← Chapters

ရွှီချင်း၏ မေ့လျော့ခြင်းနယ်ပယ်

Vol. 67 Ch. 1051

ရွှီချင်း၏ မေ့လျော့ခြင်းနယ်ပယ်

Vol. 67 Ch. 1051

လပုန်ကန်ခန်းမ၏ အမြင့်မြတ်ဆုံးဘုရားကျောင်းတွင် ခေါင်းဆောင်၏ အသံထဲမှာ စိတ်ရှုပ်ထွေးခြင်း၊ စိုးရိမ်ခြင်းနှင့် ဆန္ဒစောခြင်းတို့ ပါဝင်သည်။

“ ဘယ်လိုလုပ် အဲ့လိုဖြစ်ရတာလဲ… ငါ့အရင်ဘဝက ခန္ဓာကိုယ်က အခု မပြည့်စုံတော့ဘူး… ချင်းလေး… ယောင်္ကျားတစ်ယောက်အတွက် ကျောက်ကပ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာ မင်းသိလား ”

“ ကျောက်ကပ်မရှိရင် ငါက ပြည့်စုံတဲ့ ယောင်္ကျားတစ်ယောက်ဖြစ်တော့မှာ မဟုတ်ဘူး ”

“ အဲ့ဒါက အရင်ဘဝမှာ ငါ အထူးသန့်စင်ခဲ့တဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းပဲ… အဲ့ဒါက အရမ်းသိသာပြီး တန်ဖိုးကြီးမားတယ် ”

ဂိတ်တံခါးပေါ်တွင် ခေါင်းဆောင်မှ ဖွဲ့စည်းထားသော တိုတမ်လေးသည် ဝမ်းနည်းဖွယ်ကောင်းစွာ ပြောသည်။ သူက ခံပြင်းဒေါသထွက်သောကြောင့် အံတင်းတင်းကြိတ်လိုက်သည်။ မည်သို့ဖြစ်ပါစေ သူက ယောင်္ကျားတစ်ယောက်အတွက် အရေးကြီးဆုံးအရာကို ပျောက်ဆုံးသွားခြင်းမဟုတ်ပါလော။

“ ရွံရှာဖွယ်ကောင်းတဲ့ လူယုတ်မာတချို့က ငါ့ရဲ့ ကျောက်ကပ်ကို လိုချင်တပ်မက်နေတာ ဖြစ်ရမယ်… သူတို့က အရာအားလုံးကို အောင်နိုင်ဖို့ ငါ့ကျောက်ကပ်ကို ခိုးသွားတာဖြစ်မယ်… မုန်းဖို့ကောင်းလိုက်တာ ”

“ တကယ်လို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် အဲ့ဒါက ငါ့တစ်ယောက်တည်းကို ထိခိုက်မှာမဟုတ်ဘူး… ငါတို့ရဲ့ ကိစ္စကြီးကိုပါ သက်ရောက်မှုရှိလိမ့်မယ်… ငါ့အရင်ဘဝက ခန္ဓာကိုယ်က အစိတ်အပိုင်းတစ်ခုတောင် ပျောက်လို့မဖြစ်ဘူး… ”

ခေါင်းဆောင်သည် စိုးရိမ်ကြောင့်ကြစွာ ပြောသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ အမူအရာသည် အနည်းငယ် ထူးဆန်းလာသည်။ သူက လဝတ်ပြုဒေသကြီး၏ အနောက်ပိုင်းဒေသမှ ချိုင့်ဝှမ်းတစ်ခုတွင် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့သော ရွှံ့မြေခွေးကို ချက်ချင်း သတိရသွားသည်။

ထိုအချိန်တုန်းက ရွှံ့မြေခွေးသည် သူ့ကို ကျောက်ကပ်တစ်ခု ထုတ်ပြခဲ့သည်။

ထိုသို့တွေးမိသွားသောအခါ ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ သို့သော်လည်း သေချာအတည်ပြုရန် သူက တိုးညင်းစွာ‌ မေးသည်။

“ စီနီယာအကိုကြီး… မင်းရဲ့ အရင်ဘဝမှာ ကျောက်ကပ်ဘယ်နှစ်ခုရှိလဲ ”

“ နှစ်ခု… ငါက လူသားလေ… ငါ့အရင်ဘဝမှာလည်း လူသားပဲ… လူသားတွေမှာ ကျောက်ကပ်က နှစ်ခုပဲရှိတာ မဟုတ်ဘူးလား… ဘာလဲ မင်းမှာ သုံးခုရှိလို့လား ”

