိုင်သည့် တစ်ခုတည်းသော ကင်ဆာအမျိုးအစား ဖြစ်သည်။
အကယ်၍ ၎င်းသည် ရောဂါဗေဒအရ ကူးစက်ခံထားရသော အင်္ဂါအစိတ်အပိုင်း တစ်ခုသာ ဖြစ်မည်ဆိုလျှင် ခေတ်မီကျင့်ကြံခြင်း ဆေးပညာရပ်သည် ၎င်းကို လုံးဝ ကုသနိုင်နေပြီ ဖြစ်သည်။
သို့သော် ခက်ခဲသည့် ပြဿနာ အများအပြား ပါ၀င်သည့် ရွှေအမြူတေ ကင်ဆာကတော့ မတူပေ။
ရွှေအမြူတေအဆင့် ကျင့်ကြံသူသည် ရွှေအမြူတေ ကွဲသွားခဲ့လျှင် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ရွှေအမြူတေကို တိုက်ရိုက် ဖယ်ရှားလိုက်သည်က ချက်ချင်း သေဆုံးသွားသည်ထက်ပင် ပို၍ နာကျင်ရပေလိမ့်မည်။
ရွှေအမြူတေကို ဖယ်ရှားလိုက်သည်နှင့် ရောဂါဖြစ်ပွားမှု ရပ်တန့်သွားနိုင်သော်လည်း လူတစ်ဦး၏ သက်တမ်းသည် အလွန်တိုတောင်းသွားမည် ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ ရွှေအမြူတေ ဖယ်ရှားပြီးနောက်တွင် လူတစ်ဦးသည် ဆက်လက်ကျင့်ကြံခြင်း မပြုနိုင်တော့ပေ။
ထို့ကြောင့် အကောင်းဆုံး ဖြေရှင်းချက်မှာ ရွှေအမြူတေ အတွင်းမှ ကူးစက်ခံထားရသော တစ်ရှူးများကို ရွှေအမြူတေ မထိခိုက်စေဘဲ တိုက်ရိုက်ဖယ်ရှားရန် ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကျင့်ကြံသူ၏ ရွှေအမြူတေသည် ရောဂါဗေဒအရ ထိခိုက်နိုင်ခြေ အမှန်တကယ် နည်းပါးသည်။
ရောဂါဖြစ်နိုင်ခြေမှာ သန်းတစ်ရာတွင် တစ်ယောက် ဖြစ်၏။
လျူကျန်းဟွာသည် လူသန်းတစ်ရာထဲတွင် ကံစမ်းမဲပေါက်သူဟု ဆိုရမည်။
အချို့သော လူဆိုးများက သနားစရာကောင်းသော်လည်း လျူကျန်းဟွာက မည်သည့်စာနာမှုနှင့်မျှ ထိုက်တန်သည်ဟု မထင်ပေ။
လူတိုင်းက သူတို့လုပ်ခဲ့သမျှ အတွက် အနှေးနဲ့အမြန် ဆိုသလို ပေးဆပ်ရပေလိမ့်မည်။
လူတိုင်းသည် ကမ္ဘာပေါ်တွင် သူတို့ကို မှတ်မိအောင်ပြုလုပ်ပုံခြင်း မတူညီကြပေ။
ကောင်းသောအမှုကို ပြုလျှင်လည်း အသိအမှတ်ပြုခံရသည်သာ ဖြစ်၏။
လူတွေကို အမြဲတစေ မှတ်မိစေနိုင်သည်မှာ သီလကို မြှင့်တင်ပေးသော ကုသိုလ်ကောင်းမှုသာ ဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် သင့်ကိုယ်သင်"နာမည်ကျော်ကြား"လိုလျှင် ဤကမ္ဘာကြီးက သင့်ကို သတိမထားမိသေးဘဲ သင်က ကျင့်ကြံခြင်း လောက၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ဘယ်တော့မှ အာမချောင်သင့်ချေ။
ငွေရောင်လေးက နှုတ်ခမ်းဖြင့် လက်ညိုးကို ဖိကိုက်လိုက်ပြီး သွေးတစ်စက်ကို အမြန် ညှစ်ထုတ်လိုက်သည်။
ထို့နောက် သူက ထိုသွေးကို လျူကျန်းဟွာ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ယာဥ်မောင်းလျူက သံသယဖြင့်မေးလိုက်သည်။
"မင်းဘာလုပ်လိုက်တာလဲ"
"ဘာမှမဟုတ်ပါဘူး.. မင်းအသက်ကို နည်းနည်း ပိုရှည်အောင်လုပ်ပေးလိုက်တာပါ"
ငွေရောင်လေးက ပြောလိုက်သည်။
ဟုတ်ပါသည်၊ ခေတ်မီကျင့်ကြံခြင်း ဆေးဝါးများပင် ပျောက်ကင်းအောင် မကုသနိုင်သော ရောဂါနှင့် ပတ်သက်ပြီး သူဘာမှ မလုပ်နိုင်ခဲ့ပေ။
သို့သော် သူ၏ သူတော်စင်သားရဲသွေးသည် အခြားသူ၏ အသက်ကို ရှည်စေရန် ပြုလုပ်နိုင်၏။
