← Chapters

စမ်းသပ်မှုထဲမှ ကြီးမြတ်သော ရည်မှန်းချက်

Vol. 67 Ch. 1037

စမ်းသပ်မှုထဲမှ ကြီးမြတ်သော ရည်မှန်းချက်

Vol. 67 Ch. 1037

ခေါင်းဆောင်က အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ ရွှီချင်းသည် ပြုံးလိုက်သည်။

လပုန်ကန်ခန်းမ၏ ခန်းမသခင်ဖြစ်ခြင်းကို သူဂရုမစိုက်ပေ။ မည်သို့ဖြစ်ပါစေ စီနီယာအကိုကြီးက ဤအတွက် အချိန်ကြာကြာ ပြင်ဆင်ထားခဲ့ခြင်းမဟုတ်ပါလော။ အကယ်၍ သူက တကယ်ပဲ လပုန်ကန်ခန်းမ၏ ခန်းမသခင်ဖြစ်လာမည်ဆိုလျှင် ရွှီချင်းက အလွန်အံ့ဩလိမ့်မည်မဟုတ်ပေ။

“ ဒါဆို စီနီယာအကိုကြီးကို ကြိုတင်ပြီး ဂုဏ်ပြုထားပါရစေ ”

ရွှီချင်းသည် ပြုံးလိုက်ပြီး ပြောသည်။

ခေါင်းဆောင်သည် ရယ်မောလိုက်သည်။

“ ငါ့ဟာက မင်းဟာပဲ မဟုတ်ဘူးလား… ဂျူနီယာညီလေး… လာ သွားကြစို့ ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ကြေးမုံသည် သက်တံ့အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားသည်။ ပေါက်ကွဲသံက ပဲ့တင်ထပ်လာသည့်အခါ ရွှီချင်းနှင့် ခေါင်းဆောင်၏ ပုံရိပ်များသည် မည်သည့်သဲလွန်စမှမကျန်ဘဲ ဆေးဆိုင်ထဲမှ ပျောက်ကွယ်သွားကြသည်။

လပုန်ကန်ခန်းမသည် တိတ်ဆိတ်နေသည်။

တောင်သည် ယခင်ကအတိုင်း ခမ်းနားထည်ဝါနေဆဲပင်။ သို့သော်လည်း တောင်ပေါ်မှ ဘုရားကျောင်းအများစုသည် မှေးမှိန်နေကြသည်။

ယခင်က ခန်းမထဲမှာ လှုပ်ရှားသွားလာလေ့ရှိသော ရုပ်တုရာထောင်ချီသည် ယခု စစ်ပွဲ၏ အကျိုးသက်ရောက်မှုကြောင့် အနည်းစုသာ မြင်တွေ့နိုင်ပေသည်။

လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူအများစုသည် သူတို့၏ စွမ်းအားကို အနီရောင်လဗိမာန်နှင့် ဆန့်ကျင်တိုက်ခိုက်နေသော တော်လှန်ရေးစစ်တပ်ထဲမှာ ထည့်သွင်းထားကြသည်။ ရလဒ်အနေဖြင့် သူတို့က တခြားနေရာများမှာ အာရုံမစိုက်နိုင်ကြတော့ပေ။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ အရေအတွက်နည်းပါးသော လပုန်ကန်ခန်းမဝင်များသာ ယာယီရောက်ရှိလာကြပြီး တခြားလူများနှင့် ဆက်သွယ်ခြင်း၊ ကုန်သွယ်ခြင်းကို ပြုလုပ်ကြပေသည်။

သူတို့၏ အရေအတွက်သည် တစ်ရာခန့်သာ ရှိသည်။

သူတို့သည် ခန်းမထဲသို့ ရောက်လာကြပြီး လိုအပ်သော အရာများကို ပြီးမြောက်ပြီးနောက် မြန်မြန်သွက်သွက် ပြန်ထွက်သွားကြသည်။ သူတို့သည် အချိန်မဖြုန်းချင်ပေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ရုတ်ချည်း အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ကောင်းကင်ယံမှ အလွန်ကြီးမားသော ဘုရားကျောင်းကိုးခု၏ အပေါ်တွင် အံ့ဖွယ်ကောင်းသော ဘုရားကျောင်းတစ်ခု ရှိသည်။ ထိုဘုရားကျောင်းသည် လပုန်ကန်ခန်းမ၏ အမြင့်ဆုံးနေရာတွင် တည်ရှိပြီး ရောင်ဝါထိန်ထိန်လင်းနေသည်။