ခေါင်းဆောင်သည် ရွှီချင်းကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။

ရွှီချင်းသည် ခေါင်းဆောင်၏ အကြည့်ကို ဂရုမစိုက်ပေ။ သူက နောက်မေးခွန်းတစ်ခုကို မေးသည်။

“ တခြားကျောက်ကပ်တစ်ခုကို မင်းအာရုံခံနိုင်လား ”

“ ငါအာရုံခံနိုင်တယ်… တခြားကျောက်ကပ်က အရှေ့ပိုင်းဒေသက နတ်ဘုရားသားတော်အသိုက်ထဲမှာ ရှိတယ်… အဲ့ဒါက ရေခဲဖြစ်နေတယ်ဆိုပေမဲ့ ရှင်းရှင်းလင်းလင်း ငါအာရုံခံနိုင်တယ် ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် သတိပြန်ဝင်လာသည်။ သူ၏ မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူက ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ ချင်းလေး… မင်းဘာလို့ အဲ့ဒီအကြောင်း ငါ့ကို မေးတာလဲ… မဟုတ်မှ ငါ့ကျောက်ကပ်ကို အရင်က မင်းမြင်ဖူးတာလား ”

ရွှီချင်းသည် မည်သည့်စကားမှ ပြန်မပြောပေ။ သူက အတိတ်တွင် ရွှံ့မြေခွေး ထုတ်ပြခဲ့သော ကျောက်ကပ်၏ ပုံသဏ္ဍာန်ကို ဂရုတစိုက် ပြန်တွေးလိုက်သည်။ သူ၏ တိတ်ဆိတ်နေခြင်းက ခေါင်းဆောင်ကို ပိုပြီးစိုးရိမ်ပူပန်လာစေသည်။

“ စီနီယာအကိုကြီး… ပျောက်သွားတဲ့ မင်းရဲ့ ကျောက်ကပ်က ရွှေရောင်လား… ပြီးတော့ လခြမ်းပုံသဏ္ဍာန်ရှိပြီး အဲ့ဒီအပေါ်မှာ မှော်သင်္ကေတတွေရှိတာ ဟုတ်သလား ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ချက််ချင်း စိတ်လှုပ်ရှားလာသည်။ သူ၏ တိုတမ်လေးသည် တုန်ယင်လာပြီး အလန့်တကြား အော်ပြောလိုက်သည်။

“ ဟုတ်တယ်… ဟုတ်တယ်… အဲ့ဒါက ရွှေရောင်… ချင်းလေး… ငါ့ကျောက်ကပ်ကို အရင်က မင်းမြင်ဖူးတာလား ”

ရွှီချင်းသည် ထိုအကြောင်းကို ပြန်တွေးပြီးနောက် ရွှံ့မြေခွေးနှင့် သူ၏ တွေ့ဆုံခဲ့ပုံကို ခေါင်းဆောင်အား ပြောပြလိုက်သည်။

ခေါင်းဆောင်သည် ပိုပြီးနားထောင်လေ ပိုပြီးစိတ်ခံစားချက် ပြင်းထန်လာလေ ဖြစ်သည်။ နောက်ဆုံးမှာတော့ သူက ပါးစပ်အဟောင်းသားဖြစ်သွားသည်။

“ အဲ့ဒီရွှံ့မြေခွေးက ငါ့ကျောက်ကပ်ကို မင်းကို စားခိုင်းပြီး မင်းရဲ့ ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးချင်တာ ဟုတ်လား ”

“ ငါမစားခဲ့ဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။

“ မင်းစားခဲ့ဖို့ကောင်းတယ်… အဲ့ဒါမှ ကျောက်ကပ်ကို မင်းဆီကနေ ငါပြန်ထုတ်နိုင်မှာ… အခု ငါတို့ဘာဆက်လုပ်ကြမလဲ… ”

ခေါင်းဆောင်၏ နှလုံးသည် အနည်းငယ် ပရမ်းပတာဖြစ်နေသည်။ သူက စိတ်ရှုပ်ထွေးစွာ သက်ပြင်းရှည်ကြီးချလိုက်သည်။

“ ပြီးတော့ ချင်းလေး… အဲ့ဒီရွှံ့မြေခွေးက မရိုးရှင်းဘူး… သူ့အနားမှာရှိနေရင် ငါ့ကျောက်ကပ်ကို တကယ်ကြီး အာရုံမခံနိုင်ဘူး… အဲ့ဒါက ဒီရွှံ့မြေခွေးက သာမန်မဟုတ်ဘူးလို့ ဖော်ပြလိုက်တာပဲ ”

