အိမ်ရှေ့စံမင်းသားကို ကိုယ်စားပြုခြင်း
Vol. 67 Ch. 1047
အချိန်သည် မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်ဆုံးသွားသည်။
နတ်ဘုရားသားတော်၏ အသိုက်က နေရာတိုင်းမှာ ပေါ်ထွက်လာသည်နှင့် လဝတ်ပြုဒေသကြီးထဲမှ အခြေအနေသည် ပိုပြီးဆိုးဝါးလာသည်။
စတုတ္ထခန်းမသခင်အဖွဲ့၏ တိုက်ပွဲရှုံးနိမ့်သွားသော သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ချက်ချင်းပင် လပုန်ကန်ခန်းမ၏ လက်ထောက်ခန်းမသခင်များနှင့် ဖွဲ့စည်းထားသော တော်လှန်ရေးစစ်တပ်၏ စိတ်ဓာတ်တတ်ကြွမှုသည် လျော့ကျသွားသည်။
သူတို့က မျှော်လင့်ချက်အားလုံးကို ဆုံးရှုံးသွားဟန် ရသည်။ မီးပွားစ၏ တောက်လောင်မှုက တစ်စုံတစ်ယောက်၏ နောက်ဆုံးအခိုက်အတန့်မှာ ထွက်ပေါ်လာသော နေဝင်ဆည်းဆာအလင်းဖြစ်ဟန် တူသည်။
သဲကန္တာရသည်သာ ထိုအခြေအနေမှာ ပိုပြီးနာမည်ကျော်ကြားလာသည်။ အိမ်ရှေ့စံမင်းသား၏ တည်ရှိမှုကြောင့် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ ကျင့်ကြံသူများသာ မြို့ငယ်လေးကို မြင့်မြတ်ကုန်းမြေအဖြစ် တွေးထင်ထားကြရုံတင်မကဘဲ အပြင်ဘက်မှ အင်အားစုများကလည်း သဲကန္တာရကို မြင့်မြတ်ကုန်းမြေအဖြစ် သဘောထားကြသည်။
သို့ဖြစ်၍ နေ့တိုင်း လူအများအပြားက သဲကန္တာရဆီသို့ နေရာအနှံ့မှ ချီတတ်လာလေ့ ရှိသည်။ သူတို့က ဤနေရာကို ဝင်ရောက်ချင်ကြသည်။ စစ်မှန်သော ခုခံမှုကို ရှာဖွေချင်ကြသည်။
သို့သော်လည်း အနီရောင်လဗိမာန်၏ ပိတ်ဆို့တားဆီးမှုသည် ပိုပြီးအားကောင်းလာသည်။ သို့တိုင် ထိုအတောအတွင်းမှာ မျှော်လင့်မထားသော ကိစ္စတချို့က ဖြစ်ပေါ်လာသည်။ ထို့ပြင် လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်များက ဆင်းသက်လာပြီး အနီရောင်လဗိမာန်၏ ပိတ်ဆို့တားဆီးမှုကို ပြိုကွဲသွားစေသည်။
ဘိုးဘေးမိုကွေ့သည် အိမ်ရှေ့စံမင်းသား၏ အမိန့်နှင့်အတူ သဲကန္တာရထဲမှ အရေအတွက်များပြားသော ကျင့်ကြံသူများကို ဦးဆောင်လျက် သဲကန္တာရ၏ အစွန်အဖျားမှာ စောင့်ကြပ်ပေးနေပြီး ခိုလှုံရန် ရောက်ရှိလာကြသူများကို လက်ခံသည်။
သဲကန္တာရထဲမှ လေသည် အပြင်လူများကို မဝင်ရောက်ရန် တားဆီးထားသော်လည်း ထိုလေသည် ခေါင်းဆောင်၏ အပေးအယူမှတဆင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပါလော။ အိမ်ရှေ့စံမင်းသား၏ ကျင့်ကြံခြင်းအဆင့်နှင့် သရုပ်အဆင့်ကြောင့် သူက အဆင့်မြင့်နတ်ဘုရားမီးလျှံလဖြင့် မဟာမိတ်ဖွဲ့ရန် အရည်အချင်း ပြည့်မီသည်။