ယခု ကျယ်လောင်သော ပေါက်ကွဲသံသည် ထိုဘုရားကျောင်းထဲမှ ပဲ့တင်ထပ်လာသည်။

အလင်းရောင်နှင့် အသံသည် လပုန်ကန်ခန်းမတစ်ခုလုံးကို ဖြတ်သန်းသွားသည်။ ချက်ချင်းပင် တောင်သည် တုန်ယင်လာပြီး ဘုရားကျောင်းများသည် လှုပ်ယမ်းလာကြသည်။

ဤနေရာမှာ ရှိနေကြသော ကျင့်ကြံသူအားလုံးသည် ထိတ်လန့်သွားကြပြီး အလိုအလျောက် ခေါင်းမော့လိုက်ကြသည်။

အရာအားလုံး၏ ဇစ်မြစ်ကို မြင်လိုက်ရသောအခါ ချောက်ချားမှုသည် ရုတ်တရက် ပေါ်လျှိုးလာသည်။

“ အထွတ်အမြတ်ခန်းမ ”

“ ဘာဖြစ်သွားတာလဲ… လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ကို ကိုယ်စားပြုတဲ့ အထွတ်အမြတ်ခန်းမက မှေးမှိန်မနေတော့ပါလား… တကယ်ကြီး အရောင်တောက်ပနေတယ် ”

ဆူပူအုံကြွမှုသည် ချက်ချင်း ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းသည် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများအတွက် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

ယင်းက အထွတ်အမြတ်ခန်းမ ဖြစ်သည်။

ယင်းက လပုန်ကန်ခန်းမ၏ ခန်းမသခင်ကို ကိုယ်စားပြုသော အထွတ်အမြတ် ဘုရားကျောင်းဖြစ်သည်။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာပြီးသည့်တိုင် လပုန်ကန်ခန်းမထဲမှာ စစ်မှန်သော ခေါင်းဆောင်တစ်ယောက် မရှိခဲ့ပေ။ အရာအားလုံးကို စီမံဆောင်ရွက်ခဲ့သူများသည် လက်ထောက်ခန်းမသခင်များသာ ဖြစ်ကြသည်။ သို့ဖြစ်၍ ထိုမြင်ကွင်း၏ အဓိပ္ပာယ်သည် ထုံးစံအားဖြင့် အလွန်ကြီးမားပေသည်။

သို့သော်လည်း ယင်းက ဝါရင့်ပုဂ္ဂိုလ်ကြီးများ၏ စိတ်ထဲမှာတော့ ကြီးမားသော လှုပ်ခတ်မှုကို မဖြစ်စေခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့မြင်ကွင်းသည် ရှားပါးသော်လည်း သူတို့သည် ယခင်က မြင်ဖူးပြီး အနည်းငယ် နားလည်ထားသည်။

“ နောက်ထပ်ဆရာသခင်တစ်ပါးက ခန်းမသခင် အရည်အချင်းစမ်းသပ်မှုကို အသက်သွင်းလိုက်ပြီ ”

“ ဒီလိုအခြေအနေကို နှစ်ကြိမ်တောင် ငါမြင်ဖူးတယ်… ဒါပေမဲ့ စိတ်မကောင်းစရာက အထွတ်အမြတ်ခန်းမရဲ့ တံခါးက ပွင့်မသွားခဲ့ဘူး… အဲ့ဒါက အချိန်နည်းနည်းကြာပြီးရင် ပြန်မှေးမှိန်သွားလိမ့်မယ် ”

“ ငါလည်း အဲ့ဒါကို တစ်ကြိမ်မြင်ဖူးတယ်… အဆုံးမှာ ပဉ္စမလက်ထောက်ခန်းမသခင်ပဲ ဘုရားကျောင်းထဲကနေ ထွက်လျှောက်လာတယ် ”

ထိုအဖိုးအိုများသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြသည်။ သူတို့၏ ဆွေးနွေးမှုကြောင့် အသစ်ဝင်လာကြသော လပုန်ကန်ခန်းမဝင်များသည် အခြေအနေကို နားလည်သွားကြသည်။

သို့သော်လည်း မျှော်လင့်မှုကို ထားရှိစမြဲပင်။ အထွတ်အမြတ်ခန်းမသခင် ပေါ်ထွက်လာလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားကြသော်လည်း လက်ထောက်ခန်းမသခင်တစ်ယောက် ပေါ်ထွက်လာရန် ဖြစ်နိုင်ခြေ အလွန်များသည်။ ဆဌမလက်ထောက်ခန်းမသခင်သည် လက်ရှိလပုန်ကန်ခန်းမအတွက် အလွန်အရေးကြီးသည်။

