← Chapters

ကြက်အုပ်စု၏ ဖရိုဖရဲ

Vol. 67 Ch. 1049

ကြက်အုပ်စု၏ ဖရိုဖရဲ

Vol. 67 Ch. 1049

ယင်းက အိမ်ရှေ့စံမင်းသား၏ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းမှ တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။

ထိုတိုက်ခိုက်မှုထဲမှာ နိယာမများ၊ အသေးစားဥပဒေသများနှင့် ရှေးဟောင်းကောင်းကင်ဘုံတာအို၏ ကောင်းချီးပေးမှုလည်း ပါရှိသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်ကြားမှ အရာအားလုံးကို ဖိနှိပ်နိုင်ပြီး မည်သည့်ခုခံမှုကိုမဆို အက်ကွဲစေနိုင်သည်။

အခွင့်အာဏာ၏ စွမ်းအားသည်လည်း ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားသည်။ ယင်းက သက်ရှိများ၏ အသိအမြင်ကို ပြောင်းလဲပစ်နိုင်ပြီး ကောင်းကင်ဘုံကို လှည့်စားနိုင်သည်။ ယင်းက နတ်ဘုရားအတတ်ပညာထဲတွင် ကိန်းအောင်းပါဝင်လာသည့်အခါ အလွန်လွှမ်းမိုးဖိနှိပ်လာသည်။

၎င်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးက ပြိုကွဲပျက်စီးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဧရာမလက်ချောင်းသည် သဲကန္တာရဆီသို့ ပျံသန်းလာနေသည့် သွေးနီရောင်မျက်နှာ၏ နဖူးပေါ်သို့ ကျရောက်သွားသည်။

သွေးနီရောင်မျက်နှာသည် တုန်ယင်လာပြီး ဒေါသကြောင့် မျက်လုံးပြူးကျယ်လာသည်။ ၎င်းက နက်ရှိုင်းစွာ ဟိန်းဟောက်လိုက်ပြီး ခုခံရန် ကြိုးစားသည်။ သို့သော်လည်း လက်ချောင်းထိတွေ့သွားသော ၎င်း၏ မျက်ခုံးနှစ်ခုကြားမှ နေရာတွင် အနက်ရောင်လှိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် အနက်ရောင်လှိုင်းများသည် သွေးနီရောင်မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

နောက်ဆုံးမှာတော့ မျက်နှာသည် အတွင်းဘက်သို့ ချိုင့်ဝင်သွားပြီး အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားသည်။ အပိုင်းအစများသည်တော့ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။

ယင်းက မုန်တိုင်းတစ်ခုကို အစပျိုးလိုက်ပြီး အနီရောင်လဗိမာန်ဘက်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားစေသည်။ ပေါက်ကွဲသံများသည် ထိုအခိုက်အတန့်မှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာကြသည်။ ဤသည်မှာ ဆူနာမီလှိုင်းလုံးများက ကမ်းစပ်ဆီသို့ တရစပ် ရိုက်ခတ်သွားနေဟန် ထင်ရသည်။

အနီရောင်လဗိမာန်သည် ချက်ချင်း ဖရိုဖရဲဖြစ်သွားသည်။ ဘုရားကျောင်းများသည် တုန်ယင်လာကြပြီး ပြိုကျပျက်စီးလာကြသည်။

ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုထဲမှာ အံ့ဖွယ်ကောင်းသော နတ်ဘုရားအစွမ်း ပါရှိသည်။

သဲကန္တာရထဲသို့ ဝင်ရောက်နှင့်ပြီးသော စတုတ္ထခန်းမသခင်နှင့် တခြားလူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သူတို့နောက်သို့ လိုက်ဖမ်းနေကြသည့် အနီရောင်လဗိမာန်ထဲမှာ ဗလာနတ္ထိစတုတ္ထအဆင့် ပညာရှင်ကျင့်ကြံသူတစ်ဦးပါရှိကြောင်း သိထားကြသည်။