“ ငါ့အရင်ဘဝက မှတ်ဉာဏ်တွေထဲမှာ အဲ့လိုပုဂ္ဂိုလ်မျိုး မရှိဘူး… မင်းပြောပုံအရဆို သူက နတ်စင်ပေါ်မှာ ထိုင်နေတယ်… အဲ့ဒါက နတ်ဘုရားတစ်ပါးအတွက် အပြင်အဆင်ပဲ ”

ရွှီချင်း၏ အကြည့်သည် အေးခဲသွားသည်။ အတိတ်တွင် ရွှံ့မြေခွေး၏ ဆန်းကြယ်မှုကို သူသည်လည်း အာရုံခံမိသည်။

“ ပြီးတော့ သူက တန်ဖိုးကြီးပစ္စည်းအများအပြားကို ထုတ်ပြနိုင်တယ်… အဲ့ဒီကျောက်ကပ်က သူ့ကို တစ်ယောက်ယောက်က လက်ဆောင်ပေးထားတာလို့တောင် ပြောသေးတယ်… သူပြောတာတွေက အမှန်ဆိုရင် အဲ့ဒီရွှံ့မြေခွေးက ဘယ်နည်းနဲ့မှ သာမန်မဖြစ်နိုင်ဘူး… သူက နတ်ဘုရားတစ်ပါးဖြစ်နိုင်တယ် ”

ဤသည်ကို ခေါင်းဆောင်ကြားသောအခါ သူက ထပ်မံတုန်ယင်သွားသည်။ သူက ဝမ်းနည်းခြင်းနှင့် ခံပြင်းဒေါသဖြစ်ခြင်းကို ခံစားမိသွားသည်။

“ တကယ်လို့ သူက နတ်ဘုရားဆိုရင် ဘယ်ကနေ ရောက်လာတာလဲ… ဘာလို့ သူက ငါ့ကျောက်ကပ်ကို ယူထားရတာလဲ… ဟူး… အားလုံးက တကယ်တော့ ငါ့အမှားကြောင့်ပါ… အရင်ဘဝမှာ ငါက ကျောက်ကပ်ကို အရမ်းကောင်းမွန်အောင် သန့်စင်ခဲ့မိတယ်… နတ်ဘုရားတစ်ပါးတောင် ငါ့ကျောက်ကပ်ကို အလွတ်မပေးချင်ပါလား ”

ခေါင်းဆောင်ထံမှာ စိတ်ခံစားချက်အများအပြား ရောထွေးနေသည်။ ထိုထဲမှာ အကူအညီမဲ့ခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းအပြင် ဂုဏ်ယူဝင့်ကြွားမှုလည်း ပါရှိသည်။ အဆုံးမှာတော့ သူက ရွှီချင်းကို မျှော်လင့်တကြီး ကြည့်လိုက်သည်။

“ ချင်းလေး… ဒီလိုလုပ်ရင်ရော… မင်းက… ”

ခေါင်းဆောင်က သူ၏ စကားကို ပြီးဆုံးအောင် မပြောနိုင်ခင်မှာ ရွှီချင်းက ကြားဖြတ်ပြောလိုက်သည်။

“ စီနီယာအကိုကြီး… မင်းမှာ ကျောက်ကပ်တစ်ခုမရှိတော့လည်း ကိစ္စမရှိပါဘူး… မင်းမှာ တခြားကျောက်ကပ်တစ်ခု ရှိသေးတယ်မဟုတ်လား… ငါ့စိတ်ထဲမှာတော့ စီနီယာအကိုကြီးက အမြဲတမ်း ပြီးပြည့်စုံနေမှာပါ ”

ရွှီချင်းသည် စကားပြောပြီးနောက် လှည့်ပြန်ရန် ပြင်လိုက်သည်။ ခေါင်းဆောင်က မည်သည့်စကားကို ပြောချင်နေကြောင်း သူသိသည်။

“ ခဏနေပါဦး… ဂျူနီယာညီလေး ”

ခေါင်းဆောင်သည် ပိုပြီးစိုးရိမ်လာပြီး အလျင်အမြန် ခေါ်လိုက်သည်။

“ ဂျူနီယာညီလေး… ဒီဟာက ငါတို့နှစ်ယောက်စလုံးနဲ့ သက်ဆိုင်နေတဲ့ ကိစ္စပဲ… ဘာလို့ မင်းကိုယ်မင်း တစ်ခါလောက် အနစ်နာမခံချင်တာလဲ… တကယ်လို့ အဲ့ဒီရွှံ့မြေခွေးက နတ်ဘုရားဆိုရင် မင်းဘာမှမနစ်နာဘူးလို့ ငါထင်တယ် ”

