မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်
Vol. 65 Ch. 961
“အား....”
ပကတိအရှင်ဖန်းလန်သည် တဆတ်ဆတ်တုန်ယင်သွားပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။ သူ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ပြီး မခံမရပ်နိုင်အောင် နာကျင်နေသည့်အလား သူ၏ခန္ဓာကိုယ်က ကွေးညွတ်ကျသွားလေသည်။
လူအုပ်ကြီးက မှင်တက်သွားကြလေသည်။
ပကတိအရှင်ဖန်းလန်က စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကို ထုတ်ဖော်သောအခါ လူတိုင်းက တုန်လှုပ်သွားရသည်ဆိုလျှင် ဆူဇီမို၏ တန်ပြန်တိုက်ခိုက်မှုက ပကတိအံ့ဖွယ်သရဲဖြစ်လေသည်။
ပကတိအရှင်ဖန်းလန်သည် ရာစုနှစ်များစွာကျင့်ကြံထားခဲ့ပြီး မူလနတ္ထိအဆင့်သို့ ခြေလှမ်းဝက်ဝင်နေလေပြီ။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်သည်မှာ ယုတ္တိတန်လေသည်။
သို့သော်လည်း ဆူဇီမိုက အသက်တစ်ရာကျော်သာရှိသေးပြီး နောက်ပိုင်းနိုးထဝိညာဥ်အဆင့် ဖြစ်လေသည်။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဘယ်လိုကြောင့် အဲ့လောက်ထိ ကြောက်စရာကောင်းနေရတာပါလိမ့်။
တကယ်ဆို စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်နိုင်ရန် သူ၏အမြုတေစိတ်ဝိညာဥ်က အရမ်းကို သိပ်သည်းကျစ်လျစ်နေရပေမည်။
ပို၍ကြောက်စရာကောင်းသည်မှာ ပကတိအရှင်ဖန်းလန်သည် စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုမှာ အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်းပင်။
တကယ်တော့ ဆူဇီမိုသည် နိုးထဝိညာဥ်အဆင့်သို့ ဝင်ရောက်စဥ်မှာပင် သူ၏အမြုတေစိတ်ဝိညာဥ်နှစ်ခုကို အတူတကွ ပေါင်းစည်းပြီး စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ခဲ့ပြီးလေပြီ။
သူက နောက်ပိုင်နိုးထဝိညာဥ်အဆင့်သို့ ကျင့်ကြံပြီးသောအခါ သူ၏ အမြုတေစိတ်ဝိညာဥ်နှစ်ခုသည် သန့်စင်နေပြီး သူတို့နှစ်ခုကို ပေါင်းစည်းခြင်းမရှိပဲ ကိုယ်ပိုင်တိုက်ခိုက်မှုများကို ထုတ်ဖော်နိုင်လေသည်။
အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် အင်မော်တယ်နှင့် ဗုဒ္ဓကျင့်ကြံရေး ထိပ်တန်းနည်းစနစ်နှစ်ခုကို ကျင့်ကြံထားလေသည်။ ထိုမျှသာမက အဲ့ဒီမှာ ဖန်တီးခြင်းကြာပဒုမ္မာ၏ အားဖြည့်ပေးမှုကလည်း ရှိလေသည်။
ဆူဇီမိုအတွက်တော့ သူ၏ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုသည် ပကတိအရှင်ဖန်းလန်၏ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုကို ဖိနှိမ်နိုင်သည်မှာ ပုံမှန်သာဖြစ်လေသည်။
ပကတိအရှင်ဖန်းလန်သည် သူ၏ဦးခေါင်းက မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲနေပြီး သူ၏အမြုတေစိတ်ဝိညာဥ်ပေါ်မှာ ဒဏ်ရာများက ပေါ်ထွက်လာခဲ့လေပြီ။
အမြုတေစိတ်ဝိညာဥ်ဒဏ်ရာများက ကုသဖို့အခက်ခဲဆုံးဖြစ်လေသည်။
ရုတ်တရက်သူက နောင်တရမိလာသည်။
သူက ကြိုးစားရုန်းကန်၍ ကျုံးထလိုက်လေသည်။ ကံမကောင်းစွာနှင့်ပင် ဆူဇီမိုက သူ့ကို မည်သည့်အခွင့်အရေးမှမပေးပေ။
စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုပြီးနောက် ဆူဇီမို၏ပုံရိပ်က ဖျတ်ကနဲလှုပ်ရှားသွားပြီး တစ်ခဏအတွင်း ပကတိအရှင်ဖန်းလန်ရှေ့သို့ ရောက်ရှိနေခဲ့လေပြီ။ သူ၏လက်ညိုးကို ဆန့်ထုတ်ပြီး ထိုသူ၏နှာရောင်ကို ညင်သာစွာ တောက်လိုက်လေသည်။
ဖောက်....