အနီရောင်လ၏ စွမ်းအားတိုးမြှင့်ပေးမှုအောက်မှာ ထိုအဆင့်နတ်တမန်တော်၏ တိုက်ပွဲစွမ်းအားသည် အတော်လေး ကြောက်စရာကောင်းသည်။ သူက တခြားလူများ၏ အကူအညီကို ရယူလိုက်မည်ဆိုလျှင် ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း စွမ်းအားကို ထုတ်လွှတ်နိုင်ပေသည်။

အစောနက ဧရာမမျက်နှာသည် ခြေလှမ်းဝက်ဝိညာဉ်စုစည်းခြင်း စွမ်းအား ရှိသည်။

သို့သော်လည်း ယခုတော့ ထိုမျက်နှာသည် စက္ကူဖြူပမာ အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရသည်။ ၎င်းက တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ရည်မရှိပေ။

သို့သော်လည်း လဝတ်ပြုဒေသကြီး၏ အထွတ်အမြတ်တည်ရှိမှုအနေဖြင့် အနီရောင်လဗိမာန်သည် ထိုသို့အရှုံးခံလိမ့်မည်မဟုတ်ပေ။ အနီရောင်အလင်း တလက်လက် တောက်ပလာသောအခါ သွေးနီရောင်အလင်းတန်းများသည် ဘုရားကျောင်းများထဲမှ တဖန်ထွက်ပေါ်လာသည်။

ထို့နောက် သွေးနီပုံရိပ်များသည် တစ်ခုပြီးတစ်ခု ပျံသန်းထွက်လာကြသည်။ သူတို့က ရွှီချင်း၏ လက်ထဲ၌ ကျောက်စိမ်းတံဆိပ်တော် မရှိတော့သည့်အချိန်နှင့် အိမ်ရှေ့စံမင်းသား၏ တိုက်ခိုက်မှု ပျက်ပြယ်သွားသည့် အချိန်ကို အခွင့်ကောင်းယူ၍ သဲကန္တာရဆီသို့ ပြေးဝင်လာကြသည်။

သွေးနီပုံရိပ်များသည် အရေအတွက် တစ်ထောင်ကျော်ရှိသည်။ ထိုကျင့်ကြံသူများနှင့်ပတ်သက်သော ထူးခြားချက်မှာ သူတို့က ခန္ဓာကိုယ်မရှိဟန် ရ၏။ သူတို့က သွေးဝိညာဉ်များသဖွယ် ထင်မှတ်ရသည်။ သူတို့က ဟင်းလင်းပြင်ကို ဖြတ်သန်းသွားပြီး သဲကန္တာရဆီသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။

သူတို့က သဲကန္တာရဆီသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း နီလာနတ်သမီး၏ စွမ်းအားကို ထုတ်လွှတ်လိုက်ကြပြီး နတ်ဘုရားအတတ်ပညာများကို အသက်သွင်းလိုက်ကြသည်။ ဤသည်မှာ သူတို့က သဲကန္တာရ၏ အစွန်အဖျားကို နီလာနတ်သမီး၏ နတ်ဘုရားအစွမ်းဖြင့် ကျူးကျော်ဝင်ရောက်ချင်နေဟန် ရသည်။

ဤသည်ကို စတုတ္ထခန်းမသခင်မြင်သောအခါ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။ သဲကန္တာရဆီသို့ ဝင်ရောက်ပြီးနှင့်သော မှော်ယာဉ်ပျံများသည် အမြန်လမ်းကြောင်းပြောင်းလိုက်သည်။ မှော်ယာဉ်ပျံများပေါ်မှ ကျင့်ကြံသူများသည် အပြင်သို့ ပြေးထွက်လာကြသည်။ သူတို့ထဲမှ တချို့က သဲကန္တာရထဲမှ ကျင့်ကြံသူများဖြင့် တွေ့ဆုံလိုက်ပြီး ကျန်ကျင့်ကြံသူများက သွေးပုံရိပ်များကို တားဆီးလိုက်ကြသည်။

