ချင်းလေး… ငါ့ကျောက်ကပ်တစ်ခု ပျောက်နေတယ်
Vol. 67 Ch. 1050
မီးခိုးရောင်လေသည် မရပ်မစဲ တိုက်ခတ်နေသည်။ မရေမတွက်နိုင်သော သဲမှုန်များသည် လေတိုက်ခတ်မှုကြောင့် မှော်ယာဉ်ပျံများပေါ်သို့ လွင့်စင်လာကြသည်။
သူတို့ဆီမှာ အကာအကွယ်များရှိသော်လည်း စတုတ္ထခန်းမသခင်နှင့် ဆရာသခင်ရှန့်လော့၏ စကားသံများသည် လေတဟူးဟူး တိုက်ခတ်မှုအောက်မှာ ရွှီချင်း၏ နားထဲသို့ ပီသစွာ ပျံ့လွင့်လာဆဲပင်။
တစ်ချိန်တည်းမှာ စတုတ္ထခန်းမသခင်၏ မှော်ယာဉ်ပျံပေါ်မှ တခြားလက်အောက်ငယ်သားများသည် ဒဏ်ရာကုသနေခြင်းမှ မျက်လုံးပြန်ဖွင့်လိုက်ကြသည်။ သူတို့အားလုံးသည် ရွှီချင်းကို ကြည့်လိုက်ကြသည်။
ရွှီချင်းသည် စတုတ္ထခန်းမသခင်ကို ကြည့်လိုက်သည်။
စောစောက ကန္တာရ၏ အစွန်အဖျားတွင် တစ်ဖက်လူကို ပထမဆုံးအကြိမ် သူမြင်လိုက်စဉ်က ရင်းနှီးမှုကို ခံစားမိခဲ့သည်။
ထိုရင်းနှီးမှု၏ ဇစ်မြစ်သည် လပုန်ကန်ခန်းမထဲ၌ သူတို့က ရုပ်တုချင်း မြင်ဖူးသောကြောင့် မဟုတ်ပေ။
ရုပ်တုနှင့် အစစ်အမှန်ခန္ဓာကိုယ်သည် ခြားနားသည်။ အမှန်မှာ သူတို့က ရုပ်တုမှတဆင့် သူတို့၏ လိင်အမျိုးအစားနှင့် မျိုးနွယ်ကို ဖုံးကွယ်ထားနိုင်သည်။ အကယ်၍ လပုန်ကန်ခန်းမထဲ၌ တစ်စုံတစ်ယောက်က အမြင့်ဆုံးအခွင့်အာဏာကို မပိုင်ဆိုင်ထားလျှင် တခြားလူများ၏ သရုပ်ကို စစ်ဆေးရန် မည်သို့မှ မဖြစ်နိုင်ပေ။
သို့ဖြစ်၍ ရွှီချင်းသည် ထိုရင်းနှီးမှု၏ ဇစ်မြစ်ကို တိတ်တဆိတ် စဉ်းစားနေခဲ့သည်။
ဤအခိုက်အတန့်မှာ အဖြေကို သူရှာတွေ့သွားသည်။
စတုတ္ထခန်းမသခင်နှင့်ပတ်သက်ပြီး အထူးခြားဆုံး လက္ခဏာမှာ သူ၏ တင်းမာသော မျက်နှာနှင့် တည်ကြည်လေးနက်သော အမူအရာဖြစ်သည်။ အပြုံးသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်ခဲသည်။ သူ၏ နဖူးပေါ်မှ အမွှေးများက တင်းမာခက်ထန်သော ထိုအငွေ့အသက်ကို ပိုပြီးအားကောင်းစေသည်။
ထိုမျက်နှာအသွင်အပြင်က သူ့အား ဖုန်းဟိုင်ဒေသငယ်၏ ဓားကိုင်ရုံးတော်သခင် ခုန်းလျှန်ရှို့ကို ပြန်အမှတ်ရစေသည်။
ရုံးတော်သခင်ကို သူစဉ်းစားလိုက်သည်။ နှစ်အတော်ကြာသွားသော်လည်း ထိုပုဂ္ဂိုလ်ကို ပြန်တွေးလိုက်သည့်အခါတိုင်း သူ၏ နှလုံးသားက လှိုင်းထသွားဆဲပင်။ တားမြစ်ပိုက်ကွန်၏ အပြင်ဘက်တွင် မားမားမတ်မတ် ရပ်လျက် သန့်စင်ရေလှိုင်းမျိုးနွယ်စစ်တပ်ကို ခုခံတားဆီးနေသော ထိုပုံရိပ်သည် ရွှီချင်း၏ မှတ်ဉာဏ်ထဲမှာ ထာဝရ တည်ရှိနေလိမ့်မည်။