မည်သို့ဖြစ်ပါစေ လက်ရှိမှာ သူတို့က အနီရောင်လဗိမာန်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်းမဟုတ်ပါလော။ သို့ဖြစ်၍ လက်ထောက်ခန်းမသခင်အသစ် ထွက်ပေါ်လာခြင်းသည် သူတို့ကို ကြီးမားသော စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်သည်။

ဤအခိုက်အတန့်မှာ အပြင်လောကမှ ပုံရိပ်အများအပြားသည် လပုန်ကန်ခန်းမဆီသို့ အမြန်ဆုံး ပြန်ရောက်လာကြသည်။ ရုပ်တုအများအပြားသည် ဘုရားကျောင်းထဲမှ ထွက်လျှောက်လာကြပြီး ကောင်းကင်ကို ကြည့်လိုက်ကြသည်။ ဆွေးနွေးသံများနှင့် ဆူပူမှုသည် လှိုင်းလုံးများသဖွယ် နိမ့်ချည်မြင့်ချည် ထွက်ပေါ်လာသည်။

လက်ထောက်ခန်းမသခင်များ၏ ဘုရားကျောင်းတချို့ပင် ကောင်းကင်ပေါ်မှာ ထွန်းလင်းလာကြသည်။

လက်ထောက်ခန်းမသခင်ငါးယောက်ထဲမှ နှစ်ယောက်သည် ပေါ်လျှိုးလာပြီး အမြင့်မြတ်ဆုံး ဘုရားကျောင်းကို ကြည့်လိုက်ကြသည်။

…..

လပုန်ကန်ခန်းမ၏ ကောင်းကင်အလွန်မှ ဟင်းလင်းပြင်သည် တခြားလူများမဝင်ရောက်နိုင်သော အထွတ်အမြတ် ဟင်းလင်းပြင်တစ်ခု ဖြစ်သည်။

ထိုဟင်းလင်းပြင်သည် အလွန်တရာ ကျယ်ပြောပြီး တအိအိလှုပ်ခတ်နေသော မြူခိုးဖြင့် ပြည့်နှက်နေသည်။ ဟင်းလင်းပြင်၏ အဆုံးတွင် ရေကန်တစ်ကန် ရှိသည်။

အတိအကျဆိုရလျှင် ယင်းက ရေအလွှာတစ်ခုဖြင့် ဖုံးလွှမ်းခံထားရသော ဧရာမကြေးမုံတစ်ခု ဖြစ်သည်။

ရေကန်မှ ရေသည် သလင်းကျောက်သဖွယ် ကြည်လင်သည်။

ယင်းက မွန်မြတ်သန့်စင်သည်။

ရှည်လျားသော ပုံရိပ်သည် ကြေးမုံရေကန်၏ အပေါ်မှာ မျောလွင့်နေသည်။

ယင်းက ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ဖြစ်သည်။ သူက လက်ပိုက်ထားလျက် ခေါင်းငုံ့လိုက်ပြီး တည်ငြိမ်နေသော ရေမျက်နှာပြင်ကို ကြည့်လိုက်သည်။

သူ၏ အဝတ်အစားမှ အင်္ကျီလက်များနှင့် ဆံပင်ဖြူသည်သာ လေတိုက်ခတ်မှုကြောင့် တဖျပ်ဖျပ်လှုပ်ခတ်နေသည်။

ဤအခိုက်အတန့်မှာ သူကြည့်နေသော ရေကန်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်တချို့ ထွက်ပေါ်လာသည်။ ဝေဝါးသော ပုံရိပ်တစ်ခုသည် ရေအောက်ထဲမှာ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

ကြေးမုံ၏ မျက်နှာပြင်သည် အဖိုးအိုရှိနေသော ဟင်းလင်းပြင်ကို ပိုင်းခြားထားဟန် ရသည်။ ပုံရိပ်ဖြစ်ပေါ်လာသော ခန္ဓာကိုယ်က ကြေးမုံ၏ အခြားတစ်ဖက်မှာ ရှိနေသည့်အလားပင်။

အချိန်တစ်ခုကြာပြီးနောက် ရေအောက်ထဲမှ ထိုပုံရိပ်သည် ကြည်လင်လာသည်။ ယင်းက ရွှီချင်း ဖြစ်သည်။

ရွှီချင်း၏ အမူအရာသည် တည်ကြည်နေသည်။ သူ၏ နှလုံးသားထဲမှာ လှိုင်းတချို့ပင် ဖြစ်ပေါ်နေသည်။ သူက ခေါင်းငုံ့လိုက်ပြီး ခြေဖဝါးအောက်ကို ကြည့်လိုက်သည်။

