ဆေးကို စမ်းသပ်ခြင်း
Vol. 42 Ch. 625
လူတိုင်း သိကြသည့်အတိုင်းပင် ဆေးဝါးတိုင်းက ရောဂါကို ကုသရန် ကြိုးပမ်းကြသည်။ ရောဂါကို အမြစ်ဖြတ် နိုင်သည့် စွမ်းရည်ဟူသည်က စကားကြီး စကားကျယ် ပြောခြင်း ဖြစ်ပြီး အောင်မြင်ရန် မဖြစ်နိုင်ပေ။
ရဲ့လင်းချန်၏ ရှင်းပြချက်အရ သူ၏ ဆေးသည် ငါးမိနစ်သာသာအတွင်း အာနိသင်ပြမည် ဖြစ်ပြီး ခွေးရူးပြန် ဗိုင်းရပ်စ်ပိုးကို နာရီဝက်အတွင်း အမြစ်ဖြတ် သုတ်သင်နိုင်သည်။ ရှင်းပြချက်က လုံးဝ အဓိပ္ပာယ် မရှိချေ။
*သူ ဖန်တီးခဲ့တဲ့ ဆေးကို ထူးခြားဆန်းကြယ်တဲ့ ဆေးလုံးလို့ သူ တကယ် ထင်နေတာလား*
အနောက်တိုင်း ဆေးဝါးက ၎င်း၏ လျင်မြန်သော ရလဒ်ကြောင့် နာမည်ကြီးသော်လည်း သာမန် ရောဂါ အများစုထဲမှ အအေးမိခြင်းတောင်မှ ဆေးသောက်ပြီး ပြန်သက်သာလာရန် သုံးရက်မျှ အနားယူရပေမည်။
ထိုသို့ ဖြစ်လာရသည့် အကြောင်းရင်းမှာ လူ့ခန္ဓာကိုယ်သည် ဆေးကို စုပ်ယူ၍ အသားကျသည့် လုပ်ငန်းစဉ်က အချိန်တစ်ခု ရှိသည့်အပြင် ဆေးနှင့် ဗိုင်းရပ်စ်ကြား၌ စစ်ခင်းရသေးသည်။ တိုက်ပွဲက ပြင်းထန်၍ မဖြစ်ပေ။ သို့မဟုတ်ပါက ဆေးသည် အရမ်း ပြင်းလွန်းပြီး လူ့ခန္ဓာကိုယ်အား ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ကုသမှုကာလ အတွက် အချိန် လိုအပ်ခြင်း ဖြစ်သည်။
“ကျွန်တော် ရှင်းပြပြီးပြီ၊ ဒါကို သက်သေပြဖို့လဲ ယုံကြည်မှု ရှိတယ်”
ရဲ့လင်းချန်က တိုတိုတုတ်တုတ် ဖြေလိုက်သည်။
ထိုသို့ ရိုးရှင်းသော စကားက လူအများအား ထိတ်လန့်သွားစေခဲ့သည်။
အတွေ့အကြုံရင့်သန်သော နိုင်ငံတကာ ပရော်ဖက်ဆာများတောင်မှ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ အချင်းချင်း တီးတိုး ပြောနေကြသည်။ ဆေးဝါးထုတ်လုပ်ရေး နယ်ပယ်၏ အချို့သော ပုဂ္ဂိုလ်ကြီးများက မသိမသာ မျက်မှောင်ကြုတ် နေပြီး ရဲ့လင်းချန်အား mask ကို ထိုးဖောက်၍ မြင်ချင်နေသကဲ့သို့ အာရုံစိုက်၍ ကြည့်နေကြသည်။
ခွေးရူးပြန် ရောဂါပိုးကို ကုသနိုင်ခြင်းကပင် ကမ္ဘာတုန်လောက်သည်အထိ ထိတ်လန့်ဖွယ် ကောင်းနေပြီး သက်ရောက်မှုက ရဲ့လင်းချန် ပြောသလို ဖြစ်လျင် ယင်းအား ထူးခြားဆန်းကြယ်သော ဆေးဟုပင် ခေါ်နိုင်ပေသည်။ ယင်းတစ်ခုတည်းကပင် ဆေးလောကကို ပြောင်းလဲမှု သယ်ဆောင်လာနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများနှင့် သာမန်လူများ ရူးသွားနိုင်လောက်သည်။
အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် အကယ်၍ ရဲ့လင်းချန်သာ ခွေးရူးပြန်ရောဂါပိုးကို အချိန်တိုအတွင်း ကုသနိုင်လျင် သူ့၌ အခြားသော ရောဂါများကို ချက်ချင်း ကုသနိုင်သည့် နည်းလမ်းများ ရှိသည်ဟု ဆိုလိုနေသောကြောင့်ပင်။
ဥပမာ အဖျားရောဂါ၊ အအေးမိရောဂါ သို့မဟုတ် ချောင်းဆိုးခြင်းတို့သည် ပြန်လည် ကောင်းမွန်လာရန် အနည်းဆုံး ရက်အနည်းငယ်မျှ ကြာမြင့်သည်။ အကယ်၍ ဆေးသည် သောက်ပြီး ဆယ်မိနစ်အတွင်း ကုသနိုင်သည်ဆိုလျင် ထိုဆေးအား ဝိသေသအားလုံးကို ဆန့်ကျင်နိုင်သည့် ဆန်းပြားသော ဆေးဝါးဟု သတ်မှတ်ရပေတော့မည်။
ထိုသို့သော ဆေးဝါးများသည် ရုပ်သံဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များတွင်သာ ရှိသည် မဟုတ်ပါလော။
“ဒီလိုဆေးမျိုး ဒီကမ္ဘာမှာ ရှိဖို့ မဖြစ်နိုင်ဘူး”
အမီရာက မနေနိုင်ဘဲ ဘေးမှ ဝင်ပြောလေသည်။ တစ်ခဏမျှ ရပ်သွားပြီးနောက် သူသည် တစ်ဖက်လှည့်၍ သူ့လက်ထောက်အား မေးလိုက်သည်။
“အဲ့ဒါ ဖြစ်နိုင်တယ်လို့ မင်း ထင်လား”
“စည်းမျဉ်းစည်းကမ်းအရ အဖြေက မဖြစ်နိုင်ဘူး၊ လူ့ခန္ဓာကိုယ်က ဘယ်ဆေးကိုမဆို စုပ်ယူနိုင်ဖို့အတွက် အချိန်တစ်ခု လိုအပ်ပါတယ်”
လက်ထောက်က မျက်မှောင်ကြုတ်နေပြီးမှ ဆက်ပြောလေသည်။
“အဲ့အချက်ကို ဖြတ်ကျော်နိုင်ဖို့ သူ့မှာ နည်းလမ်းရှိရင်တော့ တစ်မျိုးပေါ့၊ သူ့မှာ ရှိတယ်ဆိုရင် အဲ့ဒါရဲ့ တန်ဖိုးက သိပ်ထူးခြားမှာ၊ တရုတ်နိုင်ငံက လိုလိုလားလားနဲ့ ထုတ်ပြမှာ မဟုတ်ဘူး”
“ဟုတ်တယ်၊ သူတို့ ပြရင်တောင်မှ ရေခဲစိုင်ရဲ့ ထိပ်ဖျားလောက်ပဲ ပြမှာ၊ ဘယ်သူက ဒီလိုအရာမျိုးကို အများသူငှာကို ထုတ်ပြရဲမှာလဲ၊ ဒီလုပ်ရပ် တစ်ခုတည်းကတင် ယုတ္တိရှိမနေဘူး”
အမီရာက ရယ်သည်။
လက်ရှိ ရှိနေသူများသည် ဆေးပညာနယ်ပယ်ထဲမှ ထိပ်တန်း ပါရဂူများ ဖြစ်ပြီး တရုတ်နိုင်ငံ၌ ထိုသို့သော ဆန်းကြယ်သည့် ဆေးမျိုး ရှိသည်ကို ယုံကြည်ရန် ခက်ခဲနေ၏။