“ ငါ့ရဲ့ စီနီယာအကိုကြီးက နတ်ဘုရားကွပ်မျက်စင်က ကိစ္စတွေကို စီမံခဲ့တဲ့လူပါ ”
ရွှီချင်းက နူးညံ့စွာ ပြောသည်။
သူက လိမ်မပြောပေ။ အစမှအဆုံးအထိ ယင်းက ချန်းအားညို၏ အစီအစဉ်ဖြစ်သည်။ နောက်ဆုံးရလဒ်သည်ပင် ချန်းအားညိုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူ့ကြောင့် ချန်းအားညို၏ အစီအစဉ်မှာ မတော်တဆမှုတခု ဖြစ်ပေါ်လာရုံသာ ဖြစ်သည်။
အမှန်တိုင်းကိုတော့ တစ်ဖက်လူကို ပြောပြရန် မလိုအပ်ကြောင်း သူခံစားမိသည်။
“ ဆေးဆိုင်က ငါဖွင့်ထားတာပါ… ဆေးပညာအကြောင်းကိုတော့ တစ်ခုနှစ်ခုပဲ နားလည်ပါတယ် ”
ရွှီချင်းသည် စကားဆုံးအောင်ပြောပြီးနောက် ဆရာသခင်ရှန့်လော့ကို ကြည့်လိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး နေရာမှာ တင်ပျဉ်ခွေလျက် ထိုင်လိုက်သည်။ သူက အတိတ်က ရင်းနှီးမှုကို ပြန်ခံစားမိသွားသောကြောင့် ဖုန်းဟိုင်ဒေသငယ်မှ မှတ်ဉာဏ်များထဲမှာ သူ့ကိုယ်သူ စိတ်နစ်မြှုပ်ထားလိုက်သည်။
စတုတ္ထခန်းမသခင်၏ အကြည့်သည် လေးနက်လာသည်။ သူက နောက်ထပ် မမေးတော့ပေ။ ဆရာသခင်ရှန့်လော့သည်တော့ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ရွှီချင်း၏ ဆေးပညာက အလွန်အဆင့်မြင့်လိမ့်မည်ဟု သူမတွေးပေ။ သို့ဖြစ်၍ ရွှီချင်းက အမှတ်ကိုးဆေးလုံးဆရာသခင်ဖြစ်လိမ့်မည်ဟု နည်းနည်းလေးပင် သူသံသယမဖြစ်ပေ။
အဘယ့်ကြောင့်ဆိုသော် သူ၏ နှလုံးသားထဲမှာ ထိုပုဂ္ဂိုလ်က သူ၏ အတွေးများကို ဖောက်ထွင်းမြင်နိုင်ပြီး လဝတ်ပြုဒေသကြီးမှ ဆေးပညာလမ်းစဉ်အကြောင်းကို ပြောဆိုနိုင်သူဖြစ်သောကြောင့် သူ့နည်းတူ ဆေးပညာ၏ အထွတ်အထိပ်ကို လိုက်လံရှာဖွေနေသော ဆရာသခင်တစ်ပါးဖြစ်ရမည်ဟု ယူဆထားသည်။
ဆရာသခင်က ထိုမျှမငယ်ရွယ်နိုင်ပေ။
ထိုသို့ဖြင့် ရွှီချင်းက သူ၏ မှတ်ဉာဏ်များထဲမှာ စိတ်နစ်မြှုပ်ထားနေစဉ် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ တစ်ရက်ကြာပြီးနောက် ထိုမှော်ယာဉ်ပျံများသည် သဲမုန်တိုင်းကို ဖြတ်သန်းသွားပြီး ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ရောက်ရှိသွားကြသည်။
ဘိုးဘေးမိုကွေ့၏ စီမံမှုအောက်မှာ တောင်ထိပ်ဆယ်လုံးပေါ်မှ နေအိမ်များကို စတုတ္ထခန်းမသခင်ထံ ပေးအပ်လိုက်သည်။ ထိုနေရာသည် စတုတ္ထခန်းမသခင်နှင့် သူ့အဖွဲ့သားများ၏ စခန်းအသစ်ဖြစ်လာလိမ့်မည်။
