ကမ္ဘာဦးချီသဲလွန်စ
Vol. 42 Ch. 621
အဆုံးသတ်ကို ဖတ်ပြီးသောအခါတွင် ဖေဖေဝမ်၏ နောက်ဆက်တွဲက ဆွေးနွေးစရာများ ဖြစ်လာနိုင်သည်ကို ဝမ်လင်းတစ်ယောက် မြင်နေရပြီ ဖြစ်သည်။
ဤသည်က ကြေကွဲစရာများနှင့် ရောယှက်နေသည့် တွေးခေါ်စရာ အဆုံးသတ်တစ်ခု ဖြစ်သော်လည်း ဖေဖေဝမ်က နိဂုံးချုပ်ဟု မပြောခဲ့ပေ။
ထို့ကြောင့် အနာဂတ်တွင် တတိယမြောက် သို့မဟုတ် စတုတ္ထမြောက် အဆက် ထပ်လာလိမ့်မည်ဟု ဝမ်လင်း မျှော်လင့်ထားခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူသည် ဤဇာတ်လမ်းကို စောင့်မျှော်နေသူ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဖေဖေဝမ်သည် သူ၏ တရားဝင်အကောင့်တွင် ဆောင်းပါးအသစ်များကို တင်လေ့မရှိခဲ့ပေ။
ထိပ်တန်း အွန်လိုင်းဆရာကြီး တစ်ဦးအနေဖြင့် ထင်ပေါ်လိုသော အခြားသူများ ကဲ့သို့ အာရုံစူးစိုက်မှုရရန် ထူးထူးခြားခြားဆောင်းပါးများ တင်ရန်မလိုအပ်ပေ။
ပရိတ်သက်များကို အတတ်နိုင်ဆုံး အာရုံဖမ်းစားရန် ကြိုးစားခဲ့ဖူးသည့် အကောင့်အချို့ အကြောင်းကို ဖေဖေဝမ် ပြောခဲ့ဖူးသည်အား ဝမ်လင်းကြားဖူးခဲ့သည်။
ဥမပာပြရလျှင် အကောင့်ပိတ်သွားပြီ ဖြစ်သော "သကြားပမာဏနှစ်ဆ"ဟုခေါ်သည့် တရားဝင်အကောင့် ဖြစ်သည်။
ထိုအကောင့်က View တစ်သိန်းကျော် ရရှိရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သော်လည်း လျင်မြန်စွာ အကောင့်ပိတ်သွားခဲ့သည်။
ထိုအကောင့်များနှင့် နှိုင်းယှဉ်ကြည့်လျှင် ဖေဖေဝမ်၏ ပုံရိပ်က အလွန်တရာ ကြီးမားနေသည်ကို ဝမ်လင်း ရုတ်တရက် ခံစားလိုက်ရသည်။
ဖေဖေဝမ်က အချိန်အတော်ကြာမှ ဆောင်းပါးတစ်ခုကို တင်လေ့ ရှိသော်လည်း View တစ်သန်းကျော်ကို အလွယ်တကူ ရရှိခဲ့သည်။
လူသားများသည် နေ့စဉ်နှင့်အမျှ ၎င်းတို့၏ မျှော်လင့်ချက်များဖြင့် ရှင်သန်နေထိုင်ကြသည်။
သင့်အနေဖြင့် View သန်းတစ်ရာ ဟူသော ပန်းတိုင်ကို မရောက်နိုင်လျှင်ပင် အနည်းဆုံးတော့ မိမိကိုယ်ကို ပျော်ရွှင်အောင် နေထိုင်သင့်ပေသည်။
နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး မနက်ဖြန်တိုင်းကို အပြုံးနှင့်ရင်ဆိုင်ရန် အသင့်ရှိသင့်သည်။
ဤသည်မှာ ဖေဖေဝမ်၏ ဝတ္ထုရေးရခြင်းအတွက် မူလအကြောင်းပြချက် ဖြစ်သည်။
ဤအတွေးကြောင့် ဝမ်လင်းသည်လည်း သူ့ကိုယ်ပိုင် မျှော်လင့်ချက်ကို မလွဲမသွေ စတင် တွေးတောမိခဲ့သည်။
လက်ရှိတွင်မူ သူ၏ခန္ဓာကိုယ်ထဲ၌ တည်ရှိနေသည့် ကမ္ဘာဦးချီကို ပြီးပြည့်စုံစွာ ထိန်းချုပ်ရန်မှာ သူ၏ပန်းတိုင် ဖြစ်သည်။
ညီနောက်ဂလူတန် အကြောင်း ဖေဖေဝမ်၏ ဇာတ်လမ်းကို ဖတ်ပြီးနောက်တွင် ဝမ်လင်းသည် အကြောင်းတစ်ခုခုကြောင့် ဂလူတန်အရသာ ခေါက်ဆွဲကြွပ်ကြော်ကို စားချင်လာသည်။
