← Chapters

သန်မာမှုကိုတိုင်းတာသောယူနစ်

Vol. 42 Ch. 630

သန်မာမှုကိုတိုင်းတာသောယူနစ်

Vol. 42 Ch. 630

လူသတ်အရှိန်အဝါက တိမ်တိုက်များ ဘက်ကနေ ရောက်ရှိလာသည်။

ငွေရောင်လေးက သူ၏ အာရုံခံနိုင်စွမ်းဖြင့် သတိပေးပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်က တိမ်တိုက်များအတွင်းမှ လူသတ်အရှိန်အဝါကို ခပ်ရေးရေး ခံစားနိုင်ခဲ့သည်။

တစ်ဖက်က အော်ရာကို ကောင်းစွာ ဖုံးကွယ်ထားသော်လည်း ငွေရောင်လေးက အာရုံခံစားမိနေဆဲပင်။

သူတော်စင်သားရဲ၏ အာရုံခံ စွမ်းအားသည် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ထူးကဲပြီး ထက်မြက်သည်။

ထို့အပြင် တစ်ဖက်လူက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ ဖြစ်ကြောင်း ငွေရောင်လေး အတိအကျသိခဲ့သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။

"ဥက္ကဌပိုင်မှာ ယုံကြည်ရတဲ့ လက်ထောက် တစ်ယောက်ထက် မက ရှိနေပုံရတယ်.. မစ္စတာလု တစ်ယောက်ထဲ ဟုတ်ပုံမရဘူး"

"ဒါဆို မစ္စတာလုက ငါတို့ကို လှည့်စားခဲ့တာပေါ့"

ငွေရောင်လေးက သံသယဖြင့် မေးလိုက်သည်။

"အဲဒီလိုတော့ မဟုတ်လောက်ဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းခါယမ်းလိုက်သည်။

"မစ္စတာလု မသိတာဖြစ်မယ်.. ဒါကပဲ ဥက္ကဌပိုင်က အတော်လေး စေ့စပ်တဲ့သူဆိုတာ သက်သေပြနေတယ်

မစ္စတာလုက ဥက္ကဌပိုင်၏ အတွင်းရေးမှုး တစ်ဦး ဖြစ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း လူတစ်ဦးတွင် အတွင်းရေးမှူး တစ်ဦးသာ ရှိနိုင်သည်ဟု မည်သူက သတ်မှတ်ထားပါသနည်း။

ဗုံးပစ်စီနီယာ အင်မော်တယ်က တစ်ချိန်က လူမှုကွန်ယက်ရှိ သတင်းတစ်ပုဒ်ကို သတိရသွားခဲ့သည်။

ယောက်ျားလေးတစ်ဦးသည် မိန်းကလေး ခြောက်ရာကျော်ကို တစ်ပြိုင်နက် ချက်တင်ထိုင်ကာ သူမတို့၏ ခံစားချက်များကို ကစားခဲ့သည်။

သာမန်ကောင်လေး တစ်ယောက်တောင် ထိုသို့ လုပ်နိုင်လျှင် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ပါးနပ်သော ဥက္ကဌက ပို၍ပင် လုပ်ဆောင်နိုင်စွမ်း ရှိနိုင်သည် မဟုတ်ပါလော။

မစ္စတာလုကို သက်သေအဖြစ် အကာအကွယ်ပေးပြီးနောက် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ဥက္ကဌပိုင် လက်စားချေမည့် ကိစ္စအတွက် အမှန်တကယ် သတိထားခဲ့သည်။

သို့သော်လည်း တစ်ဖက်လူက ၎င်းတို့၏ နောက်ကို လိုက်၍ ပြောင်ပြောင်တင်းတင်း နှောင့်ယှက်ဝံ့လိမ့်မည်ဟု မထင်ခဲ့ပေ။

ကောင်းကင်တံတားက တင်းကြပ်သော ထိန်းချုပ်မှု နှင့် စောင့်ကြည့်မှု အမျိုးအစား အားလုံး ပါရှိသည့် လေကြောင်းတံတားတစ်ခု ဖြစ်သည်။

ဤနေရာတွင် တိုက်ခိုက်လျှင် ထိန်းချုပ်ရေးစင်တာက မသိစရာ အကြောင်း မရှိချေ။

အကယ်၍ တစ်ဖက်လူသာ ဤနေရာတွင် တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားလျှင် ဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်။

ယင်းမှာ တစ်ဖက်လူထံ၌ သီးခြားနေရာလွတ် တစ်ခုကို ချက်ချင်း ဖန်တီးနိုင်သည့် မှော်ရတနာတစ်ခု ရှိနေခြင်းသာ ဖြစ်ရပေမည်။