ဘိုးဘေးမိုကွေ့သည်လည်း ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။ သဲကန္တာရထဲမှ ကျင့်ကြံသူများသည် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။ လေအစောင့်အရှောက်မျိုးနွယ်သည်လည်း သူတို့မျိုးနွယ်၏ နတ်ဘုရားအတတ်ပညာကို အသုံးပြုလိုက်ပြီး မုန်တိုင်းကို ပိုပြီးအားကောင်းလာစေသည်။

ရွှီချင်း၏ အကြည့်သည် အေးစက်လာသည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ မင်းတို့အတွက် လွတ်လပ်မှုပြန်ရဖို့ အခွင့်အရေးရောက်လာပြီ ”

သူက စကားဆုံးသွားသည်နှင့်ချက်ချင်း ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး သူ့အနောက်မှ ကြက်ကလေးများကို လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းပင် ထိုကြက်ကလေးများသည် စူးရှသော အော်မြည်သံကို ထုတ်ဖော်လိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် အဆမတန် ကြီးထွားလာပြီး ကျင့်ကြံခြင်းအရှိန်အဝါကို ထုတ်လွှတ်လာကြသည်။

ကြက်ကလေးများသည် ရွှီချင်း၏ ခြေဖဝါးအောက်မှ ဧရာမကြက်ကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ဧရာမကြက်များ ဖြစ်လာကြသည်။

ကြက်များသည် ရက်စက်ကြမ်းကြုတ်သော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက ၎င်းတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်နှင့် အရှေ့သို့ တန်းမတ်စွာ ပြေးသွားကြသည်။ ၎င်းတို့က အကျိုးဆောင်မှုပြုလုပ်ရန် ရူးသွပ်သွားကြသည်။ ၎င်းတို့က ကြက်စွပ်ပြုတ်ဖြစ်မည့် ဘဝကို ရှောင်ရှားနိုင်ရန် တခြားကြက်များထက် ပိုပြီးအလုပ်ကြိုးစားပြရန် စိတ်ဆုံးဖြတ်ထားကြသည်။

ကြက်များသည် လေထဲသို့ ပျံသန်းသွားကြပြီး သွေးနီပုံရိပ်များဆီသို့ ချဉ်းကပ်သွားကြသည်။ ဖရိုဖရဲတိုက်ပွဲသည် ချက်ချင်း ပေါ်လျှိုးလာသည်။

အားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံ့နှံ့သွားသောအခါ တိုက်ပွဲသံများက ဆူညံလာသည်။ တစ်ချိန်တည်းမှာ မုန်တိုင်းသည် ယခင်ကထက် ပိုပြီးကြမ်းကြုတ်လာသည်။

အနီရောင်လဗိမာန်မှ သွေးနီပုံရိပ်များက သဲကန္တာရထဲသို့ ပိုမိုများပြားစွာ တိုးဝင်လာနေကြပြီး သွေးနီရောင်က ကန္တာရလေဆီသို့ တဖြည်းဖြည်း ကျူးကျော်ဝင်လာနေသော်လည်း တော်လှန်ရေးစစ်တပ်၏ တိုက်ခိုက်မှုများသည် အားကောင်းနေဆဲပင်။

အထူးသဖြင့် ဧရာမကြက်များ ဖြစ်သည်။

၎င်းတို့အားလုံးသည် ပေ(၁၀၀)အရွယ်အစား ရှိကြသည်။ ၎င်းတို့သည် စိတ်ဓာတ်ပြတ်သားပြီး အကြောက်အရွံ့မဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ တိုက်ပွဲစွမ်းအားက သိသိသာသာ မြင့်တတ်သွားသည်။

၎င်းတို့ဖြတ်သန်းသွားသည့်နေရာတိုင်း သွေးပုံရိပ်များက အင်းဆက်များသဖွယ် ဝါးမျိုခံလိုက်ရသည်။

