သစ္စာဖောက်ကုမ္ပဏီကိုမသုံးဘူး
Vol. 42 Ch. 629
အမှန်တကယ်တွင် ငွေရောင်လေးသည် သူတော်စင်သားရဲများ အမှန်တကယ် မျိုးမသုန်းသေး ဟူသည့် စိတ်ကူးယဥ်မှုကို ဤနှစ်များ တစ်လျှောက်လုံးတွင် ပိုက်ထွေးထားခဲ့သည်။
သူမှလွဲ၍ အသက်ရှင်နေသေးသော အခြား သူတော်စင် သားရဲတစ်ကောင် ရှိနေမလားဟု မျှော်လင့်ခဲ့သည်။
နှစ်တွေ ကြာလာသည်နှင့် အမျှ လူသားကျင့်ကြံသူများသည် အဆင့်မြင့် သိပ္ပံနည်းကျ မှော်ရတနာ အမျိုးမျိုးဖြင့် စူးစမ်းလေ့လာခဲ့တာတောင်မှ သူတော်စင်သားရဲကို ရှာမတွေ့ကြတော့ပေ။
ငွေရောင်လေးက သူ၏ စိတ်ကူးယဉ်မှု ပြိုပျက်သွားသည်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် ငါးဖမ်းသမားနှင့် ကမ္ဘာဦးသားရဲများ အကြောင်း ကြားလိုက်ရသောအခါ၌ မျှော်လင့်ချက် အရိပ်အယောင်ကို မြင်လိုက်ရသည်။
ပျံသန်းရင်း အချက်ပြမှု ရုတ်တရက် ပြတ်တောက်သွားပြီး ခြေရာခံနိုင်ခြင်း မရှိဘဲ တိုက်ရိုက် ပျောက်ကွယ်သွားသည့် လေယာဉ်တစ်စင်း ရှိခဲ့ဖူးသည်။
အနှစ်တစ်ရာကျော် ကြာပြီးနောက်တွင် ထိုအချိန်က လေယာဥ်တွင် ပါသွားသည့် လူအုပ်စုသည် လျှို့ဝှက်ဆန်းကြယ်သော ကျွန်းတစ်ခုတွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ကမ္ဘာကြီးတွင် အံ့ဩစရာတွေက အမှန်တကယ် ဖြစ်နိုင်သည်။
"ညီနောင် ဗုံးပစ်.. ငါသွားတော့မယ်.. ငါ ဆရာလေးလင်းတို့ အိမ်ကို သွားတော့မယ်"
ထွင်ထျန်းဟာ နှင့် မစ်ရှစ်ကို ဆောင်ရွက်ရန် အတည်ပြုပြီးနောက်တွင် ငွေရောင်လေးသည် ချက်ချင်း ထွက်ခွာရန်အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်ကို အကြောင်းကြားခဲ့သည်။
သို့သော် ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေးကို တစ်ယောက်ထဲ လွှတ်လိုက်ရန် စိတ်မချခဲ့ပေ။
ရဲစခန်းကို ၃ ခေါက်တိတိ ရောက်ခဲ့သောကြောင့် တစ်ယောက်တည်း ထပ်လွှတ်လိုက်လျှင် ထိုနေရာကို ထပ်ရောက်မည်မှာ သေချာနေသည်။
ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေးကို ကြည့်လိုက်သည်။
"ကောင်းပြီ ညီနောင်ငွေရောင်လေး.. ငါ မင်းကို ကားမောင်းပြီး လိုက်ပို့ပေးမယ်"
ဗုံးပစ်စီနီယာအင်မော်တယ်က ငွေရောင်လေး ရဲစခန်း ထပ်ရောက်မည်ကို စိုးရိမ်ခဲ့သည်။
ရဲစခန်းတွင် အသိမိတ်ဆွေများ ရှိသော်လည်း အာမခံရန်အတွက် အခြေခံ လုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် လိုအပ်ဆဲ ဖြစ်သည်။
ထို့ကြောင့် ငွေရောင်လေးကို လိုက်ပို့သည်က သူ့ကိုယ်သူ ကယ်တင်ရာလည်း ရောက်ပေသည်။
ညီနောင်လင်း၏ နေရာကို လိုက်ပို့သည်က အချိန်ကုန်သော်လည်း ရဲစခန်းတွသ် အချိန်ဖြုန်းရသည်ထက်တော့ အများကြီး ပိုကောင်းသည် မဟုတ်လော။
ဗုံးပစ်စီနီယာ အင်မော်တယ် မောင်းသည့်ကားကို သူတစ်ခါမှ မစီးဖူးကြောင်း ငွေရောင်လေး သတိပြုမိခဲ့သည်။