၎င်းက မစ္စတာလု ယခင်က ပြောခဲ့သည့် "ဝူကျီထီး"ကို အမှတ်ရစေသည်။

ဝူကျီထီးသည် သူတော်စင် သားရဲအရေခွံ အမျိုးအစား လေးဆယ့်ကိုးမျိုးဖြင့် ပေါင်းစပ်ထားသည့် ကမ္ဘာ့ဖီဆန် မှော်လက်နက် တစ်ပိုင်း ဖြစ်ပြီး အရေပြား တစ်ခုတည်းသာ လိုတော့သည့် မပြည့်စုံသော ထုတ်ကုန်တစ်ခု ဖြစ်သည်။

စတီယာရင်ဘီးကို ဆုပ်ကိုင်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်သည် စတီယာရင်ဘီး ဘေးရှိ အနီရောင်ခလုတ်ကို နှိပ်လိုက်သည်။

ငွေရောင်လေး "အဲဒါက ဘာလဲ"

ဗုံးပစ်စီနီယာအင်မော်တယ် "ဒါက ကားထဲမှာ ငါထည့်ထားတဲ့ ကာကွယ်ရေးစနစ် တစ်ခုပါ"

"ဒီခလုတ်ကို နှိပ်ထားသရွေ့တော့ ဝိညာဥ်သံလိုက်ဒိုင်းလွှာကို ထုတ်ပေးနိုင်တယ်"

"အိုး အဲဒီလိုလား"

ငွေရောင်လေးက သဘောပေါက်သွားခဲ့သည်။

သူ သိပ်နားမလည်ပေမယ့် သံလိုက်ဒိုင်းက အလွန်အံ့သြဖွယ် ကောင်းပုံရသည်။

ဗုံးပစ်စီနီယာအင်မော်တယ် ခလုတ်ကို နှိပ်ပြီး မကြာမီတွင် ငွေရောင်လေးသည် အပြာရောင် တောက်တောက် ဝိညာဥ်စွမ်းအင်လှိုင်း တစ်ခုက ကားတစ်စင်းလုံးကို ဝန်းရံ၍ လုံခြုံစွာကာကွယ်ထားသည်ကို တွေ့လိုက်ရသည်။

ဤသံလိုက်ဒိုင်း၏ ရည်ရွယ်ချက်မှာ အဝေးကနေ ကားကို ထိုးဖောက်ရန် ဓားပျံများ အသုံးပြုခြင်းမှ တားဆီးဖို့ ဖြစ်သည်။

ကားပေါ်တွင် သံချပ်ကာ ပါရှိပြီးသား ဖြစ်၍ သံလိုက်ဒိုင်းကို အသက်သွင်းခြင်းသည် ကာကွယ်မှုကို နှစ်ဆတိုးစေခြင်းနှင့် ညီမျှသည်။

ဗုံးပစ်စီနီယာ အင်မော်တယ် မျှော်မှန်းထားသည့် အတိုင်းပင်၊ ဝိညာဉ်သံလိုက်ဒိုင်းကို အသက်သွင်းပြီး မကြာမီတွင် တစ်ဖက်လူသည် ၎င်းတို့ကို ဓားပျံတစ်စင်းဖြင့် စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ငွေရောင်လေးတို့ နှစ်ယောက်က ဝိညာဉ်သံလိုက်ဒိုင်း ပေါ်တွင် ထူးခြားသော အော်ရာ အတက်အကျကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခဲ့ကြသည်။

ဤသည်မှာ တိုက်ခိုက်မှုတစ်ခု အတွက် ဒိုင်းလွှာ၏ တုံ့ပြန်မှုဖြစ်သည်။

"ဒါက မမြင်ရတဲ့ ဓားတစ်စင်းပါလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က စိတ်တည်ငြိမ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့သည်။

ရုတ်တရက် တိုက်ခိုက်ခံရသော်လည်း ယခုအချိန်ထိ အရာအားလုံးက သူထိန်းချုပ်နိုင်သည့် အတိုင်းအတာတွင် ရှိနေပါသေးသည်။

အများအားဖြင့် မမြင်နိုင်သော ဓားပျံသည် စူးစမ်းတိုက်ခိုက်ရာတွင် အသုံးပြုသည့် အသုံးအများဆုံး ဗျူဟာ ဖြစ်သည်။

အောင်မြင်ပါက ယာဉ်ပျက်စီးပြီး အထဲမှလူများ သေဆုံးမည်ဖြစ်သည်။

မအောင်မြင်လျှင်လည်း ကာကွယ်ရေးစနစ် ရှိမရှိ စမ်းသပ်နိုင်သောကြောင့် အလဟဿ ဆုံးရှုံးမှုမျိုး မရှိပေ။

ကျင့်ကြံခြင်း လောကတွင် လူသိများသော "မဟာသေမင်းတမန် စီနီယာ" အနေဖြင့် ဗုံးပစ်စီနီယာ အင်မော်တယ်သည် အရေးပေါ် အခြေအနေ အမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးသည်။