ပကတိအရှင်ဖန်းလန်၏ နှာရောင်ပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်က ဖြစ်ပေါ်လာခဲ့လေသည်။
သူ၏အမြုတေစိတ်ဝိညာဥ်က လုံးဝဖျက်ဆီးခံလိုက်ရလေသည်။
နောက်ထပ် ပြန်ဝင်စားမွန်းစတားတစ်ယောက်က သေလေပြီ ။
လွန်ခဲ့သည့်နှစ်လေးရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်၊ မူလနတ္ထိအဆင့်သို့ ခြေလှမ်းဝက်ဝင်ပြီဖြစ်သော ပြိုင်စံရှားတစ်ယောက်.. ထိုသူက ကျင့်ကြံသူများစွာ၏ ရှေ့မှောက်မှာပင် သေဆုံးခဲ့ရလေပြီ။ သူ၏ သေဆုံးမှုက ယဲ့ထျန်းချန်ထက်ပင် ပို၍မြန်နေလေသည်။
အဲ့ဒါက အမြုတေစိတ်ဝိညာဥ်များအကြား တိုက်ခိုက်ခြင်း၏ ကြောက်စရာကောင်းမှု ဖြစ်လေသည်။
ထိုတိုက်ခိုက်မှုမှာ လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်က ချက်ချင်းထိခိုက်ပျက်စီးခြင်း မရှိလျှင်တောင် အဲ့ဒါက ဒဏ်ရာရရှိသွားဖို့ လွယ်ကူလေသည်။ သူတို့က အဲ့ဒါကို အချိန်မီ ပြန်လည်ကုသနိုင်လိမ့်မည်မဟုတ်ပဲ သူတို့၏ပြိုင်ဘက်က အခွင့်ရေးကို ဖမ်းဆုပ်ကာ သူတို့ကို သတ်ဖြတ်နိုင်လေသည်။
အဲ့ဒါကြောင့် အချိန်အများစုမှာ ကျင့်ကြံသူများသည် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်ကြသော်လည်း စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုများကို ထုတ်ဖော်ခဲလေသည်။
စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုများသည် လျှပ်တစ်ပြက်အတွင်း သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်လေသည်။
မည်သူကမှ ထိုတိုက်ခိုက်မှုတွင် အနိုင်ရရှိလိမ့်မည်ဟု ယုံကြည်မှုမရှိပေ။
ဒါ့အပြင် သူတို့ကအနိုင်ရရှိခဲ့လျှင်တောင် ထိုဖြစ်စဥ်မှာ သူတို့၏အမြုတေစိတ်ဝိညာဥ်များက ထိခိုက်ဒဏ်ရာများ ရနိုင်လေသည်။ အဲ့ဒါက သူတို့အတွက် ပြဿနာများစွာကို ယူဆောင်လာနိုင်လေသည်။ ထိုသို့လုပ်ဖို့က ထိုက်တန်ခြင်းမရှိပေ။
ယဲ့ထျန်းချန်နှင့် ပကတိအရှင်ဖန်းလန်.. အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ်နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားခဲ့လေပြီ။
ရုတ်တရက် ဂမ္ဘီရခြံဝန်းထဲတွင် ထူးဆန်းသော သတ်ဖြတ်လိုစိတ်က ပျံ့နှံ့လာခဲ့လေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ကောင်းကင်ဇင်ယော်ဂိုဏ်း ၊ မိုးကြိုးလေပြည်နန်းတော် ၊ ဓားဂိုဏ်းနှင့် ငရဲမီးစံအိမ်တို့မှ မူလနတ္ထိများသည် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။
မူလနတ္ထိ ၅ ယောက်က အမူအရာကင်းမဲ့နေကြသော်လည်း သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် တိတ်တဆိတ်ဆက်သွယ်နေကြလေသည်။
ဆူဇီမိုက သူ၏လက်ကိုဝှေ့ယမ်းပြီး ဂမ္ဘီရသံလိုက်တောင်နှင့် ပကတိအဆင့်ဓားပျံ ၄၉ လက်ကို သိမ်းဆည်းလိုက်လေသည်။
ကံမကောင်းစွာနှင့်ပင် သူက ပကတိအရှင်ဖန်းလန်နှင့် ယဲ့ထျန်းချန်တို့၏ သိုလှောင်အိတ်များကို မရရှိခဲ့ပေ။
ယဲ့ထျန်းချန်၏ လျှို့ဝှက်ဆန်းကြယ်သောကျောက်တူကိုလည်း ကစဉ့်ကလျားအမြုတေဂိုဏ်းကျင့်ကြံသူများက သိမ်းဆည်းသွားသည်မှာ ကြာခဲ့လေပြီ။
