တန်ဖိုးသုံးပါး ကွဲအက်တူ
Vol. 42 Ch. 622
ဤကမ္ဘာဦးချီ၏ မူလအစသည် လျှို့ဝှက်ဆန်းကြယ်သော ငါးဖမ်းသမား မွေးမြူထားသည့် သမိုင်းမစတင်မီမှ အရိုင်းအစိုင်းသားရဲများသာ ဖြစ်ခဲ့လျှင် ထိုငါးဖမ်းသမားသည် ထိုသားရဲကို မိုးခေါင်ခြင်းကြယ်ဂြိုဟ်တွင် လွှတ်ပေးခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် လက်ရှိ အခြေအနေအရ မိုးခေါင်ခြင်းကြယ်ဂြိုဟ်ကို ပြုပြင်နေသော အင်မော်တယ် ကျန်းရွမ်သည် လက်ရှိအချိန်တွင် အန္တရာယ်ရှိနေပြီ ဖြစ်သည်။
ဝမ်လင်းနှင့် ထွင်ထျန်းဟာတို့ နှစ်ဦးစလုံးသည် ဤအချက်ကို တစ်ချိန်တည်းတွင် တွေးတောမိခဲ့ကြသည်။
သူတို့က တွေးတောမိချိန်တွင် မျက်မှောင်ကို တင်းတင်းကျပ်ကျပ် ကြုတ်ထားကြ၏။
ဝမ်မင်က ဤနှစ်ကောင် ဘာတွေးနေမှန်း မသိသော်လည်း ရယ်စရာကောင်းသော မြင်ကွင်းတစ်ခုဟု တွေးမိခဲ့သည်။
အချိန်အတော်ကြာ မွေးမြူထားသောခွေးသည် ပိုင်ရှင်ကဲ့သို့ပြုမူလာသည်ဟု ဆိုရိုးရှိကြသည်။
ထိုဆိုရိုးအရဆိုလျှင် ထွင်ထျန်းဟာနှင့် ဝမ်လင်းတို့၏ သခင်နှင့်အစေခံ ဆက်ဆံရေးသည် နက်နဲသောအဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားသည်။
တွေးတောနေချိန်မှာပင် ၎င်းတို့၏ အမူအရာများက ထပ်တူကျနေသည်။
“လင်းလင်း.. မင်းတို့ မိသားစုရဲ့ ထွင်ထျန်းဟာက မင်းနဲ့ ပိုတူလာတယ်နော်”
ဝမ်လင်း “……….”
ထွင်ထျန်းဟာ “……….”
သူ၏ အဝေးထိန်းစနစ်က အဆင့်မမီသေးသောကြောင့် ဝမ်မင်က အကြာကြီးမနေရဲပေ။
ထို့အပြင် ဤနည်းပညာကို လုံးလုံးလျားလျား လူသိရှင်ကြား မထုတ်ဖော်ရသေးပေ။
ဝမ်မင် အသုံးပြုခွင့်ရနေခြင်းမှာ သူ့ထံတွင် မူပိုင်ခွင့်ကတ် ရှိနေခြင်းကြောင့် ဖြစ်သည်။
ဆိုလိုသည်မှာ ထိုမူပိုင်ခွင့်ကတ်သည် အာဏာပိုင်ကတ် တစ်ခုဖြစ်သည်။
ထိုကတ်ဖြင့်ဆိုလျှင် သင်သာ စိတ်ရှိလျှင် သင်လုပ်ချင်တာ မှန်သမျှကို လုပ်နိုင်သည်။