ထို့ကြောင့် လုံးဝ မပေါ့ဆဘဲ အလွန် သတိထားခဲ့သည်။

"ဒီလူရဲ့ အစွမ်းသတ္တိကို ညီနောင်ငွေရောင်လေး ခန့်မှန်းလို့ရမလား"

ဗုံးပစ်စီနီယာ အင်မော်တယ်က မေးလိုက်သည်။

ငွေရောင်လေးက မေးစေ့ကို ကိုင်ကာ ခဏလောက် စဉ်းစားပြီးနောက် ခပ်သွက်သွက် ပြန်​ဖြေလိုက်သည်။

"ဒီလူက ညီနောင် ဗုံးပစ်ထက် လေးဆလောက် သန်မာတယ်"

ဗုံးပစ်စီနီယာအင်မော်တယ် "???"

သူက ဘယ်အချိန်ကတည်းက တိုင်းတာသည့်ယူနစ် ဖြစ်လာပါသနည်း။

"ဒါပေမယ့် ဒီလူက မစ္စတာလု ထက် နည်းနည်း အားနည်းတယ်.. ငါ့အတွက်တော့ သူနဲ့ တိုက်ခိုက်ရတာ တော်တော်လေး လွယ်ကူပါလိမ့်မယ်.."

ငွေရောင်လေးက ပြောလိုက်သည်။

ပြဿနာမှာ သူတို့က ကားထဲမှ ထွက်မရခြင်းပင်။

အကြောင်းရင်းမှာ ကောင်းကင်တံတားပေါ်တွင် ကားကို ရပ်လိုက်သည်က အလွန် အန္တရာယ်များသောကြောင့် ဖြစ်၏။

သင့်ကားက စောင့်ကြည့် ကင်မရာပေါ်တွင် ရပ်တန့်နေသရွေ့ သင်၏လိုင်စင်က ချက်ချင်း ရုတ်သိမ်းခံရမည် ဖြစ်သည်။

ယခုခေတ်တွင် ယာဉ်မောင်းလိုင်စင် စာမေးပွဲသည် အောင်ဖို့ အလွန်ခက်သည်။

တစ်ဖက်လူက သူတို့ကားပေါ်မှ ဆင်းမရသည်ကို အခွင့်ကောင်း ယူနေမှန်း သိသာနေသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အံတင်းတင်း ကြိတ်ထားခဲ့သည်။

ထိုအချိန်တွင် တစ်ဖက်မှ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုတစ်ခုသည် ၎င်းတို့ကားကို ထိမှန်သွားသည်။

အကာအကွယ်နှစ်ဆဖြင့်ပင် ဇိမ်ခံကားသည် ပြင်းထန်စွာ တုန်ခါနေဆဲ ဖြစ်ပြီး ကားလမ်းမှ ချွတ်ချော်လု နီးပါး ဖြစ်ခဲ့သည်။

၎င်းက မမြင်နိုင်သော ဓားပျံတစ်လက် ဖြစ်သော်လည်း စွမ်းအားသည် ယခင်ဓားပျံထက် များစွာ ကြီးမားသည်။

အခြေအနေက အနည်းငယ် ဆိုးရွားလာခဲ့သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။

ဤသည်က စုံစမ်းဆဲ တိုက်ခိုက်မှု တစ်ခုသာ ဖြစ်သေးသော်လည်း တစ်ဖက်လူ၏ မမြင်နိုင်သည့် ဓားပျံက သူ့ကို ရည်ရွယ်ခြင်း မဟုတ်မှန်း ဗုံးပစ်စီနီယာအင်မော်တယ် ခန့်မှန်းမိခဲ့သည်။

ဆိုရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် တစ်ကြိမ်ထပ်ပြီး မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည်။

…................

တိမ်များကြားတွင် ပုန်းကွယ်နေသော နတ်ဆိုးမုဆိုးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ဘူးသီးခြောက် တစ်လုံးပေါ်တွင် ထိုင်နေ၏။

ဥက္ကဌပိုင်က သူ့အတွက် ဤဘူးသီးခြောက်ကို ပေးခဲ့ပုံရ၏။

ဘူးသီးခြောက်က သီးခြားနေရာ တစ်ခုကို ဖန်တီးနိုင်စွမ်း ရှိနေသည်။

သူက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းမှ အကြီးအကဲတစ်ယောက် ဖြစ်သည့် အကြီးအကဲကျိုးဝူ ဖြစ်သည်။

အကြီးအကဲကျိုးဝူသည် မကြာသေးမီက ၎င်း၏ တစ်ဦးတည်းသော ညီဖြစ်သူ သန်မာသောကျိုး(ဝါ) အကြီးအကဲကျိုး အဖမ်းခံရ၍ လက်စားချေရန် လာရောက်ခဲ့ခြင်း ဖြစ်ပြီး အဓိကတရားခံမှာ အမွေးစိမ်းခွေး ဖြစ်သည်။