ရွှီချင်းသည် သူ့ကို လျစ်လျူရှုထားပြီး ယဇ်ပလ္လင်ဆီသို့ လျှောက်သွားသည်။ သူက ဤနေရာမှ ထွက်သွားချင်သည်။

“ ချင်းလေး… ဒီကိစ္စက လဝတ်ပြုဒေသကြီးက သက်ရှိအားလုံးနဲ့ သက်ဆိုင်နေတဲ့ကိစ္စနော် ”

“ အရေးကြီးဆုံးကတော့ အဲ့ဒါက ငါ့အနာဂတ်နဲ့ သက်ဆိုင်နေတယ်… ကျောက်ကပ်တစ်ခုမရှိတဲ့ ဘဝက ဘယ်လောက်ခက်ခဲမယ်လို့ မင်းထင်လဲ… ကျောက်ကပ်မရှိရင် ငါက မပြည့်စုံတော့ဘူး… ငါ့ခန္ဓာကိုယ်ကို ပြည့်ပြည့်စုံစုံ ပြန်ပေါင်းစည်းနိုင်တော့မှာ မဟုတ်ဘူး ”

ခေါင်းဆောင်သည် စိုးရိမ်ကြောင့်ကြနေသောကြောင့် အလျင်စလို ပြောသည်။ သူက ထိုသို့အဖြစ်မျိုး တစ်ခါမှ မကြုံဖူးပေ။

သူ၏ စီနီယာအကိုကြီးက တကယ်ပျာယာခတ်နေကြောင်း ရွှီချင်း သိသည်။ ထို့ကြောင့် သူက ခြေလှမ်းကို ရပ်တန့်လိုက်သည်။ သူက တုံ့ဆိုင်းသွားသည်။ ရွှံ့မြေခွေးနှင့် မြင်ကွင်းကို ပြန်စဉ်းစားမိသွားသောအခါ တစ်ဖက်လူက ကျောက်ကပ်ကို သူမြင်အောင် တမင်သက်သက် ထုတ်ပြခဲ့ခြင်းဖြစ်ကြောင်း ရေးတေးတေး သူခံစားမိသည်။

“ ချင်းလေး… အဲ့ဒီရွှံ့မြေခွေးက ကျောက်ကပ်ကို မင်းမြင်အောင် တမင်ထုတ်ပြခဲ့တာဖြစ်ရမယ်… ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက သူ့မှာ မင်းအပေါ် မကောင်းတဲ့ရည်ရွယ်ချက် ဘာမှမရှိခဲ့ဘူး… ငါ့အထင် သူက မင်းသူ့ကို နောက်တစ်ခါ လာရှာစေချင်တာဖြစ်မယ်… ”

“ ရပါတယ်ကွာ… မင်းက မလုပ်ချင်ဘူးဆိုရင်လည်း နေပါစေတော့… ရှေ့လျှောက် မပြည့်စုံတဲ့ဘဝနဲ့ပဲ ငါနေထိုင်သွားတော့မယ်… ဒါပေမဲ့ အတိတ်မှာ ငါမင်းကို ကတိပေးထားတဲ့ ဒီဘဝမှာ ငါတို့နှစ်ယောက် ခရီးအတူတူထွက်မယ်ဆိုတာကိုတော့ ငါဖြည့်ဆည်းပေးနိုင်တော့မယ် မထင်ဘူး… ”

ခေါင်းဆောင်သည် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ၏ အမူအရာမှာ အထီးကျန်မှုဖြင့် ပြည့်နှက်နေသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ ခေါင်းညိတ်လိုက်သည်။

“ အင်း… ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး ”

သူက စကားပြောပြီးနောက် ယဇ်ပလ္လင်ပေါ်သို့ လျှောက်သွားသည်။

ခေါင်းဆောင်သည် ဆွံ့အသွားပြီး ချက်ချင်း ကိုးရိုးကားရား ပြုံးလိုက်သည်။

“ ဂျူနီယာညီလေး… ငါဆိုလိုတာ အဲ့ဒီသဘောမျိုးမဟုတ်ပါဘူး… အခွင့်အရေးရှိဦးမယ်လို့ ငါထင်တယ် ”

ယဇ်ပလ္လင်ပေါ်သို့ လျှောက်သွားနေသည့် ရွှီချင်းသည့် ခေါင်းဆောင်ကို အကူအညီမဲ့စွာ ကြည့်လိုက်သည်။