သူ၏ အမြင်မှာတော့ သူနှင့် စီနီယာအကိုကြီးကို ကြေးမုံမှ ထုတ်လွှတ်လာသော အလင်းရောင်က လွှမ်းခြုံသွားပြီးနောက် အရာအားလုံးသည် ဗလာဖြစ်သွားသည်။

နောက်အခိုက်အတန့်မှာ အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည့်အခါ သူက ကြေးမုံရေကန်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခြေဖဝါးအောက်မှ ကြေးမုံမှလွဲ၍ ဘေးပတ်ဝန်းကျင်တွင် ဘာမှမရှိပေ။

ဤနေရာထဲမှာ တခြားလောကတစ်ခု ရှိနေဟန် ရသည်။ ယင်းက ဝတ်ရုံဖြူအဖိုးအို၏ ပုံရိပ်ကို အလင်းပြန်နေသည်။

နှစ်ဖက်စလုံးသည် ကြေးမုံရေကန်မှတဆင့် အပြန်အလှန် ကြည့်နေကြသည်။

ရွှီချင်း၏ မျက်လုံးထဲတွင် အလင်းပြန်လာသည်မှာ အေးစက်မှုပါဝင်နေသော မထူးမခြားနား မျက်လုံးတစ်စုံဖြစ်သည်။

ရွှီချင်းသည် သတိကြီးစွာထားလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခဲ့သော်လည်း သူ၏ စီနီယာအကိုကြီးကို မမြင်တွေ့ခဲ့ပေ။

“ မင်းနဲ့အတူ ရောက်လာတဲ့တစ်ယောက်က တခြားကြေးမုံထဲမှာ ရှိတယ်… သူက စမ်းသပ်မှုကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲ စဉ်းစားနေတယ် ”

တည်ငြိမ်သော အသံသည် ရွှီချင်း၏ ခြေဖဝါးအောက်ရှိ ကြေးမုံရေကန်ထဲမှ မြည်ဟိန်းထွက်လာပြီး ဟင်းလင်းပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ ဒီနေရာကို ဝင်ရောက်လာနိုင်တဲ့ ကျင့်ကြံသူအားလုံးက ဘယ်ကျင့်ကြံခြင်းအဆင့်မှာရှိပါစေ စမ်းသပ်မှုမှာ ပါဝင်ဖို့ အခွင့်အရေးရှိကြတယ် ”

“ တကယ်လို့ မင်းက စမ်းသပ်မှုကို အောင်မြင်သွားမယ်ဆိုရင် ကောင်းကင်ဘုံမျက်လုံးရဲ့ သခင်ဖြစ်လာပြီး ငါ့ရဲ့ သခင်လည်း ဖြစ်လာလိမ့်မယ်… တကယ်လို့ မင်းက စမ်းသပ်မှုကို ကျရှုံးသွားမယ်ဆိုရင် အခွင့်အာဏာအကန့်အသတ်ရှိတဲ့ ဒုတိယစာချုပ်ကို ရရှိလိမ့်မယ် ”

“ ဒီတော့ စမ်းသပ်မှုကို မင်းလုပ်ဆောင်မှာလား ”

မည်သည့်စိတ်ခံစားချက်မှ မပါရှိသော အေးတိအေးစက် အသံသည် ရွှီချင်း၏ နားထဲသို့ ဝင်ရောက်လာသည်။

ရွှီချင်းသည် တစ်ခဏ တွေးတောပြီးနောက် ချက်ချင်း မဆုံးဖြတ်ခဲ့ပေ။ ယင်းအစား သူက မေးသည်။

“ အဲ့ဒါက ဘာစမ်းသပ်မှုလဲ ”

“ ကြီးမြတ်တဲ့ ရည်မှန်းချက်တစ်ခုကို ပြုလုပ်ပါ ”

ရေမျက်နှာပြင်အောက်မှ ဝတ်ရုံဖြူအဖိုးအိုက ပေါ့ပါးစွာ ပြောသည်။

“ ကြီးမြတ်တဲ့ ရည်မှန်းချက်ရဲ့ စွမ်းအားနဲ့ စာချုပ်တစ်ခုကို ဖန်တီးပါ… ပြီးသွားရင် မင်းက စမ်းသပ်မှုကို ပြီးမြောက်ဖို့ အရည်အချင်းပြည့်မီကြောင်း ပြသပါ… အဲ့ဒါပြီးသွားရင် မင်းက ကြီးမြတ်တဲ့ ရည်မှန်းချက်ကို သတ်မှတ်ထားတဲ့ အချိန်အတောအတွင်းမှာ ပြီးမြောက်အောင် လုပ်ဆောင်ရမယ် ”

