တားမြစ်အဆိပ်ကို အကြည့်ထဲတွင် သန့်စင်ခြင်း(ဂ)
Vol. 67 Ch. 1040
အေးစက်စက် လေသည် ပိုပြီးသိပ်သည်းလာသည်။ ထိုထဲမှာ အရာအားလုံးကို အေးခဲစေနိုင်သောအစွမ်း ပါရှိသည်။ ယင်းက ရွှီချင်းထံသို့ နေရာအနှံ့မှ ဦးတည်လာနေသည်။
ရေက အေးခဲသွားသည့်အခါ အက်ကွဲသံများပင် ထွက်ပေါ်လာသည်။ ထိုလေအေးက ရွှီချင်းကို ထိတွေ့တော့မည့်ဟန် ရသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှ အဆိပ်မြူခိုးသည် ရုတ်တရက် တအိအိလှုပ်ခတ်လာသည်။ ယင်းက တလိပ်လိပ် ရွေ့လျားလာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ဤသည်မှာ အဆိပ်မြူခိုးအတွင်းမှာ ရှိနေသော ရွှီချင်းက တွင်းနက်တစ်ခုဖြစ်လာသည့်အလား အဆိပ်အားလုံးကို မျက်စိတစ်မှိတ်အတွင်း စုပ်ယူလိုက်သည်။
အဆိပ်မြူခိုးက ပျောက်ကွယ်သွားသည့်အခါ ရွှီချင်း၏ ပုံရိပ်က ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူက ရုတ်ချည်း မျက်လုံးဖွင့်လိုက်သည်။
သူ၏ အနက်ရောင်မျက်လုံးသည် အသူရာချောက်နက်သဖွယ် အောက်မေ့ရသည်။ တစ်စုံတစ်ယောက်က သူ၏ အကြည့်ဖြင့် တွေ့ဆုံသွားသည့်အခါ ထိုသူက အသူရာချောက်နက်ကို ကြည့်နေရသည့်အလား သို့မဟုတ် အသူရာချောက်နက်က သူ့အား ကြည့်နေသည့်အလား ခံစားမိသွားလိမ့်မည်။
သူ၏ အကြည့်သည် အလွန်နက်ရှိုင်းသည်။ ဤသည်မှာ ထိုမျက်လုံးထဲတွင် ထာဝရအမှောင်ညကို ဖုံးကွယ်ထားသည့်အလားပင်။ ယင်းက သူ့မျက်လုံးအား ကြည့်မိသူတိုင်းကို နှလုံးတုန်သွားစေရန် လုံလောက်သည်။
အံ့ဩစရာအကောင်းဆုံးမှာ ထိုအကြည့်ထဲတွင် ဒြပ်နှောများပါဝင်နေခြင်း ဖြစ်သည်။
ထိုဒြပ်နှောသည် ထူးခြားသည်။ ယင်းက သူ့အကြည့်ဖြင့် တွေ့ဆုံသွားသော မည်သူမဆို ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် တားမြစ်အဆိပ်၏ သက်ရောက်ခြင်းခံရလိမ့်မည်။
ယင်းက တားမြစ်အဆိပ်မျက်လုံးဖြစ်သည်။
ဝတ်ရုံဖြူအဖိုးအို၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူရှိနေသော ကြေးမုံရေကန်သည် ချက်ချင်း အနက်ရောင်သို့ ပြောင်းလဲသွားသည်။ မင်ရည်ကဲ့သို့ မည်းနက်သော နွယ်ပင်များသည် ရေမျက်နှာပြင်ပေါ်မှာ ပေါ်လျှိုးလာကြသည်။
“ ရဲတင်းလိုက်တာ ”
ဝတ်ရုံဖြူအဖိုးအိုသည် နက်ရှိုင်းစွာ ဟိန်းအော်လိုက်သည်။ ရေကန်သည် တအိအိလှိုင်းထသွားပြီး ကြေးမုံသည် အရောင်တောက်ပလာသည်။ အေးစက်စက် လေသည် ကောင်းကင်အထိ တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။ ယင်းက ပေါက်ကွဲရန် သိပ်မလိုတော့ပေ။
ထိုအခိုက်အတန့်မှာ ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှာ ပေါ်လျှိုးလာနေသော အေးစက်စက် လေလှိုင်းများကို လျစ်လျူရှုထားလိုက်သည်။ သူက ခေါင်းငုံ့လိုက်ပြီး ညာဘက်လက်ကို ကြည့်လိုက်သည်။