ထို့ကြောင့် သူ၏ နတ်ဘုရားစိတ်အာရုံကို လေထဲသို့ ပို့လွှတ်လိုက်သည့်အခါ ဤနေရာမှ လေသည် သူ၏ ဆန္ဒကို သဘောတူခဲ့သည်။ ယင်းက ဝင်ရောက်လာသူအားလုံးကို မကန့်သတ်တော့ပေ။ အနီရောင်လဗိမာန်မှ ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားသည်။
ရလဒ်အနေဖြင့် လဝတ်ပြုဒေသကြီးထဲမှ တော်လှန်ရေးအင်အားစုများ၏ ရောက်ရှိလာမှုက သဲကန္တာရထဲမှ အင်အားစုများကို နေ့စဉ်နှင့်အမျှ ကျယ်ပြောလာစေသည်။
သဲကန္တာရထဲမှ အင်အားစုများထံသို့ ဝင်ရောက်ပြီးကြသော ကျင့်ကြံသူများသည် စိတ်လှုပ်ရှားလာကြသည်။ သို့သော်လည်း အိမ်ရှေ့စံမင်းသားနှင့် တွေ့ဆုံရန် သူတို့မှာ အရည်အချင်းမပြည့်မီကြောင်း သိထားကြသည်။ ထို့ကြောင့် သူတို့က ဆေးဆိုင်ကို အနှောင့်အယှက်မပေးကြပေ။ သူတို့က ဘဝကံကြမ္မာဆိုးတောင်တန်း၏ ဦးတည်ရာဆီသို့သာ အရိုအသေပေးနိုင်ကြသည်။
ဆေးဆိုင်သည်တော့ အများကြီး မပြောင်းလဲသွားပေ။ နင်ယန်၊ ဝူကျန်းဝူနှင့် တခြားလူများသည် သူတို့၏ နေ့စဉ်တာဝန်များကို ဆက်လက် လုပ်ဆောင်ကြသည်။ လင်းအာ၊ လီယိုဖေးနှင့် ဝိညာဉ်သခင်မယုံကျင်းသည်လည်း အတူတူပင်။
ရွှီချင်းတစ်ယောက်တည်းသာ ကမ္ဘာငယ်ထဲမှာ အချိန်ကုန်ဆုံးခဲ့သည်။
လွန်ခဲ့သော လဝက်အတွင်းမှာ သူက အချိန်အများစုကို ကမ္ဘာငယ်ထဲမှာ ကုန်ဆုံးခဲ့သည်။ အချိန်က အလွန်အရေးကြီးလာနေကြောင်း သူသိသည်။ အပြင်ဘက်မှ လက်ရှိအခြေအနေဖြစ်စေ သို့မဟုတ် ချဉ်းကပ်လာနေသော အနီရောင်လဖြစ်စေ ယင်းတို့အားလုံးက သူ့ကို တစ်စုံတစ်ခုပြောနေသည်။
ကဒ်ဘေးကျရောက်လာတော့မည်ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်းသည် ဤလဝက်အတွင်းမှာ မည်သည့်အချိန်မှ မဖြုန်းခဲ့ပေ။ သူက နတ်ဘုရားသားတော်များအား ဥဖောက်ပြီး သန့်စင်ရန် စိတ်နှစ်ထားခဲ့သည်။
ခေါင်းဆောင်လိုအပ်သော အရာမှာ နတ်ဘုရားသားတော်များ၏ သွေးထဲမှာ ပါရှိသော ဖရိုဖရဲဖြစ်မှုနှင့် ရူးသွပ်မှု ဖြစ်သည်။
ဤကမ္ဘာငယ်ထဲတွင် ရေခဲပြင်များသည် ဟိုးယခင်ကတည်းက အရည်ပျော်ကျသွားပြီး မြေပြင်သည် အနက်ရောင်ဆီဖြင့် ဖုံးလွှမ်းခံထားရသည်။ မရေမတွက်နိုင်သော ဥအခွံများနှင့် အဆုံးမရှိသော နတ်ဘုရားသားတော်များကို မြင်နိုင်လိမ့်မည်။
