← Chapters

ငွေရောင်လေးရဲ့ခေါင်းစည်း

Vol. 42 Ch. 627

ငွေရောင်လေးရဲ့ခေါင်းစည်း

Vol. 42 Ch. 627

ငွေရောင်လေးက လူသားကမ္ဘာနှင့် ထိတွေ့ရသည်မှာ မကြာသေး၍ ဖြူစင်သော ကလေးတစ်ယောက်လို ဖြစ်နေသည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ကြိုးတစ်ချောင်း အတွင်းခံကို မြင်လိုက်သည်နှင့် ခဏလောက် မှင်တက်သွားသည်။

အောက်တန်းကျသည့်ပုံ မပေါ်ဘဲ မည်သို့ ရှင်းပြရမည်ကို သူမသိပေ။

လူ့အသိုင်းအဝိုင်းထဲ နေလာခဲ့သည့် ငွေရောင်လေးသည် ကမ္ဘာကြီး၏ တချို့သောကိစ္စများကို မသိခဲ့ပေ။

ညီနောင်လေးက သူ၏ စောင့်ရှောက်မှုတွင် အပ်နှံထားသောကြောင့် သူ့ကိုယ်သူ ယုံကြည်မှုရှိဖို့ လိုသည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် တွေးခဲ့သည်။

ညီနောင်လင်း၏ အဆင့်အရ ငွေရောင်လေးကို သူ့ထံထားခဲ့ခြင်းသည် ပိုက်ဆံမရှိ၍ မဟုတ်လောက်ပေ။

ချက်ဂရုထဲတွင် မကြာခဏ ညစ်ညစ်ပတ်ပတ် ပြောတတ်သည့် လူနည်းစု ရှိသော်လည်း ငွေရောင်လေး အဖွဲ့ထဲကို ဝင်ပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ထိုအပြုအမူများကို ထိန်းသိမ်းရန် ချက်ချင်း ကြေညာခဲ့သည်။

အဆုံးစွန်အားဖြင့် သူ၏ စောင့်ရှောက်မှုအောက်တွင် ရှိစဉ် ငွေရောင်လေး လမ်းလွဲသွားမည်ကို မလိုလားခဲ့ပေ။

"ညီနောင်လင်းက ငါ့ကို သိပ်ယုံကြည်တယ်.. ငါက ငွေရောင်လေးကို ကောင်းကောင်း လမ်းပြရမယ်"

ထိုသို့တွေးပြီး ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

သို့သော် ငွေရောင်လေးက အလွယ်တကူ လှည့်စားနိုင်သော သူမျိုး မဟုတ်ပေ။

ငွေရောင်လေးက နားမလည်သည့် အရာများစွာကို မေးလေ့ရှိပြီး စိတ်ကျေနပ်စေမည့် အဖြေများ ရသည်အထိ သူက ရှာဖွေ၍ ဖြေပေးရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ယခုအချိန်တွင် ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်ကို မတင်ပြနိုင်လျှင် ငွေရောင်လေးသည် ထိုအကြောင်းကို အခြားသော နည်းလမ်းများဖြင့် လေ့လာမည် ဖြစ်ကြောင်း ကောင်းစွာ သိထားသည်။

"ညီနောင်ဗုံးပစ်.. ဒါက ဘာလဲ.. မင်းရဲ့အမူအရာက ဘာလို့ထူးဆန်းနေတာလဲ"

ငွေရောင်လေးက သံသယဖြင့် မေးလိုက်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဤပန်းရောင်ကြိုးကို နက်နက်နဲနဲ စိုက်ကြည့်၍ မေးစေ့အား ပွတ်သပ်နေသည်ကို သူတွေ့ရှိခဲ့သည်။

"အိုး.. ဘာမှမဟုတ်ပါဘူး.. မင်းဒီအရောင်ကို ကြိုက်လားလို့ သိချင်နေတာပါ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေးကို သံသယဖြစ်ခွင့်မပေးဘဲ လျင်မြန်စွာ တုံ့ပြန်ဖြေဆိုလိုက်သည်။