“ ငါကြိုးစားကြည့်မယ် ”

“ မင်းက ငါ့ညီအကိုကောင်းပဲ ”

ခေါင်းဆောင်သည် စိတ်လှုပ်ရှားလာသည်။ ရွှီချင်းအပေါ် သူယုံကြည်သောကြောင့် စိတ်သက်သာရာရသွားသည်။ ရွှီချင်း၏ အကူအညီဖြင့်ဆိုလျှင် သူ၏ ကျောက်ကပ်ကို သေချာပေါက် ပြန်ရနိုင်လိမ့်မည်ဟု ယုံကြည်သည်။

ရွှီချင်းသည် သက်ပြင်းချလိုက်ပြီး အစစ်အမှန်လောကဆီသို့ ပြန်သွားသည်။

သူက ထွက်ပေါ်လာသည့်အခါ ဆေးဆိုင်၏ နောက်ဖေးခန်းဆီသို့ ပြန်ရောက်ရှိသွားသည်။ သူက ရွှံ့မြေခွေးနှင့် မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားတော့မည့်အချိန် မိန်းမောတွေဝေသော အရိပ်အယောင်က ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တစ်ခဏကြာပြီးနောက် သူက မျက်မှောင်ကြုတ်လိုက်ပြီး နဖူးပေါ်ကို ဖိနှိပ်လိုက်သည်။

“ မေ့လျော့ခြင်းနယ်ပယ်ကို ငါဘယ်လို လှုံ့ဆော်ရမလဲ ”

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် သူ၏ အသိစိတ်က (ဃ၁၃၂)ထဲသို့ ဝင်ရောက်သွားသည်။ (ဃ၁၃၂)ဝိညာဉ်နတ်သူငယ်နှင့် နတ်ဘုရားလက်ချောင်းက အချင်းချင်း မထိကြတော့ကြောင်း သူမြင်သွားသည်။ သူတို့ကြားမှာ ကွာဟမှုရှိသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက နောက်တစ်ခါ ထပ်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက ဝိညာဉ်နတ်သူငယ်ကို ထိန်းချုပ်လိုက်ပြီး ဆက်လက် လျှောက်သွားသည်။ နတ်ဘုရားလက်ချောင်းနှင့် ထိတွေ့ပြီးနောက် သူ၏ အမူအရာသည် ထပ်မံ မိန်းမောတွေဝေသွားသည်။

ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရွှီချင်းသည် သူ၏ မေ့လျော့သွားသော မှတ်ဉာဏ်များကို လေ့လာနေဆဲပင်။ အကြိမ်တိုင်း သူ၏ ဝိညာဉ်နတ်သူငယ်က နတ်ဘုရားလက်ချောင်းဖြင့် ထိတွေ့သွားသည့်အခါတိုင်း ကမ္မနှင့် ကံကြမ္မာဆိုး၏ ပေါင်းစပ်မှုက ရွှီချင်း၏ အသိစိတ်ကို ဝေဝါးသွားစေလိမ့်မည်။

ထိုနှစ်ခုက အတိုင်းအတာတစ်ခုထိ ခွဲခွာသွားသည့်အခါမှသာ ရွှီချင်း၏ မိန်းမောတွေဝေခြင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။

ဆေးဆိုင်ထဲမှ လူများသည်တော့ ပုံမှန်အတိုင်းရှိနေဟန် ထင်ရ၏။

အိမ်ရှေ့စံမင်းသား၏ အမူအရာသည်သာ ပိုပြီးထူးခြားလာသည်။

ဤအခိုက်အတန့်မှာ သူက ထိုင်နေရင်း လက်ဖက်ရည်ခွက်ကို ကိုင်ထားလျက် ဝိညာဉ်သခင်မယုံကျင်းကို ကြည့်နေသည်။

နင်ယန်သည် ကြမ်းတိုက်နေပြီး လင်းအာသည် ငွေစာရင်းတွက်နေသည်။ ဝူကျန်းဝူသည် တံခါးနားမှာ ကဗျာအော်ရွတ်နေသည်။ လီယိုဖေးသည် ဓားပိုက်ထားပြီး ဆေးဆိုင်ထဲသို့ ဝင်လာသူတိုင်းကို စိုက်ကြည့်နေသည်။