ခရမ်းလသည် လေထဲသို့ မြှောက်တတ်သွားပြီး အနီရောင်လ၏ အခွင့်အာဏာကို ထုတ်လွှတ်နေသည်။ ယင်းက ဤကမ္ဘာငယ်ကို လွှမ်းခြုံသွားပြီး နတ်ဘုရားသားတော်များကို ဥဖောက်နိုင်စေရန် အထောက်အကူပေးသည်။
နတ်ဘုရားသားတော်အားလုံးသည် မြေပြင်ပေါ်မှာ ဝမ်းလျားမှောက်နေကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာအများအပြားရှိပြီး သွေးသည် မြေပြင်ပေါ်သို့ စီးဆင်းသွားနေသည်။ ယင်းတို့က ဤကမ္ဘာငယ်ထဲမှ ဧရာမလက်ဝါးရာထဲသို့ စီးဆင်းသွားနေသည်။
ယင်းက သွေးရေအိုင်တစ်ခု ဖြစ်လာသည်။
ထိုလုပ်ငန်းစဉ်သည် အတော်လေး ချောမွေ့သည်။ အရေအတွက်များပြားသောကြောင့် တစ်ခါတစ်ရံ နတ်ဘုရားသားတော်များအပေါ် ထိန်းချုပ်နိုင်စွမ်း လွတ်ထွက်သွားလေ့ ရှိသည်။ သို့သော်လည်း ထိုသို့ဖြစ်သည့်အခါတိုင်း ရွှီချင်းက ချက်ချင်း ၎င်းတို့ကို ဖိနှိပ်လိုက်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည်တော့ အနီရောင်လအခွင့်အာဏာ၏ လွှမ်းခြုံမှုအောက်မှာ ၎င်းတို့ဘာသာ ဒဏ်ရာရစေခြင်း ဖြစ်သည်။
အဆက်မပြတ် သွေးစီးဆင်းမှုကြောင့် နတ်ဘုရားသားတော်များသည် အားနည်းလာပြီး နောက်ပိုင်းမှာ ခြောက်သွေ့သေဆုံးသွားကြသည်။
ထိုသို့ဖြစ်သည့်အခါတိုင်း ရွှီချင်းသည် နတ်ဘုရားသားတော်များ၏ အလောင်းများကို တခြားနတ်ဘုရားသားတော်များအား ကျွေးသည်။ သို့မှသာ ပိုများသော သွေးကို သူရရှိလိမ့်မည်။
ထိုအတောအတွင်းမှာ ရွှီချင်းသည် လပုန်ကန်ခန်းမဆီသို့ အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့ပြီး နတ်ဘုရားသားတော်များ၏ သွေးကို အမြင့်မြတ်ဆုံးဘုရားကျောင်း၏ ဂိတ်တံခါးထဲသို့ ပေါင်းစပ်သွားစေခဲ့သည်။
ထိုသွေးသည် အမှန်တကယ် အသုံးဝင်သည်။ ယင်းက တိုတမ်ထဲသို့ ပေါင်းစပ်သွားသောအခါ နီလာနတ်သမီး၏ တိုတမ်သည် သိသာစွာ တုန်ယင်လာသည်။ လပုန်ကန်ခန်းမရှိ ဘုရားကျောင်းများထံမှ မျှော်လင့်ချက်မီးတောက်သည် ပိုပြီးပြင်းထန်စွာ လောင်ကျွမ်းလာသည်။
နီလာနတ်သမီး၏ တိုတမ်မှ စုပ်ယူမှုသည် ဝါးမျိုခြင်းမီးတောက်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ယင်း၏ ကိုယ်ထည်က စတင်လောင်ကျွမ်းလာသည်။
ထိုသို့လောင်ကျွမ်းမှုအောက်မှာ တိုတမ်သည် စတင်ဝေဝါးလာသည်။ ခေါင်းဆောင်၏ ရူးသွပ်မှုသည် ပိုပြီးပြင်းထန်လာပြီး ပိုမိုမြန်ဆန်စွာ ကိုက်ဝါးစားသည်။
“ ချင်းလေး… လောင်စာက မလုံလောက်သေးဘူး… နောက်ထပ်များများ ယူလာခဲ့ဦး ”