ထို့နောက် နာမည်ကျော် ဆေးလောက အကျော်အမော်များက တစ်ယောက်ပြီး တစ်ယောက် ထရပ်ကာ သူ့အား မေးခွန်းထုတ်ကြလေသည်။ သူတို့သည် ရဲ့လင်းချန်၏ ရှင်းပြချက်ကို ထောက်ပြ၍ ချေပပြောဆိုကြသည်။ လူအများစုက ၎င်းသည် လုံးဝ မရှိနိုင်သော ပန်ဒိုရာသေတ္တာဟုပင် မှတ်ယူနေငဘ်၊
ပရိသတ်များတွင်း၌ ဆူညံသံများ တဖြည်းဖြည်း ပေါ်ထွက်လာသည်။
“တရုတ်လူမျိုးတွေက ငါတို့ကို လှောင်ပြောင်ဖို့ လာတာလား၊ ဆေးပညာ သီအိုရီရဲ့ အခြေခံအကျဆုံးကိုတောင် နားမလည်တဲ့ ကလေးလို့ ငါ ထင်တယ်”
“ရူးနေတာ၊ ဘယ်လိုလုပ် ဒီလိုလူမျိုးက ဒီစင်ပေါ် တက်နိုင်တဲ့ အရည်အသွေး ရှိရတာလဲ”
“တရုတ်လူမျိုးတွေက တမင်သက်သက် ဆူဆူညံညံ ဖြစ်အောင် ဒီကို လာခဲ့တာပဲ၊ ဒီလို နည်းပညာ ရှိတယ် ဆိုရင်တောင်မှ တရုတ်နိုင်ငံက သုတေသန လုပ်နိုင်စွမ်း ရှိတဲ့အရာမျိုး မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”
“လခွမ်း၊ မင်းတို့ နိုင်ငံခြားသားတွေက ဘာကို ပြောချင်တာလဲ”
“မင်းတို့က တရုတ်နိုင်ငံရဲ့ ဆေးပညာ အရည်အချင်းကို အထင်သေးတာလား၊ ဒါ နတ်ဆေးဆရာဝိုင်ကွ”
“မင်းတို့ရဲ့ အသုံးမကျတဲ့ မျက်လုံးကို ဖွင့်ပြီး သေသေချာချာ ကြည့်ထား၊ မျက်လုံးတွေ ကျွတ်မကျအောင် သတိထားလိုက်ဦး”
…
အားလုံး၏ သံသယနှင့် ရင်ဆိုင်ရချိန်တွင် တရုတ်လူမျိုးများသည် ဒေါသထွက်ကာ မခံမရပ်နိုင် ဖြစ်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့စိတ်ထဲ၌ ယုံကြည်ချက် နည်းလာသကဲ့သို့ ခံစားနေရသည်။ နတ်ဆေးဆရာဝိုင်က ဆန်းကြယ်မှုတွေကို ဖြစ်ပေါ်လာအောင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရုံသာ တတ်နိုင်တော့သည်။
“နတ်ဆေးဆရာဝိုင်က အမှန်ကို ပြောနေတာလား”
“ဒါ ဘယ်လိုဆေးမျိုးလဲ၊ ဒါက ဘယ်လိုလုပ် မြန်မြန် အာနိသင် ပြမှာလဲ”
“လခွမ်းပဲ ငါ့လူရေ၊ ငါ အရမ်း စိတ်လှုပ်ရှားနေပြီ”
“ဖြစ်နိုင်တယ်၊ ငါတို့က နတ်ဆေးဆရာဝိုင်ရဲ့ ဆေးပညာ အရည်အချင်းကို ကြွားပြောတာ မဟုတ်ဘူး၊ ဒါကို ပြောပြတာကတင် နိုင်ငံခြားသားတွေကို အံ့ဩအောင် လုပ်နိုင်နေပြီ”
ရဲ့လင်းချန်၏ တင်ပြချက်သည် နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းတစ်ခုလုံး၌ မေးခွန်းအထုတ်ဆုံး ဖြစ်သည်။
“ငါတို့ကို ဆေးထုတ်ပြပါ”