"ညီနောင်ဗုံးပစ်ရဲ့ကားက ဘယ်လိုကားမျိုးလဲ"
ငွေရောင်လေးက မေးလိုက်သည်။
"ဟွာဝေး(huawei) စိတ်ဝိညာဥ်ကား.. ကုန်း၊ ရေ ၊လေ ကြိုက်တဲ့နေရာမှာ အသုံးပြုနိုင်တယ်.. အရမ်းလည်း မြန်ဆန်တယ်"
ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံးလိုက်သည်။
"လီနိုဗို(Lenovo)လို့ခေါ်တဲ့ အမှတ်တံဆိပ်ရော မောင်းဖူးလား"
"ငါ မသုံးဘူး"
ဗုံးပစ်စီနီယာအင်မော်တယ်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"သူတို့က သစ္စာဖောက်တွေပဲ"
ငွေရောင်လေးက မျက်ခုံးပင့်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ပေါ့ပေါ့တန်တန်သာ ပြောနေသော်လည်း ထိုလူက ဖြောင့်မတ်ခြင်းတရားနှင့် ပြည့်နှက်နေသည်ဟု ငွေရောင်လေး ခံစားမိသည်။
သခင်လေးလင်းက အဘယ်ကြောင့် သူ့ကို ဗုံးပစ်စီနီယာ အင်မော်တယ်ထံ အပ်ထားမှန်း အနည်းငယ် ပိုနားလည်လာသည်။
ဤသည်က ဗုံးပစ်စီနီယာ အင်မော်တယ် ထံမှ ပိုမိုသင်ယူသင့်သည်ဟု အရိပ်အမြွက်ပေးခြင်း မဟုတ်ပါလား။
ဤအကြောင်းအရာမှလွဲ၍ အခြားရှင်းပြချက်သည် ယုတ္တိမကျဟု ငွေရောင်လေး ခံစားမိသည်။
သူက သူ၏ ဘဏ္ဍာတိုက်ကြီးလို ဖြစ်သည့် ဤနေရာကို စွန့်ပစ်ရန် နည်းလမ်းမရှိပေ။
ကားမထွက်ခင် ငွေရောင်လေးက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
"ညီနောင်ဗုံးပစ်"
"ဘာပြောမလို့လဲ ညီနောင် ငွေရောင်လေး"
ငွေရောင်လေး "ဒီမှာ ထာဝရနေနိုင်မလား..."
ဗုံးပစ်စီနီယာအင်မော်တယ်က ပြုံးလိုက်သည်။
"နေနိုင်တာပေါ့ ညီနောင်ငွေရောင်လေး.. ငါ့ရဲ့အိမ်ကို မင်းရဲ့အိမ်လိုပဲ သဘောထားပါ"
ငွေရောင်လေး "ညီနောင်ဗုံးပစ်.. ငါတာဝန်ကနေ ပြန်ရောက်တဲ့အခါ ဘရိုကိုလီတွေ စားချင်တယ်"
ဗုံးပစ်စီနီယာ အင်မော်တယ် အံ့အားသင့်သွားသည်။
"ညီနောင် ငွေရောင်လေးက ဘရိုကိုလီကို စားချင်တာလား"
သူ၏ အထင်အမြင်တွင် ငွေရောင်လေးက များသောအားဖြင့် အသီးအရွက်စားရသည်ကို အလွန်အမင်း နှစ်သက်ပုံမရပေ။
ဤသို့ ရုတ်တရက် စိတ်နေသဘောထား ပြောင်းလဲမှုသည် ဗုံးပစ်စီနီယာ အင်မော်တယ်ကို အမှန်တကယ် ဖမ်းစားနိုင်ခဲ့သည်။
"ညီနောင် ငွေရောင်လေး မင်းတကယ်ပြောနေတာလား"
"ချက်ချင်းတောင် စားချင်လာပြီ.. ဘာလဲ ဘရိုကိုလီ မရှိတော့လို့လား"
"အဲဒီလိုမဟုတ်ပါဘူး.. ညီနောင် ငွေရောင်လေး.. မင်းလိုချင်သလောက် ဘရိုကိုလီ ရနိုင်ပါတယ်"
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ဆွေရင်းမျိုးရင်း စိတ်ဓာတ်ကို တွေ့လိုက်ရသလို ခံစားလိုက်ရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
"ကောင်းပြီ.. ဒါက သဘောတူညီချက်တစ်ခုပဲ.. ငါ့တာဝန်ပြီးလို့ပြန်ရောက်တာနဲ့ ငါစားမယ်"
ငွေရောင်လေး ဝမ်းသာသွားသည်။
ဗုံးပစ်စီနီယာအင်မော်တယ်"..........."