“ ဒီမီးတောက်ကို ပိုပြီးကြီးမားလာပါစေ ”
“ မျှော်လင့်ချက်က ငါတို့အရှေ့မှာ ရှိတယ်… နီလာနတ်သမီးရဲ့ ချိပ်တံဆိပ်ကို လောင်ကျွမ်းနိုင်တာနဲ့ ဒီတံခါးကို တွန်းဖွင့်လို့ရပြီ… အဲ့ဒီအခါကျရင်… ငါတို့က လပုန်ကန်ခန်းမရဲ့ ခန်းမသခင်တွေ ဖြစ်လာလိမ့်မယ် ”
“ ငါတို့တွေ လပုန်ကန်ခန်းမသခင်ဖြစ်လာမယ့်နေ့က အနီရောင်လဗိမာန် ကဒ်ဘေးကျမယ့်နေ့ပဲ ”
ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာသည်။ သူက ဆက်လက် ကိုက်ဝါးစားနေရင်း နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်။
“ အနီရောင်လဂြိုလ်ရဲ့ အမြန်နှုန်းအရဆို နီလာနတ်သမီး ဆင်းသက်လာဖို့ အများဆုံး ကိုးလဆယ်လပဲ ကြာလိမ့်မယ် ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
“ အဲ့ဒါကြောင့် ငါက အလျင်လိုနေတာပေါ့ ”
ခေါင်းဆောင်သည် ရူးသွပ်စွာ ကိုက်ဝါးစားနေရင်း ပြောသည်။
“ ချင်းလေး… ငါရဲ့ပြင်ဆင်မှုအားလုံးက ပြီးမြောက်တော့မယ်… အခု ငါက အဆင့်နှစ်ဆင့်ပဲ လိုအပ်တော့တယ် ”
“ ပထမအဆင့်က လပုန်ကန်ခန်းမရဲ့ ခန်းမသခင်ဖြစ်လာဖို့ပဲ… ဒီအဆင့်ပြီးမြောက်သွားရင် အရင်ဘဝမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့တဲ့ ငါ့ရဲ့ အသွေးအသားတွေကို ချက်ချင်း အာရုံခံနိုင်ဖို့ လပုန်ကန်ခန်းမရဲ့ အင်အားကို အသုံးပြုနိုင်မယ် ”
“ အခု ငါက အစိတ်အပိုင်းတချို့ကို အာရုံခံနိုင်နေပြီ ”
“ အဲ့ဒီအခါ အရင်က ငါတို့ရဲ့ ပြင်ဆင်ထားတာတွေနဲ့ဆိုရင် အနီရောင်လဗိမာန်ကို နှိမ်နင်းဖို့ အင်အားအလုံအလောက် ရှိလာလိမ့်မယ် ”
“ အနီရောင်လဗိမာန်ပျက်စီးသွားတာနဲ့ နောင်တလွင်ပြင်ဆီ ငါတို့ဝင်နိုင်လိမ့်မယ်… အုပ်ချုပ်သူရဲ့ ခန္ဓာကိုယ်က အဲ့ဒီမှာ ရှိတယ် ”
“ အဲ့ဒီခန္ဓာကိုယ်က နီလာနတ်သမီးကို သတ်ဖြတ်ဖို့ နောက်ဆုံးအဆင့်ပဲ… အဲ့ဒါက အရမ်းအရေးကြီးတဲ့ အဆင့်လည်း ဟုတ်တယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။
“ အပြင်ဘက်မှာ လောင်စာဆီများများရအောင် ငါထပ်ညှစ်ပေးမယ်… အဲ့ဒါက အချိန်နည်းနည်း ယူရမယ်ဆိုပေမဲ့ လုံလောက်ပါတယ် ”
ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာသည်။
“ ဟား ဟား… ငါတော့ အနာဂတ်ကို ကြိုစိတ်ကူးယဉ်နေပြီ… ချင်းလေး လဝတ်ပြုဒေသကြီးဆီ ငါတို့ရဲ့ ခရီးစဉ်က အဆုံးသတ်တော့မယ်… နီလာနတ်သမီးကို ဝါးမျိုဖို့ ငါက နှစ်တွေအကြာကြီး အစီအစဉ်ချခဲ့ရတယ်… အခု ငါ့အစီအစဉ်က အောင်မြင်တော့မယ် ”
