← Chapters

ကောင်းကင်တာအိုနှင့် ဆွေးနွေးမှုပြုလုပ်ခြင်း

Vol. 42 Ch. 624

ကောင်းကင်တာအိုနှင့် ဆွေးနွေးမှုပြုလုပ်ခြင်း

Vol. 42 Ch. 624

ဝမ်လင်းက အိပ်မက်ထဲတွင် အသွင်ကူးပြောင်းခြင်း အစီအရင်အား ရုတ်တရက် မြင်လိုက်ရသည်ကို သတိရမိသည်။

သူက အသက်ကြီးလာသည်နှင့်အမျှ ကောင်းကင်တာအိုကို တဖြည်းဖြည်းဘနားလည်လာခဲ့သည်။

ကောင်းကင်တာအိုသည် သူ၃နှစ်သား အရွယ်ကပင် သူ၏ခန္ဓာကိုယ်တွင် နိုးထလာခဲ့သည်။

ထို့ကြောင့် ၃လက်မအရွယ် အမျိုးသားရှေ့တွင် သူကအနည်းငယ်မျှပင် ကြောက်ရွံ့မှုကို မခံစားခဲ့ရပေ။

၃လက်မအရွယ် အမျိုးသားသည် ကောင်းကင်တာအို၏ အလိုဆန္ဒပြယုဂ် ဖြစ်လျှင် ဤကမ္ဘာမြေပေါ်၌ မည်သူက ဝမ်လင်း ဖြစ်ပါသနည်း။

ဤသည်မှာ ဝမ်လင်းကိုယ်တိုင် ယခုနှစ်များ တစ်လျှောက်လုံးတွင် စဉ်းစားခဲ့သောအရာ ဖြစ်သည်။

အရာရာတိုင်းတွင် အကြောင်းတရားနှင့် အကျိုးတရားရှိသည်။

ကောင်းကင်တာအို၏ အလိုဆန္ဒပြယုဂ်နှင့် ဤကဲ့သို့မျက်နှာချင်းဆိုင် ထိုင်နေရသော်လည်း သူ့စိတ်ထဲတွင် အနည်းငယ်မျှပင် ကမောက်ကမ မခံစားခဲ့ရပေ။

ထွင်ထျန်းဟာနှင့် သူအသက်သွင်းထားသော မှင်စာများကမူ ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။

ဤရွှေရောင် တောက်ပနေသော လူသားသည် အရပ်၃လက်မမျှသာ ရှိသော်လည်း စကြဝဠာကဲ့သို့ ကြီးမားသောစွမ်းအင် ရှိသည်။

၁၃နှစ်အကြာတွင် သူ့ရှေ့မှလူက လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိသွားသည်ကို မြင်လျှင် သူကျေနပ်သွားမိသည်။

ကိလေသာသံသည် အလွန်ရှားပါးသော ကျောက်အမျိုးအစားဖြစ်ပြီး သဘာဝ သယံဇာတ အရင်းအမြစ်တွင် အဆင့်2 အဖြစ် သတ်မှတ်ထားသည်။

ဝမ်လင်း၏ လက်ရေးဖြင့် ရေးသားထားသော စာရွက်တစ်ရွက်သည် ၎င်းအတွက် လုံလောက်သော လဲလှယ်မှုတစ်ခု ဖြစ်သည်။

သဘာဝ သယံဇာတ အရင်းအမြစ်များကို အဆင့်1မှ 10အထိအတန်းအစား ခွဲခြားထားသည်။

ဝမ်လင်း၏ လက်ရေးမူ စာရွက်တစ်ရွက်သည် အဆင့်1အရင်းအမြစ်တစ်ခုကို လဲလှယ်နိုင်သည်။

သို့သောလည်း မျိုးတုန်လုနီးပါး ဖြစ်နေသော အရင်းအမြစ်တစ်ခုသည် ဈေးနှုန်းမြင့်မားလေ့ ရှိသည်။

အချုပ်အားဖြင့် ဆိုရလျှင် ၃လက်မအရွယ် အမျိုးသားသည် ဤအလဲအလှယ်ကို သဘောတူခဲ့သည်။

သူက လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်ရာ သူ့လက်ဖဝါးသေးသေးလေး ပေါ်တွင် ရောင်စုံပန်းလေးများကဲ့သို့ တောက်ပနေသော အလင်းရောင်များ ဖြစ်ပေါ်လာသည်။

ထိုအလင်းရောင်များ တောက်ပနေသော အရာသည် ဝမ်လင်းလိုချင်နေသော ကိလေသာသံကျောက်တုံး ဖြစ်သည်။