ရွှီချင်းသည် သူ၏ တာဝန်ကို ပြီးမြောက်စွာ ထမ်းဆောင်ပြီးသောကြောင့် ဆေးဆိုင်ဆီသို့ ပြန်ရောက်ရှိလာသည်။ သူက ကြက်ကလေးများကို နောက်ဖေးခြံဝန်းဆီသို့ ပြန်ထည့်လိုက်ပြီးနောက် အိမ်ရှေ့စံမင်းသား၏ အရှေ့မှာ ထိုင်လိုက်သည်။ ထို့နောက် သူက အသုံးမပြုရသေးသော ဝိညာဉ်စုစည်းခြင်းအဆင့် ကျောက်စိမ်းတံဆိပ်တော်ကို ထုတ်လိုက်ပြီး ဘေးမှာ ချထားလိုက်သည်။
မင်းသမီးမင်မိန်သည် အနားမှာ မရှိပေ။
အိမ်ရှေ့စံမင်းသားက လက်ဖက်ရည်သောက်နေရင်း ကျောက်စိမ်းတံဆိပ်တော်ကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။
“ အဲ့ဒါကို ယူလိုက်ပါ… အဲ့ဒါကို ငါမင်းကိုပေးတဲ့ အသက်ကယ်ရတနာတစ်ခုလို့ သတ်မှတ်နိုင်တယ် ”
ရွှီချင်းသည် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။
“ စီနီယာက ခရီးရှည်ထွက်ဖို့ ပြင်ဆင်နေတာများလား ”
“ သိပ်မကြာခင် ငါနဲ့ တတိယအမတော်က နဝမညီတော်ရဲ့ ချိပ်တံဆိပ်ကို သွားဖွင့်လှစ်တော့မယ်… ဒီတစ်ကြိမ်တော့ မင်းရဲ့ အကူအညီကို ငါတို့မလိုအပ်တော့ဘူး… ငါတို့မှာ ယုံကြည်မှုအပြည့်ရှိတယ်… ငါတို့က အချိန်ကောင်းကို စောင့်ဆိုင်းနေကြရုံသက်သက်ပဲ ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းတံဆိပ်တော်ကို ပြန်သိမ်းဆည်းလိုက်သည်။
“ မင်းရဲ့ ကျင့်ကြံခြင်းကို နည်းနည်းမှ လျစ်လျူရှုလို့မဖြစ်ဘူး… အရင်တစ်ခေါက်က မင်းငါ့ကို မေးထားတဲ့ (ဃ၁၃၂)ကိစ္စကိုတော့ အခု ငါမင်းကို ပြောပြနိုင်ပြီ ”
အိမ်ရှေ့စံမင်းသား၏ အကြည့်သည် လေးနက်လာသည်။ သူက ရွှီချင်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။
ရွှီချင်းသည် စိတ်ဓာတ်တတ်ကြွလာပြီး အာရုံစူးစိုက်၍ နားထောင်သည်။
ရွှီချင်း၏ ထိုသို့ပုံစံကို မြင်လိုက်ရသောအခါ အိမ်ရှေ့စံမင်းသားသည် သက်တောင့်သက်သာ ခံစားမိသွားသည်။ သူက (ဃ၁၃၂)ကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ် အားစိုက်ထုတ်ခဲ့ရသည်။ ဤအခိုက်အတန့်မှာ သူက လက်ဖက်ရည်ခွက်ကို ပြန်အောက်ချလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ မင်းရဲ့ (ဃ၁၃၂)က အကျဉ်းထောင်နဲ့ ကမ္မကို ပေါင်းစပ်ထားတာပဲ… အဲ့ဒီထဲမှာ နတ်ဘုရားလက်ချောင်းလည်း ရှိတယ် ”