သို့သော်လည်း ပကတိအရှင်ဖန်းလန်၏ မူလပကတိအရှင်ဓားပျံကတော့ ဆူဇီမို၏ လက်ထဲမှာရှိနေလေသည်။
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ ထိုဓားပျံကို ကျိချန်းရှန်ဆီသို့ ပေးလိုက်လေသည်။
သူ့မှာ ဖန်တီးခြင်းကြာပဒုမ္မာရှိပြီး ဓားပျံကဲ့သို့သော ဓမ္မလက်နက်များက သူ့ခွန်အားကို များစွာတိုးတက်စေခြင်းမရှိတော့ပေ။ သူက အဲ့ဒါကို သူ၏မိတ်ဆွေများကို ပေးရပေလိမ့်မည်။
ထိုမြင်ကွင်းက များစွာသောနိုးထဝိညာဥ်များကို နောက်တစ်ဖန် အားကျငေးမောသွားစေလေသည်။
တိုတောင်းသည့် အချိန်ကာလအတွင်းမှာ ဆူဇီမိုသည် မူလပကတိအရှင်ဓမ္မလက်နက်နှစ်ခုနှင့် ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်တစ်ခွက်ကို ပေးကမ်းပစ်ခဲ့လေသည်။
ထိုအရာများထဲမှ မည်သည့်တစ်ခုမဆို များစွာသောကျင့်ကြံသူများကို လောဘရမ္မက်တက်စေပြီး သူတို့အကြား တိုက်ပွဲတစ်ပွဲဖြစ်စေနိုင်သည်။
လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်က ကျိချန်းရှန်သည် သီယင်း၏ အမဲလိုက်ခြင်းကို ခံခဲ့ရပြီး မသေရုံတမယ်ဒဏ်ရာများရရှိခဲ့ခြင်းမှာ ဆူဇီမိုနှင့် ပတ်သက်ဆက်နွယ်မှုကြောင့်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ဆူဇီမိုက မလုံမလဲခံစားနေရသည်ကို ကျိချန်းရှန်က သိထားလေသည်။
ယခုဆူဇီမိုပြန်ရောက်လာသောအခါ သူသည် ဤမူလဓမ္မလက်နက်ကို သုံးပြီး သူ၏မလုံမလဲခံစားချက်ကို ဖာထေးချင်လေသည်။
ကျိချန်းရှန်က ခဏမျှစဥ်းစားပြီးနောက် အဲ့ဒါကိုလက်ခံလိုက်လေသည်။
ဆူဇီမို၏ အကြည့်က ပုံသဏ္ဍာန်မဲ့ကျောင်းတော်က ကိုယ်တော်တစ်ပါးဆီသို့ ရောက်ရှိသွားပြီး တည်တံ့စွာဖြင့် ပြောလိုက်လေသည်။
“အဲ့ဒါကို.. ထုတ်ပေး”
ထိုသူက မူလနတ္ထိကိုယ်တော်တစ်ပါးဖြစ်ပြီး သူ၏တာအိုဘွဲ့က ရွှမ်မင်းဖြစ်လေသည်။
လူအုပ်ကြီးက မှင်တက်သွားရလေသည်။
ဆူဇီမိုသည် အဘယ့်ကြောင့် ဗုဒ္ဓဂိုဏ်းများဘက်သို့ ရုတ်ရက်လှည့်လာရသည်ကို လူတိုင်းကနားမလည်နိုင်ကြပေ။
အစကတည်းက ဗုဒ္ဓဂိုဏ်းမှကိုယ်တော်များသည် ဤကိစ္စမှာပါဝင်ပတ်သက်ခြင်းမရှိကြပေ။
ဆူဇီမိုက လူတိုင်းကိုအထင်သေးရလောက်အောင် မောက်မာလွန်းနေပြီလား...။
ကိုယ်တော်ရွှမ်မင်းသည် မျက်လွှာချထားပြီး ဆူဇီမိုကို မော့မကြည့်ပဲ မေးလိုက်လေသည်။
“ဒကာဆူ... ခင်ဗျားကဘာတွေပြောနေတာလဲ”
“ဗုဒ္ဓဂိုဏ်းတွေထဲမှာတောင် ခင်ဗျားလိုမျိုး စဥ်းလဲတဲ့ကိုယ်တော်တွေရှိနေသေးတာလား”
ဆူဇီမိုက သရော်လိုသောအကြည့်ဖြင့် အေးစက်စွာလှောင်ရယ်လိုက်လေသည်။
“ဒကာ... စကားကိုသတိထားပြောပါ”
“ခင်ဗျားက ဘာမို့လို့ အဲ့စကားကိုပြောရတာလဲ.... ပုံသဏ္ဍာန်မဲ့ကျောင်းတော်က ခင်ဗျားကို ဘယ်လိုမျိုးဆန့်ကျင်ခဲ့မိလို့လဲ”
ပုံသဏ္ဍာန်မဲ့ကျောင်းတော်မှ များစွာသောကိုယ်တော်များက သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လာကြလေသည်။
ဆူဇီမို၏အမူအရာက အေးစက်လာပြီး သူက ကိုယ်တော်ရွှမ်မင်းကိုစိုက်ကြည့်ကာ ထပ်မေးလိုက်လေသည်။
“ကိုယ်တော်... ခင်ဗျားကဆက်ပြီးတော့ ဆွံ့အချင်ယောင်ဆောင်နေဦးမှာလား”
“ကျေးဇူးပြုပြီး ရှင်းပြပါဦးဒကာဆူ...”