“ ကောင်းကင်ဘုံမျက်လုံးရဲ့ အခွင့်အာဏာကို ဘယ်လောက်အတိုင်းအတာထိ ရရှိနိုင်မလဲဆိုတာ မင်းရဲ့ ရည်မှန်းချက်အပေါ်မှာ မူတည်တယ် ”

“ တကယ်လို့ မင်းရဲ့ ရည်မှန်းချက်က သာမန်ဆိုရင် မင်းက စမ်းသပ်မှုကို အောင်မြင်သွားမယ်ဆိုရင်တောင် ကောင်းကင်ဘုံမျက်လုံးရဲ့ သခင်ဖြစ်လာမှာမဟုတ်ဘူး… မင်းက ဒုတိယစာချုပ်ကိုပဲ ရရှိလိမ့်မယ် ”

“ ကြီးမြတ်တဲ့ ရည်မှန်းချက်မှာပဲ ကြီးမားတဲ့ ကမ္မပါရှိတယ် ”

“ ဒါပေမဲ့ မင်းက လက်လွတ်စပယ် ဆောင်ရွက်လို့မဖြစ်ဘူး ”

ဝတ်ရုံဖြူအဖိုးသည် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ကျယ်လောင်သော အသံက မြည်ဟိန်းထွက်လာသည်။ ရေမျက်နှာပြင်သည် တအိအိလှိုင်းထသွားပြီး ရေခဲရုပ်တုဒါဇင်ကျော်က ထွက်ပေါ်လာကြသည်။

ထိုရေခဲရုပ်တုများသည် ယောင်္ကျားများနှင့် မိန်းမများဖြစ်ကြပြီး သူတို့အားလုံးသည် အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ သို့သော်လည်း သူတို့၏ အသက်ဓာတ်သည် ချိပ်ပိတ်ခံထားရသည်။

“ ဒီရေခဲရုပ်တုတွေက ဒီဘက်ခေတ်မှာ ကျရှုံးသွားတဲ့လူတွေပဲ… သူတို့ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်က အရမ်းချဲ့ကားလွန်းပြီး ယုတ္တိမရှိတာကြောင့် ဒီနေရာမှာ အပြစ်ပေးခံထားရတာပဲ… သူတို့ထဲက တချို့က သူတို့ရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့လို့ အခုချိန်ထိ အပြစ်ပေးခံထားရတာ ”

ရွှီချင်းသည် ရေခဲရုပ်တုများကို အမြန်စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း ခေါင်းဆောင်ကို သူမမြင်ပေ။ သူက စိတ်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“ ဒီတော့ မင်းရဲ့ ကြီးမြတ်တဲ့ ရည်မှန်းချက်က ဘာလဲ ”

ကြေးမုံရေကန်အောက်မှ ဝတ်ရုံဖြူအဖိုးအိုသည် ရွှီချင်းကို မထူးမခြားနား ကြည့်လိုက်သည်။

ရွှီချင်းသည် တစ်ခဏတွေးတောလိုက်သည်။ ခေါင်းဆောင်က ဤအတွက် အချိန်ကြာကြာ ပြင်ဆင်ထားခဲ့သည်ဟု သူခံစားမိသောကြောင့် မည်သည့်ပြဿနာမှမရှိရန် ရာခိုင်နှုန်း အလွန်များသည်။ သူ၏ စီနီယာအကိုကြီးသည် တစ်ခါတစ်ရံ မယုံကြည်ရသော်လည်း ကိစ္စကြီးများနှင့်ပတ်သက်လာသည့်အခါတိုင်း သူက အလုံအလောက် ရူးသွပ်နေဆဲပင်။

သို့ဖြစ်၍ သူ့အနေဖြင့် စွန့်စားမှုအလွန်များသော ကိစ္စများကို လုပ်ဆောင်ရန် မလိုအပ်ပေ။ ဥပမာ နီလာနတ်သမီးကို သတ်ဖြတ်ခြင်းဟူသော ရည်မှန်းချက်ဖြစ်သည်။

သူ၏ နှလုံးသားထဲမှ ဆန္ဒအတိုင်းသာ လုပ်ဆောင်မည်။

ရွှီချင်းသည် တစ်ခဏ တွေးတောပြီးနောက် ရေကန်၏ အခြားတစ်ဖက်မှ ဝတ်ရုံဖြူအဖိုးအိုကို ကြည့်လိုက်သည်။

“ ငါ့မှာ ကြီးမြတ်တဲ့ ဘာရည်မှန်းချက်မှ မရှိပါဘူး ”