“ အဲ့ဒီလက်ချောင်းက အဆင့်နိမ့်နတ်ဘုရားတစ်ပါးရဲ့ ကိုယ်ပွားရဲ့ လက်ချောင်းဖြစ်ပြီး အစွမ်းမကြီးမားပေမဲ့ အဲ့ဒါက နတ်ဘုရားအဖြစ် မွေးဖွားလာတာဖြစ်လို့ အတော်လေး ရှားပါးပြီး တန်းဖိုးရှိတယ် ”
“ ဒါပေမဲ့ လက်ချောင်းရဲ့ တည်ရှိမှုက မင်းရဲ့(ဃ၁၃၂)ကို ရှုပ်ထွေးသွားစေတယ်… အဲ့ဒီလက်ချောင်းမှာ အခွင့်အာဏာရှိတာ ငါပြောနိုင်တယ်… အဲ့ဒါက ကံကြမ္မာဆိုးအခွင့်အာဏာပဲ ”
“ ဒါပေမဲ့ အဲ့ဒီကံကြမ္မာဆိုးအခွင့်အာဏာက မင်းအပိုင်မဟုတ်ဘူး… မင်းတကယ်ပိုင်ဆိုင်တာက (ဃ၁၃၂)ရဲ့ ကမ္မနဲ့ ကံကြမ္မာဆိုးရဲ့ ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာတဲ့ မေ့လျော့ခြင်းစွမ်းအားပဲ ”
“ ကမ္မနဲ့ ကံကြမ္မာဆိုးရဲ့ ဒီပေါင်းစပ်မှုက အတော်လေး ဆန်းကြယ်တယ်… အဲ့ဒီအပေါ်မှာ လူသားမျိုးနွယ်ရဲ့ အချုပ်အနှောင်တွေ အများကြီးရှိတာကို ငါမြင်တယ်… ပြီးတော့ ဓားကိုင်ရုံးတော်ရဲ့ အငွေ့အသက်ကိုတောင် ငါခံစားမိတယ်… တကယ်လို့ ငါ့အထင်မမှားရင် အဲ့ဒါက ဓားကိုင်ရုံးတော်ရဲ့ အကျဉ်းထောင်ဌာနကို စံနမူနာယူထားတာဖြစ်မယ် ”
“ နောက်ပိုင်းမျိုးဆက်တွေက ရှေးခေတ်တုန်းက မှတ်တမ်းတွေပေါ် အခြေခံပြီး အဲ့ဒါကို ဖန်တီးခဲ့တာဖြစ်မယ် ”
အိမ်ရှေ့စံမင်းသား၏ အသံသည် ရွှီချင်း၏ နားထဲသို့ ဝင်ရောက်လာသည်။ ရွှီချင်းသည် တုန်ယင်သွားပြီး အိမ်ရှေ့စံမင်းသားအပေါ် ပိုပြီးရိုသေလေးစားလာသည်။
သူက (ဃ၁၃၂)အကြောင်းကို အများကြီး မပြောခဲ့သော်လည်း တစ်ဖက်လူသည် ၎င်း၏ အနှစ်သာရကို တိုက်ရိုက် ထွင်းဖောက်မြင်နိုင်ခဲ့သည်။ ထို့ကြောင့် ရွှီချင်းသည် မတ်တတ်ရပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
“ စိနီယာ… ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပေးပါ ”
အိမ်ရှေ့စံမင်းသားသည် ရယ်မောလိုက်သည်။
“ မေ့လျော့ခြင်းစွမ်းအားကို ခံစားကြည့်ပါ… အဲ့ဒါက အခွင့်အာဏာအသစ်တစ်ခုပဲ… အဲ့ဒါက ရှေးဘုရင်ရွှမ်ယုံခေတ်မှာ ဓားကိုင်ရုံးတော် စူးစမ်းရှာဖွေခဲ့တဲ့ လမ်းစဉ်တစ်ခုလည်း ဟုတ်တယ် ”
“ အတိတ်မှာ အဲ့ဒီလမ်းစဉ်ကို နယ်ပယ်လို့ တစ်စုံတစ်ယောက်က ခေါ်တယ် ”
ရွှီချင်းသည် နှလုံးတုန်သွားသည်။ သူက ဖုန်းဟိုင်ဒေသငယ်မှ ထိုက်စီရှန်းမုန့်ဂိုဏ်းကို စဉ်းစားမိသွားသည်။ ထိုက်စီရှန်းမုန့်ဂိုဏ်း၏ ကျင့်ကြံခြင်းအတတ်ပညာများသည် နယ်ပယ်လမ်းစဉ်ဆီသို့ ဦးတည်သွားနေကြောင်း လီဇီမေက သူ့ကို တစ်ခါပြောဖူးသည်။