သူက အလွန်ပျော်ရွှင်ခဲ့သော်လည်း အလွန်ထူးဆန်းသော ခံစားချက်ကို ရရှိခဲ့သည်။
"အမ်.. ဒါက တီဗီဒရမ်မာထဲမှာ စစ်မတိုက်ခင် စစ်သားတွေက သူတို့ရဲ့ စေ့စပ်ထားသူတွေကို စစ်ကြီးပြီးတဲ့အခါ လက်ထပ်ကြရအောင်လို့ ပြောတဲ့စကားမျိုး မဟုတ်လား"
….............
ထို့နောက် နှစ်ယောက်သား အိမ်နားရှိ ကားဂိုဒေါင်သို့ သွားကြသည်။
ဗုံးပစ်စီနီယာအင်မော်တယ် ကားဂိုဒေါင်တံခါးတွင် တံခါးအလိုအလျောက် မပွင့်ခင်အထိ စက္ကန့်အနည်းငယ်ကြာ မတ်တပ် ရပ်နေသည်ကို ငွေရောင်လေး တွေ့လိုက်ရသည်။
ဤကားဂိုဒေါင်တွင် မျက်နှာမှတ်သားမှု စနစ် တပ်ဆင်ထားသည်။
ထို့နောက်တွင် မည်သည့်နေရာတွင် မဆိုမောင်းနှင်နိုင်သည့် ဇိမ်ခံကားတစ်စီးက ငွေရောင်လေး၏ ရှေ့တွင် ပေါ်လာသည်။
ကားအရောင်က ရွှေရောင်ဖြစ်ပြီး ကားကို ခိုင်ခံ့သော သံချပ်ကာဖြင့် ဖုံးအုပ်ထားသည်။
၎င်းက အလွန်လေးလံပုံ ပေါက်သော်လည်း အမှန်တကယ်တွင် ဈေးကွက်ရှိ စူပါကား အများစုထက် ပို၍ ပေါ့ပါးသည်။
ဤကားကို ပထမဆုံးအကြိမ် မြင်ဖူးသော်လည်း ကားက ငွေရောင်လေးကို လန်းဆန်းသော ခံစားမှုကို ပေးစွမ်းခဲ့သည်။
စိတ်ဝိညာဉ် ကားတစ်စီး စတင် စက်နှိုးခြင်းသည် သာမန်ကားတစ်စီးကို စက်နှိုးခြင်းနှင့် အလွန်ကွာခြားသည်။
အကြောင်းရင်းမှာ ကားသော့ကို မသုံးဘဲ ဝိညာဉ်ဓားကိုအသုံးပြုသောကြောင့်ပင်။
အထူးစတိုးဆိုင်တွင် ကျင့်ကြံသူများ ဝယ်ယူသည့် ဝိညာဉ်ကားများ အားလုံးသည် ၎င်းတို့၏ ဝိညာဉ်ဓားများနှင့် ချိတ်ဆက်ထားသည်။
"ဘယ်လိုစက်နှိုးရတာလဲ"
ငွေရောင်လေးက မေးလိုက်သည်။
သူက ခေတ်သစ် ကျင့်ကြံသူများ အသုံးပြုသည့် ဝိညာဉ်ကားများ အကြောင်းကို အနည်းငယ်သာ သိသည်။
"စက်နှိုးရတာ အရမ်းရိုးရှင်းပါတယ်.."