ဝိညာဉ်သခင်မယုံကျင်းသည် ရေနွေးကျိုနေဆဲပင်။

သို့သော်လည်း ပုံမှန်ဆိုလျှင် နင်ယန်သည် ကြမ်းပြင်ကို ခုနစ်ခါ သို့မဟုတ် ရှစ်ခါသာ သန့်ရှင်းရေးလုပ်ပေးရန် လိုအပ်သည်။ သို့သော်လည်း ယနေ့မှာ သူက အခါငါးဆယ်ထက်မနည်း ကြမ်းတိုက်ခဲ့ပြီးပြီ ဖြစ်သည်။ ထိုအဖြစ်ကို သူ့ကိုယ်သူပင် သတိမထားမိပေ။

လင်းအာသည် ငွေစာရင်းတွက်နေသည်။ သူက တွက်ပြီးသား ငွေစာရင်းကို ထပ်ခါတလဲလဲ ပြန်တွက်နေခြင်း ဖြစ်သည်။ ဝူကျန်းဝူသည် တူညီသော ကဗျာတစ်ပုဒ်ကို တစ်နေ့တည်းမှာ အခေါက်ခေါက် ရွတ်ဆိုခဲ့သည်။

လီယိုဖေးသည် မတ်တတ်ရပ်နေဆဲပင်။ ထို့ကြောင့် သူနှင့်ပတ်သက်ပြီး မည်သည့်ထူးခြားချက်မှမရှိဟန် ထင်ရ၏။

ဝိညာဉ်သခင်မယုံကျင်းသည် စိတ်ရှုပ်ထွေးနေသည်။ အဘယ့်ကြောင့်ဆိုသော် ရေနွေးအိုးတည်ပြီးကြောင်း သူသတိပြုမိသောကြောင့် ဖြစ်သည်။ ထို့ပြင် အိမ်ရှေ့စံမင်းသား၏ အရှေ့မှာ လက်ဖက်ရည်ခွက်က ရှိနေပြီးသားဖြစ်သောကြောင့် သူက နောက်ထပ် ဘာမှလုပ်ပေးရန် မလိုအပ်ပေ။

သို့သော်လည်း တခြားလူများနှင့် မတူညီသည်မှာ သူက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိသွားပြီးနောက် ရုန်းကန်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ သူ၏ တစ်ကိုယ်လုံးက တုန်ယင်လာပြီး အသက်ရှူသံက မြန်ဆန်လာသည်။ သူက ဘေးပတ်ဝန်းကျင်မှ လူများကို ရုတ်တရက် ကြည့်လိုက်သည်။

“ ဘာဖြစ်သွားတာလဲ ”

ဝိညာဉ်သခင်မယုံကျင်းသည် တည်ကြည်လေးနက်လာသည်။ သူက အိမ်ရှေ့စံမင်းသားကို ကြည့်ပြီးနောက် ရွှီချင်းရှိနေသော နောက်ဖေးခန်းကို ကြည့်လိုက်သည်။

‘ ဟိုကောင်လေးရဲ့ အခန်းထဲကနေ ထွက်ပေါ်လာတဲ့ ထူးထူးဆန်းဆန်း စွမ်းအားက ငါ့ကို မှတ်ဉာဏ်ဆုံးရှုံးသွားစေတယ် ’

ထိုနားလည်မှုက ဝိညာဉ်သခင်မယုံကျင်းကို နှလုံးတုန်သွားစေသည်။

“ ဒါက ဒီရက်တွေမှာ မင်းနိုးထလာတဲ့ (၉၅)ကြိမ်မြောက်ပဲ… ရက်တွေကြာလာတာနဲ့ မင်းနိုးထတဲ့ အချိန်က ပိုပြီးနှေးကွေးလာတယ် ”

အိမ်ရှေ့စံမင်းသားက ပြောသည်။

“ တခြားလူတွေက တစ်ခါမှ နိုးမလာခဲ့ဘူး… ဒါပေမဲ့ လင်းအာဆိုတဲ့ ကလေးမကတော့ အတော်လေး ထူးခြားတယ်… သူက (၁၅)ကြိမ်တောင် နိုးလာခဲ့တယ် ”

ဝိညာဉ်သခင်မယုံကျင်းသည် ဆွံ့အသွားသည်။ ထိုထူးဆန်းသော အဖြစ်အပျက်က သူ့ကိုပင် ထိတ်လန့်သွားစေခဲ့သည်။ သို့ဖြစ်၍ တခြားလူများက အိမ်ရှေ့စံမင်းသား၏ စကားကို ကြားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

နင်ယန်သည် မျက်လုံးပြူးကျယ်လာပြီး ကြမ်းပြင်နှင့် သူ၏ လက်ထဲမှ အဝတ်စုတ်ကို ကြည့်လိုက်သည်။