ပင်လယ်အလောင်းကောင်မျိုးနွယ်၏ ခေါင်းဆောင်သည်လည်း ထိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့သည်။
လီယုံကျောက်တိုင်အောက်တွင် သူတွေ့ကြုံခဲ့သော ထိုက်စီရှန်းမုန့်ဂိုဏ်းမှ ကျင့်ကြံသူလည်း ရှိသေးသည်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုများထဲမှာ နယ်ပယ်တစ်ခု ပါရှိသည်။
နောက်ထပ်တစ်ယောက်မှာ ချင်းချိုးဖြစ်သည်။ တစ်ဖက်လူသည် သူ၏ ဝှက်ဖဲကတ်ကို အသုံးပြုသည့်အခါတိုင်း နယ်ပယ်စွမ်းအားကို ထုတ်လွှတ်လိမ့်မည်။
သူ၏ (ဃ၁၃၂)ထဲမှာလည်း ထိုသို့နယ်ပယ်စွမ်းအား ရှိနေလိမ့်မည်ဟု ရွှီချင်း မျှော်လင့်မထားခဲ့ပေ။
ရွှီချင်း၏ အမူအရာကို သတိပြုမိသောအခါ အိမ်ရှေ့စံမင်းသားသည် နားလည်သွားသည်။
“ ကြည့်ရတာ နယ်ပယ်ကျင့်ကြံသူတွေကို အရင်က မင်းတွေ့ကြုံခဲ့ဖူးတဲ့ပုံပဲ… ဒါက ပုံမှန်ပါပဲ… ဘာပဲပြောပြော ရှေးဘုရင်ရွှမ်ယုံခေတ်မှာ ဓားကိုင်ရုံးတော်က နယ်ပယ်အကြောင်းကို လေ့လာဖို့ ပညာရှင်ကျင့်ကြံသူအများအပြားကို ဖိတ်ကြားခဲ့တယ် ”
“ ဒါပေမဲ့ မင်းရဲ့ မေ့လျော့ခြင်းနယ်ပယ်က တခြားနယ်ပယ်တွေနဲ့ ခြားနားတယ်… အဲ့ဒါက သက်ရှိအားလုံးရဲ့ ကမ္မနဲ့ နတ်ဘုရားရဲ့ ကံကြမ္မာဆိုးတို့ ပေါင်းစပ်သွားတာကနေ ဖြစ်ပေါ်လာတာမဟုတ်လား… အဲ့ဒါက ဂရုတစိုက် လေ့လာဖို့ ထိုက်တန်တယ် ”
“ ဒါ့အပြင် အတိတ်မှာ ဓားကိုင်ရုံးတော်က နယ်ပယ်အပေါ် စူးစမ်းလေ့လာရတဲ့ ရည်ရွယ်ချက်က နတ်ဘုရားတွေကို ဦးညွတ်အောင် ပြုလုပ်နိုင်မယ့် အစွမ်းတစ်မျိုးကို သူတို့က ဖန်တီးချင်လို့ပဲ ”
ထိုသို့ပြောပြီးနောက် အိမ်ရှေ့စံမင်းသားသည် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ ယခု သူက ရွှီချင်းအား မည်သို့ညွှန်ကြားပေးရမည်ကို နားလည်သွားပြီဟု ဆိုနိုင်ပေသည်။ သူက ရွှီချင်းကို အသေးစိတ် ရှင်းပြပေးရန် လိုအပ်လိမ့်မည်။ သို့မှသာ ရွှီချင်း၏ နားလည်မှုက အပြင်ဘက်သို့ လွတ်ချော်မသွားနိုင်မည် ဖြစ်သည်။
ရွှီချင်းကို ဆန်းကြယ်သော စကားအများအပြားပြောပြီး အဆုံးတွင် သူ့အတွက် ဦးတည်ရာတစ်ခု ဖွင့်လှစ်ပေးခြင်းသည် ပိုပြီးထိရောက်မှုရှိကြောင်း သူနားလည်သည်။ ထိုနည်းက ရွှီချင်း၏ နားလည်နိုင်စွမ်းအတွက် ပိုပြီးသင့်တော်သည်။