ကျိုးရီကို သူ့တပည့်အဖြစ် လက်ခံလိုက်သည့်အခါတွင် ကျိုးရီက သူ့ကို ရွှေရောင်ကတ် တစ်ခုအား ပေးခဲ့သည်။
ထိုကတ်ဖြင့် ဝမ်လင်းသည် လစဉ်လတိုင်း အထူးအရသာ ရှိသော ခေါက်ဆွဲခြောက်ကြွပ်ကြော်များကို မှာယူရရှိနိုင်သည်။
ဝမ်လင်းက ဤလ၏ ခွဲတမ်းအဖြစ် ဂလူတန်အရသာကို စားသုံးရန် ဆုံးဖြတ်ခဲ့သည်။
ရွှေရောင်ကတ်ပေါ်တွင် ပေးထားသည့် VIP အီးမေးလ်လိပ်စာသို့ သူ၏တောင်းဆိုမှုကို ပေးပို့ပြီးနောက်တွင် စတိုးဆိုင်မှ ဝန်ဆောင်မှုပေးသည့် ညီမလေးက အလွန် လျင်မြန်စွာ ဖြေကြားခဲ့သည်။
"လေးစားရပါသော မစ္စတာဝမ်လင်း.. သင့်ရဲ့ တောင်းဆိုချက်ကို ကျွန်မတို့ လက်ခံရရှိထားပါတယ်.. သင်အော်ဒါ မှာထားသော ဂလူတန်အရသာခေါက်ဆွဲခြောက် ကြွပ်ကြော်တစ်ဘူးကို ရက်အနည်းငယ်အတွင်း အသင့်ပြင်ပြီး ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းနဲ့ ပို့ပေးလိုက်ပါမယ်"
ထိုစာကိုကြည့်ရုံဖြင့် ဝမ်လင်းက ကျေနပ်အားရမှုများ ပြည့်နှက်သွားသည်။
မကြာသေးမီက အဖြစ်အပျက်များစွာ တစ်ချိန်တည်း ဖြစ်ပျက်ခဲ့သည်။
လူသားများ ဒုက္ခရောက်သည့်အခါတွင် ထိုစိတ်ပူပန်မှုကို အစာစားချင်စိတ် အဖြစ် ပြောင်းလဲရန် လွယ်ကူသည်။
အဆာပြေ ခေါက်ဆွဲကြွပ်ကြော်များ စားခြင်းသည် ဝမ်လင်းအတွက် စိတ်ဖိစီးမှုကို သက်သာစေသည့် အရာတစ်ခုဖြစ်သော်လည်း သူကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းနိုင်လိမ့်မည်ဟု မဆိုလိုပေ။
စာပို့ပြီးနောက်တွင် ဝမ်လင်းက သူ့အတွေးများကိုအလုပ်ပေးလိုက်သည်။
ယခုအခါတွင် သူဖြေရှင်းရမည့် ပြဿနာများစွာ ရှိနေသည်။
ပထမဆုံး ပြဿနာမှာ ယခုအချိန်ထိ ထွက်ပြေး လွတ်မြောက်နေသည့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဥက္ကဌပိုင်ဖြစ်သည်။
ဒုတိယပြဿနာမှာ လျှို့ဝှက်ဆန်းကြယ် သတင်းပေးသူ ဖြစ်သည်။
ထိုသတင်းပေးသူက အမှတ်၆၀ အထက်တန်းကျောင်း၏ ကွန်ပျူတာခန်းကနေ အချက်အလက်များ ပေးပို့သည်ဟု ဝမ်မင်က ခြေရာခံခဲ့ဖူးသည်။
သို့သော် လက်ရှိအချိန်ထိ ဤလူက ဘယ်သူမှန်း ဝမ်လင်းမသိသေးပေ။
တတိယပြဿနာမှာ နတ်ဆိုးကမ္ဘာရှိ သူတော်စင်ကျောက်တိုင်ထိပ်တွင် နတ်ဆိုးသူတော်စင် ထံမှ ထွင်ထျန်းဟာနှင့် အင်မော်တယ် ကျန်းရွမ်တို့ သိရှိခဲ့ရသည့် ငါးဖမ်းသမား အကြောင်းဖြစ်သည်။
ဝမ်လင်းက သူယခင်ကြုံတွေ့ဖူးသမျှ လူများထဲတွင် ဤငါးဖမ်းသမားက အန္တရာယ်အရှိဆုံးလူဟု တွေးမိခဲ့သည်။
အကြောင်းအရင်းမှာ တစ်ဖက်လူသည် ကမ္ဘာဦးချီကိုထိန်းချုပ်ရာတွင် အလွန် ကျွမ်းကျင်သောကြောင့် ဖြစ်သည်။
စတုတ္ထနှင့် နောက်ဆုံးပြဿနာမှာ လာမည့်နွေရာသီ ခရီးစဉ်ဖြစ်၏။