ထိုသံကျောက်တုံးသည် မီးခိုးပြာရောင်ရှိပြီး ဆဌဂံ ပုံသဏ္ဍာန်ရှိသည်။

၃လက်မအရွယ် အမျိုးသားက စာရွက်၏တန်ဖိုးကို အကဲဖြတ်ပြီးနောက်တွင် ကိလေသာသံကျောက်တုံး ၆တုံးကို တစ်ကြိမ်တည်းဖြင့် ဝမ်လင်းအား ထုတ်ပေးလိုက်သည်။

ဤမြင်ကွင်းကို တိတ်တဆိတ်စောင့်ကြည့်ရင်း ဤအသွင်ပြောင်း အစီအရင်က အဆင်ပြေလွန်းသည်ဟု ထွင်ထျန်းဟာ ခံစားရသည်။

ထို့ပြင် လဲလှယ်ရာ၌ သူတို့က ကျောက်တုံး၆တုံးကိုပင် အမှန်တကယ် ရရှိခဲ့သည်။

“၆တုံးတောင်လား”

ဤသည်က ဝမ်လင်း မျှော်လင့်ထားသည်ထက် ပိုများနေခဲ့သည်။

လေ့ကျင့်ခန်းစာရွက်များနှင့် အလဲအလှယ် လုပ်ခဲ့သည်မှာ ဤတစ်ကြိမ်က ပထမဆုံးမဟုတ်ခဲ့ပေ။

အတိအကျဆိုရလျှင် အလယ်တန်း ကျောင်းသားဘဝက စတင်ခဲ့ခြင်း ဖြစ်သည်။

ဝမ်လင်းက အစောပိုင်းတွင်‌ ကျောက်တုံးနှစ်တုံးမျှသာ ရရှိမည်ဟု ထင်ခဲ့သည်။

ထိုပမာဏက တန်ဖိုး၃ပါး ကွဲအက်တူကို ဖန်တီးရန်အတွက် လုံလောက်ပေသည်။

ယခုအခါတွင်မူ ကျောက်တုံး၆တုံး ရှိနေပြီဖြစ်၍ အပိုကျောက်တုံးများဖြင့် အခြားအရာတစ်ခုကို ပြုလုပ်နိုင်မည် ဖြစ်သည်။

ဝမ်လင်းက မကြာခင် ကျရောက်တော့မည် ဝမ်မင်၏ မွေးနေ့အတွက် အမြဲတမ်း အသုံးပြုနိုင်မည့် ချပ်ဝတ်တန်ဆာကို ပြုလုပ်ပေးရန် ကိလေသာသံကျောက်တုံး ၃တုံးကို အသုံးပြုမည်ဟု တွေးလိုက်သည်။

“မင်း ဒီတစ်ကြိမ် လဲလှယ်တဲ့ အပေးအယူက တကယ်တော့ကျောက်တုံး ၅တုံးလောက်နဲ့ပဲ ညီမျှတယ်.. ဒီတစ်ကြိမ် အလဲအလှယ်လုပ်တဲ့ စာရွက်တွေမှာပါတဲ့ လက်ရေးတွေက အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတွေဆိုတာ ငါတွေ့ခဲ့ရတယ်.. ဒါက ကိလေသာသံ ကျောက်တုံး၅တုံးနဲ့ ညီမျှတယ်”

၃လက်မအရွယ် အမျိုးသားက ပြောလိုက်သည်။

ထို့ကြောင့် လက်ရေးကို အဆင့်မြှင့်တင်ခြင်းသည် လဲလှယ်၍ရမည့် ပစ္စည်း၏ တန်ဖိုးကို အဆင့်မြှင့်တင်နိုင်မှန်း ဝမ်လင်း သိခဲ့ရသည်။

“မင်းကို အခုပေးထားတာက ကျောက်တုံး၆တုံး ဆိုတော့ တစ်တုံးကို အပိုဘောနပ်လို့ပဲ သတ်မှတ်လိုက်ပေါ့.. ဒါက ဒီနှစ်တွေအတွင်းမှာ မင်းနဲ့ငါနဲ့ လုပ်ခဲ့တဲ့ ပထမဆုံးသော ပုံမှန်အလဲအလှယ် တစ်ခုပဲ”

ဝမ်လင်း “……….”

“စကားမစပ်ပြောရရင် ဒီအသွင်ပြောင်း အစီအရင်က ပစ္စည်းတွေကို ဖလှယ်ဖို့တင် မဟုတ်ဘဲ တခြားအသုံးပြုလို့ ရတာရှိသေးတယ် ဆိုတာ မင်းသိသင့်တယ်”

၃လက်မအရွယ် အမျိုးသားက ရုတ်တရက် ပြောလိုက်သည်။

ဝမ်လင်း “???”