“ လဝတ်ပြုဒေသကြီးမှာ ငါအလုပ်ချင်ဆုံးအရာက ဒီနေရာက သက်ရှိအားလုံးရဲ့ ကျိန်စာကို ဖယ်ရှားပေးနိုင်မယ့် ဆေးလုံးကို သန့်စင်ချင်တာပါပဲ… အထူးသဖြင့် လူသားမျိုးနွယ်အတွက်ပေါ့ ”

ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။ ဤကိစ္စသည် အတိတ်တွင် ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ သူရောက်လာရသည့် အဓိကအကြောင်းအရင်း ဖြစ်သည်။ သူက ကျိန်စာနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းရန် လပုန်ကန်ခန်းမထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ရေကန်၏ မျက်နှာပြင်ပေါ်မှာ လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ ဝတ်ရုံဖြူအဖိုးအို၏ အမူအရာသည် ပြောင်းလဲသွားသည်။ အကယ်၍ တခြားကျင့်ကြံသူက ထိုသို့စကားမျိုးပြောလာလျှင် တစ်ဖက်လူက လိမ်ညာနေသည်ဟု သူက ချက်ချင်း ဆုံးဖြတ်လိမ့်မည်။

သို့သော်လည်း လပုန်ကန်ခန်းမ၏ လက်နက်ဝိညာဉ်အနေဖြင့် လပုန်ကန်ခန်းမထဲမှ ရွှီချင်း၏ လုပ်ဆောင်မှုအားလုံးကို သူမြင်သည်။ ထိုထဲမှာ ကျိန်စာဖယ်ရှားဆေးလုံးလည်း ပါဝင်သည်။

တစ်ဖက်လူ၏ လုပ်ဆောင်မှုအားလုံးက ထိုကြီးမြတ်သော ရည်မှန်းချက်အပေါ် လျှောက်လှမ်းရန် ဖြစ်နိုင်ပေသည်။

တစ်ခဏကြာပြီးနောက် ဝတ်ရုံဖြူအဖိုးအိုသည် လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ရွှီချင်း၏ အရှေ့မှ ရေသည် လှိုင်းထလာသည်။ ထို့နောက် ဧရာမဆေးမီးဖိုတစ်လုံးသည် ရေကန်ထဲမှ မြှောက်တတ်လာသည်။

“ ဒီနေရာမှာ အရာအားလုံးကို ဗလာနတ္ထိကနေ ဖန်တီးနိုင်ပြီး ပစ္စည်းတွေအဖြစ် အသွင်ပြောင်းလဲနိုင်တယ်… အဲ့ဒါတွေအားလုံးက အတုယောင်တွေဆိုပေမဲ့ မင်းက တောင်းဆိုလိုက်တာနဲ့ ငါက ဖန်တီးပေးနိုင်တယ် ”

“ မင်းက ဒီနေရာမှာ ဆေးလုံးသန့်စင်ပြီး စမ်းသပ်မှုကို စတင်နိုင်တယ် ”

“ ဒီနေရာက အချိန်စီးဆင်းမှုက အပြင်လောကနဲ့ ခြားနားတယ်… ဒါကြောင့် အချိန်ကို မင်းဂရုစိုက်စရာမလိုဘူး ”

“ မင်းက စမ်းသပ်မှုကို ကျော်ဖြတ်ဖို့ ကျိန်စာကို (၂၀)ရာခိုင်နှုန်းလျှော့ချပေးနိုင်တဲ့ ဆေးလုံးတစ်လုံးကို သန့်စင်ပေးရမယ် ”

ထိုသို့ပြောပြီးနောက် ဝတ်ရုံဖြူအဖိုးအို၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး သူ့အရှေ့မှ ဆေးမီးဖိုကို ကြည့်လိုက်သည်။ သူက ဆေးမီးဖိုအနားကပ်သွားပြီး စစ်ဆေးကြည့်ရှုလိုက်သည့်အခါ သူ့နှလုံးသားထဲမှာ လှိုင်းထလာသည်။

ထိုဆေးမီးဖိုသည် အလွန်စစ်မှန်ပြိး အတုယောင်ဟု လုံးဝမထင်မှတ်ရပေ။

“ ဒီနေရာမှာ အရာအားလုံးကို ဖန်တီးနိုင်တယ်လား ”

ရွှီချင်းသည် ရုတ်တရက် တောင်းဆိုသည်။

“ ကောင်းကင်ကံကြမ္မာပန်းဆယ်ပွင့်ကို ငါလိုချင်တယ် ”