သို့သော် အခြေအနေအလုံးစုံကို ခြုံငုံ၍ ပြောရလျှင် ဤအရာက အတော်လေး လိုက်လျောညီထွေရှိသည့် လုပ်ဆောင်ချက်မဟုတ်ပေ။
မကြာသေးခင် ကာလကစ၍ ဓာတ်ခွဲခန်းတွင် သူ့ကိုစောင့်ကြည့နေသည့် လူအများအပြား ရှိခဲ့သည်။
ထို့ကြောင့် သူက ဥက္ကဌချီကို ဒုက္ခမပေးချင်ခဲ့ပေ။
ထို့ကြောင့် သူ၏ ပုံသဏ္ဍာန်ကို အဝေးမှပြသရန် ပရိုဂျက်တာနည်းပညာကို အသုံးပြုချိန်တိုင်းတွင် သူအကြာကြီး မနေရဲပေ။
ကျိုက်ယန်က သူ့ကို စောင့်ကြည့်နေသောကြောင့် ဖမ်းမိသွားခဲ့လျှင် သေချာပေါက် သတင်းပို့ခံရမည် ဖြစ်သည်။
ကျိုက်ယန်က အစွဲအလမ်းကြီးသူ ဖြစ်သည်ကို သူနားလည်ထားခဲ့သည်။
သူက ကျိုက်ယန်၏ ဝက်သားတုံးကို စားသောက်ရန် ငြင်းဆန်ခဲ့သည်အား ကျိုက်ယန်က တေးမှတ်ထားခဲ့သည်။
အစပိုင်းတွင် သူတို့၏ ဆက်ဆံရေးက အနည်းငယ် တိုးတက်လာသည်ဟု ဝမ်မင်ထင်ခဲ့သည်။
သို့သော် ဥက္ကဌချီကို ဆေးရုံပို့လိုက်ရပြီးချိန်တွင် ကျိုက်ယန်သည် ဓာတ်ခွဲခန်းအတွင်း ချက်ပြုတ်ခွင့် မရတော့သည့်အတွက် ဝမ်မင်ကို ပိုမို အေးစက်လာခဲ့သည်။
သူ့အနေဖြင့် ကျိုက်ယန်၏ အော်ရာကို ခံစားနိုင်ရန် မလိုအပ်ပေ။
ပတ်ဝန်းကျင်က ရုတ်တရက် အေးစက်လာသရွေ့ ကျိုက်ယန်က သူနှင့်ဆယ်မီတာ အကွာအဝေးတွင် သေချာပေါက် ရှိနေမည် ဖြစ်သည်။
သူက ဝန်ခံရန် ဆန္ဒမရှိသော်လည်း ကျိုက်ယန်ကို အနည်းငယ် ထိခိုက်စေမိသည်ဟု ခံစားရပေသည်။
ဝမ်မင်က အလွန်ရှုပ်ထွေးသော ပြဿနာများကို တစ်ခဏအတွင်း အဖြေထုတ်နိုင်သော်လည်း စိတ်ခံစားချက်များကိုမူ မထိန်းချုပ်နိုင်ပေ။
ဆိုရလျှင် သူသည် အခြားသူများနှင့် စိတ်တိုက်ပွဲ ဆင်နွှဲလျှင် ကျရှုံးမည်သာ ဖြစ်သည်။
ငယ်ငယ်က ဝမ်လင်းနှင့် စကားအငြင်းအခုံ ပြုတိုင်းတွင် ဝမ်လင်းက သူ့အား အကြိမ်တိုင်း၌ အေးစက်စက် ဆက်ဆံခဲ့သည်ကို သူသတိရမိသည်။
ထို့ကြောင့် သူက အသံတိတ် ဆက်ဆံရသည်ကို မုန်းတီးမိသည်။
မည်သို့ပင်ဆိုစေကာမူ သူက အစ်ကိုကြီးဖြစ်သည့် အတွက် ညီငယ်လေး၏ အေးစက်စက် ဆက်ဆံမှုကို နာကျင်မှုမရှိခဲ့ပေ။
