ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း
Vol. 42 Ch. 626
“ဒီဖြစ်ရပ်က ဖြစ်နိုင်ချေ နှစ်မျိုးပဲ ရှိတယ်၊ ပထမတစ်ခုက ဆေးက စိတ်ငြိမ်ဆေး ဖြစ်နေတာ၊ နောက်တစ်ခုက ခွေးက သွက်ချာပါဒ အဖြစ်ကို ရောက်သွားတာပဲ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ အဲ့ဒါပဲ ဖြစ်ရမယ်”
စိတ်ငြိမ်ဆေးသည် မည်သည့် တိရစ္ဆာန်ကိုမဆို အချိန်တိုအတွင်း တည်ငြိမ်အောင် လုပ်နိုင်စွမ်း ရှိသည်။ သို့သော် ခွေးရူးပြန် ရောဂါအား အဆင့်သုံးဆင့် ခွဲခြားထားလေသည်။ နောက်ဆုံးအဆင့်သည် သွက်ချာပါဒ အဆင့် ဖြစ်ပြီး ခွေးသည် ကနဦး ရူးသွပ်ခြင်းအပြီးတွင် စိတ်ဓာတ်ကျခြင်း၊ ပင်ပန်းခြင်းဖြစ်ကာ မလှုပ်တော့ချေ။
မည်သည့် ခွေးအမျိုးအစားမဆို ကြာကြာ အသက်ရှင်နိုင်တော့မည် မဟုတ်ပါ။
“စောင့်ကြည့်ကြတာပေါ့၊ ဆေးကို အခုထိ အသုံးဝင်တယ်လို့ သက်သေပြလို့ မရသေးဘူး”
“ဟုတ်တယ်၊ လှည့်ကွက် မဟုတ်ရင် တိုက်ဆိုင်တာပဲ ဖြစ်မယ်”
စမ်းသပ်မှု၌ ပါဝင်ယှဉ်ပြိုင်သူများစွာက တက်ကြွစွာ စတင် ငြင်းခုန်ကြလေသည်။
သို့သော် ငြင်းခုန်မှုများကြားထဲ၌ အချို့က ဝင်မပြောချေ။ ထိုသို့သောလူများထဲမှာ တစ်ယောက်မှာ အမီရာ ဖြစ်သည်။
သူတို့၏ အတွေ့အကြုံအရ ခွေးသည် စိတ်ငြိမ်ဆေး အတိုက်ခံလိုက်ရသကဲ့သို့ မဖြစ်နေသလို သွက်ချာပါဒ အဆင့်သို့ ရောက်နေခြင်း မဟုတ်ကြောင်းကိုလည်း သူတို့ ရှင်းရှင်းလင်းလင်း မြင်နေကြသည်။
ခွေးသည် ငြိမ်သက်နေပြီး အနီးကပ် လေ့လာကြည့်ပါက ခွေး၏ မျက်လုံးထဲမှ ကြက်သွေးရောင်က တဖြည်းဖြည်း ပျောက်ကွယ်လာသည်ကို သတိထားမိပေလိမ့်မည်။ ၎င်းသည် နှေးကွေးလေးလံနေမည့်အစား သတိနှင့် ဖြစ်နေ၏။
*အဲ့ဒီဆေးက … အကျိုးသက်ရောက်မှု ရှိတာလား*
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် ဒီလို ထူးဆန်းတဲ့ဆေးမျိုး ရှိနိုင်မှာလဲ၊ ဒါ တရုတ် အဂ္ဂရိတ် ပညာလား၊ ဒီခွေးရဲ့ ခွေးရူးပြန်ရောဂါက တကယ်ကြီးလေ”
အမီရာသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး မျက်လုံးများက မတည်မငြိမ် ဖြစ်နေ၏။
အချိန်ကြာလာသည်နှင့်အမျှ စင်ပေါ်တွင် သံသယများက နည်းသထက် နည်းလာပြီး မှင်တက်အံ့ဩ၍ မယုံနိုင်သော အမူအရာများသာ အစားထိုး ဖြစ်ပေါ်လာသည်။
