ငွေရောင်လေးရဲ့ပထမဆုံးတာဝန်
Vol. 42 Ch. 628
ငွေရောင်လေးက လိမ်လည်ခံရသည်မှာ ထင်ရှားသည်။
ထွင်ထျန်းဟာ ဤအကြောင်းများကို အဘယ်ကြောင့် သိခဲ့ရသနည်း ဆိုသော် ဖေဖေဝမ်၏ ဖုန်းကြောင့် ဖြစ်သည်။
သူက ထွင်ထျန်းဟာကို ဖုန်းခဏ ပေးကိုင်စဥ် အွန်လိုင်းအကောင့်ထဲကနေ မထွက်မိခဲ့ပေ။
ထို့နောက်တွင် ထွင်ထျန်းဟာက မတော်တရော်များစွာကို မြင်တွေ့ခဲ့ရသည်။
သူက အကောင့်မှထွက်ခြင်း မပြုမီ အချိန်အတော်ကြာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ဖန်သားပြင်အား စိုက်ကြည့်ခဲ့သည်။
ထွင်ထျန်းဟာက ကမ္ဘာကြီး အကြောင်းကို ငွေရောင်လေးထက်စာလျှင် အနည်းငယ် ပိုသိသေးသည်ဟု ခံစားမိသည်။
အကောင့်ခိုးကြည့်မှန်း သိလျှင် ဖေဖေဝမ်က သူ့ကို အိမ်ထဲက နှင်ထုတ်ပစ်မှာ သေချာသည်။
ထို့ကြောင့် ဘာမှမမြင်ချင်ယောင် ဆောင်သည်ကပင် အသင့်တော်ဆုံး ဖြစ်သည် မဟုတ်လော။
အဆုံးသတ်တွင် သခင်လေးလင်းလောက် ထူသည့်ပေါင် လူတိုင်းတွင် မရှိနိုင်ပေ။
ထွင်ထျန်းဟာက ခဏမျှ စဉ်းစားပြီးနောက် ငွေရောင်လေးကို ခေါင်းစည်း အကြောင်း အမှန်အတိုင်း မပြောရန် ဆုံးဖြတ်ခဲ့သည်။
တစ်ခါတရံတွင် အဖြူရောင်မုသားမျိုး ပြောဖို့ လိုအပ်သည်။
ငွေရောင်လေးက ထွင်ထျန်းဟာကို ပြောလိုက်သည်။
"မင်းရဲ့ ခေါင်းစည်းက အရမ်းလှတာပဲ"
သူက ထိုစကားကို တမင်တကာ ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်လင်း လက်အောက်ရှိ စာချုပ်သားရဲတစ်ကောင် အနေဖြင့် ငွေရောင်လေးသည် သူ့ကိုယ်သူ ထွင်ထျန်းဟာ နှင့် နှိုင်းယှဉ်တတ်သည်။
ထို့ကြောင့် ထွင်ထျန်းဟာက ဝမ်လင်းနှင့်အတူ လမ်းလျှောက်ထွက်ခြင်း အကြောင်းကို ပြောသည့်အခါတိုင်းတွင် အမြဲတမ်း မနာလို ဖြစ်ခဲ့ရသည်။
ယခုလို ထွင်ထျန်းဟာကို "မနာလို" ဖြစ်စေနိုင်သည့် အရာတစ်ခု သူ့တွင် ရှိနေသောကြောင့် ငွေရောင်လေးက အလွန်ပျော်ရွှင်နေခဲ့သည်။
ဗီဒီယိုထဲမှ ငွေရောင်လေး၏ အမူအရာက ကောက်ကျစ်နေသည်။
"မင်းလိုချင်ရင်ပြောပါ.. မရှက်ပါနဲ့.. ငါမင်းကို တစ်ဖာလောက် ဝယ်ပေးလို့ရပါတယ်"
ထွင်ထျန်းဟာ ".............."