"ပန်းရောင်က အဆင်ပြေပါတယ်.. အွန်လိုင်းမှာ လူတချို့က ပန်းရောင်က အရမ်း မိန်းကလေးဆန်တယ်လို့ ပြောကြပေမယ့် ဒီအရောင်ကို ငါအရမ်းကြိုက်တယ်"

"လူတိုင်းက သူတို့ လိုချင်တဲ့အရောင်ကို လွတ်လွတ်လပ်လပ် နှစ်သက်လို့ရပါတယ်"

ငွေရောင်လေးက ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

ပန်းရောင်သုံးတဲ့သူတွေက မိန်းမဆန်သည်ဟု အွန်လိုင်းတွင်ပြောကြသည်ကို သူတကယ်နားမလည်ပေ။

ငွေရောင်လေး ထိုသို့ ပြောဆိုပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ပန်းရောင်အတွင်းခံကို ညွှန်ပြ၍ ပြောလိုက်သည်။

"တကယ်တော့ ဒါက ခေါင်းစည်းပါ"

"ခေါင်းစည်းလား"

"ဟုတ်တယ်.. ခေါင်းစည်း.."

ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။

"မျက်နှာသစ်တဲ့အခါ ဆံပင်တွေ စိုစွတ်မနေအောင် ဒါကိုအသုံးပြုပြီး နဖူးမှာ စုချည်ထားလို့ရတယ်.. လေ့ကျင့်ခန်း လုပ်တဲ့အခါ ချွေးသုပ်ဖို့ အတွက်လည်း အသုံးပြုနိုင်တယ်"

"အဲဒီလိုလား"

ဗုံးပစ်စီနီယာအင်မော်တယ်၏ အမူအရာက အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိသောကြောင့် "ပန်းရောင်ခေါင်းစည်း" ကို စိုက်ကြည့်ရင်း ငွေရောင်လေးက မျက်မှောင်ကြုတ်သွားသည်။

ဗုံးပစ်စီနီယာအင်မော်တယ်က သူ၏ အပြောအဆိုကို တတ်နိုင်သမျှ သဘာဝကျအောင် ကြိုးစားခဲ့သည်။

"ဟုတ်​တယ်​ ဒါက တကယ်​ပဲ ​ခေါင်းစည်းပါ"

"ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ် အသုံးဝင်ရင် ပြီးတာပါပဲ.. ငါ့ပစ္စည်းကို လာယူမသုံးနဲ့နော်"

ငွေရောင်လေးက ထိုစကားကို ပြောပြီးနောက် ချောဆီ၊ ဖယောင်းတိုင် နှင့် နံဘေးရှိ သားရေကြာပွတ်ကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေခဲ့သည်။

ခေါင်းစည်းကို ဤပစ္စည်းသုံးမျိုးနှင့် ဘာလို့ ပို့လိုက်မှန်း သူအမှန်တကယ် နားမလည်ပေ။

…......................

ပေးပို့မှုကို လက်ခံရရှိပြီးနောက် ငွေရောင်လေးသည် ၎င်း၏မျက်နှာကို ဆေးကြောရန် သွားရောက်ခဲ့ပြီး Mask ကပ်ရန် စီစဉ်ခဲ့သည်။

ဤသည်မှာ ငွေရောင်လေး၏ အလေ့အထတစ်ခု ဖြစ်သည်။

လူတိုင်းသည် အသားအရေကို ဂရုစိုက်ရန် လိုအပ်ပြီး ငွေရောင်လေးသည်လည်း ချွင်းချက် မဟုတ်သည်မှာ သေချာသည်။

သူက ဗုံးပစ်စီနီယာ အင်မော်တယ်ထံကနေ Maskကို အမှန်တကယ် အသုံးပြုတတ်အောင် သင်ယူခဲ့သည်။

သူအသုံးပြုသည့် Mask များသည် ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူများအတွက် ထုတ်လုပ်ထားသည့် မျက်နှာသန့်စင်Maskသည် သာမန်Mask များနှင့် ကွဲပြားသည်။

ကျင့်ကြံသူများအတွက် ထုတ်လုပ်ထားသည့် မျက်နှာသန့်စင်Maskသည် အဆီစုပ်ယူခြင်း၊ အပ်စိုက်ကုထုံးနှင့် မျက်နှာပုံသဏ္ဍာန် အကျိုးသက်ရောက်မှုများ ပါရှိသည်။