သို့သော် ယခုပြဿနာတွင် သူ့ကို အေးစက်စက် ဆက်ဆံနေသူမှာ ကျိုက်ယန် ဖြစ်သည်။
ထိုသို့ ဆက်ဆံခံရပြီးနောက်တွင် သူက တစ်စုံတစ်ရာ ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။
ဤကိစ္စကို သူမည်သို့ ကိုင်တွယ်ရမည်နည်း။
သူ့အနေဖြင့် ကျိုက်ယန်ကို တောင်းပန်ရမည်လော။
သို့သော် ပြဿနာမှာ သူမည်သည့်အမှားမှ လုပ်မိသည်ဟု မထင်ခဲ့ခြင်း ဖြစ်သည်။
သူထွက်မသွားခင် ထွင်ထျန်းဟာက ဝမ်မင်၏ အမူအရာကို သတိပြုမိလိုက်သည်။
“မင်းကျိုက်ယန်နဲ့ ရန်ဖြစ်ခဲ့တာလား”
“မဟုတ်ပါဘူး”
ဝမ်မင်က သူ့လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
ဤသည်က ရန်ဖြစ်သည်ဟု ယူဆရမလား သူတကယ်မသိပေ။
ကျိုက်ယန်က သူ့ကိုကာကွယ်ရန် အလွန်နီးကပ်သောအနေအထားတွင် အမြဲရှိသော်လည်း အရင်လို မဟုတ်တော့သည်မှာ ထင်ရှားသည်။
ဝမ်မင်က သက်ပြင်းကို ချလိုက်သည်။
“ဥက္ကဌချီက သူမကို ဟင်းချက်ခွင့် ပိတ်ပင်လိုက်ပြီးကတည်းက သူမက ငါ့ကို အေးစက်စက် ဆက်ဆံလာခဲ့တယ်.. ဘာကြောင့်လဲဆိုတာတော့ငါမသိဘူး.. ငါ့အထင် ငါလည်းသူမကို မစော်ကားမိပါဘူး”
“ဘယ်လောက်ကြာပြီလဲ”
“တစ်ပတ်နီးပါးလောက်တော့ ရှိပြီ”
ထွင်ထျန်းဟာက အနည်းငယ် စဉ်းစားလိုက်သည်။
“သေချာစဉ်းစားကြည့်လေ.. မင်းသူ့ကို မစော်ကားမိဘဲ ဒီလိုဖြစ်ပါ့မလား”
ထိုစကားကိုကြားလျှင် ဝမ်မင်က ထွင်ထျန်းဟာကို လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“မင်းမသိသေးလို့ပါ.. ငါသူ့ကို နှစ်သိမ့်ပေးခဲ့သေးတယ်”
“……….”
ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာ အံ့ဩသွားခဲ့သည်။
“မင်းလို အမိုက်အမဲ ချာတိတ်လေးက ကျိုက်ယန်ကို တကယ်ပဲနှစ်သိမ့်ပေးခဲ့တာလား”
ထွင်ထျန်းဟာ “မင်းသူ့ကို ဘယ်လိုမျိုးနှစ်သိမ့်ပေးခဲ့တာလဲ”
ဝမ်မင် “ငါသူ့ကို ရေနွေးအများကြီး သောက်ခိုင်းလိုက်တယ်”
{ရေနွေးကြမ်းတိုက်ပြီး တောင်းပန်သည့်ဓလေ့ရှိ}
ထွင်ထျန်းဟာ “……….”
ဝမ်လင်း “……….”