ထို့ပြင် ထိုဦးတည်ရာသည် အလုံအလောက် ကျယ်ပြောရန် လိုအပ်ပေသည်။ သူက ထိုအရာကို ဖမ်းဆုပ်နိုင်ခြင်း မဖမ်းဆုပ်နိုင်ခြင်းသည် အနာဂတ်ကိစ္စသာ ဖြစ်သည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ အိမ်ရှေ့စံမင်းသား၏ စကားသည် (ဃ၁၃၂)အကြောင်းကို သူ့အား ပိုပြီးကောင်းမွန်စွာ နားလည်စေခဲ့သည်။ ယခု သူ့မှာ ဦးတည်ရာအသစ်တစ်ခု ရှိလာသည်။ သူက ရိုသေလေးစားစွာ အရိုအသေပေးလိုက်ပြီးနောက် နောက်ဖေးခန်းဆီသို့ ချက်ချင်း ပြန်သွားသည်။ သူက စတင်ဆင်ခြင်သုံးသပ်လိုက်သည်။
(ဃ၁၃၂)ထဲမှ ဝိညာဉ်နတ်သူငယ်သည် ထိုအခိုက်အတန့်မှာ မျက်လုံးဖွင့်လိုက်သည်။ အစိမ်းရောင်အလင်းသည် သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
နတ်ဘုရားလက်ချောင်းသည် အံ့ဩသွားသည်။ ၎င်းက အခြားတစ်ဖက်သို့ ချက်ချင်း လှည့်လိုက်ပြီး အိပ်ချင်ယောင် ဆက်ဟန်ဆောင်လိုက်သည်။ သို့သော်လည်း ၎င်း၏ စိတ်သည် ကြီးမားစွာ လှုပ်ခါနေသည်။
တခြားရာဇဝတ်သားများသည်တော့ ပိုပြီးထိတ်လန့်သွားကြသည်။
ခေါင်းကြီးနှင့် ကျောက်တုံးခြင်္သေ့သည် ရွှီချင်းအပေါ် ပိုပြီးကြောက်ရွံ့ရိုသေလာကြသည်။ လဝတ်ပြုဒေသကြီးဆီသို့ ရောက်ရှိလာပြီးနောက် ရွှီချင်းက လူသားနှင့်မတူတော့ဘဲ ပိုပိုပြီး ကြောက်စရာကောင်းလာကြောင်း သူတို့ခံစားမိကြသည်။
ပန်းချီကားမျိုးနွယ်အဖိုးအိုသည်ပင် တုန်ယင်နေသည်။ အကယ်၍ ဤအခိုက်အတန့်မှာ သူ့မှာ သတ္တိတစ်ရာရှိမည်ဆိုလျှင်ပင် ရွှီချင်းကို မလှည့်စားဝံ့တော့ပေ။
ရွှီချင်းသည် ထိုရာဇဝတ်သားများကို အများကြီး ဂရုမစိုက်ပေ။ သူ၏ နတ်ဘုရားအာရုံသည် (ဃ၁၃၂)၏ ဝိညာဉ်နတ်သူငယ်ဖြင့် ထပ်ဆင့်လွှမ်းခြုံသွားပြီး တစ်ယောက်နှင့်တစ်ယောက် လေ့လာလိုက်သည်။
အိမ်ရှေ့စံမင်းသား၏ လမ်းညွှန်ပေးမှုကြောင့် နတ်ဘုရားလက်ချောင်းက ကံကြမ္မာဆိုး၏ အရင်းအမြစ်ဖြစ်ပြီး သူ့ဝိညာဉ်နတ်သူငယ်က ကမ္မစုဝေးမှုဖြစ်ကြောင်း နားလည်လာသည်။ သို့ဆိုလျှင် မေ့လျော့ခြင်းစွမ်းအား၏ သရုပ်ပြမှုသည် ထိုရာဇဝတ်သားများ ဖြစ်ရမည်။
နောက်ဆုံးမှာတော့ သူ၏ အကြည့်က ပန်းချီကားမျိုးနွယ်အဖိုးအိုပေါ်သို့ ကျရောက်သွားသည်။
အဖိုးအိုသည် မျက်နှာဖြူဖျော့သွားပြီး ဆိုးဝါးသော ခံစားမှုကို ခံစားမိလာသည်။
“ အရှင်… ငါတို့(ဃ၁၃၂)က မပြည့်စုံသေးဘူးလို့ ထင်ပါတယ်… ငါတို့ဆီမှာ လူတွေလိုနေပါသေးတယ်… ရေတိုင်ကီနဲ့ ကောက်ရိုးအရုပ်ကို လိုနေပါတယ် ”