သူတို့၏ အတွေ့အကြုံအရ ဘာတွေဖြစ်နေသလဲ ဆိုသည်ကို တပ်အပ် သိကြသည်။ ဆယ့်ငါးမိနစ် အကြာ၌ ခွေးသည် အရူးအမူး ဟောင်နေခြင်း မရှိတော့ဘဲ လူတိုင်းအား အမြီးနှံ့ပြလာသည်။ ၎င်း၏ မျက်လုံးတွင် လေးလံ ထိုင်းမှိုင်းခြင်း မရှိတော့ဘဲ အားအင်အပြည့်နှင့် ဖြစ်နေသည်။ ခွေးအား စိတ်ငြိမ်အေး ကျွေးထားသည့်ဟန်မျိုး လုံးဝ မရှိဘဲ ခွေးရူးပြန်ရောဂါ ကူးစက်ခံရပြီးနောက်ပိုင်း အားနည်းနေပုံသာ ပေါ်လေသည်။
“ဒီဆေးက … ခွေးရူးပြန်ရောဂါကို တကယ် ကုနိုင်တာပဲ၊ အန်းချီ ငါတို့ ဒီဆေးကို ရမှ ဖြစ်မယ်၊ ငါတို့နိုင်ငံအတွက် အဲ့ဒါကို ရကိုရရမယ်”
“အံ့ဩဖို့ကောင်းလိုက်တာ၊ တရုတ်နိုင်ငံက ဒီလို ထူးခြားတဲ့ဆေးမျိုး ပိုင်ဆိုင်ထားတာပဲ၊ မယုံနိုင်စရာပါလား”
“ဒါ … ဒါက ထူးခြားဆန်းကြယ်မှုပဲ”
ကမ္ဘာတစ်ဝှမ်းမှ ဆေးပညာ ပါရဂူများ၏ အသံများ ဆူညံပွက်လောရိုက်စွာ ထွက်ပေါ်လာပြီး သူတို့ရင်ထဲ၌ ထိတ်လန့်မှုတို့ ဖြစ်ပေါ်နေ၏။ သူတို့၌ အတွေးတစ်ခုတည်းသာ ရှိသည်။ ယင်းမှာ ထိုထူးခြားဆန်းကြယ်သော ဆေးအား သူတို့နိုင်ငံအတွက် မဖြစ်မနေ ရယူရန် ဖြစ်သည်။
ဝန်ထမ်းက စင်ပေါ် ပြန်တက်သွားပြီး ခွေးကို ပြန်ခေါ်လာကာ ဆေး၏ တကယ့် အာနိသင်ကို ဆုံးဖြတ်ရန် စစ်ဆေးလေသည်။
သို့ရာတွင် ဆေးပညာ အကျော်အမော်တိုင်း စစ်ဆေးမှုလုပ်ရန် မလိုအပ်ကြောင်း သိနေကြသည်။ ခွေး၏ ခွေးရူးပြန်ရောဂါအား အပြည့်အဝ ကုသပြီးသွားလေပြီ။
ထိုအဖြစ်၌ သွေးပျက်နေသည့် လူများမှာ ကိုရီးယားနိုင်ငံမှ လူများသာ ဖြစ်ပြီး သူတို့အားလုံးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ကြက်သေ သေနေပြီး သူတို့ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်များ ထွက်သွားသလို ဖြစ်နေလေသည်။ နတ်ဆေးဆရာဝိုင်၏ စကားများက သူတို့၏ စိတ်ထဲ၌ မရည်ရွယ်ပါဘဲ ပြန်လည် ကြားယောင် လာသည်။
*ဆေးကို ကိုရီးယားနိုင်ငံဆီ ရောင်းမှာ မဟုတ်ဘူး*
ထိုအကြောင်း တွေးမိသည်နှင့် သူတို့၏ နဖူးတွင် ချွေးစေးများ စီးကျနေပြီး သူတို့စိတ်ထဲ၌ ဗလာ ဖြစ်နေကြလေသည်။
လက်ရှိတွင် သူတို့သည် ခွေးအား စစ်ဆေးနေစဉ်အတွင်း ပြဿနာတစ်ခု ပေါ်လာရန် မျှော်လင့်ရုံသာ တတ်နိုင်တော့သည်။ သို့သော် ထိုသို့ ဖြစ်နိုင်ချေက အလွန် နည်းပါးပေသည်။