“ ငါက ဒီရက်တွေမှာ ဘယ်နှစ်ကြိမ်တောင် ကြမ်းတိုက်ခဲ့တာလဲ ”

ဝူကျန်းဝူသည်လည်း ဆွံ့အသွားသည်။ သူက ကဗျာတစ်ပုဒ်တည်းကို အကြိမ်ကြိမ် ရွတ်ဆိုနေခဲ့ကြောင်း မယုံကြည်နိုင်ကောင်းစွာ ရှာတွေ့သွားသည်။

လင်းအာသည် အံ့ဩသွားပြီး လီယိုဖေးသည် ဆွံ့အသွားသည်။

ဝိညာဉ်သခင်မယုံကျင်းသည် မမေးဘဲ မနေနိုင်ပေ။

“ စီနီယာ… အဲ့ဒါက ရွှီချင်းကျင့်ကြံနေလို့ ဖြစ်တာပါလား ”

“ ဟုတ်တယ်… အဲ့ဒါက မေ့လျော့ခြင်းနယ်ပယ်ရဲ့ ကနဦးသရုပ်ဖော်မှုပဲ… သူက အဲ့ဒီလမ်းစဉ်ကို လျှောက်လှမ်းနေပြီးပြီ… အကြိမ်တိုင်း အဲ့ဒါကို သူလေ့လာတဲ့အခါတိုင်း သူ့ဘေးနားက လူတွေက မေ့လျော့ခြင်းနယ်ပယ်ရဲ့ သက်ရောက်ခံရလိမ့်မယ်… သူတို့က သူ့လိုပဲ မှတ်ဉာဏ်ဆုံးရှုံးသွားလိမ့်မယ် ”

အိမ်ရှေ့စံမင်းသားသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။

“ မင်းတို့ရဲ့ အခုမှတ်ဉာဏ်တွေက ရွှီချင်း ဒီတစ်ခေါက်ကျင့်ကြံတာ အဆုံးသတ်သွားလို့ သူ့ရဲ့ မှတ်ဉာဏ်တွေကို ဆုံးရှုံးသွားတဲ့အခါကျရင် မင်းတို့အားလုံးလည်း ဒီဟာတွေကို မေ့သွားလိမ့်မယ် ”

အားလုံးသည် ဆွံ့အသွားသည်။ လီယိုဖေးသည် တုန်ယင်လာပြီး ရုတ်တရက် မေးသည်။

“ စီနီယာ… ဒီရက်ပိုင်း ငါ့ကိုယ်ပေါ်မှာ တစ်ခုခုပျောက်သွားတယ်လို့ ခံစားမိပါတယ်… မဟုတ်မှ သခင်လေးက နောက်တစ်ခါ ဆေးလုံးသန့်စင်ပြန်တာလား ”

အိမ်ရှေ့စံမင်းသားသည် လီယိုဖေးကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ ဆေးလုံးသန့်စင်ခဲ့တာကို သူမေ့သွားတယ်… သူက ပထမဆုံးအကြိမ် ဆေးလုံးသန့်စင်တာလို့ ထင်မှတ်နေတယ်… ဒါပေမဲ့ လက်တွေ့မှာတော့ သူက မင်းဆီကနေ အကြိမ်တစ်ရာထက်မနည်း ဆေးလုံးသန့်စင်ပြီးပြီ ”

ဤသည်ကို လီယိုဖေးကြားသောအခါ သူ၏ ခန္ဓာကိုယ်သည် ပျော့ခွေသွားသည်။ အဆုံးမဲ့သော အကြောက်တရားက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ထိုစဉ် အိမ်ရှေ့စံမင်းသား၏ အကြည့်က တံခါးအပြင်ဘက်သို့ ရောက်ရှိသွားပြီး တည်ငြိမ်စွာ ပြောသည်။

“ ငါတို့ဆီ ဧည့်သည်ရောက်လာပြီ ”

တံခါးနားမှာရှိသော ဝူကျန်းဝူသည် ချက်ချင်း အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။ သူ၏ အကြည့်က လမ်းမပေါ်သို့ ကျရောက်သွားသောအခါ လူကြီးတစ်ယောက်က ဆေးဆိုင်သို့ တိတ်တဆိတ် လျှောက်လာနေကြောင်း မြင်သွားသည်။

ထိုလူသည် တည်ကြည်ခန့်ညားပြီး လေးနက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူက ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် ဆေးဆိုင်၏ အပြင်သို့ ရောက်ရှိသွားသည်။ သူက အကြီးအကဲထံသို့ ဂါရဝပြုရန် ရောက်ရှိလာသော ဂျူနီယာတစ်ယောက်နှယ် သူ၏ အမူအရာမှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။