လျူကျန်းဟွာက သူ့ခန္ဓာကိုယ်ထဲကို သွေးတစ်စက် ဝင်သွားသည်နှင့် သူ့ရောဂါက အနည်းငယ် သက်သာသွားသည်ဟု ခံစားခဲ့ရသည်။
သူ၏ အကျိတ်ရှိနေသော ရွှေအမြူတေပင် တုန်ခါသွားခဲ့သည်။
ဒါတင်မကဘဲ သူ၏ ညာဘက်လက်ဖျံက ပူလောင်သည့် ခံစားချက်များပင် သက်သာသွားခဲ့သည်။
ထိုသူတော်စင် သားရဲသွေးတစ်စက်သည် လျူကျန်းဟွာ၏ အသက်ကို နောက်ထပ် ဆယ်နှစ်အထိ ရှင်သန်စေမည် ဖြစ်သည်။
လျူကျန်းဟွာက ထိတ်လန့်တကြား ဖြစ်သွားသည်။
"မင်းဘယ်သူလဲ"
မစ္စတာငွေရောင်လေး၏ ပါးစပ်မှ ချွဲသလိပ်က သူ့ကို ချောက်ကမ်းပါး ပေါ်ကနေ ပြုတ်ကျစေခဲ့ပြီး သွေးတစ်စက်က သူ့ကို အသက်ပြန်ရှင်စေခဲ့သည်။
ထိုအချိန်တွင် လျူကျန်းဟွာသည် ခွန်အားချင်း လုံးဝ ကွာဟသည်ကို သဘောပေါက်နေပြီ ဖြစ်သည်။
ဤမစ္စတာ ငွေရောင်လေးက ဆန္ဒရှိသလို လွယ်လွယ်ကူကူ လုပ်နိုင်သည်။
ဤလူက သာမာန်လူ လုံးဝ မဟုတ်ခဲ့ပေ။
"ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ.. ငါခဏနေ ရဲခေါ်လိုက်မယ်.. မင်းရဲ့ နောက်ဆုံးရက်တွေကို အကျဉ်းသား အဖော်တွေနဲ့ အတူ ထောင်ထဲမှာပဲ ကုန်ဆုံးလိုက်တော့"
ငွေရောင်လေးက လက်ပိုက်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
လျူကျန်းဟွာက အခြေအနေ မဟန်သည်ကို ခံစားမိ၍ ကားပေါ်မှ ဆင်းပြေးရန် ကြိုးစားသောအခါတွင် ဖိနှိပ်ထားသော အင်အားတစ်ခုကြောင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးက လုံးဝ မလှုပ်ရှားနိုင်သည်ကို တွေ့ရှိခဲ့သည်။
သူ၏ခွန်အားက မစ္စတာ ငွေရောင်လေးနှင့် အဆင့်တူ မဟုတ်ပေ။
ငွေရောင်လေးက ရဲကိုခေါ်ရန် သူ့ဆဲလ်ဖုန်းကို ထုတ်ယူလိုက်သောအခိုက်တွင် လမ်းပေါ်၌ ဆူညံနေသော ဥဩသံများကို ရုတ်တရက် ကြားလိုက်ရသည်။
"..........."
ငွေရောင်လေး အံ့သြသွားသည်။
"ငါဒီလောက်ထိတော့ ကံမကောင်းလောက်ပါဘူး.. ဟုတ်တယ်မလား"
လျူကျန်းဟွာ၏ ကားရှေ့တွင် ဆိုင်ကယ်နှစ်စီးက တိုက်ရိုက် ပိတ်ရပ်လိုက်သည်။
ထို့နောက် ယူနီဖောင်းဝတ် ရဲအရာရှိတစ်ဦးက လျူကျန်းဟွာ၏ ကားနောက်တွင် ရပ်ထားသော ရဲကားထဲကနေ ထွက်လာခဲ့သည်။
ရဲက ကားပြတင်းပေါက်ကို ခေါက်လိုက်သည်။
"မင်းတို့နှစ်ယောက် ထွက်လာခဲ့.. စစ်ဆေးစရာရှိတယ်"
လျုကျန်းဟွာက ယူနီဖောင်းကို မြင်လိုက်သောအခါတွင် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ချက်ချင်းပင် စိတ်ဓာတ်ကျသွားခဲ့သည်။
"ပြီးသွားပြီ.. အားလုံးပြီးသွားပြီ"
ယာဉ်ထိန်းရဲ "ဒီလမ်းမှာ ကားရပ်ခွင့် မပေးထားဘူး"
သူတို့ကားက ဤနေရာတွင် ရပ်နေတာ အတော်ကြာနေပြီဖြစ်၍ လှည့်ကင်းရဲများ၏ အာရုံကို ဖမ်းစားမိသွားပုံရသည်။
ငွေရောင်လေးက ပြတင်းပေါက်မှန်ကို ချလိုက်ပြီး ရဲအရာရှိကို ပြုံးပြလိုက်သည်။
"မင်္ဂလာပါ"
ရဲအရာရှိက အတွင်းဘက်ကို ကြည့်ကာ ယာဉ်မောင်း၏ အမူအရာ မူမမှန်သည်ကို သတိပြုမိလျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။
"မစ္စတာ ယာဉ်မောင်း.. ကျေးဇူးပြုပြီး မင်းရဲ့ ID ကို ပြပေးပါ"
လျူကျန်းဟွာက မျက်မှောင် တင်းတင်းကျပ်ကျပ် ကြုတ်လိုက်သည်။
"............."