၎င်းတို့၏ ဝါးမျိုခြင်းအတတ်ပညာသည် အတော်လေး ပြောင်မြောက်သည်။ ဤသည်မှာ ဝါးမျိုခြင်းက ၎င်းတို၏ မွေးရာပါအတတ်ပညာဖြစ်ဟန် တူသည်။ သို့သော်လည်း အသေအကြေအပျက်အစီးကို မရှောင်ရှားနိုင်ပေ။ သို့သော်လည်း ထူးဆန်းသော မြင်ကွင်းတစ်ခုက ထွက်ပေါ်လာသည်။

ကြက်များပေါ်မှ ဒဏ်ရာများက အတိုင်းအတာတစ်ခုထိ ရောက်ရှိသွားသည့်အခါ အဖြူရောင်အလင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလိမ့်မည်။ ထိုအခါ ၎င်းတို့၏ ဒဏ်ရာများက ချက်ချင်း ပြန်ကောင်းမွန်သွားလိမ့်မည်။

ယင်းက အဖွားငါး၏ အခွင့်အာဏာဖြစ်သည်။

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ အနီရောင်လကျင့်ကြံသူများက နီလာနတ်သမီးကို ယုံကြည်ကိုးကွယ်သောကြောင့် နီလာနတ်သမီး၏ နတ်ဘုရားအစွမ်းကို ရရှိထားကြသည်။ သို့ဆိုလျှင် ထိုကြက်များက အဖွားငါးအပေါ် ယုံကြည်ကိုးကွယ်သောကြောင့် အဖွားငါး၏ အစွမ်းတချို့ကို ပိုင်ဆိုင်လာကြခြင်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း ထိုစွမ်းရည်သည် ပြိုင်ဘက်ကင်းသောအရာ မဟုတ်ပေ။ သေဆုံးမှုက ထွက်ပေါ်လာဆဲပင်။

စတုတ္ထခန်းမသခင်ပြောသည့် စကားက အမှန်ဖြစ်နေခြင်းကြောင့်လော သို့မဟုတ် သူတို့က ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူကို ကြောက်ရွံ့သောကြောင့်လော သေချာမသိရပေ။ သို့သော်လည်း သဲကန္တာရ၏ အပြင်ဘက်မှ အနီရောင်လဗိမာန်သည် အင်အားအကုန် အသုံးမပြုခဲ့ပေ။

သွေးပုံရိပ်အများအပြားကို ထုတ်လွှတ်လိုက်ပြီးနောက် ၎င်းတို့က မြန်ဆန်စွာ ဖျက်ဆီးခံနေရကြောင်း အာရုံခံမိသွားသောအခါ သူတို့က အနောက်ဆုတ်ရန် ရွေးချယ်ခဲ့ကြသည်။

သွေးအလင်းရောင်၏ ပြန်ဆုတ်ခွာမှုနှင့်အတူ လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သဲမုန်တိုင်း၏ ကာကွယ်ပေးမှုအောက်မှာ ကယ်ဆယ်ရေးတာဝန်သည် အဆုံးသတ်သွားသည်။

စတုတ္ထခန်းမသခင်၏ တော်လှန်ရေးစစ်တပ်မှ ကျင့်ကြံသူများသည် ဤကဒ်ဘေးမှ လွတ်မြောက်လာပြီးနောက် မတူညီသော ခံစားချက်အမျိုးမျိုးဖြင့် သက်ပြင်းချလိုက်ကြသည်။ တစ်ချိန်တည်းမှာ သူတို့က သဲကန္တာရထဲမှ ကျင့်ကြံသူများကို ကြည့်လိုက်ကြသည်။

အထူးသဖြင့် သူတို့က ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဧရာမကြက်များကို ကြည့်နေခြင်း ဖြစ်သည်။ သို့ဖြစ်၍ အကြီးဆုံး ကြက်ပေါ်မှာ မတ်တတ်ရပ်နေသော ရွှီချင်းက ပိုပြီးအာရုံစိုက်ခံလာရသည်မှာ မထူးဆန်းပေ။