{တစ်ဖာတောင် ဝယ်ပေးမယ်ဆိုပါလား}
ထွင်ထျန်းဟာ မှင်တက်သွားသည်။
ထွင်ထျန်းဟာက ဤအကြောင်းအရာနှင့် မပတ်သက်ချင်တော့သည်မှာ ထင်ရှားသောကြောင့် အကြောင်းအရာ ခေါင်းစဥ်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ငွေရောင်လေး နှင့် မျက်နှာချင်းဆိုင် စိတ်ချင်း ဆက်သွယ် ပြောဆိုနည်းစနစ်ကို အသုံးပြုခဲ့သည်။
စိတ်ချင်းဆက်သွယ်သည်က ရှုပ်ထွေးသောနည်းစနစ် မဟုတ်ပေ။
ဤခေတ်တွင် စိတ်ချင်းဆက်သွယ်သည့် နည်းစနစ် အများအပြား ရှိနေပြီဖြစ်သည်။
ဥပမာအားဖြင့် ထွင်ထျန်းဟာ လက်ရှိအသုံးပြုနေသော မျက်နှာချင်းဆိုင် စိတ်ချင်း ဆက်သွယ်ပြောဆိုသည့် နည်းစနစ်သည် ဗီဒီယိုကောလ် ခေါ်ဆိုမှုများတွင် အသုံးပြုရန်အတွက် အထူးတီထွင်ထားသည့် စိတ်ချင်းဆက်သွယ်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။
လူတစ်ဦးက အခြေခံ စိတ်ချင်းဆက်သွယ်သည့် နည်းစနစ်ကို တတ်မြောက်ထားသရွေ့ အခြား စိတ်ချင်းဆက်သွယ်သည့် နည်းစနစ် အမျိုးအစားများကို လေ့လာရန် မခက်ခဲပေ။
အခြေခံ စိတ်ချင်း ဆက်သွယ်သည့် နည်းစနစ် နှင့် လုံးဝကွဲပြားသော ဖွဲ့စည်းတည်ဆောက်ပုံ ရှိသည့် ကောင်းကင်တာအို အမျိုးအစား စိတ်ချင်းဆက်သွယ် နည်းစနစ်လည်း ရှိသည်။
ထိုနည်းစနစ်အား ဆရာလေးလင်း အသုံးပြုသည်ကို ထွင်ထျန်းဟာ ပြန်အမှတ်ရမိသည်။
ဝမ်လင်းသာ ဆန္ဒရှိလျှင် သူ့အသံကို ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ နှလုံးသားထဲမှ အနက်ရှိုင်းဆုံးနေရာသို့ တစ်ချိန်တည်းတွင် ပို့ပေးနိုင်သည်။
ဤနည်းစနစ်က ကောင်းကင်ကိုပင် အံတုနိုင်သော နည်းစနစ်ဖြစ်ပြီး လက်လှမ်းမမီနိုင်သော အဆင့်တစ်ခုတွင် ရှိသည်။
ထို့ကြောင့် ထွင်ထျန်းဟာသည် စိတ်ချင်းဆက်သွယ် နည်းစနစ်ကို အသုံးပြုတိုင်းတွင် ဆရာလေးလင်းကို တွေးတောမိခဲ့သည်။
မျက်နှာချင်းဆိုင် စိတ်ချင်း ဆက်သွယ် ပြောဆိုနည်းစနစ်..
ဤမြင်ကွင်းကို မြင်သောအခါ ဗုံးပစ်စီနီယာ အင်မော်တယ်က လိမ္မာပါးနပ်စွာပင် လှည့်ထွက်ရန် ပြင်ခဲ့သည်။
အကယ်၍ မျက်နှာချင်းဆိုင် စိတ်ချင်းဆက်သွယ် ပြောဆိုနည်းစနစ်ကို တမင်တကာ ရွေးချယ်ခဲ့သည် ဆိုလျှင် စာချုပ်သားရဲနှစ်ကောင်သည် လျှို့ဝှက်သော ကိစ္စတစ်ခုခုကို ပြောဆိုနေကြပြီး နားထောင်ရန် မသင့်တော်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
ဤအရာက ဆိုးရွားသည်ဟု ဗုံးပစ်စီနီယာအင်မော်တယ် မခံစားရပေ။
ငွေရောင်လေးနှင့် ထွင်ထျန်းဟာတို့က ယခုအချိန်တွင် ငြင်းခုန်နေကြသော်လည်း ယင်းမှာ ၎င်းတို့၏ ဆက်ဆံရေး တိုးတက်လာသည်ကို သက်သေပြနေ၏။
ယခုတော့ သူတို့နှစ်ဦးက တစ်ယောက်နှင့် တစ်ယောက် ယုံကြည်မှုရှိရှိ လျှို့ဝှက်ကိစ္စများကို မျှဝေတတ်လာပြီ ဖြစ်သည်။
ဤမြင်ကွင်းသည် ညီနောင်များကြား ဆက်ဆံရေးကို နွေးထွေးဖွယ်အတိ ဖြစ်စေသည်။
"ညီနောင်လင်းက အရာအားလုံးကို ကြိုမြင်တဲ့ပုံပဲ"