သူ၏ ညာလက်ထဲမှာ ဆေးတစ်လုံးရှိသည်။
သူ၏ အကြည့်အောက်မှာ တားမြစ်အဆိပ်သည် ဆေးလုံးအပေါ်သို့ ကျရောက်သွားပြီး ဆေးလုံး၏ အနှစ်သာရကို မြန်ဆန်စွာ ပြောင်းလဲသွားစေသည်။ ကျိန်စာကိုလျှော့ချနိုင်သော ဆေးအာနိသင်သည် လျှင်မြန်စွာ မြင့်တတ်သွားသည်။
ရွှီချင်း၏ တားမြစ်အဆိပ်ထဲမှာ နတ်ဘုရားကျိန်စာသာမက အစောနက သူဝါးမျိုခဲ့သော အဆိပ်အားလုံးပါဝင်သည်။ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးသည် သူ၏ အကြည့်ထဲမှာ စုဝေးသွားပြီး ကျိန်စာဖယ်ရှားဆေးလုံးနှင့် ပေါင်းစပ်သွားသည်။
ထိုအတုယောင်အဆိပ်များက ဆေးလုံးနှင့် ပေါင်းစပ်သွားသည်။ ယင်းတို့က ဆေးလုံးအတွင်းမှာ အတူတကွ ရောနှောသွားပြီး သဟဇာတဖြစ်လာသည်။
ကျိန်စာဖယ်ရှားဆေးလုံး၏ အာနိသင်သည်တော့ ဤအခိုက်အတန့်မှာ တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ယင်းက (၂၀)ရာခိုင်နှုန်းနီးပါးမှ နောက်တစ်ဆင့်သို့ ခုန်ပျံကျော်လွှားသွားပြီး (၃၀)ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ သို့တိုင် ယင်းက ဆက်လက် မြင့်တတ်နေဆဲပင်။
နောက်ဆုံးမှာတော့ ယင်းက ခရမ်းရောင်အလင်းကို ထုတ်လွှတ်လာသည်။ ဘေးပတ်ဝန်းကျင်က ဝေဝါးလာသည့်အခါ ရွှီချင်းသည် ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ ဘေးပတ်ဝန်းကျင်မှ အေးစက်စက်လေက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာသည့်အခိုက် သူက နောက်ဆုံးစကားကို ပြောလိုက်သည်။
“ ဆေးလုံးပြီးမြောက်သွားပြီ… အဲ့ဒါက ကျိန်စာကို… (၅၀)ရာခိုင်နှုန်းလျော့ချပေးနိုင်တယ် ”
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း အေးစက်စက် လေသည် ရွှီချင်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ မခုခံနိုင်သော ဥပဒေသစွမ်းအင်များအောက်မှာ သူ၏ ခန္ဓာကိုယ်သည် ရေခဲရုပ်တုသို့ တိုက်ရိုက် ပြောင်းလဲသွားသည်။
သူ၏ လက်ထဲမှ ဆေးလုံးသည်သာ အောက်သို့ ပြုတ်ကျသွားပြီး ရေကန်ပေါ်မှ ရေခဲအလွှာပေါ်မှာ လွင့်မျောနေသည်။ ယင်းက ခရမ်းရောင်အလင်းတောက်ပနေပြီး အတုယောင်ဟူသော ခံစားမှုကို ပေးသည်။
အချိန်အတော်ကြာပြီးနောက် ဆေးလုံးသည် ရေခဲထဲသို့ ဝင်ရောက်သွားပြီး ဝတ်ရုံဖြူအဖိုးအို၏ လက်ထဲမှာ ထွက်ပေါ်လာသည်။
ဝတ်ရုံဖြူအဖိုးအိုသည် သူ၏ လက်ထဲမှ ဆေးလုံးကို ကြည့်လိုက်သည်။ သူ၏ အမူအရာသည် ထပ်မံပြောင်းလဲသွားသည်။ ပထမ သူက ထိတ်လန့်သွားပြီး ထို့နောက် ဇဝေဇဝါဖြစ်သွားကာ စိတ်ရှုပ်ထွေးသွားသည်။ နောက်ဆုံးမှာတော့ သူက တုံ့ဆိုင်းသွားသည်။