အမှန်မှာ အနီရောင်လဗိမာန်သည်လည်း ရွှီချင်းကို အာရုံစိုက်လာသည်။ မည်သို့ဖြစ်ပါစေ ရွှီချင်းက ဝိညာဉ်စုစည်းခြင်းအဆင့် ကျောက်စိမ်းတံဆိပ်တော်ကို အသက်သွင်းခဲ့သောလူ မဟုတ်ပါလော။ သို့သော်လည်း ရွှီချင်းသည် နတ်ဘုရားကွပ်မျက်စင်ပေါ်မှ ထွက်ခွာလာပြီးနောက် လူအာရုံစိုက်မှုမခံရရန် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ကူညီပေးမှုအောက်မှာ နောက်တစ်ကြိမ် ရုပ်ဖျက်ထားခဲ့သည်။

မည်သို့ဖြစ်ပါစေ နတ်ဘုရားကွပ်မျက်စင်တွင် သူလုပ်ဆောင်ခဲ့သော ကိစ္စသည် အလွန်ကြီးမားသည်။

သို့ဖြစ်၍ အနီရောင်လကျင့်ကြံသူများ၏ အမြင်တွင် ရွှီချင်းက ရုပ်ရည်ချောမောသော်လည်း သက်ရှိအားလုံး၏ နှလုံးသားကို လှုပ်ခါစေခဲ့သော နတ်ဘုရားကွပ်မျက်စင်ပေါ်မှ လူနှင့် တစ်ထပ်တည်း မတူညီပေ။

ယင်းက စတုတ္ထခန်းမသခင်၏ တော်လှန်စစ်တပ်အတွက်လည်း အတူတူဖြစ်သည်။

ရွှီချင်းသည် တည်ငြိမ်သည်။ သူက ခြေထောက်အောက်မှ ဧရာမကြက်ကို ပုတ်လိုက်ပြီး စတုတ္ထခန်းမသခင်နှင့် တခြားလူများဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။

စတုတ္ထခန်းမသခင်သည် အဝေးမှ လျှောက်လာနေသော ရွှီချင်းကို စူးစမ်းလိုစွာ ကြည့်လိုက်သည်။ သူက ဘေးနားမှ ဘိုးဘေးမိုကွေ့ကို လှည့်ကြည့်လိုက်ပြီး မေးသည်။

“ တာအိုရောင်းရင်းမိုကွေ့… အဲ့ဒီလူငယ်က ဘယ်သူလဲ ”

စတုတ္ထခန်းမသခင်က စကားပြောလိုက်သည့်အခါ ဆရာသခင်ရှန့်လော့သည်လည်း လှည့်ကြည့်လိုက်သည်။

ဘိုးဘေးမိုကွေ့သည် နှလုံးတုန်သွားသည်။ သူက ဗလာနတ္ထိပထမအဆင့် ကျင့်ကြံသူဖြစ်ပြီး သူ့အရှေ့မှ ပုဂ္ဂိုလ်သည် ဗလာနတ္ထိစတုတ္ထအဆင့် ကျင့်ကြံသူဖြစ်သည်။ ထို့ပြင် တစ်ဖက်လူ၏ သရုပ်သည် လပုန်ကန်ခန်းမ၏ လက်ထောက်ခန်းမသခင်ဖြစ်သည်။ သူက လဝတ်ပြုဒေသကြီးတစ်ခုလုံးမှာလည်း ဂုဏ်သတင်းကျော်ကြားသူ ဖြစ်သည်။

အကယ်၍ သူသာ ဆေးဆိုင်မှာ အလုပ်မလုပ်လျှင် ထိုသို့ပုဂ္ဂိုလ်မျိုးဖြင့် ရင်ဆိုင်ရသည့်အခါ အလွန်အမင်း စိုးရိမ်ကြောင့်ကြလိမ့်မည်။ မည်သို့ဖြစ်ပါစေ သူတို့ကြားတွင် ကျင့်ကြံခြင်းစွမ်းအားသာမက သရုပ်အဆင့်သည်လည်း အလွန်ကွာခြားသည်။

သို့သော်လည်း ယခုတော့ ခြားနားသွားသည်။ တစ်ဖက်လူက သူ့အား နှုတ်ဆက်လာပုံကို ကြည့်ခြင်းအားဖြင့် မြင်သာပေသည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး ပြောသည်။