ဤမြင်ကွင်းကို ကြည့်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့နှလုံးသားထဲတွင် ခံစားချက်မဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
ကလေးနှစ်ယောက် ပေါ်လစီကို လူအတော်များများက ထောက်ခံနေကြသည်မှာ အံ့သြစရာမဟုတ်ပေ။
စာချုပ်သားရဲ နောက်ထပ် တစ်ကောင်ရှိခြင်းသည် အခြေအနေကို အမှန်တကယ် ပြောင်းလဲသွားစေသည်။
တစ်ကောင်နှင့် တစ်ကောင် အဖော်ရ၍ စာချုပ်သားရဲများက မည်သည့် အထီးကျန်မှုကိုမှ မခံစားရတော့ပေ။
တစ်ဖက်တွင်မူ ငွေရောင်လေးသည် ထွင်ထျန်းဟာက မျက်နှာချင်းဆိုင် စိတ်ချင်းဆက်သွယ် ပြောဆိုနည်းစနစ်ကိုအသုံးပြုလိုက်သောအခါ အနည်းငယ် ထူးဆန်းသည်ဟု ထင်ခဲ့သည်။
"ဘာကြောင့် မျက်နှာချင်းဆိုင် စိတ်ချင်းဆက်သွယ် ပြောဆိုနည်းစနစ်ကို သုံးရတာလဲ.. ညီနောင်ဗုံးပစ်ကို ပေးသိခွင့်မရှိလို့လား"
ထွင်ထျန်းဟာ "စီနီယာအင်မော်တယ် သိရင် စီနီယာအင်မော်တယ် အတွက် အန္တရာယ်ရှိတယ်.. ဒါကြောင့် ဆရာလေးလင်းက သူ့ကို ပေးမသိချင်ခဲ့ဘူး"
စင်စစ် ဗုံးပစ်စီနီယာ အင်မော်တယ်တွင် အသက်ပြန်ရှင်လာနိုင်သည့် စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ် ရှိသော်လည်း ထိုလက်စွပ်တွင် ကန့်သတ်ချက်များ ရှိသည်။
မိစ္ဆာဓားနတ်ဘုရားနှင့်ကိစ္စ ပြီးနောက်တွင် ဝမ်လင်းက စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ် အတွက် တိကျသော ညွှန်ကြားချက်များကို ဗုံးပစ်စီနီယာ အင်မော်တယ်အား ပြောပြခဲ့သည်။
လက်စွပ် မပျက်မစီး ရှိနေသရွေ့ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပြန်လည်ဖန်တီးနိုင်ပြီး အဆုံးမဲ့ ရှင်ပြန်ထမြောက်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ဝမ်လင်း ယခင်က သတိမထားမိခဲ့သည့် စွမ်းအင် အရင်းအမြစ်နှင့် ပတ်သက်သည့် နောက်ထပ်မှတ်ချက်တစ်ခု ရှိသည်။
စိတ်ဝိညာဥ်ဖိနှိပ်ခြင်း လက်စွပ် အတွက် လမ်းညွှန်ချက်များသည် ဝိညာဉ်စွမ်းအင် အသုံးပြုသည့် တိုက်ခိုက်မှုများတွင်သာ အကြုံးဝင်သည်။
ဆိုလိုသည်မှာ ရန်သူအသုံးပြုသော စွမ်းအင်ရင်းမြစ်သည် ကမ္ဘာဦးချီ ဖြစ်လျှင် စိတ်ဝိညာဉ်ဖိနှိပ်ခြင်း လက်စွပ်လည်း အသုံးမ၀င်ပေ။
ထို့ကြောင့် ဝမ်လင်းက အစကတည်းကပင် ဤပြဿနာ၌ ဗုံးပစ်စီနီယာ အင်မော်တယ်ကို ဆွဲမထည့်လိုခြင်း ဖြစ်သည်။
ထွင်ထျန်းဟာက ငွေရောင်လေးကို နတ်ဆိုးသူတော်စင်၊ သူတော်စင်ဆရာကြီး ရွှမ်းဝူယွဲ့နှင့် ကျန်းရွမ်တို့ပါဝင်သည့် နတ်ဆိုးလောကနှင့် ပတ်သက်သည့် ဇာတ်လမ်းရှည်ကြီးကို ပြောပြလိုက်သည်။
ထိုစကားကြားပြီးနောက် ငွေရောင်လေး မှင်တက်သွားသည်။
ထွင်ထျန်းဟာတွင် ဤကဲ့သို့ စွန့်စားခန်းများ ရှိမှန်း သူ မသိခဲ့ပေ။
ငွေရောင်လေးက အံ့အားသင့်သွားသော်လည်း ဤအရာက ယခုအချိန်တွင် အဓိကအချက် ဖြစ်ပုံမရပေ။
သူ ဘာကြားခဲ့တာလဲ..