“ အဲ့ဒါတော့ မှန်တယ်အရှင်… အဲ့နှစ်ကောင်က အပြင်လောကမှာ လူတွေကို ဒုက္ခလိုက်ပေးနေမှာ သေချာတယ်… ငါတို့က အမှန်တရားကို မြတ်နိုးတယ်… သူတို့ကို အပြင်မှာ လုပ်ချင်တိုင်းလုပ်ဖို့ ခွင့်မပြုသင့်ဘူး ”
ခေါင်းကြီးသည် အမြန်ပြောသည်။
ရွှီချင်းသည် အမူအရာကင်းမဲ့စွာရှိနေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် ပန်းချီကားမျိုးနွယ်အဖိုးအိုသည် ဆွဲငင်ခံလိုက်ရပြီး ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်လက်ထဲသို့ ကျရောက်သွားသည်။ အဖိုးအိုသည် ဖော်လံဖားသော အမူအရာကို ထုတ်ဖော်လိုက်ပြီး စကားပြောရန် ပါးစပ်ဟလိုက်သည်။
“ ပါးစပ်ပိတ်ထား ”
ရွှီချင်းသည် သူ၏ နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။ ပန်းချီကားမျိုးနွယ်အဖိုးအိုသည် စုတ်တံတစ်ချောင်းကို ထုတ်လိုက်ပြီး သူ၏ ပါးစပ်မှာ စုတ်ချက်တစ်ခုဆွဲ၍ ချိပ်ပိတ်လိုက်သည်။ ထို့နောက် သူက ဖော်လံဖားသော အမူအရာကို ဆက်လက် ထုတ်ဖော်လိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက အဖိုးအို၏ နဖူးပေါ်သို့ လက်တင်လိုက်ပြီး ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။ မကြာမီ သူက ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးကို ဖမ်းဆုပ်လိုက်ပြီး နက်ရှိုင်းစွာ အာရုံခံလိုက်သည်။
အမှန်မှာ သူက ပိုပြီးစူးစမ်းလေ့လာနိုင်ရန်အတွက် လက်ဝှေ့ယမ်းလိုက်ပြီး သူတို့သုံးယောက်ကို အသားပြားအဖြစ် ထုချေဖျက်ဆီးပစ်လိုက်သည်။ သူက သူတို့ကို သေချာအာရုံစိုက်၍ ကြည့်လိုက်သည်။ အထူးသဖြင့် သူတို့၏ ပြန်လည်ရှင်သန်လာသော ထူးခြားဖြစ်စဉ်ကို ပိုပြီးအာရုံစိုက်ထားသည်။
ထိုသံသရာက ထပ်ခါထပ်ခါ ဖြစ်ပျက်ခဲ့သည်။ နောက်ဆုံးမှာတော့ ရာဇဝတ်ကောင်သုံးကောင်၏ အသနားခံမှုနှင့် နတ်ဘုရားလက်ချောင်း၏ တုန်ရီမှုအောက်မှာ ရွှီချင်းသည် သူ၏ စူးစမ်းလေ့လာမှုကို အဆုံးသတ်လိုက်သည်။
နောက်ဖေးခန်းထဲတွင် ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နားလည်သွားသော အရိပ်အယောင်က ထွက်ပေါ်လာသည်။
“ အတိတ်မှာ (ဃ၁၃၂)ရဲ့ အရင်အစောင့်အကြပ်တွေက ကံကြမ္မာဆိုးကြောင့် သေဆုံးသွားကြတယ်… ပြီးတော့ ငါလည်းပဲ မေ့လျော့ခြင်းကို အကြိမ်ကြိမ် တွေ့ကြုံဖူးတယ်… ”
“ အဲ့ဒီအကျဉ်းသားတွေကိုယ်တိုင်က ကံကြမ္မာဆိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ… ဒီတော့ အတိုင်းအတာတစ်ခုထိဆိုရရင် သူတို့ကို မသေမျိုးတွေလို့ဆိုနိုင်တယ် ”