ထိုသို့ အသုံးဝင်မှန်း သူတကယ်မသိခဲ့ပေ။

၃လက်မအရွယ် အမျိုးသား “မင်းလိုချင်တဲ့ အရင်းအမြစ်တွေကလွဲပြီး သတင်းအချက်အလက် အမျိုးမျိုး အတွက် တူညီတဲ့ ဖလှယ်မှုကိုလည်း အမှန်တကယ် ပြုလုပ်နိုင်တယ်.. မင်းမှာကပ်ဆိုးတွေကို ငါမြင်နေရတယ်.. အဲဒါက ကောင်းကင်တာအိုရဲ့ ကြီးမားတဲ့ ကပ်ဘေးတစ်ခုလည်း ဖြစ်တယ်.. ကြိုတင်မှန်းဆထားနိုင်ရင်တောင် ကာကွယ်ဖို့ အရမ်း အခွင့်အရေး နည်းတယ်.. ဒါပေမဲ့ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာတော့ ငါပြောပြနိုင်ပါတယ်”

“ဈေးနှုန်းကရော”

ဝမ်လင်းက စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

“ဈေးနှုန်းကတော့ မင်းရဲ့ဘဝမှာ အရေးအကြီးဆုံးအရာပဲ”

၃လက်မအရွယ် အမျိုးသားက ဖြည်းညင်းစွာ ပြောလိုက်သည်။

သို့ရာတွင် ထိုချာတိတ်က လဲလှယ်မှုပြုလုပ်ရန် ရွေးချယ်မည်ဟု သူမထင်ခဲ့ပေ။

ဘဝတွင် အရေးအကြီးဆုံးအရာမှာ လူတစ်ဦးနှင့်တစ်ဦးကွဲပြားနိုင်သည်။

အများစုမှာ သူငယ်ချင်းများနှင့် မိသားစုများဖြစ်သည်။

ဆိုရလျှင် အလဲအလှယ်အတွက်ဖြင့် လူတစ်ယောက်၏ ဘဝကို အသုံးချမည့်သူ မရှိလောက်ပေ။

သို့သော် ညီမျှသောဖလှယ်ခြင်း နိယာမသည် အမြဲတစေ ခံစားချက်မရှိခဲ့၍ ဈေးနှုန်းနှင့် ပတ်သက်ပြီး ထပ်မံ ဆွေးနွေးလိမ့်မည် မဟုတ်ပေ။

ဝမ်လင်း “ဒါဆို ရက်အတော်ကြာပြီးမှပဲ ငါမင်းကို ရှာလိုက်မယ်”

၃လက်မအရွယ်အမျိုးသား “???”

ဝမ်လင်း “ဂလူတန်အရသာ ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို ရက်အနည်းငယ် အတွင်း ငါမင်းဆီ ပို့ပေးလိုက်မယ်”

၃လက်မအရွယ်အမျိုးသား “……….”

အဆုံးသတ်တွင် ဝမ်လင်း၏စကားက ၃လက်မအရွယ်အမျိုးသားကို ထိတ်လန့်သွားစေသည်။

သူက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ကြမ်းပြင်ပေါ်ရှိအသွင်ပြောင်း အစီအရင်သည်ပင် သဲလွန်စမရှိဘဲ လုံးဝပျောက်ကွယ်သွားသည်။

တကယ်လည်း ဝမ်လင်း၏ဘဝတွင် လက်ရှိအချိန်၌ အရေးအကြီးဆုံး အရာမှာ ဂလူတန်အရသာ ခေါက်ဆွဲခြောက်ကြွပ်ကြော်ဖြစ်သည်။

သူက ဤအရသာကို မြည်းစမ်းရန်အတွက် သူ၏မဟာအခွင့်အရေးကို အသုံးပြုရမည် ဖြစ်သည်။

ယခု ကောင်းကင်တာအိုနှင့် အပေးအယူ လုပ်ခဲ့သောကြောင့် သူက ဤအဖိုးတန် အခွင့်အရေးကို ဆုံးရှုံးရတော့မည် မဟုတ်ပါလား။

ပထမအချက်အနေဖြင့် ထိုခေါက်ဆွဲကြွပ်ကြော်ကို ဈေးကွက်တွင် မရရှိနိုင်သေးပေ။

ဒုတိယအချက်အနေဖြင့် သူက ထိုခေါက်ဆွဲကြွပ်ကြော်အရသာကို ယခင်က မမြည်းစမ်းခဲ့ဖူးပေ။

ထို့ကြောင့် ဂလူတန်အရသာ ခေါက်ဆွဲခြောက် ကြွပ်ကြော်သည် ရှားပါးအရသာတစ်ခု ဖြစ်သည်ဟု ဆိုရမည်။

ရှားပါးလေ ပို၍တန်ဖိုးကြီးလေ ဖြစ်သည် မဟုတ်ပါလော။

ဤ၃လက်မအရွယ် အမျိုးသားက ဘာမှမသိကြောင်း ဝမ်လင်း ခံစားမိသည်။

သို့ရာတွင် ၃လက်မအရွယ် အမျိုးသား ပြောခဲ့သည့် ကောင်းကင်တာအို ကပ်ဘေးသည် ဝမ်လင်း၏အာရုံကို မလွဲမသွေ ဖမ်းစားနိုင်ခဲ့သည်။

မကြာခင်မှာ ဖြစ်ပေါ်လာတော့မည့် ကောင်းကင်တာအို၏ ကပ်ဘေးကြီး..