ဝမ်လင်းက အစပိုင်းတွင် ဘာမှ မတွေးမိခဲ့သော်လည်း ချန်းချောင်၏ ရှင်းပြမှုကို နားထောင်ပြီးသည့်နောက်တွင် ဤလှုပ်ရှားမှု၌ လှည့်စားမှုတစ်ခုခု ရှိမည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။
ချန်းချောင်၏ ပါးစပ်က ကောင်းချီးပေးသည်ဟု ဆို၍ရလောက်အောင်ပင် ပါးစပ်စီးသည့် အခြေအနေများ အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။
ဝမ်လင်း အတွေးနက်နေချိန်တွင် လေထုထဲတွင် လက်တစ်စုံထွက်ပေါ်လာပြီး သူ့မျက်လုံးများကို ဖုံးထားသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
ထို့နောက်တွင် ကောက်ကျစ်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူလဲ ခန့်မှန်းကြည့်စမ်း"
ဝမ်လင်း ".........."
ဤအသံက ဝမ်မင်၏အသံပင် ဖြစ်သည်။
ဝမ်မင်က သူ့ဆီသို့ပြန်လာရန် အဝေးရောက် ပရောဂျက်နည်းပညာကို အသုံးပြုထားပုံရသည်။
ဝမ်လင်းက သူ့မျက်နှာပေါ်ရှိ လက်ချောင်းများကို ဖယ်လိုက်ပြီး ဝမ်မင်ကို စိုက်ကြည့်လိုက်သည်။
ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော ထွင်ထျန်းဟာကလည်း မျက်လုံးကို ပျင်းရိစွာ ဖွင့်လိုက်သည်။
"အံ့ဩသွားလား"
ဝမ်မင်က သွားပေါ်သည်အထိ ပြုံးလိုက်သည်။
လွန်ခဲ့သည့်အချိန်က ဝမ်မင်သည် သူ၏ ပုံရိပ်ရောင် ခန္ဓာကိုယ်ပေါ်တွင် လက်ချောင်းများကိုသာ ပုံဖော်နိုင်ခဲ့သည်။
ယနေ့ ထပ်မံဆုံတွေ့ရာတွင်မူ ဝမ်မင်သည် သူ၏ လက်တစ်ခုလုံးကို ရုပ်လုံးပေါ်အောင် လုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဝမ်လင်းသတိထားမိသည်။
ဝမ်လင်း၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ပြီး ဝမ်မင် ပြုံးလိုက်သည်။
"နောက်ကျရင် ငါ့ရဲ့အပေါ်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံးကို ရုပ်လုံးပေါ်အောင်လုပ်နိုင်မယ်လို့ ငါခန့်မှန်းထားတယ်"
ဝမ်လင်း၏နှုတ်ခမ်းထောင့်က တလှုပ်လှုပ်ဖြစ်သွားသည်။
တိုးတက်မှုနှုန်းက အလွန်ပင် မြန်ဆန်နေသည် မဟုတ်ပါလော။
ဝမ်မင်က သူ့စကားကို ဆက်လိုက်သည်။
"တကယ်တော့ဒီနည်းပညာက အရမ်းကြီး မတိုးတက်သေးပါဘူး.. အခုချိန်မှာ လက်နှစ်ဖက်လုံးကို ရုပ်လုံးဖော်နိုင်ပြီလို့ ပြောလို့ရပေမဲ့လည်း အချိန်အကြာကြီးတော့ ထိန်းထားလို့မရဘူး"
ဝမ်မင် ထိုစကားကို ပြောပြီးသည်နှင့် ဝမ်မင်၏လက်များက ပန်းများကဲ့သို့ ညှိုးနွမ်းသွားသည်ကို မြင်လိုက်ရသည်။
အစမှအဆုံးတိုင် တစ်မိနစ်ထက် ပိုမထိန်းသိမ်းနိုင်ပုံ ရသည်။
ဝမ်မင်က ကြိုသိနှင့်နေပြီးသော လူတစ်ယောက်၏ အမူအရာဖြင့် ပြောလိုက်သည်။
"ကြည့်လေ"
ဝမ်လင်း ".........."