လူတိုင်း စိတ်အားထက်သန်စွာ စောင့်နေကြသည်။
ထိုစဉ် စစ်မေးမှုရလဒ်များ ထွက်လာ၏။
ခွေးရူးပြန် ရောဂါပိုးအား လုံးဝ အမြစ်ဖြတ်လိုက်နိုင်လေပြီ။
နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်း၏ ကြေညာချက်က အဆုံးသတ် အဖြေကို ထုတ်ပေးလာ၏။ ယခုအချိန်မှစ၍ နတ်ဆေးဆရာ၏ မူပိုင်ခွင့် ခပ်နှိတ်ထားမည့် ဆေးသစ်တစ်မျိုး ကမ္ဘာပေါ်၌ တည်ရှိလာပေတော့မည်။
ရဲ့လင်းချန်က ထိုရလဒ်ကို မအံ့ဩချေ။ သူ စင်မြင့်ပေါ်မှ အသာလေး ဆင်းလာခဲ့လိုက်သည်။
သို့သော် နိုင်ငံတကာ ဆေးပညာအဖွဲ့အစည်းသည် ချက်ချင်း ရူးမတတ် ဖြစ်လာပြီး ဆူညံ ပွက်လောရိုက်လာသည်။
“မြတ်စွာဘုရား၊ ဒါက တကယ်ကြီးပဲ၊ ငါတို့ ထူးခြားဆန်းကြယ်မှုတစ်ခုကို မြင်တွေ့လိုက်ရတာပါလား”
“သူက ခွေးရူးပြန်ရောဂါကို ဒီလိုမျိုး ထိန်းချုပ်လိုက်တာလား၊ မယုံနိုင်စရာပဲ”
“ဒါ လူ့အဖွဲ့အစည်းအတွက် ကြီးမားတဲ့ တိုးတက်မှုပဲ’
“ငါ အရင်က ပြောခဲ့တာကို ပြန်ရုတ်သိမ်းတယ်၊ တရုတ်နိုင်ငံရဲ့ ရိုးရာ တရုတ်ဆေးပညာနဲ့ ဆေးလုံးတွေက အံ့ဩဖို့ ကောင်းတယ်”
“ဒါက ဘယ်တောင် ကြီးမားအောင် ဆူညံစေနိုင်မလဲ၊ နိုင်ငံတိုင်း ဒါအတွက် ရူးသွားလောက်တယ်”
လူတိုင်းက ရဲ့လင်းချန်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
တရုတ်နိုင်ငံ၏ ဆေးပညာ ပိုင်ဆိုင်မှုက ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာပေါ်၌ ပေါ်ထွက်လာပြီး လူတိုင်းရှေ့၌ အထင်အရှား ရပ်တည်လာလေပြီ။
ရဲ့လင်းချန်၏ မူပိုင်ခွင့် သို့မဟုတ် ထိုဆေး၏ ဖော်မြူလာအား ဝယ်ယူနိုင်ရန် လူများစွာက လက်ထဲမှ ချက်လက်မှတ်များကို စတင် ဝှေ့ယမ်းပြနေကြသည်။ နိုင်ငံပေါင်းစုံမှ ဆေးပညာ ကိုယ်စားပြုသူများက သူတို့နိုင်ငံအတွက် ရဲ့လင်းချန်၏ ဆေးကို ဝယ်ယူနိုင်ခွင့်ရရန် အသည်းအသန် ကြိုးပမ်းနေကြလေသည်။
ရဲ့လင်းချန်သည် ဖော်မြူလာကို ရောင်းမည် မဟုတ်သော်လည်း အခြားနိုင်ငံများအား ပမာဏ အတိုင်းအတာ တစ်ခုအထိ ဝယ်ယူခွင့် ပေးမှာ ဖြစ်သည်။ ခြွင်းချက်ဟူ၍ ကိုရီးယားနိုင်ငံသာ ရှိသည်။
ရဲ့လင်းချန်၏ အမြင်၌ ဆေးက တန်ဖိုး မရှိသေးချေ။ သူသည် ဆေးကို နိုင်ငံများအား ရောင်းချ၍ ပိုက်ဆံ ရရုံသာမက နိုင်ငံတကာ အတိုင်းအတာနှင့် ရေပန်းစားမှုများပါ ရနိုင်ပေမည်။ သူ့အတွက် မရောင်းပေးနိုင်သည့် အကြောင်းရင်း မရှိပေ။