“ သူက ကျုပ်ရဲ့ သခင်လေးပါ ”

ဤသည်ကိုကြားသောအခါ စတုတ္ထခန်းမသခင်သည် ခေါင်းညိတ်လိုက်သည်။ ‘ သခင်လေး ’ဟူသော စကားနှင့် ဝိညာဉ်စုစည်းခြင်းအဆင့် ကျောက်စိမ်းတံဆိပ်တော်အား အသုံးပြုနိုင်သော အချက်ကို ပေါင်းစပ်တွေးကြည့်မည်ဆိုလျှင် ထိုလူငယ်နှင့် အိမ်ရှေ့စံမင်းသားကြားမှ ဆက်ဆံရေးကို သူနားလည်နိုင်ပေသည်။

သူ၏ ဘေးမှ ဆရာသခင်ရှန့်လော့သည်လည်း ထိတ်လန့်သွားသည်။ ‘ သခင်လေး ’ဟူသော ဂုဏ်ပုဒ်ကြောင့် သူက ရွှီချင်းကို အကြိမ်ရေအနည်းငယ် ပိုပြီးကြည့်လာသည်။ သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ဘိုးဘေးမိုကွေ့ထံသို့ လက်သီးဆုပ်လိုက်သည်။

“ တာအိုရောင်းရင်းမိုကွေ့… ကျုပ် ခင်ဗျားကို တစ်ခုမေးချင်တယ် ”

“ ဆရာသခင်ရှန့်လော့… ကျေးဇူးပြုပြီး ပြောပါ ”

ဘိုးဘေးမိုကွေ့သည် ပြုံးလိုက်သည်။ သူက လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူတစ်ယောက်မဟုတ်သော်လည်း သူ့၏ ဘေးမှာ လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူတချို့ ရှိပေသည်။ သူတို့ထံမှတဆင့် ဤပုဂ္ဂိုလ်များ၏ သရုပ်များကို သူသိရှိထားခဲ့သည်။ ထို့ကြောင့် ထိုရှန့်လော့က ဆရာသခင်တစ်ယောက်ဖြစ်ကြောင်း သူသိထားသည်။

“ ဒီသဲကန္တာရထဲမှာ ဆေးပညာရှင်များရှိသလားလို့ ကျုပ်သိချင်တာပါ… ဟို အမှတ်ကိုးဆေးလုံးဆရာသခင်ဆိုတဲ့ နာမည်ကို ခင်ဗျားကြားမိပါသလား ”

ရှန့်လော့က စကားပြောလိုက်သည့်အခါ ရွှီချင်းက အနားသို့ ရောက်ရှိလာပြီးပြီ ဖြစ်သည်။ သူက ထိုစကားကို ကြားသောအခါ တစ်ဖက်လူကို စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုသက်လတ်ပိုင်းအမျိုးသားမှာ အလွန်အားကောင်းသော ကျင့်ကြံခြင်းအခြေခံရှိပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဆေးရနံ့ကို ထုတ်လွှတ်နေကြောင်း သူသတိပြုမိသည်။

သိသာစွာပင် ထိုလူသည် တစ်နှစ်ပတ်လုံး ဆေးလုံးသန့်စင်နေသူ ဖြစ်ရမည်။

ဤသည်ကို ဘိုးဘေးမိုကွေ့ကြားသောအခါ သူက ခေါင်းခါလိုက်သည်။ ရွှီချင်းက ဆေးပညာကို တတ်ကျွမ်းကြောင်း သူမပြောပေ။ သူက နှစ်ပေါင်းကြာရှည်စွာ အသက်ရှင်သန်ခဲ့သူဖြစ်သောကြောင့် စကားများများပြောခြင်းသည် အမှားအယွင်းတချို့ကို ဖြစ်ပေါ်စေတတ်ကြောင်း ကောင်းမွန်စွာ နားလည်သည်။ အထူးသဖြင့် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။