ရဲအရာရှိက တစ်စုံတစ်ခု ဖြစ်နေမှန်း ရိပ်မိခဲ့သည်။
"ကျေးဇူးပြုပြီး ငါတို့နဲ့လိုက်ခဲ့ပါ.. ပြီးတော့.."
ထိုစကားကို ပြောပြီးနောက် ရဲအရာရှိက ငွေရောင်လေးကို ကြည့်လိုက်သည်။
"ဒီမိန်းကလေးလည်း ငါတို့နဲ့ လိုက်လာပေးပါ"
ငွေရောင်လေး "............."
…....................
ညနေ ခုနစ်နာရီတွင် အန်းနင်းခရိုင် ကျင့်ကြံခြင်း ရဲစခန်း၊ စုန့်ဟိုင်မြို့၊
ငွေရောင်လေးက သူနှင့်အကျွမ်းတဝင်ရှိသော ရဲစခန်းသို့ နောက်တစ်ကြိမ် ရောက်လာခဲ့သည်။
ယခင်နှစ်ကြိမ်နှင့် မတူဘဲ ယခုတစ်ကြိမ်တွင် လက်ထိပ်ခတ်မခံရပေ။
သူက ဖောက်သည်လို ဖြစ်နေ၍ စခန်းရှိလူများနှင့် ရင်းနှီးပြီးသားဖြစ်သည်။
ရဲမေတစ်ယောက် ဆိုလျှင် ငွေရောင်လေး အတွက် လက်ဖက်ရည် တစ်ခွက်ကိုပင် စိတ်ပါလက်ပါ လုပ်ပေးခဲ့သည်။
ငွေရောင်လေးက စစ်ကြောရေးအခန်းထဲတွင် လက်ဖက်ရည်သောက်ရင်း ထိုင်နေသည်။
သိပ်ကြာကြာ မစောင့်လိုက်ရဘဲ အရင်နှစ်ကြိမ်က ငွေရောင်လေးကို စစ်ဆေးခဲ့သည့် အရာရှိ ကောင်းထျန်းက တံခါးကိုတွန်းဖွင့်၍ ဝင်လာခဲ့သည်။
ငွေရောင်လေးကို မြင်လိုက်ရလျှင် အရာရှိကောင်းထျန်းက တုန်လှုပ်သွားခဲ့သည်။
"ဒီကောင်ပဲ ဘာလို့ထပ်ဖြစ်နေပြန်တာလဲ"
ငွေရောင်လေးက ရင်းနှီးသောလေသံဖြင့် ချက်ချင်း မိတ်ဆက်လိုက်သည်။
နာမည်= ငွေရောင်လေး..
လိင်အမျိုးအစား= ကျား..
အကျင့်ဆိုး= မရှိ
အကြိုက်ဆုံးအရာ= စားဖို့၊ ဂိမ်းဆော့ဖို့
ယခင်နှစ်ကြိမ်က ထိုမေးခွန်းမျိုး မေးခံရ၍ အလွတ်ရနေသည့်ငွေရောင်လေးက အရာရှိကောင်း မမေးခင် ဦးအောင်ဖြေလိုက်သည်။
အရာရှိကောင်းက ငွေရောင်လေးကို စူးစမ်းစွာ ကြည့်လိုက်သည်။
"ဘာလို့ တက်စီ ဌားစီးတာလဲ"
ငွေရောင်လေးက အရိုးခံအတိုင်း ပြန်ဖြေလိုက်သည်။
"ငါကိုယ်တိုင် လည်ပတ် သွားဝယ်ချင်လို့ပါ"
အရာရှိကောင်း "..........."
သူက တစ်ခုခုကို ဆိုးရွားစွာ သင်ယူခဲ့ရသလို ခံစားလိုက်ရသည်။
အပိုင်း(၆၁၈) ပြီး၏