တစ်ခုခု ထပ်ပြောနေသည်က အပိုပင်။ စင်မြင့်ပေါ်မှ ပရော်ဖက်ဆာကြီးတစ်ယောက်က ရဲ့လင်းချန်ကို တိုက်တွန်းလိုက်ပြီး အဓိပ္ပာယ် မရှိသော စမ်းသပ်မှုက မြန်မြန် အဆုံးသတ်ချင်နေသည်။
အစ၌ လူတိုင်းသည် ရဲ့လင်းချန်က သူ့လက်ထောက်ကို စင်မြင့်ပေါ်သို့ ယူလာခိုင်းလိမ့်မည်ဟု ထင်ခဲ့ကြသည်။ ထို့အပြင် အဖိုးတန်သော ဆေးအား ထူးခြားသော လုံခြုံရာ သို့မဟုတ် ထိုသို့ တူညီသော အရာတစ်ခုခု၌ သိမ်းဆည်း ထားလိမ့်မည်ဟု မှတ်ယူခဲ့ကြသည်။ သို့ရာတွင် အားလုံး၏ အကြည့်အောက်၌ ရဲ့လင်းချန်က လက်ကိုမြှောက်၍ အိတ်ကပ်ထဲမှ သေတ္တာဘူးလေးတစ်ခုကို အသာတကြည် ထုတ်လာသည်။
၎င်းသည် သေးငယ်သော စတုရန်း သေတ္တာလေး ဖြစ်ပြီး အပြင်အဆင်က ရိုးရှင်းလှသည်။ ၎င်းအား လုံးဝ သော့ပိတ်ထားခြင်း မရှိဘဲ အလွယ်တကူ ဖွင့်လိုက်၍ ရလေသည်။
သို့သော် အံ့ဩစရာ အကောင်းဆုံး အပိုင်းက မလာသေးချေ။ သေတ္တာအတွင်း၌ ရှိနေသော အရာကို မြင်လိုက်ရသည့် အခိုက်မှာပင် လူတိုင်း ပင့်သက်ရှိုက်မိသွားပြီး ဝါးလုံးကွဲမတတ် ရယ်မောကြလေသည်။ လူအများက မေးရိုးက ကြမ်းပြင်ပေါ် ကျမတတ် အရူးအမူး ရယ်နေကြသည်။
နက်မှောင်၍ လုံးဝန်းသော ဆေးလုံးတစ်လုံးက သေတ္တာအတွင်း၌ ရှိနေသည်။
“ဝါးဟားဟား၊ ဒါက သောက်ကျိုးနည်း ဟာသပဲ၊ ဒါက ဒဏ္ဍာရီတွေထဲက ဆေးလုံးများလား”
“သူက ဇာတ်လမ်းတွဲ ရိုက်နေတာလား၊ ဒီလို ဆေးလုံးမျိုးက ရှိသေးလို့လား”
“လခွမ်း အခု ငါ လောကကြီးကို သိမြင်လိုက်ရပြီပဲ၊ ဒီကောင် သူ့ကိုယ်သူ ကျင့်ကြံသူတစ်ယောက်လို့ ထင်နေ တာလား”
“တရုတ်လူမျိုးတွေက ကြောက်ဖို့ကောင်းတာပဲ”
“ကြည့်ဦး၊ သူတို့ တရုတ်တွေတောင် အူကြောင်ကြောင် ဖြစ်နေကြတယ်”
“အဂ္ဂိရတ်ဆေးလုံးတွေ သုံးနေသေးရအောင် အခု ငါတို့က ဘယ်ခေတ်ကို ရောက်နေလို့လဲ၊ ငါ အခြား dimension တစ်ခုကို ရောက်သွားတယ်လို့တောင် ထင်တော့မလို့”
“သူက လူလိမ်များ ဖြစ်နေမလား”
ယခုအချိန်၌ တရုတ်နိုင်ငံ၏ ခေါင်းဆောင်များသည် ဂနာမငြိမ် ဖြစ်နေကြကာ တရုတ်နိုင်ငံ ဆေးတက္ကိသိုလ်၏ စီနီယာ အရာရှိများလည်း ထိုနည်းတူ ဖြစ်နေကြလေသည်။
ရဲ့လင်းချန်က ထိုသို့သော လှည့်ကွက်ဖြင့် ရောက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားမိချေ။ ယင်းက အတု ဖြစ်နေခဲ့လျင် တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးရပေလိမ့်မည်။