“ မင်းစဉ်းစားကြည့်စမ်းပါ… ငါတို့ပြောနေတာ အဆင့်မြင့်နတ်ဘုရား နီလာနတ်သမီးနော်… တကယ်လို့ ငါတို့တွေ သူ့ကို ဝါးမျိုနိုင်မယ်ဆိုရင် အဲ့ဒီသတင်းက ဖုန်းဟိုင်ဒေသငယ်ရော လူသားမျိုးနွယ်ရဲ့ ဒေသကြီးတွေရော အို ကုန်ကုန်ပြောမယ်ကွာ ဝမ်ကူးကုန်းမြေတစ်ခုလုံးဆီ ပျံ့နှံ့သွားလိမ့်မယ် ”
“ အဲ့ဒီအခါကျရင် ကောင်းကင်နက်မျိုးနွယ်က အမှိုက်ဖြစ်လာလိမ့်မယ် ”
“ လူသားဧကရာဇ်တောင် ငါတို့နဲ့တွေ့ရင် ယဉ်ကျေးရလိမ့်မယ်… ဟိုအဖိုးကြီး ငါတို့နှစ်ယောက်ကို မြင်တဲ့အခါကျရင် ထိတ်လန့်သွားပြီး မေးရိုးအောက်ကျသွားမှာ သေချာတယ် ”
“ ဒီဟာက ကိစ္စကြီးပဲ… ငါတို့နာမည်ကို ဝမ်ကူးကုန်းမြေတစ်ခုလုံး ပျံ့နှံ့သွားအောင် ပြုလုပ်ပေးမယ့် ကိစ္စကြီးပဲ… ဒီဟာက နတ်ဘုရားတွေ ထွက်ပေါ်လာကတည်းက တစ်ခါမှမဖြစ်ပေါ်ဖူးတဲ့ ကိစ္စကြီးပဲ ”
“ ဒီကိစ္စကြီးပြီးသွားရင် ဖုန်းဟိုင်ဒေသငယ်ရဲ့ ဒေသအကြီးအကဲအဆင့်အတန်းက မင်းအတွက် မထိုက်တန်တော့ဘူး… ငါတို့တွေ ပိုပြီးမြင့်မားတဲ့ ရည်မှန်းချက်ကို ထားရလိမ့်မယ် ”
ခေါင်းဆောင်က စိတ်ဓာတ်လှုံ့ဆော်ပေးသည့် နေရာတွင် အတော်လေး ထူးချွန်းကြောင်း ဆိုရမည်။
ခေါင်းဆောင်၏ စကားကို ကြားသောအခါ ရွှီချင်းသည် ဖုန်းဟိုင်ဒေသငယ်မှ မြင်ကွင်းများကို ပြန်အမှတ်ရသွားသည်။ သူက သတ္တမသခင်ကြီး၊ နတ်မိမယ်ကျစ်ရွှမ်း၊ ချီယွဲ့ထုံဂိုဏ်းနှင့် ဖုန်းဟိုင်ဒေသငယ်မှ အရာအားလုံးကို စဉ်းစားမိသွားသည်။
“ တကယ်ဆို ဖုန်းဟိုင်ဒေသငယ်ကနေ ငါထွက်လာတာ နှစ်တွေ ဘယ်လောက်မှ မကြာသေးဘူး… နှစ်အနည်းငယ်ပဲ ရှိသေးတယ်… ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ နှစ်ပေါင်းများစွာ ကြာသွားတယ်လို့ ခံစားနေမိတယ်… ”
ထိုသို့ခံစားမိရသည့် အကြောင်းအရင်းမှာ သူက လဝတ်ပြုဒေသကြီးတွင် ကိစ္စများစွာကို တွေ့ကြုံခဲ့သောကြောင့်ဖြစ်ကြောင်း နားလည်သည်။ တစ်ချိန်တည်းမှာ သူ၏ ကျင့်ကြံခြင်းအဆင့်သည် ခုန်ပျံကျော်လွှားပြီး တိုးမြှင့်သွားခဲ့သည်။
“ စီနီယာအကိုကြီး… ဆရာ့ကို ငါသတိရတယ် ”
ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
“ သိပ်မကြာတော့ဘူး… မကြာခင် ငါတို့ပြန်ကြတော့မှာပါ ”
ခေါင်းဆောင်က လျှာထုတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး လပုန်ကန်ခန်းမထဲမှ ထွက်ခွာသွားသည်။