လက်နက်ဝိညာဉ်ဖြစ်ခဲ့သော သူ့ဘဝတစ်လျှောက်တွင် ထိုသို့ဆေးလုံးမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
အချိန်အတော်ကြာပြီးနောက် သူက ဆေးလုံးကို ရုတ်တရက် လေမှုတ်လိုက်သည်။
သူ၏ အသက်ရှူထုတ်မှုအောက်မှာ ဆေးလုံးသည် အတုယောင်မှ အစစ်မှန်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ရေခဲရုပ်တုသည် သူ့အရှေ့မှာ ရုတ်တရက် ပေါ်ထွက်လာပြီး အရည်ပျော်သွားလေရာ အထဲမှ သက်လတ်ပိုင်းအမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။
ထိုလူထွားကြီး၏ ခန္ဓာကိုယ်ထဲမှ ဗလာနတ္ထိကျင့်ကြံခြင်းအရှိန်အဝါက ပေါက်ကွဲထွက်လာသည်။ သူက နိုးထလာပြီးနောက် တစ်ခဏ မိန်းမောတွေဝေသွားသည်။ သို့သော်လည်း သူက သတိပြန်ရလာပြီးနောက် ထွက်ပြေးရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား သူက ရိုသေလေးစားစွာ လက်သီးဆုပ်လိုက်ပြီး ဝတ်ရုံဖြူအဖိုးအိုကို အရိုအသေပေးလိုက်သည်။
“ နှုတ်ဆက်ပါတယ်အရှင် ”
“ ဒီဟာကို စားလိုက် ”
ဝတ်ရုံဖြူအဖိုးအိုသည် အမူအရာကင်းမဲ့စွာ ရှိနေဆဲပင်။ သူက လက်ထဲမှ ဆေးလုံးကို ဝှေ့ယမ်းလိုက်လေရာ ယင်းက လူထွားကြီး၏ အရှေ့သို့ ကျရောက်သွားသည်။
လူထွားကြီးသည် အနည်းငယ် တုံ့ဆိုင်းနေသည်။ သို့သော်လည်း အဆုံးမှာတော့ သူက လိုက်နာရန် ရွေးချယ်လိုက်သည်။ သူက ဆေးလုံးကို လက်ခံယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ဆေးလုံးကို မမျိုချခင် သူ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် သူက ဆေးလုံး၏ အာနိသင်ကို ခံစားကြည့်သည်။
အချိန်အတော်ကြာပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်လာသည်။ သူက ရုတ်ချည်း မျက်လုံးဖွင့်လိုက်ပြီး အနီရောင်သွေး အများအပြားကို အန်ထုတ်လိုက်သည်။
ထိူသွေးထဲမှာ အလွန်သိပ်သည်းသော ကျိန်စာအရှိန်အဝါနှင့် ယိုယွင်းပျက်စီးမှုအရှိန်အဝါ ပါရှိသည်။ သွေးသည် လေထဲမှာ စုဝေးသွားပြီး ဝေဝါးသော အနီရောင်လပုံရိပ်သို့ ပြောင်းလဲသွားသည်။ ထိုထဲမှ ကျိန်စာစွမ်းအားက ပေါက်ကွဲထွက်လာတော့မည့်ဟန် ရသည်။
သို့သော်လည်း ဝတ်ရုံဖြူအဖိုးအိုသည် နှာခေါင်းရှုံ့လိုက်သည်။ ချက်ချင်းပင် ဟင်းလင်းပြင်သည် တုန်ယင်လာပြီး အနီရောင်လကို ဖိနှိပ်ရန် ဆင်းသက်လာသည်။
သွေးသည် ရေခဲအဖြစ် အေးခဲသွားပြီး ရေကန်ထဲသို့ ပြုတ်ကျသွားသည်။ ထိုထဲမှ စွမ်းအားအတတ်အကျအားလုံးသည် ချိပ်ပိတ်ခံလိုက်ရသည်။
ထိုသို့လုပ်ဆောင်ပြီးနောက် ဝတ်ရုံဖြူအဖိုးအိုသည် လူထွားကြီးကို ကြည့်လိုက်သည်။ ထူးဆန်းသော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းမှာ သူ၏ အမူအရာသည် ထပ်မံပြောင်းလဲသွားသည်။ ထိတ်လန့်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