ထိုမတိုင်ခင်တုန်းက သန်မာသောကျိုးသည် အမွေးစိမ်းခွေး၏ ကိုယ်ပေါ်တွင် ဝိညာဉ် အမှတ်အသားတစ်ခု ထားခဲ့ပါတယ်။ (ဝမ်လင်းက ငွေရောင်လေးထံ အမှတ်အသားကိုလွှဲပြောင်းပေးခဲ့)

နောက်ပိုင်းတွင် ဥက္ကဌပိုင်က မစ္စတာလုကို အခြေအနေ စုံစမ်းဖို့ စေလွှတ်ခဲ့သော်လည်း အခုအချိန်အထိ မစ္စတာလု၏ တည်နေရာကို အတည်မပြုနိုင်ခဲ့ပေ။

မစ္စတာလု ဘက်ပြောင်းသွားသလား လောလောဆယ် မသေချာသော်လည်း အကြီးအကဲကျိုးဝူက သူ့ညီအတွက် လက်စားချေရန် သည်းမခံနိုင်တော့ချေ။

သူက ဤစစ်ဆင်ရေးကို လုပ်ဆောင်ရန် ဥက္ကဌပိုင်ထံ ခွင့်တောင်းခဲ့ပြီး ဥက္ကဌပိုင်ကလည်း ခွင့်ပြုပေးခဲ့သည်။

ယခုတစ်ကြိမ် မစ်ရှစ်တွင် သီးခြားနေရာတစ်ခု ဖန်တီးကာ ပုန်းအောင်း၍ ရစေရန် ဥက္ကဌပိုင်သည် အကြီးအကဲ ကျိုးဝူအား ဘူးသီးခြောက် မှော်ရတနာကို ပေးအပ်ခဲ့သည်။

ထို့အပြင် တစ်ခါသုံး မမြင်နိုင်သော ဓားပျံ စုစုပေါင်း ခြောက်ရာကျော်ကိုပါ ထည့်ပေးလိုက်သည်။

ထိုအချိန်မှစ၍ အကြီးအကဲ ကျိုးဝူသည် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။

မမြင်နိုင်သော ဓားပျံကို အသုံးပြု၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းတွင် တကယ်တမ်း အောင်မြင်မှုနှုန်း မမြင့်မားပေ။

ထို့အပြင် ရိပ်စားမိရန် အလွန်လွယ်ကူသည်။

ထို့ကြောင့် အကြီးအကဲ ကျိုးဝူက အချိန်တိုင်းတွင် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။

အဆုံးသတ်တွင် သူစောင့်ဆိုင်းခဲ့သည့်နေ့သို့ ရောက်ရှိလာသည်။

ထို့အပြင် တစ်ဖက်လူသည် ကောင်းကင်တံတားကိုပင် အသုံးပြုခဲ့သည်။

ကောင်းကင်တံတားပေါ်တွင် ကားရပ်ခွင့် မရှိကြောင်း အကြီးအကဲကျိုးဝူ ကောင်းစွာ သိသည်။

ထို့ကြောင့် ဤသည်မှာ တစ်သက်တွင် တစ်ကြိမ်သာ ရရှိသည့် အခွင့်အရေးဟု ဆိုရပေလိမ့်မည်။

ကားတစ်စီးလုံး အလိုအလျောက် လောင်ကျွမ်းသွားသော ကားမတော်တဆမှု အဖြစ် ဖုံးကွယ်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

အကြီးအကဲ ကျိုးဝူက ဘူးသီးခြောက်ပေါ်တွင် ထိုင်ကာ တိတ်တဆိတ် စောင့်ကြည့်ကာ စဉ်းစားခန်းဝင်နေခဲ့သည်။

ခဏအကြာတွင် သူက ခါးတွင်ချိတ်ထားသည့် ဘရိုကိတ်အိတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

ထိုခဏမှာပင် တစ်ခါသုံး မမြင်နိုင်သော ဓားပျံတစ်ရာကျော်သည် သူ၏ အိတ်ထဲမှ ပျံထွက်သွားခဲ့သည်။

နောက်ထပ် တစ်စက္ကန့်တွင် အကြီးအကဲ ကျိုးဝူက အမိန့်ပေးလိုက်သည်။

"အဆုံးမဲ့ ဖန်တီးမှု"

ချက်ချင်းဆိုသလိုပဲ များပြားလှသော ဓားရှည်များသည် ရွေ့လျားနေသော ဇိမ်ခံကား ကားဆီသို့ ဦးတည်လာခဲ့သည်။

အပိုင်း(၆၃၀) ပြီး၏

All Chapters