သူက တောင်းဆိုလိုက်သည်နှင့်ချက်ချင်း လှိုင်းဂယက်များသည် ဘေးပတ်ဝန်းကျင်ရှိ ရေမျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ ရေစက်ဆယ်စက်သည် အပေါ်သို့ မြှောက်တတ်သွားပြီး ရွှီချင်း၏ အရှေ့မှာ လွင့်မျောနေသည်။ ထို့ရေစက်ဆယ်စက်သည် လည်ပတ်လာပြီး နောက်ဆုံးမှာတော့ ကောင်းကင်ကံကြမ္မာပန်းဆယ်ပွင့်သို့ ပြောင်းလဲသွားကြသည်။

ပန်းပွင့်၏ အရှိန်အဝါသော်လည်းကောင်း အထဲမှာ ပါဝင်သော ဆေးအာနိသင်သော်လည်းကောင်း တကယ့်အစစ်အမှန်အလား အောက်မေ့ရသည်။

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ပန်းတစ်ပွင့်ကို ယူကြည့်ပြီးနောက် ဂရုတစိုက် စစ်ဆေးလေ့လာကြည့်သည်။ အချိန်အတော်ကြာပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ပန်းပွင့်ကို ဝါးစားလိုက်ပြီး ကိုယ်တိုင်ခံစားကြည့်သည်။

“ အရာအားလုံးက အစစ်အမှန်အတိုင်းပဲ… ဆေးအာနိသင်ရောပဲ… ဒါပေမဲ့ အားလုံးက ခံစားချက်တစ်ခုပဲ… တကယ်လက်တွေ့မှာ အဲ့ဒါက မတည်ရှိဘူး… စားလိုက်တယ်ဆိုတာကို ငါက ခံစားမိရုံသက်သက်ပဲ ”

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။

“ ဒီနေရာမှာ အသိအမြင်ကို ပြောင်းလဲနိုင်တဲ့ စွမ်းအားတစ်မျိုးရှိတယ်… ဒါပေမဲ့ အဲ့ဒါက အိမ်ရှေ့စံမင်းသားအသုံးပြုတဲ့ဟာနဲ့ ခြားနားတယ် ”

“ အိမ်ရှေ့စံမင်းသားက သူ့ရဲ့ ဘေးပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်တဲ့ အခွင့်အာဏာကို ပိုင်ဆိုင်ထားတာ ”

“ ဒီနေရာကတော့ အဲ့ဒီအခွင့်အာဏာကို ဖြန့်ကြက်ထားတဲ့ ပုံစံမျိုးပဲ… အဲ့ဒါက တခြားလူတွေ အသုံးပြုနိုင်တဲ့အရာ ဖြစ်လာတယ် ”

“ ပြီးတော့ ဒီအသုံးပြုပုံက ပိုပြီးလွှမ်းမိုးခြယ်လှယ်နိုင်တယ်လို့ ခံစားရမိတယ် ”

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည့်အခါ ဤနေရာက အလွန်ကောင်းမွန်ကြောင်း ရုတ်တရက် ခံစားမိသွားသည်။ ကျိန်စာဖယ်ရှားဆေးလုံးများကို ဖန်တီးသည့်အခါ သူတွေ့ကြုံရလေ့ရှိသော အခက်အခဲတချို့သည် ဤနေရာကြောင့် လျော့ကျသွားသည်။

“ လဝတ်ပြုဒေသကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် ဒီနေရာမှာ ဆေးပင်အများစုက အရမ်းရှားပါးတယ်… ”

ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ထပ်မံပြောသည်။

“ နှစ်တစ်ထောင် မြေဒြပ်စင်ဝိညာဉ်ဝါးပင် ”

“ ကောင်းကင်မြူခိုးအင်မော်တယ်မြက်သုံးထောင် ”

“ သစ်သားနဂါးမိုးကြိုးသစ်ရွက်တစ်သောင်း ”

“ ပြီးတော့ တိမ်ပုံရိပ်ယောင်ပန်း၊ ကိုးရက်ခြောက်မြက်ပင်၊ ခုနစ်ရက်ခြောက်မြက်ပင်နဲ့ နှစ်တစ်ထောင်ပိုးစာပင်အမြစ်… ”

ထိုကောင်းကင်ရတနာများသည် ဖုန်းဟိုင်ဒေသငယ်ထဲမှာပင် အလွန်ရှားပါးသည်။ ရွှီချင်းသည် ဆေးပင်ဒါဇင်ခန့်ကို တစ်ပြိုင်တည်း တောင်းဆိုခဲ့သည်။ မကြာမီ အရေအတွက်များပြားသော ဆေးပင်များသည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာကြသည်။