လူထွားကြီးသည်လည်း ထိတ်လန့်သွားသည်။ သူ၏ ခန္ဓာကိုယ်ကို အာရုံခံကြည့်လိုက်သည့်အခါ သူက အလန့်တကြား အော်ပြောလိုက်မိသည်။
“ ငါ့ရဲ့ကျိန်စာက… ထက်ဝက်တောင် လျော့ကျသွားတယ် ”
“ အရှင်… အဲ့ဒါက ဘာဆေးလုံးလဲ ”
ဝတ်ရုံဖြူအဖိုးအိုသည် လူထွားကြီး၏ မေးခွန်းကို ပြန်မဖြေပေ။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အေးစက်စက် လေသည် ချက်ချင်း ပေါ်လျှိုးလာပြီး သူ့ကို နောက်တစ်ခါ လွှမ်းခြုံသွားသည်။ လူထွားကြီးသည် ရေခဲရုပ်တုအဖြစ် ပြောင်းလဲသွားပြီး ရေကန်ထဲသို့ နစ်မြုပ်သွားသည်။
ထို့သို့လုပ်ဆောင်ပြီးနောက် ဝတ်ရုံဖြူအဖိုးအိုသည် တစ်ခဏကြာအောင် နေရာမှာရပ်နေပြီး စဉ်းစားလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က ရေကန်ထဲသို့ နစ်မြုပ်သွားသည်။
သူပြန်ပေါ်လာသည့်အခါ ရွှီချင်း၏ ရေခဲရုပ်တုရှိနေသောနေရာသို့ ရောက်ရှိသွားသည်။
သူ့အရှေ့မှာ ရေခဲရုပ်တုကို ကြည့်နေရင်း ဝတ်ရုံဖြူအဖိုးအိုသည် ထပ်မံတိတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် သူက လက်မြှောက်လိုက်ပြီး ရွှီချင်း၏ မျက်ခုံးနှစ်ခုကြားနေရာကို ထိလိုက်သည်။
သူ၏ လက်ဖြင့် ထိလိုက်သည်နှင့်ချက်ချင်း ရေခဲရုပ်တုသည် ချက်ချင်း အရည်ပျော်သွားသည်။ ဘေးပတ်ဝန်းကျင်မှ မြူခိုးသည်လည်း လွင့်ပြယ်သွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ ခဏအကြာမှာ သူက သတိပြန်ရလာသည်။
“ နှုတ်ဆက်ပါတယ် စီနီယာ ”
ရွှီချင်းသည် မအံ့ဩပေ။ တစ်ဖက်လူက စောစောက သူ၏ အပြုအမူများကို မည်သို့အဓိပ္ပာယ်ကောက်ပါစေ ယင်းက ကိစ္စမရှိပေ။ အရေးကြီးဆုံးမှာ သူ၏ စောစောက လုပ်ဆောင်မှုအားလုံးသည် ကျိန်စာဖယ်ရှားဆေးလုံးကို သန့်စင်ရာမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ကြောင်း ဝတ်ရုံဖြူအဖိုးအိုကို နားလည်စေလိုခြင်း ဖြစ်သည်။
မည်သို့ဖြစ်ပါစေ သူ၏ နောက်ဆုံးအကြည့်က ဆေးလုံး၏ ကျိန်စာလျှော့ချနိုင်သော ရာခိုင်နှုန်းကို တစ်ဟုန်ထိုး မြင့်တတ်သွားစေခဲ့သည်မဟုတ်ပါလော။ ထိုအချက်က အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။
ဝတ်ရုံဖြူအဖိုးအိုသည် ရွှီချင်းကို ထူးဆန်းသော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူ၏ နက်ရှိုင်းသော အသံသည် ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ သမိုင်းတစ်လျှောက်မှာ စမ်းသပ်မှုရဲ့ ပထမအပိုင်းကို အောင်မြင်ခဲ့တဲ့လူ (၇၂)ယောက်ရှိတယ်… ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ အောင်မြင်သူ(၃)ယောက်ပဲ ရှိသေးတယ် ”
“ အခု မင်းက (၄)ယောက်မြောက် လူပဲ ”