ဤလဝက်အတွင်းမှာ လပုန်ကန်ခန်းမထဲမှ သူ၏ တခြားသရုပ်သည် ပိုပြီးနာမည်ကျော်ကြားလာသည်။
အကြောင်းမှာ ကျိန်စာဖယ်ရှားဆေးလုံးများကြောင့် ဖြစ်သည်။
တကယ့်လောကတွင် ပါဝင်ပစ္စည်းရှားပါးသောကြောင့် ကျိန်စာကို (၅၀)ရာခိုင်နှုန်း လျော့ချပေးနိုင်သော ဆေးလုံးကို သူမသန့်စင်နိုင်ပေ။ သို့သော်လည်း တားမြစ်အဆိပ်မျက်လုံးမှတဆင့် သူ၏ ဉာဏ်အလင်းပွင့်မှုနှင့် ဆေးလုံးသန့်စင်မှုအတွေ့အကြုံများကြောင့် ကျိန်စာကို (၃၀)ရာခိုင်နှုန်း လျော့ချပေးနိုင်ခဲ့သည်။
ဤကဲ့သို့ စစ်ပွဲကာလအတွင်းမှာ ကျိန်စာကို (၃၀)ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်သော ဆေးလုံးသည် လပုန်ကန်ခန်းမထဲမှာ အတော်လေး ဆူပူအုံကြွသွားစေခဲ့သည်။
ကျင့်ကြံသူများအတွက်တော့ ထိုဆေးလုံးက အသက်ကယ်ရတနာဖြစ်သည်။
သေကြေပျက်စီးမှုသည် စစ်ပွဲအတွင်းမှာ မလွဲဧကန် တွေ့ကြုံရမည့်အရာ ဖြစ်သည်။ ဒဏ်ရာရရှိမှုသည် သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ကျိန်စာကို ပေါက်ကွဲထွက်လာစေနိုင်သည်။ ထို့ပြင် အနီရောင်လဗိမာန်မှ ကျင့်ကြံသူများနှင့် တိုက်ခိုက်သည့်အခါ တစ်ဖက်လူသည် ကျိန်စာကို လှုံ့ဆော်နိုင်ပေသည်။
အနီရောင်လ၏ ချဉ်းကပ်လာမှုသည် ကျိန်စာထကြွမှုကို ပိုပြီးဆိုးဝါးလာစေသည်။
သို့ဖြစ်၍ ဤသို့အခြေအနေမှာ ကျိန်စာကို (၃၀)ရာခိုင်နှုန်း လျော့ချပေးနိုင်သော ဆေးလုံးသည် မြင့်မြတ်ရတနာဖြစ်သည်။ ကျိန်စာထကြွမှုကို တွေ့ကြုံနေရသော ကျင့်ကြံသူများအတွက်တော့ ယင်းက အသက်ကယ်ဆေးလုံး ဖြစ်သည်။
အမှတ်ကိုးဆေးလုံးဆရာသခင်၏ နောက်လိုက်များသည် ပိုပြီးစိတ်လှုပ်ရှားလာကြသည်။
ထို့ပြင် ရွှီချင်းသည် ဆေးလုံးနှင့် လဲလှယ်ရန် မည်သည့်အရာကိုမှ မတောင်းဆိုပေ။ သူက ကြီးမားသော အကျိုးဆောင်မှုကို ပြုလုပ်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ အမှတ်ကိုးဆေးလုံးဆရာသခင်၏ ကျော်ကြားမှုသည် လပုန်ကန်ခန်းမထဲမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
သူ၏ နာမည်သည် လပုန်ကန်ခန်းမမှာသာမက လဝတ်ပြုဒေသကြီး၏ တော်လှန်ရေးစစ်တပ်မှာလည်း ကျော်ကြားပေသည်။ အမှန်မှာ လပုန်ကန်ခန်းမထဲမှ မဟုတ်ကြသော ကျင့်ကြံသူများပင် အမှတ်ကိုးဆေးလုံးဆရာသခင်၏ နာမည်ကို သိထားကြသည်။