Mask ကပ်ပြီးသည်နှင့် မျက်နှာတစ်ပြင်လုံး ကြက်ဥလို ဖြူလာမည် ဖြစ်သည်။

ထို့အပြင် လူတစ်ယောက်၏ အသားအရေက ပိုဆိုးလေလေအကျိုးသက်ရောက်မှုက ပိုကောင်းလေလေ ဖြစ်သည်။

Maskတစ်ခု၏ အာနိသင်သည် တစ်လကြာနိုင်သည်။

တကယ်တမ်းတွင် ငွေရောင်လေးက ထိုMaskကို လုံးဝ အသုံးပြုစရာမလိုဟု ဗုံးပစ်စီနီယာ အင်မော်တယ် ခံစားမိသည်။

အကြောင်းရင်းမှာ ငွေရောင်လေး၏ မျက်နှာက တော်တော်ကို ဖွေးဆွတ်သောကြောင့် ဖြစ်၏။

ထို့ကြောင့် ဝမ်မိသားစု အိမ်ငယ်လေးသို့ ငွေရောင်လေး အလည်အပတ်သွားစဥ် မေမေဝမ်သည် ငွေရောင်လေးကို "မျက်နှာဖြူ ကောင်မလေး" ဟူသည့် အမည်ပြောင်ကိုပင် မှည့်ခေါ်ခဲ့သေးသည်။

သူတော်စင်သားရဲ ဖြစ်သည့် ငွေရောင်လေး၏ အလှတရားက အမှန်တကယ် ပြီးပြည့်စုံသည်ဟု ဗုံးပစ်စီနီယာ အင်မော်တယ် ခံစားမိသည် အထိပင်။

ငွေရောင်လေးက Maskကပ်တော့မည် ဖြစ်၍ ပန်းရောင်ခေါင်းစည်းက ကွက်တိဖြစ်သွားသည်။

ဤမြင်ကွင်းကို မြင်သောအခါတွင် ဗုံးပစ်စီနီယာအင်မော်တယ်၏ အမူအရာတစ်ခုလုံးက မူမမှန်ချင်တော့ပေ။

Mask ကပ်ပြီးနောက်တွင် ငွေရောင်လေးက ဆိုဖာပေါ် မှီလိုက်ပြီး ဗီဒီယိုကော်လ် ခေါ်ဆိုရန် လုပ်နေသကဲ့သို့ သူ့ဖုန်းအား ဖွင့်လိုက်သည်ကို တွေ့လိုက်ရသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က နှုတ်ခမ်းများ တလှုပ်လှုပ် ဖြစ်သွားသည်။

"ညီနောင် ငွေရောင်လေး မင်း ဘာလုပ်နေတာလဲ"

ငွေရောင်လေး "ထွင်ထျန်းဟာက ငါ့ကိုရှာနေတယ်.. သခင်က ငါ့အတွက် အရေးကြီးတဲ့ မစ်ရှင် တစ်ခုရှိတယ်လို့ ပြောတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "မင်း အခုလို မျက်နှာမှာ Maskကပ်ပြီး ခေါ်နေတာက သိပ်မကောင်းဘူးလို့ ငါထင်တယ်"

ငွေရောင်လေး "ဘာဖြစ်လဲ.. ငါတို့က မိသားစုတွေပဲ.. ထွင်ထျန်းဟာက လူသားအသွင်ကို မဆောင်နိုင်သေးဘူးလေ.. ငါ Mask ကပ်ထားတာတွေ့ရင် ဒီကောင် မနာလို ဖြစ်သွားလိမ့်မယ်"

ဗုံးပစ်စီနီယာအင်မော်တယ်"..........."