ဝမ်လင်းနှင့် ထွင်ထျန်းဟာက အင်မော်တယ်ကျန်းရွမ်အန္တရာယ်ရှိနိုင်သည် ဟူသောအချက်ကို ထည့်သွင်းစဉ်းစားကာ အစီအမံများပြုလုပ်ရန် ကြံစည်ခဲ့ကြသည်။
မိုးခေါင်ခြင်းကြယ်ဂြိုဟ်တွင် ထိုငါးဖမ်းသမားမှ မွေးမြူထားသည့် ကမ္ဘာဦးသားရဲများ ရှိနေသည်မှာ ရာနှုန်းပြည့် မသေချာနိုင်ပေ။
သို့သော် ကြိုတင်ကာကွယ်မှု လုပ်ဆောင်ခြင်းသည် အဓိပ္ပါယ်ရှိသောလုပ်ရပ် ဖြစ်၍ အင်မော်တယ်ကျန်းရွမ်အတွက် ဘေးကင်းခြင်း အစီအရင်များ ချမှတ်ထားသင့်သည်ဟု ဝမ်လင်း ခံစားခဲ့ရသည်။
ထို့ကြောင့် သူက ကောင်းကင်လက်နက်၈မျိုးကျမ်းကို ထပ်မံဖွင့်လှစ်ခဲ့သည်။
ဤသည်မှာ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော မူရင်းမိတ္တူ ဖြစ်ပြီး ဖေဖေဝမ်၏ အကြီးမြတ်ဆုံး ပရိတ်သတ်ထံမှ လက်ဆောင် ဖြစ်သည်။
အရင်တစ်ခေါက်က ဝမ်လင်းသည် ဤကောင်းကင်လက်နက်၈မျိုးကျမ်းကို အသုံးပြု၍ စိတ်ဝိညာဉ်ဖိနှိပ်ခြင်းလက်စွပ်ကို သန့်စင်နိုင်ခဲ့ပြီး ကမ္ဘာ့ဖီဆန် မှော်ရတနာအရည်အသွေး ရှိသည့် မှော်လက်နက်ကို မမျှော်လင့်ဘဲ ဖန်တီးနိုင်ခဲ့သည်။
ဝမ်လင်းက အင်မော်တယ်ကျန်းရွမ် အတွက် မှော်လက်နက်ကိုပြုလုပ်ရာတွင် သမိုင်းမစတင်မီက ကမ္ဘာဦးသားရဲများ၏ အန္တရာယ်ကြီးမားပုံကို ထည့်သွင်းစဉ်းစားခဲ့သည်။
ထို့ကြောင့် သူ၏ပထမဆုံး ရွေးချယ်မှုမှာ ထိုအန္တရာယ်များသည့် သမိုင်းမစတင်မီက ကမ္ဘာဦး သားရဲများထက် ပိုမိုပြင်းထန်သော လက်နက် ဖြစ်သည်။
ထို့ကြောင့် ဝမ်လင်း၏အကြည့်သည် နောက်ဆုံးတွင် တူအမျိုးအစား မှော်လက်နက် တစ်ခုပေါ်တွင် ကျရောက်သွားသည်။
ထိုမှော်လက်နက်က အလွန်ပင် ထူးခြားသည်။
ထိုလက်နက်က ရေရှည်အသုံးပြု၍ မရဘဲ အသုံးပြုနိုင်သည့်အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိသည်။
နှိုင်းယှဉ်ရမည်ဆိုလျှင် သူယခင်က ဗုံးပစ်စီနီယာအင်မော်တယ်ကို လက်ဆောင်ပေးခဲ့သည့် စိတ်ဝိညာဉ်ဖိနှိပ်ခြင်းလက်စွပ်သည် တစ်ခါသုံး မဟုတ်ဘဲ အမြဲအသုံးပြု၍ ရသည့် မှော်လက်နက်တစ်ခု ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤတူအမျိုးအစား မှော်လက်နက်သည် စွမ်းအင်ကို သိုလှောင်ထားနိုင်ပြီး ဝိညာဉ်စွမ်းအင်ကို မှော်လက်နက် အတွင်း၌ စုဆောင်းထားနိုင်သည်။
လိုအပ်သည်နှင့် တစ်ပြိုင်နက် စိတ်ဝိညာဉ် စွမ်းအင်ကို တစ်ကြိမ်တည်း ထုတ်လွှတ်နိုင်ပြီး ပေါက်ကွဲစေသော စွမ်းအင်ကိုလည်း ထုတ်လွှတ်နိုင်သည်။
ထိုအမျိုးအစား မှော်လက်နက်၏ အသုံးဝင်ပုံကို နားလည်သွားလျှင် ထွင်ထျန်းဟာ၏ မျက်လုံးများက တောက်ပသွားသည်။
နားလည်နိုင်အောင် ရှင်းပြရလျှင် ဤမှော်ရတနာ အမျိုးအစားကို ဝှက်ဖဲတစ်ခုအဖြစ် ရှုမြင်နိုင်ပေသည်။
“ဒီတူရဲ့ ဇစ်မြစ်ကဘာလဲ”
ထွင်ထျန်းဟာက မမေးဘဲ မနေနိုင်တော့ချေ။
ဝမ်လင်းက သူ့လက်ချောင်းဖြင့် စာမျက်နှာကို လှန်လိုက်ရာ လူတစ်ယောက်နှင့် ခွေးတစ်ကောင်က ဤတူလက်နက်နှင့် ပတ်သက်သည့် အချက်အလက်များကို ကြည့်လိုက်သည်။
မှော်လက်နက်အမည် -တန်ဖိုး၃ပါး ကွဲအက်တူ
အဓိကပစ္စည်း - ကိလေသာသံ
ထုတ်လုပ်သူ၏ဖော်ပြချက် -ဘဝက ရပ်တန့်မနေသလို သေခြင်းတရားကလည်း အဆုံးမရှိချေ၊ ဤရတနာသည် ပြီးပြည့်စုံသော မှော်ပစ္စည်း မဟုတ်သော်လည်း ငါ၏ စိတ်အားထက်သန်မှုအားလုံး ပါရှိသည်။
ထွင်ထျန်းဟာ “……….”