သို့ဖြစ်၍ အမှတ်ကိုးဆေးလုံးဆရာသခင်၏ သရုပ်မှန်ပေါ် ခန့်မှန်းမှုများသည်လည်း မြင့်တတ်လာသည်။ တချို့က ဆရာသခင်သည် တခြားဒေသကြီးမှ ဖြစ်သည်ဟု ဆိုသည်။ တချို့က ဆရာသခင်သည် ဇာတ်မြှုပ်နေသော ပညာရှင်ကျင့်ကြံသူဖြစ်သည်ဟု ဆိုသည်။ တချို့ကတော့ ဆရာသခင်က အိမ်ရှေ့စံမင်းသားနှင့် ခေတ်တစ်ခုတည်းမှ စီနီယာတစ်ယောက်ဖြစ်သည်ဟု ဆိုသည်။
အမျိုးမျိုးသော သီအိုရီများသည် အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။ လပုန်ကန်ခန်းမထဲမှ လက်ထောက်ခန်းမသခင်တချို့ပင် ရွှီချင်းအတွက် စာလွှာပါးခဲ့ပြီး သူတို့၏ ရိုသေလေးစားမှုကို ဖော်ပြကာ အဖွဲ့အစည်းသို့ ဝင်ရောက်ရန် ဖိတ်ကြားကြသည်။
အမှတ်ကိုးဆေးလုံးဆရာသခင်သာ သဘောတူမည်ဆိုလျှင် အနီရောင်လဗိမာန်မဟုတ်သရွေ့ သူက မည်သည့်နေရာမှာရှိနေပါစေ ပညာရှင်ကျင့်ကြံသူများသည် ချက်ချင်း ပြေးလာကြပြီး သူ့ကို အစောင့်အကြပ် ပြုလုပ်ပေးကြလိမ့်မည်။
သူတို့ထဲတွင် ရွှီချင်းနှင့် ဆရာသခင်ရှန့်လော့၏ ဆေးလုံးပြသမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော စတုတ္ထခန်းမသခင်သည် ဇွဲအကောင်းဆုံးလူ ဖြစ်သည်။ သူက ရက်အနည်းငယ်ကြာသွားတိုင်း ရွှီချင်း၏ ဘုရားကျောင်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး ရိုသေလေးစားသော သဘောထားဖြင့် သတင်းစကားချန်ထားလေ့ ရှိသည်။
သို့သော်လည်း ရွှီချင်းသည် ဘာမှမတုံ့ပြန်ခဲ့ပေ။
ဘဝကံကြမ္မာဆိုးတောင်တန်း၏ အေးချမ်းမှုက အပြင်သို့ ပျံ့နှံ့သွားသည့်အခါမှသာ အမှတ်ကိုးဆေးလုံးဆရာသခင်၏ သရုပ်နှင့်ပတ်သက်ပြီး နောက်ထပ်ခန့်မှန်းမှုတစ်ခု ထွက်ပေါ်လာသည်။ တချို့က အမှတ်ကိုးဆေးလုံးဆရာသခင်သည် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာရှိသည်ဟု သုံးသပ်ကြသည်။ စစ်ပွဲကင်းမဲ့သော မြင့်မြတ်ကုန်းမြေမှာသာ စိတ်အေးလက်အေးဖြင့် ဆေးလုံးသန့်စင်နိုင်လိမ့်မည် မဟုတ်ပါလော။
သို့သော်လည်း ခန့်မှန်းမှုသည် ခန့်မှန်းမှုမျှသာ ဖြစ်သည်။
မည်သူကမှ အမှန်ကို မသိကြပေ။ ထိုသို့ လျှို့ဝှက်ဆန်းကြယ်မှုကြောင့် အမှတ်ကိုးဆေးလုံးဆရာသခင်၏ နာမည်က ပိုပြီးကျော်ကြားနေရခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာ သူ၏ နောက်လိုက်များသည်လည်း သူတို့ဘာသာသူတို့ အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ကြသည်။ ထိုအဖွဲ့ကို ဦးဆောင်သူသည် အိမ်နီးချင်းလူထွားကြီး ဖြစ်သည်။ သူတို့သည် အမှတ်ကိုးဆေးလုံးဆရာသခင်၏ ဂုဏ်သတင်းကို ကာကွယ်စောင့်ရှောက်ပြီး ဆရာသခင်နှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းကြသည်။ သူတို့က ဆရာသခင်၏ တည်နေရာကို ရှာဖွေပြီး ဆရာသခင်ကို ဘေးမှ ကာကွယ်စောင့်ရှောက်ပေးချင်ကြသည်။