သမိုင်းမတင်မီက ကမ္ဘာဦးသားရဲ..
ပြီးတော့ ခွန်ကလေးလေး..
ငွေရောင်လေးက တစ်စုံတစ်ရာကို ကြိုမြင်သူ၏ လေသံဖြင့် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"ဒါဆို ကမ္ဘာဦး သားရဲတွေ ထဲမှာလည်း အသက်ရှင်ကျန်ရှိတဲ့ သားရဲတွေ ရှိလောက်သေးတယ်"
"မင်းသတိထားမိလို့လား"
ထွင်ထျန်းဟာ ရုတ်တရက် မေးလိုက်သည်။
"ဟုတ်တယ် ဒါပေမယ့် ငါအတည်မပြုနိုင်သေးဘူး.. တကယ်တော့ သူတော်စင်သားရဲတွေနဲ့ ကမ္ဘာဦးသားရဲတွေမှာ ဆက်စပ်မှု အနည်းငယ်ရှိတယ်"
ငွေရောင်လေး ပြန်ဖြေလိုက်သည်။
"အင်မော်တယ်စံအိမ်မှာ ပုန်းအောင်းနေချိန်က မရေရာတဲ့ အာရုံခံစားချက် တစ်ခုကို ရရှိခဲ့ပေမယ့် အထင်မှားမှု တစ်ခုလို့ ငါထင်ခဲ့တယ်.. ဒါကြောင့် မင်းပြောသလို ငါးဖမ်းသမားက ဒီအကောင်ကြီးတွေကို ကမ္ဘာမြေပေါ်မှာ လွှတ်ချသွားတာ ဖြစ်နိုင်တယ်"
ဤစကားများသည် ထွင်ထျန်းဟာ၏ အမွေးများကို တုန်တုန်ယင်ယင် ဖြစ်စေခဲ့သည်။
သခင်လေးလင်းက အဘယ်ကြောင့် ငွေရောင်လေးနှင့် တူတူလုပ်ဆောင်ရန် တွန်းအားပေးခဲ့သည်ကို ရုတ်တရက် နားလည်သွားခဲ့သည်။
ဤငါးဖမ်းသမား အကြောင်းကို ဆရာလေးလင်း သိပြီးနောက် တစ်ဖက်လူသည် ကမ္ဘာမြေကို ဦးတည်နေသည်ဟု ခံစားမိခဲ့ရပုံရသည်။
တစ်ဖက်သား၏ ရည်ရွယ်ချက်က ဘာမှန်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သေချာပြောနိုင်သည်မှာ အင်မော်တယ်ကျန်းရွမ် အနေဖြင့် အသက် အန္တရာယ် တကယ် ရှိနေပြီ ဖြစ်၏။
"ဘယ်လိုလဲ ကျန်းရွမ်အတွက် သခင်လေးလင်း လုပ်ထားတဲ့ တူကို သွားပို့ဖို့ ငါနဲ့လိုက်ခဲ့မယ် မဟုတ်လား"
ထွင်ထျန်းဟာက ငွေရောင်လေးကိုကြည့်ကာ ပြောလိုက်သည်။
"လိုက်မယ်လေ.. ဒါက ဆရာလေးလင်း ခိုင်းတဲ့ ပထမဆုံး မစ်ရှင်လေ.. ငါ သေချာပေါက် ကောင်းကောင်း လုပ်ရမှာပေါ့"
ငွေရောင်လေးက မျက်နှာတွင် ကပ်ထားသည့် Maskကို ဆုတ်ဖြဲကာ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။
တကယ်တမ်း သူ့တွင် အနည်းငယ် တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက် ရှိသည်။
ပျောက်ကွယ်သွားပြီ ဖြစ်သည့် ကမ္ဘာဦး သားရဲတွေပင် အသက်ရှင်နေသေးသည် ဆိုလျှင် ယခုအချိန်ထိ သက်ရှိထင်ရှား ရှိနေသည့် သူတော်စင် သားရဲတွေ ရှိနေနိုင်သည် မဟုတ်ပါလား။
အပိုင်း(၆၂၈) ပြီး၏