“ ငါသတိမေ့လျော့သွားရတဲ့ အကြောင်းအရင်းက ကံကြမ္မာဆိုးရဲ့ သက်ရောက်မှုကို ခံလိုက်ရလို့ပဲ… ကံကြမ္မာဆိုးက ကမ္မနဲ့ ပေါင်းစပ်သွားတဲ့အခါ မေ့လျော့ခြင်းကို ဖြစ်ပေါ်လာစေတယ် ”
“ အကျိုးနဲ့အကြောင်းတရားကို ဖြတ်တောက်ဖို့ မေ့လျော့ရလိမ့်မယ်… အဲ့ဒါက (ဃ၁၃၂)ရဲ့ အဓိက အနှစ်သာရပဲ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ (ဃ၁၃၂)ဝိညာဉ်နတ်သူငယ်သည် နတ်ဘုရားလက်ချောင်းဆီသို့ ပျံသန်းသွားပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ဖိနှိပ်လိုက်သည်။
နတ်ဘုရားလက်ချောင်းသည် ဆန္ဒမရှိပေ။ သို့သော်လည်း ၎င်းက မခုခံဝံ့ပေ။ (ဃ၁၃၂)ဝိညာဉ်နတ်သူငယ်က နတ်ဘုရားလက်ချောင်းနှင့် ထိတွေ့သွားတော့မည့်အခိုက် ရွှီချင်း၏ မူလခန္ဓာကိုယ်သည် မိန်းမောတွေဝေလာသည်။
ထိုတွေဝေမှုသည် လပုန်ကန်ခန်းမမှ အားလှိုင်းအတတ်အကျများကို သူအာရုံမခံမိခင်အထိ ကြာမြင့်ခဲ့သည်။ ထို့နောက် သူက အိမ်ရှေ့စံမင်းသားပေးထားသော ကြေးမုံကို ထုတ်လိုက်ပြီး အမြင့်မြတ်ဆုံးဘုရားကျောင်းထဲသို့ ဝင်ရောက်သွားသည်။
သူက အထဲသို့ ဝင်ရောက်သွားသည့်အခိုက် ဂိတ်တံခါးပေါ်မှ ခေါင်းဆောင်၏ တိုတမ်လေးသည် အော်ဟစ်ငိုကြွေးလိုက်သည်။
“ ချင်းလေး… တစ်ခုခုမှားနေပြီ… ဒီတစ်ကြိမ် တကယ်မှားနေပြီ… ဒီတလောအတွင်းမှာ လပုန်ကန်ခန်းမကနေတဆင့် ငါ့အရင်ဘဝက ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို ရှာဖွေကြည့်ခဲ့တယ်… အဲ့ဒါက အတိအကျ မဟုတ်ဘူးဆိုရင်တောင် စိတ်အပိုင်းတစ်ခုကလွဲလို့ ကျန်အားလုံးကို ဝေဝေဝါးဝါး ငါအာရုံခံမိတယ်… ”
“ ငါ့ ငါ့ ငါ့… ငါ့ရဲ့ အရင်ဘဝက ခန္ဓာကိုယ်က ကျောက်ကပ်တစ်ခု ပျောက်သွားတဲ့ပုံပဲ… ဘယ်လိုပဲ ငါရှာပါစေ အဲ့ဒါကို လုံးဝအာရုံမခံနိုင်ဘူး ”
“ ငါ အခေါက်ခေါက်အခါခါ စစ်ဆေးကြည့်ခဲ့တယ်… ဒါပေမဲ့ မရှာနိုင်ခဲ့ဘူး… အဲဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ… ငါ့ကျောက်ကပ်ကို တစ်ယောက်ယောက်က စားသွားတယ်ဆိုရင်တောင် သွေးမျိုးစက်အငွေ့အသက်က ကျန်နေခဲ့မယ်မဟုတ်ဘူးလား… ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါကို ငါအာရုံခံမိသင့်တယ် ”
“ အခု ဘာသဲလွန်စမှ မကျန်ဘူး… ငါ့ကျောက်ကပ်လေး ဘာဖြစ်သွားတာလဲ… ”