ဝမ်လင်း “……….”
“ကိလေသာသံ.. အဲဒါက ဘာကိုပြောတာလဲ”
ထွင်ထျန်းဟာက ဖုန်းထဲတွင် ရှာလိုက်ရာ ဤကိလေသာသံသည် အဆင့်နိမ့်ပါးခြင်း မရှိဘဲ ယခင်က ဗုံးပစ်စီနီယာအင်မော်တယ် ယူဆောင်လာသည့် သံလိုက်ကျောက်ထက်ပင် အဆင့်မြင့်ကြောင်း တွေ့ရှိရသည်။
ဤကမ္ဘာမြေပေါ်တွင် ကိလေသသံ ရှိနေသေးသော်လည်း ရရှိရန်မှာ အလွန်ခဲယဉ်းသည်။
၎င်းကို မှောင်ခိုဈေးကွက်များတွင်သာ ရောင်းချနိုင်ဖွယ်ရှိသည်။
သို့သော် ပြဿနာမှာ ဆရာလေးလင်း အနေဖြင့် ထိုကိလေသာသံကို ဝယ်ရန် ပိုက်ဆံကို မည်သည့်နေရာမှ ရှာဖွေမည်နည်း။
“ကိလေသာသံကို ဘယ်မှာ သွားရှာရမှာလဲ”
ထွင်ထျန်းဟာက အံ့ဩတကြီး မေးလိုက်သည်။
ဝမ်လင်းက စကားတစ်ခွန်းမျှ မပြောဘဲ ဝိညာဉ်စွမ်းအင်ကိုအသုံးပြု၍ ကြမ်းပြင်ပေါ်တွင် ချောမွေ့ဝိုင်းစက်သော မှော်အစီအရင် တစ်ခုကို တိုက်ရိုက်ဆွဲလိုက်သည်။
ထိုမှော်အစီအရင် ပုံသဏ္ဍာန်ကို ထွင်ထျန်းဟာက အနီးကပ်လေ့လာလိုက်သည်။
“ဒီအစီအရင်ကို အရင်က တစ်နေရာရာမှာ မြင်ဖူးသလို ခံစားရတယ်”
ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်။
“ဒါက အသွင်ပြောင်းအစီအရင် တစ်ခုပဲလေ”
ထွင်ထျန်းဟာ “……….”
ဝမ်လင်း “ဒါက ညီမျှသော ဖလှယ်ခြင်းဆိုင်ရာ နိယာမတစ်ခုပဲ”
ထွင်ထျန်းဟာ “……….”
ထိုသို့ ပြောဆိုပြီးနောက်တွင် ဝမ်လင်းသည် အံဆွဲကိုဖွင့်ကာ သူစာလေ့ကျင့်ထားသော စာရွက်များကို အစီအရင်ထဲသို့ ပစ်ထည့်လိုက်သည်။
ထွင်ထျန်းဟာ “………”
အပိုင်း(၆၂၂) ပြီး၏