ကိုယ်တော်ရွှမ်မင်းက အမူအရာကင်းမဲ့၍ တည်ငြိမ်နေဆဲဖြစ်လေသည်။
“ကောင်းပြီလေ... ကောင်းပြီ ကောင်းပြီ...”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
“ခင်ဗျားက ဆက်ပြီးဟန်ဆောင်ချင်နေမှတော့ ကျုပ်ကိုအပြစ်မတင်နဲ့ပေါ့...”
“ထွက်လာခဲ့.....”
ဆူဇီမို၏မျက်လုံး ဝင်းလက်သွားပြီး ဟိန်းဟောက်လိုက်လေသည်။
ရှီ.....
လက်ရှိကျင့်ကြံသူများက တွေဝေရှုပ်ထွေးနေစဥ်မှာပင် အဝတ်စဆုတ်ပြဲသံတစ်ချို့ကို ကြားလိုက်ရလေသည်။ ကိုယ်တော်ရွှမ်မင်း၏ ဝတ်ရုံစထဲကနေ အစိမ်းရောင်အလင်းတန်းက ရုန်းကန်ထွက်ပေါ်လာလေသည်။
ကိုယ်တော်ရွှမ်မင်း၏ သိုလှောင်အိတ်ထဲကနေ အစိမ်းရောင်ကြာခုံက ပေါ်ထွက်လာနေလေသည်။
ဖန်တီးခြင်းကြာပဒုမ္မာ......
လူတိုင်းသည် အဲ့ဒါကို တဖြည်းဖြည်းနားလည်သဘောပေါက်သွားပြီး သူတို့၏ ပါးစပ်များက အနည်းငယ်ပွင့်ဟသွားလေသည်။
စောစောက ဆူဇီမိုနှင့် ယဲ့ထျန်းချန်တို့ တိုက်ခိုက်နေစဥ်အတွင်း ဖန်တီးခြင်းကြာပဒုမ္မာသည် လျှို့ဝှက်ဆန်းကြယ်သော ကျောက်တူဖြင့် ထိတွေ့ရိုက်ခတ်ခဲ့လေသည်။ ဖန်တီးခြင်းကြာပဒုမ္မာက လူအုပ်ကြီးထဲသို့ လွင့်ထွက်သွားပြီး ဆူဇီမိုက အဲ့ဒါကိုသိမ်းဆည်းနိုင်ခဲ့ခြင်းမရှိပေ။ ပုံသဏ္ဍာန်မဲ့ကျောင်းတော်မှ ကိုယ်တော်ရွှမ်မင်းက အဲ့ဒါကို ယူ၍ ဝှက်ထားခဲ့လေသည်။
ဖောက်....