နိုင်ငံပေါင်းစုံ၏ စိတ်ထားထက်သန်သော ကြိုးပမ်းမှုများနှင့် ရင်ဆိုင်ရချိန်တွင် ရဲ့လင်းချန်က အေးအေးလူလူ ပြန်ပြောလိုက်သည်။
“ကျွန်တော့်ရဲ့ ဆေးဘက်ဆိုင်ရာ အေးဂျင့်ကို ဆက်သွယ်လိုက်ပါ၊ သူက အားလုံးကို ဆုံးဖြတ်ပါလိမ့်မယ်”
ထို့နောက် သူက တံခါးကို ပိတ်လိုက်လေသည်။
သူ ပြောခဲ့သည့် ဆေးဘက်ဆိုင်ရာ အေးဂျင့်က တုန်းမြောင်မြောင်ပင်။ ဤကိစ္စကို ကိုင်တွယ်ရာ၌ သူမက ပို၍ အစွမ်းအစ ရှိသည်ဟု သူ ယုံကြည်သလို လာမည့်ရက်များ၌ သူမအတွက် အတော်လေး အလုပ်များ လာလောက်သည်။
ယနေ့ ဆေးဝါး စမ်းသပ်မှုက ဆက်လက်၍ ကျင်းပသော်လည်း လူတိုင်း၏ စိတ်က ရဲ့လင်းချန်၏ မှော်ဆန်သော ဆေးဘက်သို့သာ ယိမ်းယိုင်နေ၏။
ဆေးဝါး ထုတ်လုပ်ရေး ပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံပေါင်းစုံမှ ကုမ္ပဏီကိုယ်စားပြုသူများသည် သူတို့၏ ရုံးချုပ်သို့ အလွန် လေးနက်သော အမူအရာနှင့် အစီရင်ခံနေကြသည်။
ရဲ့လင်းချန်တစ်ယောက် နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းထံမှ အသိအမှတ်ပြုခံလိုက်ရသည်နှင့် တစ်စုံတစ်ယောက်က ရလဒ်များကို အွန်လိုင်းပေါ်၌ တင်လိုက်သည်။
[လခွမ်း၊ ငါတို့ဆရာက ငါတို့ကို နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းကို ဒီနေ့ ခေါ်သွားခဲ့တယ်၊ အဲ့မှာ ငါ ဘယ်သူ့ကို တွေ့ခဲ့တယ် ထင်လဲ၊ နတ်ဆေးဆရာဝိုင်ကွ၊ အရေးအကြီးဆုံးအချက်က နတ်ဆေးဆရာဝိုင်ရဲ့ ခွေးရူးပြန် ရောဂါ ကုသဆေးက မူပိုင်ခွင့် ရသါားပြီ၊ ငါတို့ တရုတ်နိုင်ငံ ဂုဏ်တက်လာတော့မှာကွ]
[တင်တဲ့သူတော့ ရူးသွားပြီ၊ ပြောင်းလဲမှုကြီး ဖြစ်သွားပြီပဲ]
[ဟားဟား ဒီရက်ပိုင်း နတ်ဆေးဆရာနဲ့ ပတ်သက်တဲ့ သတင်းတွေ ငါ ကြားရတာ ဒါနဲ့ဆို ဆယ့်တစ်ခါ ရှိပြီ]
[အေးဆေးနေစမ်းပါ တင်တဲ့သူရာ၊ မင်း မဟုတ်တမ်းတရားတွေ ဖြန့်လို့ ထောင်ကျနေဦးမယ်]
မကြာခင်မှာပင် Tik Tok နှင့် Weibo တို့၌ အရူးအမူး ဖြစ်လာကြပြီး နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းမှ တရုတ်နိုင်ငံသားတိုင်း မာန်အပြည့်နှင့် စတင်၍ ပို့စ်တင်ကြလေတော့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် နိုင်ငံတကာ ဆေးပညာအဖွဲ့အစည်းသို့ ရောက်နေကြောင်း သက်သေပြရန် ဆယ်လ်ဖီပုံပါ တွဲ၍ တင်လိုက်ကြသည်။