သူက စကားပြောတော့မည့်အချိန် ရွှီချင်းရောက်ရှိလာသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် သူက ရှန့်လော့၏ မေးခွန်းကို ပြန်မဖြေမီ ရွှီချင်းကို ဦးစွာနှုတ်ဆက်လိုက်သည်။

“ ကျုပ်တို့သဲကန္တာရထဲမှာ ဆေးပညာရှင်တွေ အများအပြားရှိပါတယ်… ဒါပေမဲ့ အနည်းစုလောက်ပဲ ဆေးပညာကို နက်နက်ရှိုင်းရှိုင်း နားလည်ကြပါတယ်… အမှတ်ကိုးဆေးလုံးဆရာသခင်ကတော့ သူ့အကြောင်းကို ကျုပ်ကြားဖူးပါတယ်… ဆရာသခင်ရှန့်လော့ဆိုလိုချင်တာက အမှတ်ကိုးဆေးလုံးဆရာသခင်က ကျုပ်တို့သဲကန္တာရထဲမှာ ရှိနေတယ်လို့ ပြောချင်တာများလား ”

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ဆေးပညာရှင်ကျင့်ကြံသူကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်သည်။ ဆရာသခင်ရှန့်လော့၏ ရုပ်တုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူ့အရှေ့မှ ပုဂ္ဂိုလ်ကို ထပ်ဆင့်လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာ ရွှီချင်းသည် လပုန်ကန်ခန်းမထဲတွင် တစ်ဖက်လူနှင့် သူ့ကြားမှ ဆေးပညာပြိုင်ပွဲကို ပြန်အမှတ်ရသွားသည်။

ရှန့်လော့သည် သက်ပြင်ူချလိုက်သည်။ ဘိုဘေးမိုကွေ့က ဝတ်ကျေတမ်းကျေသာ ပြန်ဖြေနေကြောင်း သူပြောနိုင်သည်။ သူကိုယ်၌ကလည်း အလောကြီးသွားခဲ့ကြောင်း နားလည်သည်။ ထို့နောက် သူက ရွှီချင်းကို ခေါင်းညိတ်ပြလိုက်သည်။ ထိုစဉ် စတုတ္ထခန်းမသခင်၏ အကြည့်သည် ရွှီချင်းပေါ်သို့ ကျရောက်လာသည်။

“ စီနီယာတို့ကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းသည် လက်သီးဆုပ်လိုက်သည်။

“ ဒီဂျူနီယာက အိမ်ရှေ့စံမင်းသားကိုယ်စား စီနီယာတို့ကို လာရောက်ကြိုဆိုတာပါ… အားလုံးကို အစိမ်းရောင်သဲကန္တာရကနေ ကြိုဆိုပါတယ် ”

ရွှီချင်းသည် စတုတ္ထခန်းမသခင်ကို ကြည့်နေရင်း ရင်းနှီးသော အငွေ့အသက်ကို ခံစားမိသွားသည်။ မကြာမီ တစ်ဖက်လူက သူ၏ ဘုရားကျောင်းထဲမှာ အမှာစကားများကို မကြာခဏ ချန်ထားခဲ့ဖူးကြောင်း ပြန်စဉ်းစားမိသွားသည်။

သို့သော်လည်း သူက အမြဲတမ်း သူ့ကိုယ်သူ ဖုံးကွယ်ထားခဲ့သည်။ သို့ဖြစ်၍ သူက အမှတ်ကိုးဆေးလုံးဆရာသခင်ဖြစ်ကြောင်း တစ်ဖက်လူ မည်သို့မှ မသိနိုင်ပေ။