“ လပုန်ကန်ခန်းမက ထျန်းနန်ဇီက အိမ်ရှေ့စံမင်းသားနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုပါတယ် ”

ထိုထျန်းနန်ဇီသည် လပုန်ကန်ခန်းမ၏ စတုတ္ထခန်းမသခင်မှလွဲ၍ တခြားလူမဟုတ်ပေ။

ဤသည်မှာ ဘဝကံကြမ္မာဆိုးတောင်တန်းသို့ သူရောက်ရှိလာပြီးနောက် ဆေးဆိုင်ဆီသို့ ပထမဆုံးအကြိမ် အလည်ရောက်လာခြင်း ဖြစ်သည်။ အစက သူသည် အိမ်ရှေ့စံမင်းသားကို နှုတ်ဆက်ရန် မြန်နိုင်သမျှမြန်မြန် လာချင်သည်။ သို့သော်လည်း လွန်ခဲ့သော တစ်ပတ်အတွင်းမှာ သူ၏ လက်အောက်ငယ်သားများ စခန်းချနိုင်ရေးအတွက် ကူညီပေးနေရသောကြောင့် မအားလပ်ခဲ့ပေ။ ထို့ပြင် သူ့မှာ တခြားကိစ္စများ ရုတ်တရက် ရှိလာခဲ့သည်။

ထိုကိစ္စ၏ အဓိက အကြောင်းအရင်းမှာ လပုန်ကန်ခန်းမထဲမှ အမှတ်ကိုးဆေးလုံးဆရာသခင်ကြောင့် ဖြစ်သည်။

လွန်ခဲ့သော ခုနစ်ရက်တုန်းက သူက လပုန်ကန်ခန်းမဆီသို့ ခရီးထွက်ခဲ့ပြီး အမှတ်ကိုးဆေးလုံးဆရာသခင်၏ ဘုရားကျောင်းအပြင်ဘက်မှာ လူအုပ်ကြီးကို ရှာဖွေခဲ့သည်။ နောက်ဆုံးမှာတော့ သူက အမှတ်ကိုးဆေးလုံးဆရာသခင်၏ ရုပ်တုက နိုးထလာကြောင်း မြင်ခဲ့သည်။

ထို့ကြောင့် သူက ဆရာသခင်ကို သူ့အား ကျိန်စာဖယ်ရှားဆေးလုံး ပိုရောင်းချပေးရန်နှင့် လပုန်ကန်ခန်းမထဲမှာ သူတို့ချင်း ဆက်သွယ်နိုင်မည့် နည်းလမ်းတစ်ခုကို တောင်းဆိုခဲ့သည်။

အမှတ်ကိုးဆေးလုံးဆရာသခင်က သူ့ကို သဘောတူခဲ့သည်။

နေ့တိုင်း အမှတ်ကိုးဆေးလုံးဆရာသခင်က သူ့အား အကြိမ်ကြိမ် အမှာစကားသံ ပေးပို့လာခဲ့ပြီး ဆေးပင်များကို စုဆောင်းခိုင်းခဲ့သည်။ တစ်နေ့တည်းမှာ သူက ရှစ်ကြိမ်ထက်မနည်း အမှာစကားသံများကို လက်ခံရရှိခဲ့သည်။ တချို့နေ့များဆိုလျှင် သူက ဒါဇင်ခန့်နီးပါး ရရှိခဲ့သည်။

အဘယ့်ကြောင့် ဆရာသခင်က သူ့ကို အကြိမ်ကြိမ် အမှာစကားပေးပို့လာကြောင်း သူမသိသော်လည်း အကြိမ်တိုင်း သူက ဆေးလုံးအများအပြားကို လက်ခံရရှိခဲ့သည်။ ထို့ကြောင့် သူ၏ လက်အောက်ငယ်သားများထဲမှ ကျိန်စာထကြွလာနေသော ကျင့်ကြံသူများ၏ အခက်အခဲကို ဖြေရှင်းနိုင်သွားခဲ့သည်။ သူ၏ ကိုယ်တိုင်စီမံမှုအောက်မှာ သူတို့၏ ဒဏ်ရာများသည် ပြန်သက်သာလာသည်။

ထို့ကြောင့် သူက နောက်ကျနေရခြင်း ဖြစ်သည်။ ယနေ့မှ သူက အားလပ်သောကြောင့် ဂါရဝပြုရန် ရောက်ရှိလာခြင်းဖြစ်သည်။

All Chapters