တဖြည်းဖြည်းနှင့် အင်တာနက်တွင် တောမီးသဖွယ် ပျံ့သွားလေတော့သည်။
တစ်ချိန်တည်းလိုလိုပင် မီဒီယာကြီးများက သတင်းများ တင်လာပြီး နိုင်ငံတကာ ဆေးပညာ website ကလည်း သူတို့၏ သတင်းကို ပြိုင်တူ တင်လာသည်။ ထိုပြောင်းလဲတီထွင်မှုက တစ်ကမ္ဘာလုံးအား မီးရှို့လိုက်သကဲ့သို့ ဖြစ်သွားစေပြီး စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာစေသည်။
[လခွမ်း၊ လခွမ်းဟေ့၊ ဒါက တကယ် လုပ်ပြီးသွားတာပဲ]
[အံ့ဩစရာပဲဟေ့၊ မင်းက တကယ်ကို နတ်ဆေးဆရာဝိုင်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်၊ မင်း နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းကို သွားမယ်လို့ မင်း ပြောခဲ့သလို တကယ်လဲ သွားခဲ့တာပဲ ]
[အားးးးး တအား မိုက်တယ်ဟေ့၊ တရုတ်နိုင်ငံက နောက်ဆုံးတော့ ဂုဏ်ယူနိုင်မယ့် ဆေးဝါး ထုတ်ကုန် ရှိလာပြီပဲ]
[လခွမ်း ငါ တကယ် ငိုမိပြီ၊ ဒါ ငါတို့ တရုတ်နိုင်ငံအတွက် ပြောင်းလဲမှုကြိးပဲ၊ ငါတို့ ပြည်ပနိုင်ငံတွေကနေ ဆေးတွေ တင်သွင်းစရာ မလိုတော့ဘူး]
[ဝါးဟားဟားဟား၊ အခု တခြားနိုင်ငံတွေက ငါတို့ကို ဒါအတွက် ခယလာတော့မှာလား၊ ခံစားချက်က မိုက်တယ်ဟေ့]
[နတ်ဆေးဆရာဝိုင်က အမြဲတမ်း အံ့ဩဖို့ကောင်းနေတတော့တာပဲ၊ ငါ ခွေးကိုက်ခံရမှာကို ငါ့အမေ ကြောက်နေစရာ မလိုတော့ဘူး]
…
နတ်ဆေးဆရာဝိုင်က နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းသို့ ထိုမျှ တိတ်တဆိတ်နှင့် မြန်မြန်သွားခဲ့ပြီး စမ်းသပ်မှုကို ကျော်ဖြတ်နိုင်လိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။ ယင်းက နိုင်ငံတွင်းမှ လူများကို အလွန် အံ့ဩသွားစေခဲ့ပြီး သူတို့၏ နက်ရှိုင်းသော နှလုံးသား တစ်နေရာမှနေ၍ နိုင်ငံအပေါ် အလွန်အမင်း ဂုဏ်ယူသော ခံစားချက်များ ပေါ်ထွက်လာစေခဲ့သည်။
ဆူညံပွက်လောရိုက်မှုက တရုတ်နိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ချေ။ ကမ္ဘာတစ်ဝှမ်းမှ လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြလေသည်။