ယင်းက အဓိပ္ပာယ်ရှိပေသည်။ စတုတ္ထခန်းမသခင်၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားသော်လည်း သူ့မှာ အလုံးစုံသိမြင်နိုင်သောဉာဏ်မရှိပေ။ စတုတ္ထခန်းမသခင်နှင့် ဆရာသခင်ရှန့်လော့သည်တော့ အမြဲတမ်း သူတို့တွေ့ချင်နေသော အမှတ်ကိုးဆေးလုံးဆရာသခင်က သူတို့၏ အရှေ့မှာ ရှိနေကြောင်း မည်သည့်အခါမှ တွေးမိကြလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ယင်းက သူတို့ကြားမှ ရိုသေလေးစားမှုကို အနှောင့်အယှက်မဖြစ်စေပေ။ သူ့မှာ ဗလာနတ္ထိအဆင့် ကျင့်ကြံခြင်းရှိသော်လည်း ရွှီချင်းက အိမ်ရှေ့စံမင်းသား၏ နာမည်ဖြင့် သူတို့ကို လာရောက်ကြိုဆိုခြင်း မဟုတ်ပါလော။ ထို့ကြောင့် သူတို့သည် သဟဇာတဖြစ်စွာ စကားပြောဆိုကြသည်။

ထိုသို့ဖြင့် ရွှီချင်း၏ ဖိတ်ကြားမှုအောက်မှာ သူတို့အုပ်စုသည် ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ကိန်းကြီးခန်းကြီးအသွင်ဖြင့် ဦးတည်သွားကြသည်။

သဲမုန်တိုင်းသည် တအင့်အင့်ညည်းသံနှင့်အတူ တိုက်ခတ်နေသည်။ ရွှီချင်းနှင့် ဘိုးဘေးမိုကွေ့သည် စတုတ္ထခန်းမသခင်၏ မှော်ယာဉ်ပျံပေါ်မှာ မတ်တတ်ရပ်နေကြသည်။ ခရီးတစ်လျှောက်တွင် ရွှီချင်းသည် စကားအများကြီး မပြောပေ။ ဘိုးဘေးမိုကွေ့သည်သာ သဲကန္တာရအကြောင်းကို မိတ်ဆက်ပေးသည်။ သူက ဤနေရာမှ မီးခိုးရောင်လေနှင့် မြင့်မြတ်ကုန်းမြေ၏ ဆေးဆိုင်အကြောင်းကို အဓိကထား၍ ပြောသည်။

နတ်ဘုရားကွပ်မျက်စင်၏ မြင်ကွင်းက သက်ရှိအားလုံး၏ စိတ်ထဲမှာ အဆုံးသတ်သွားသည့်အခိုက် မီးခိုးရောင်လေက ထွက်ပေါ်လာခဲ့သည်။ ထိုကိစ္စက ယခု လျှို့ဝှက်ချက်မဟုတ်တော့ပေ။

အမှန်မှာ သက်ရှိအားလုံး၏ စိတ်ထဲ၌ ထိုမြင်ကွင်းများ ထွက်ပေါ်လာခြင်းသည် အိမ်ရှေ့စံမင်းသားနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်ဟု တချို့က ခန့်မှန်းထားကြသည်။

သို့သော်လည်း ဘိုဘေးမိုကွေ့၏ ရှင်းပြမှုကို ကြားပြီးနောက် စတုတ္ထခန်းမသခင်သည် ရွှီချင်းကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ လူငယ်လေး… သက်ရှိအားလုံးရဲ့ စိတ်ထဲမှာ ထွက်ပေါ်လာတဲ့ နတ်ဘုရားကွပ်မျက်စင်ပေါ်က ပုံရိပ်က မင်းမဟုတ်လား ”

သူ၏ ဘေးမှ ဆရာသခင်ရှန့်လော့သည် နတ်ဘုရားကွပ်မျက်စင်အကြောင်းကို စိတ်မဝင်စားပေ။ ယင်းအစား သူက ဆေးဆိုင်ကို ပိုပြီးစိတ်ဝင်စားသည်။ ထို့ကြောင့် သူက ရွှီချင်းကို ကြည့်လိုက်ပြီးနောက် မမေးဘဲ မနေနိုင်ပေ။

“ မိတ်ဆွေလေး… မင်းက ဆေးဆိုင်ဖွင့်ထားတာလား… ဒါဆို ဆေးပညာအကြောင်းကို မင်းသိလား ”

All Chapters