ဗုံးပစ်စီနီယာအင်မော်တယ်က သူ၏ တောက်ပသော အောင်ပွဲခံဓားကို ဆင့်ခေါ်ကာ ကားနောက်ဘက်ရှိ လောင်စာဆီကန်နှင့် ဆင်တူသည့် အရာတစ်ခုထဲ ထည့်လိုက်သည်။
အင်ဂျင်နိုးလာသံနှင့်အတူ ကားက ချောမွေ့စွာ စက်နိုးလာခဲ့သည်။
ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်ငွေရောင်လေး.. ရပ်မနေနဲ့ အထဲဝင်လေ"
ငွေရောင်လေး"............"
…...............
ဓားပျံဖြင့် ခရီးသွားလျှင် ဝမ်မိသားစု အိမ်ငယ်လေးသို့ သွားရန် စုစုပေါင်း နှစ်နာရီခန့် အချိန်ယူရမည်ဖြစ်သည်။
ပုံမှန်အားဖြင့် ကားက ဓားပျံထက် ပိုမြန်၏။
အဘယ်ကြောင့်ဆိုသော် မော်တော်ယဉ်များ သွားလာရန်အတွက် အထူးပြုလုပ်ထားသော ကောင်းကင်လမ်းတံတားကြောင့် ဖြစ်သည်။
ကားမောင်းသူများသာ ထိုတံတားကို အသုံးပြုနိုင်ပြီး ဓားပျံများ အသုံးပြုခွင့်မရှိပေ။
သို့သော် ယခုခေတ်တွင် ကျင့်ကြံသူများသည် ကားတစ်စီးဝယ်လျှင်ပင် အရေးကြီးသော အချိန်အခါ မဟုတ်လျှင် အိမ်တွင်သာ ထားခဲ့လေ့ ရှိသည်။
အကြောင်းရင်းမှာ ဓားပျံနှင့် ခရီးသွားရသည်က အနည်းငယ် ပိုအဆင်ပြေသောကြောင့် ဖြစ်၏။
ထို့နောက်တွင် ဝမ်မိသားစု၏ အိမ်ငယ်လေးဆီသို့ ဦးတည်ကာ ကောင်းကင်တံတားကနေ မောင်းလာခဲ့သည်။
ငွေရောင်လေးက ကားထဲကနေ ပတ်ဝန်းကျင်ကို စူးစမ်းခဲ့သည်။
ယခုလို ခေတ်မီသော လမ်းတံတားကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ဒါပေမယ့် ငါးမိနစ် ခြောက်မိနစ်လောက် မောင်းပြီးသည့်နောက်တွင် ငွေရောင်လေးက တိမ်ဆိုင်များကို ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ငွေရောင်လေး၏ ထူးဆန်းသော အပြုအမူကို သတိပြုမိခဲ့သည်။
"ဘာဖြစ်လို့လဲ ညီနောင် ငွေရောင်လေး"
"လူသတ်အရှိန်အဝါကို ခံစားရလို့ပါ"
ငွေရောင်လေးက တိမ်ဆိုင်များကို စိုက်ကြည့်ရင်း အံတင်းတင်း ကြိတ်လိုက်သည်။
သူက အန္တရာယ်ရှိသော အော်ရာများကို အတိအကျ အာရုံခံနိုင်စွမ်းရှိသည်။
လုံးဝ အမှားအယွင်းမရှိပေ။
ဤသည်က အန္တရာယ်ရှိသည့် သတ်ဖြတ်လိုသောအော်ရာဖြစ်သည်။
ထို့ပြင် အနည်းငယ် ရင်းနှီးသလို ခံစားရသည်။
"ဘယ်သူများလဲ"
ဗုံးပစ်စီနီယာ အင်မော်တယ်က သတိတရားကို အမြင့်ဆုံးထား၍ စတီယာရင်ဘီးကို ဆုပ်ကိုင်ထားသည်။
ထိုအချိန်တွင် ငွေရောင်လေး၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
ရာနှုန်းပြည့် မသေချာသော်လည်း ဤအော်ရာ အငွေ့အသက်သည် မစ္စတာလု၏ အော်ရာနှင့် အလွန်ဆင်တူနေသည်။
ဤအော်ရာအငွေ့အသက်က နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းထံမှ ဖြစ်နိုင်ပါသလော။
အပိုင်း(၆၂၉) ပြီး၏။