ယင်းက ရွှီချင်းကို အံ့အားသင့်စေသည်။ ထို့ကြောင့် သူက ထပ်မံတောင်းဆိုသည်။ ဤတစ်ကြိမ်တွင် သူက ဆေးပင်တစ်ရာကျော်ကို ပြောသည်။ ဆေးပင်များသည် တစ်ပင်ပြီးတစ်ပင် ထွက်ပေါ်လာကြသည်။ အကယ်၍ အလယ်မှာ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့လျှင်ပင် ရွှီချင်းက ဆေးပင်၏ အသွင်ပုံစံနှင့် ဆေးအာနိသင်ကို ဖော်ပြလိုက်သည့်အခါ ယင်းတို့က အသစ်တဖန် ပြန်ဖွဲ့စည်းသွားလိမ့်မည်။

ထိုသို့ဖြင့် သူက ထပ်ခါထပ်ခါ ချိန်ညှိပြီးနောက် သူ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ဆေးပင်များကို ရရှိလာခဲ့သည်။

ရွှီချင်းသည် နှလုံးခုန်မြန်လာသည်။ ဤနေရာက ဆေးပညာရှင်များအတွက် နိဗ္ဗာန်ဟုပင် သူတွေးမိသည်။

ရွှီချင်းသည် ချက်ချင်း လက်ဝှေ့ယမ်းလိုက်ပြီး ရှားပါးသော ဆေးပင်များကို ဖမ်းဆုပ်လိုက်သည်။ သူက ဆေးပင်များကို ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် သူ၏ စိတ်ထဲမှာ တွေးထားပြီးသော ဆေးညွှန်းအတိုင်း စတင်သန့်စင်သည်။ အကယ်၍ သူက ကျရှုံးသွားလျှင်ပင် ကိစ္စမရှိပေ။ သူက နောက်တစ်ကြိမ် ထပ်မံကြိုးစားကြည့်နိုင်သည်။

ဤနေရာမှာ အဆုံးမဲ့သော ဆေးပင်များရှိသည်။

ဆေးပင်ကုန်ဆုံးမှုကို စိုးရိမ်စရာမလိုသော အချက်သည် ရွှီချင်းကို အလွန်ပျော်ရွှင်စေသည်။ သူက ဆေးလုံးသန့်စင်ခြင်းတွင် သူ့ကိုယ်သူ စိတ်နှစ်မြုပ်ထားလိုက်ပြီး သူ၏ စိတ်ထဲမှာရှိသော ဆေးညွှန်းများကို တစ်ခုပြီးတစ်ခု သန့်စင်သည်။

“ ကျိန်စာဖယ်ရှားဆေးလုံးအတွက် ငါ့မှာ အကြံရှိပြီးသားပဲ… ကျိန်စာကို (၂၀)ရာခိုင်နှုန်းလျော့ချပေးတဲ့ ဆေးလုံးကို သန့်စင်ဖို့ဆိုတာ ငါ့အတွက် ခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး… အဲ့ထက်တောင် ပိုပြီးလျော့ချပေးနိုင်လောက်တယ်… ”

“ ဒါ့အပြင် ဒီနေရာက ငါ့အတွက် အရမ်းအသုံးဝင်တယ်… ဒီနေရာမှာ အဆိပ်ဆေးပင်တွေကို ငါဖန်တီးနိုင်တယ် ”

ရွှီချင်း၏ အကြည့်သည် မီးတောက်လာသည်။

“ ငါလိုချင်တဲ့ အဆိပ်ဆေးပင်တွေအားလုံးကို ဒီနေရာမှာ ဖန်တီးနိုင်တယ် ”

“ အဲ့ဒါက အတုယောင်ဆိုပေမဲ့ ခံစားမှုက တကယ့်အစစ်အမှန်အတိုင်းပဲ… ခန္ဓာကိုယ်ရဲ့ ဗီဇတုံ့ပြန်မှုတွေကို ဒီနေရာမှာ ဖွဲ့စည်းနိုင်လိမ့်မယ် ”

“ အရင်က အဆိပ်ဆေးပင်တွေရှားပါးတာကြောင့် တားမြစ်အဆိပ်ကို ငါ့ရဲ့အကြည့်ထဲမှာ မသန့်စင်နိုင်ခဲ့ဘူး… ဒါပေမဲ့ ဒီနေရာမှာဆိုရင်တော့ တားမြစ်အဆိပ်ကို ငါ့ရဲ့အကြည့်ထဲမှာ အောင်အောင်မြင်မြင် သန့်စင်နိုင်လိမ့်မယ် ”

All Chapters