"တစ်ယောက်နဲ့တစ်ယောက် တွေ့တိုင်း ဒင်းက အမြဲအနိုင်ကျင့်တယ်.. ဒီတစ်ခေါက်တော့ ငါ့အလှည့်ပဲ"

ငွေရောင်လေးက Maskကို ပွတ်သပ်ပြီး Mask ပေါ်တွင် အဖုအဖောင်းများ မကျန်သည်အထိ ချောမွေ့အောင် အစွမ်းကုန် ကြိုးစားခဲ့သည်။

တစ်မိနစ်ခန့် ကြာပြီးနောက်တွင် ထွင်ထျန်းဟာက ငွေရောင်လေး၏ ဗီဒီယိုချက်ကို လက်ခံခဲ့သည်။

ထွင်ထျန်းဟာ ပထမဆုံး မြင်လိုက်ရသည်မှာ ငွေရောင်လေး၏ ကောက်ကျစ်သော အမူအရာ ဖြစ်သည်။

ငွေရောင်လေး၏ နဖူးတစ်ဝိုက်ရှိ "ပန်းရောင်ခေါင်းစည်း"ကိုမြင်လျှင် ထွင်ထျန်းဟာ အံ့အားသင့်သွားသည်။

"ငွေရောင်လေး... မင်းရဲ့ ခေါင်းပေါ်က ပစ္စည်းက အရမ်းထူးခြားတယ်နော်"

ငွေရောင်လေး

"ဟုတ်တယ်.. ပစ္စည်းတစ်ခု ဝယ်ရင်းနဲ့ လက်ဆောင်ရတာလေ.. အရောင်က မိန်းမဆန်ပေမယ့် သုံးရတာ အရမ်းအဆင်ပြေတယ်.. နောက်ပြီး ငါ့ခေါင်းကို ကြိုးနဲ့ ချည်လိုက်တဲ့အခါ အကြောင်းပြချက် တစ်ခုခုကြောင့် ထိတွေ့ချင်လာမိတယ်"

"..........."

ယခုအချိန်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် တွင်းတူးရန်အပေါက်ကို အမှန်တကယ် ရှာဖွေချင်နေပြီ ဖြစ်သည်။

ထွင်ထျန်းဟာ "ညီနောင်ဗုံးပစ်က ဘာလဲဆိုတာ မင်းကို မပြောပြဘူးလား"

ငွေရောင်လေး- "သူက ခေါင်းစည်းလို့ ပြောတယ်"

ထွင်ထျန်းဟာ "ခေါင်း...ခေါင်း... ခေါင်းစည်းလား"

ထွင်ထျန်းဟာက ငွေရောင်လေး လိမ်လည်လှည့်ဖြားခြင်း ခံရဖွယ် ရှိကြောင်း ရှင်းရှင်းလင်းလင်း သိသော်လည်း ဤလိမ်လည်မှုကို ဖော်ထုတ်ရန် ဆန္ဒမရှိပေ။

သူက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ရည်ရွယ်ချက်ကို ကောင်းစွာ နားလည်နိုင်ခဲ့သည်။

ထွင်ထျန်းဟာက ရေလိုက်ငါးလိုက် လုပ်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။

"မင်းရဲ့ ခေါင်းစည်းက အရမ်းလှတာပဲ"

ငွေရောင်လေး "မင်းသိသွားပြီကိုး.. မနာလို ဖြစ်နေတယ်မလား.. မင်းအတွက် ပုံစံတူ နောက်တစ်ခုကို ငါမှာပေးရမလား"

ထွင်ထျန်းဟာ၏ နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။

"ရပါတယ် ငါ့အတွက် မမှာပါနဲ့တော့"

သူ့တွင် အတွင်းခံကို ခေါင်းပေါ်တင်သည့် အလေ့အထ မရှိပေ။

ထွင်ထျန်းဟာ"ဒါနဲ့ ငါ့အတွက် ညီနောင်ဗုံးပစ်ဆီ စကားပါးပေးဖို့ မင်းကို ငါ အနှောင့်အယှက်ပေးရဦးမယ်..."

ငွေရောင်လေး"ဘာပြောချင်လို့လဲ.. ငါ့စပီကာ ဖွင့်ထားတယ်.. သူက ငါ့ဘေးမှာပဲ ရှိနေတယ်"

ထွင်ထျန်းဟာ "မသင်မနေရ ပညာရေးမှာ ကိုးနှစ်ကြာသင်ယူပြီးတာတောင် ဘာလို့ ဒီလောက် ဖာဆန်နေရတာလဲ"

ဗုံးပစ်စီနီယာ အင်မော်တယ်".............."

အပိုင်း(၆၂၇) ပြီး၏

All Chapters