ထိုသို့ဖြင့် နောက်ထပ်ခုနစ်ရက် ကုန်ဆုံးသွားပြန်သည်။
ထိုနေ့တွင် ရွှီချင်းက ကမ္ဘာငယ်ထဲမှ ထွက်လျှောက်လာသည့်အခါ အိမ်ရှေ့စံမင်းသားထံမှ အသံအမှာစကားကို ကြားလိုက်ရသည်။
“ ရွှီချင်း… လပုန်ကန်ခန်းမရဲ့ လက်ထောက်ခန်းမသခင်တစ်ယောက်က သူ့ရဲ့ ကျင့်ကြံသူအုပ်စုနဲ့ ဒီကို ဦးတည်လာနေတယ်… သူက သဲကန္တာရဆီ မကြာခင် ရောက်လာတော့မယ်… အနီရောင်လဗိမာန်က သူတို့နောက်ကို လိုက်ဖမ်းနေတယ်… ငါနဲ့ တတိယအမတော်ရဲ့ ကျောက်စိမ်းတံဆိပ်တော်ကို ယူသွားပြီး သူတို့ကို လက်ခံကြိုဆိုပါ ”
“ ဒါနဲ့ နောက်ဖေးခြံဝန်းက ကြက်တချို့ကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားလိုက်ဦး… သူတို့က နေ့တိုင်း အစာစားပြီး ဝဖြိုးလာနေကြပြီ ”
သူ့စကားဆုံးသွားသည့်အခါ ကျောက်စိမ်းတံဆိပ်တော်သုံးခုသည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ တံဆိပ်တော်နှစ်ခုသည် ဝိညာဉ်စုစည်းခြင်းအားလှိုင်းများကို ထုတ်လွှတ်နေသည်။ ကျန်တစ်ခုသည် ကြက်ကလေးများကို ထိန်းချုပ်နိုင်သော ပစ္စည်းဖြစ်သည်။
ဤသည်ကို ကြားသောအခါ ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက ကျောက်စိမ်းတံဆိပ်တော်များကို သိမ်းဆည်းလိုက်ပြီး ဆေးဆိုင်၏ နောက်ဖေးခြံဝန်းဆီသို့ လျှောက်သွားသည်။ ထို့နောက် သူက ကြက်ကလေးများကို ကြည့်လိုက်သည်။
ဤနေရာတွင် ပညာရှင်ကျင့်ကြံသူအများအပြား ရှိသည်။ သူတို့ထဲမှာ အားအနည်းဆုံးသည် ဝိညာဉ်နတ်သူငယ်အဆင့် ဖြစ်သည်။ ဝိညာဉ်သိုက်အဆင့်သည် အနည်းငယ်ရှိပြီး ဗလာနတ္ထိအဆင့်သည် လေးကောင်သာ ရှိကြသည်။
သူတို့ထဲမှ တချို့သည် ဤနေရာသို့ စုံစမ်းရန် ရောက်ရှိလာကြသော ယင်ယန်ပန်းပွင့်ဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။ တချို့ကိုတော့ အဖွားငါးက တခြားနေရာမှ ဖမ်းခေါ်လာခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ဇစ်မြစ်ကိုတော့ ရွှီချင်း မသိထားပေ။
“ မင်းတို့ထဲမှာ ဘယ်သူက လွတ်လပ်မှုကို လိုချင်လဲ ”
ရွှီချင်းက ပြောသည်။