*ဘာ…ဘာပြဿနာမှတော့ မရှိနိုင်ပါဘူး၊ ဟုတ်တယ်မလား*
သူတို့ အပြင်းအထန် ချွေးပြန်နေသော်လည်း ထရပ်၍ မေးခွန်းထုတ်သည်က သင့်တော်သည်ဟု မထင်ကြချေ။ ထို့ကြောင့် သူတို့အားလုံး စိုးရိမ်တကြီး စောင့်နေရုံသာ တတ်နိုင်တော့သည်။
“ဝုတ်၊ ဂီး … ဝုတ်၊ ဝုတ်”
ထိုအခိုက်တွင် ဆေးစမ်းသပ်မှု၏ ပစ်မှတ်ကို သယ်ဆောင်လာလေသည်။
၎င်းသည် ကြီးမားသော နားရွက်ချွန်ချွန်နှင့် ကြက်သွေးရောင် မျက်လုံးရှိသည့် မီးခိုးရင့်ရောင် ခွေးဝံပုလွေဖြစ်သည်။ ၎င်းအား လှောင်အိမ်ထဲ၌ သော့ခတ်ထားပြီး မူမမှန်သော အမူအရာနှင့် အဆက်မပြတ် ဟောင်နေကာ လူတိုင်း ကျောချမ်းသွားကြသည်။
လှောင်အိမ်ထဲ၌ ပိတ်ထားသော်လည်း ၎င်းက ငြိမ်နေခြင်းမရှိပေ။ ၎င်းသည် အထဲ၌ အရူးအမူး မပတ်နေပြီး လှောင်အိမ်အား စိတ်မမှန်သော တိရစ္ဆာန်ကဲ့သို့ ကိုက်ခဲနေသည်။
လူတိုင်းသည် တစ်ချက် ကြည့်လိုက်ရုံနှင့် ထိုခွေးတွင် ခွေးရူးပြန်ရောဂါ ရှိနေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသော အခြေအနေသို့ ရောက်နေကာ ကုသ၍ မရနိုင်တော့ကြောင်း သိလိုက်သည်။
ထို့ကြောင့် ဝန်ထမ်းတစ်ယောက်သည် ရဲ့လင်းချန်၏ လက်ထဲမှ ဆေးလုံးကို ယူလိုက်ပြီးနောက် ကိရိယာအကူအညီဖြင့် ခွေး၏ ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။
လူအများက ကျိတ်၍ လှောင်ပြောင်သရော်နေကြသည်။
*ငါးမိနစ်အတွင်း အာနိသင်ပြပါ့မလား၊ ဟားဟား*
သို့သော် တစ်ခဏအကြာ၌ မူလက ရန်လိုနေသော ခွေးသည် တဖြည်းဖြည်း ငြိမ်ကျလာသဖြင့် လူတိုင်း မှင်သက် သွားသည်။ ၎င်း၏ အသက်ရှူသံက မှန်လာပြီး အီပင် အီလာသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
စင်မြင့်ပေါ်ရှိ နိုင်ငံပေါင်းစုံမှ ပရော်ဖက်ဆာများသည်လည်း အံ့ဩနေကြသည်။
နိုင်ငံပေါင်းစုံမှ ဆေးပညာ ဂါရဂူများလည်း ကြက်သေ သေကုန်၏။
လေ့လာရန် လာရောက်ကြသည့် ဆေးပညာ သုတေသီများနှင့် ကျောင်းသားများလည်း နားဝေတိမ်တောင် ဖြစ်သွားသည်။
အမီရာသည် မျက်လုံးကျွတ်ကျမတတ် စိုက်ကြည့်နေ၏။ သူ၏ မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာတို့နှင့် ပြည့်နှက်နေသည်။