ထိုစကားကို ပြောပြီးနောက် ဝမ်မင်က သက်ပြင်းချလိုက်သည်။
"အနာဂတ်မှာ ငါ့ရဲ့အပေါ်ပိုင်းတစ်ခုလုံးကို ရုပ်လုံးပေါ်လာအောင်လုပ်နိုင်ရင်တောင် ကြာချိန်က ငါ့အတွက် တကယ့်ပြဿနာတစ်ခုပဲ.. မင်းမိုးခေါင်ခြင်းကြယ်မှာ စွမ်းအင်တချို့စုဆောင်းခဲ့တာ မှတ်မိတယ်မဟုတ်လား.. အခုအကဲဖြတ်မှုရလဒ် ထွက်လာခဲ့ပြီ"
ထိုစကားကြောင့် ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ နှစ်ဦးစလုံးက ထူးဆန်းသော အမူအရာဖြင့် ၎င်းတို့၏ မျက်လုံးများကို ပင့်၍ ကြည့်လိုက်ကြသည်။
"အချက်အလက် အစီအရင်ခံစာကတော့ ဓာတ်ခွဲခန်းထဲမှာ ရှိနေတုန်းမို့ ငါပဲမင်းကို အရင် ပြောပြလိုက်မယ်.. အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအင်အရင်းအမြစ်က ကမ္ဘာဦးချီဆိုတာ သံသယဝင်စရာ မလိုဘူး.. အဲဒီအရာက မင်းခန္ဓာကိုယ်ထဲက ထုတ်လွှတ်ပေးတဲ့ ကမ္ဘာဦးချီလို သိပ်သည်းခြင်း မရှိပေမဲ့လည်း အခြေခံအားဖြင့် ကမ္ဘာဦးချီရဲ့ ဝိသေသလက္ခဏာတွေနဲ့ ပြည့်စုံနေတယ်.. ဒါ့ပြင် ဒီကမ္ဘာဦးချီက နည်းနည်းထူးဆန်းတယ်.. အဲဒီထဲမှာ တခြားအရာတွေ ရောထွေးနေပုံရတယ်.. ငါ့အမြင်တော့ အဲဒါက လူသားကျင့်ကြံသူရဲ့ ကမ္ဘာဦးချီလို့ မထင်ဘူး"
"ဒါကိုတောင် မင်းက ခွဲခြားနိုင်တာလား"
ထွင်ထျန်းဟာက အံ့ဩနေ၏။
ဝမ်မင်က ဆက်ပြောလိုက်သည်။
"လူသားကျင့်ကြံသူတွေနဲ့ ဝိညာဉ်သားရဲတွေ ကြားမှာတောင် ဝိညာဥ်စွမ်းအင်က ခြားနားမှုတွေရှိတယ်.. တိတိကျကျ ပြောရမယ်ဆိုရင် စွမ်းအင်အရင်းအမြစ် အားလုံးက မတူညီတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတဲ့ အတွက် ကွဲပြားမှုတွေတော့ ရှိတယ်.. ဒါပေမဲ့ အဲဒီကွဲပြားမှုတွေက အရမ်းသိမ်မွေ့တဲ့ အတွက် အနန္တတန်ခိုးရှင်အဆင့်ရဲ့ အာရုံခံစားမှု ဒါမှမဟုတ် ကိရိယာတွေကို အသုံပြုခြင်းနဲ့သာ ရှာဖွေတွေ့ရှိနိုင်တယ်.. အရမ်းထူးဆန်းနေတာက ဒီကမ္ဘာဦးချီက လူသား ဒါမှမဟုတ် ဝိညာဥ်သားရဲကနေ လာတဲ့ ချီနဲ့ လုံးဝမတူတာပဲ"
ထိုစကားကိုကြားသောအခါတွင် ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့နှစ်ဦးစလုံးသည် အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့ကြသည်။
အကြောင်းတစ်ခုခုကြောင့် သူတို့က လျှို့ဝှက်ဆန်းကြယ်သည့် သမိုင်းမစတင်မီက ကမ္ဘာဦး သားရဲများကို ပြန်အမှတ်ရမိပြီး ဆိုးရွားသော ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။
အပိုင်း(၆၂၁) ပြီး၏