သူ့အမူအရာက တုန်လှုပ်သွားခဲ့သည်။

“ဒါက စာမေးပွဲနဲ့များ ပတ်သက်မှုရှိနေနိုင်လား”

စာမေးပွဲထက် ပိုမိုဆိုးရွားသည့် ကပ်ဘေးကြီးကို သူတကယ် မတွေးနိုင်တော့ပေ။

သို့သော်လည်း ထိုကပ်ဘေးက ဝမ်လင်းအဖို့ ရင်းနှီးပြီးသားလိုဖြစ်နေသည်။

အဘယ်ကြောင့်ဆိုသော် သူက စာမေးပွဲနှင့် ပတ်သက်၍ အမြဲလိုလို ဒုက္ခရောက်နေသောကြောင့် ဖြစ်သည်။

၃လက်မအရွယ် အမျိုးသား ပျောက်ကွယ်သွားပြီးနောက်တွင် ထွင်ထျန်းဟာ ခံစားနေရသော တင်းကျပ်သော ခံစားချက်များလည်း ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်တာအိုက ဆရာလေးလင်းကို မည်သည့်အရာပြောခဲ့မှန်း သူမသိသော်လည်း ဆရာလေးလင်း၏ အမူအရာက လေးနက်နေသည်ဟု သူခံစားခဲ့ရသည်။

ဝမ်လင်းက ကပ်ဘေးနှင့် ပတ်သက်၍ သိပ်မစဉ်းစားခဲ့ပေ။

လောလောဆယ် သူ့အတွက် အရေးကြီးသည်မှာ တန်ဖိုး၃ပါး ကွဲအက်တူကို ဖန်တီးရန် ဖြစ်သည်။

ဝမ်လင်းက သူ့လက်ချောင်းများကို လှုပ်ယမ်းလိုက်ပြီး ပထမထပ်ရှိ မိုက်ခရိုဝေ့ကို သူ့အခန်းထဲသို့ ချက်ချင်းတည်နေရာရွှေ့ပြောင်း၍ လှမ်းယူလိုက်သည်။

ထို့နောက်တွင် မိုက်ခရိုဝေ့ တံခါးကိုဖွင့်၍ ကိလေသာ သံကျောက်တုံးကို ပစ်ထည့်လိုက်သည်။

အရည်ပျော်သွားသောအခါတွင် သူက အတွင်းမှ အရည်များကို ထုတ်ယူရန် မှော်စွမ်းရည်များကို အသုံးပြုခဲ့သည်။

ထိုအခိုက်အတန့်တွင် ကိလေသာသံမှ ဖြစ်ပေါ်လာသည့်အရည်များသည် လေထဲတွင်ပျံဝဲကာ အရည်ဘောလုံးများအဖြစ် လျင်မြန်စွာ လည်ပတ်နေခဲ့သည်။

ထိုအချိန်မှာပင် မဟာသန့်စင်ခြင်း တာအိုက ချက်ချင်းအသက်ဝင်လာခဲ့သည်။

တောက်ပသော အလင်းရောင်နှင့်အတူ ရွှေရောင်တူ တစ်ချောင်းက သူတို့၏ ရှေ့တွင် ထွက်ပေါ်လာသည်။

ထိုတူ၏ ပုံစံက အလွန်ပင် ထူးဆန်းသည်။

တူ၏ခေါင်းပိုင်းက အလွန် ကြီးမားသော်လည်း ခေါင်း၏ အလယ်ပိုင်းကမူ လုံးဝ ပြားချပ်နေသည်။

တူခေါင်း၏ အောက်ခြေတွင်လည်း ယန္တရားတစ်ခု ရှိနေပုံရသည်။

ထိုခဏမှာပင် ပြားချပ်နေသောနေရာက မထင်မှတ်ဘဲ ပွင့်သွားခဲ့သည်။

ဤနေရာက အမှန်တကယ်ပင် အံဝှက်တစ်ခုလို ဖြစ်နေခဲ့၏။

အပိုင်း(၆၂၄) ပြီး၏

All Chapters