ဖန်တီးခြင်းကြာပဒုမ္မာ ဖြည်းဖြည်းချင်းလည်ပတ်လာပြီး ကိုယ်တော်ရွှမ်မင်း၏ ခါးပေါ်တွင် ဒဏ်ရာတစ်ချို့ကို ဖြစ်ပေါ်လာစေကာ သွေးများက စီးထွက်နေခဲ့လေသည်။
တစ်ခဏအတွင်းမှာပင် သူ၏သင်္ကန်းက နီစွေးသွားခဲ့လေပြီ။
ကိုယ်တော်ရွှမ်မင်းသည် ခပ်သဲ့သဲ့ညည်းညူပြီး နောက်သို့ ခြေလှမ်းဝက်ဆုတ်လိုက်လေသည်။
သူ၏ခန္ဓာကိုယ်က ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားကို ဘယ်လိုလုပ်ခုခံနိုင်ပါ့မလဲ။
ဖန်တီးခြင်းကြာပဒုမ္မာသည် လေထဲသို့ပြန်တက်ချင်သော်လည်း ကိုယ်တော်ရွှမ်မင်းက ငါးပုံစံသစ်သားရုပ်တစ်ခုကို ကပျာကယာဆွဲထုတ်ကာ အဲ့ဒါကို ဖိနှိမ်လိုက်လေသည်။
သူက ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး သစ်သားငါးအရုပ်ထဲသို့ ထိုးသွင်းလိုက်လေသည်။ သစ်သားငါးအရုပ်က ဝင်းလက်တောက်ပလာပြီး ဖန်တီးခြင်းကြာပဒုမ္မာကို အပေါ်ကနေဖိထားလေသည်။
“ကိုယ်တော်... ခင်ဗျားက အဲ့ဒါကို ခင်ဗျားရဲ့သိုလှောင်အိတ်ထဲမှာ ချိပ်ပိတ်ထားလိုက်ရုံနဲ့ ကျုပ်ကအဲ့ဒါကို အာရုံမခံနိုင်တော့ဘူးလို့ ထင်နေတာလား...”
ဆူဇီမိုက လှောင်ရယ်လိုက်လေသည်။
“ဖန်တီးခြင်းကြာပဒုမ္မာက ကျုပ်ရဲ့မူပိုင်ဓမ္မလက်နက်ပဲ... အဲ့ဒါကို ကျုပ်က နှစ်တစ်ရာကြာအောင် ပြုစုပျိုးထောင်ခဲ့ရတာ... ခင်ဗျားလို နတ်ဆိုးစိတ်ဓာတ်နဲ့ ကိုယ်တော်က အဲ့ဒါကို လိုချင်သေးတယ်ပေါ့လေ”
ကိုယ်တော်ရွှမ်မင်းသည် သူက ဆက်လက်၍ဖုံးကွယ်မထားနိုင်တော့ဘူးဆိုတာ သိလိုက်ပြီး မျက်နှာပြောင်တိုက်ဖို့ ဆုံးဖြတ်ကာပြောလိုက်လေသည်။
“ဂျူနီယာ... ကျုပ်ကို အသရေမဖျက်ပါနဲ့...”
“ဖန်တီးခြင်းကြာပဒုမ္မာက အစကတည်းက ဗုဒ္ဓကျောင်းတော်တွေရဲ့ အထွတ်အမြတ်ပစ္စည်းတစ်ခုပဲ... အဲ့ဒါက ပြန်ပေါ်လာပြီဆိုမှတော့ သူရဲ့မူလပိုင်ရှင်ဖြစ်တဲ့… ကျုပ်တို့ရဲ့.. ဗုဒ္ဓဂိုဏ်းတွေဆီကို ပြန်ယူသွားရမှာပေါ့”
သူ၏စကားများက ကျိုးကြောင်းဆီလျော်မှုမရှိပေ...
တာအိုသက်ရှိယွီတင်းက မျက်မှောင်ကြုတ်ပြီး ကြားဝင်ဖျန်ဖြေပေးမည်ပြုစဥ်မှာပင် ဆူဇီမို၏အမူအရာက လုံးဝသုန်မှုန်ခက်ထန်လာခဲ့လေသည်။ သူက နတ်ဆိုးမကျိ ပြောခဲ့ဖူးသောစကားများကို ပြန်လည်အမှတ်ရလာလေသည်။
မိစ္ဆာဂိုဏ်းများမှလူများသည် တစ်စုံတစ်ရာကိုလိုချင်ပြီဆိုလျှင် ပြောင်ပြောင်းတင်းတင်း တိုက်ခိုက်ကြပေလိမ့်မည်။
အင်မော်တယ်ဂိုဏ်းများမှ ကျင့်ကြံသူများကလည်း အဲ့ဒါအတွက်တိုက်ခိုက်ကြမည် ဖြစ်လေသည်။ သို့သော်လည်း သူတို့က မိစ္ဆာဂိုဏ်းများမှ လူများအပေါ်ပြစ်တင်ပုံချပြီး တိတ်တဆိတ်ဖြင့် ကြံစည်လှုပ်ရှားကြမည် ဖြစ်လေသည်။
ယခုအခါ ကိုယ်တော်ရွှမ်မင်းသည် ဖန်တီးခြင်းကြာပဒုမ္မာကို လုယူချင်ရုံသာမက သူကဖြောင့်မတ်မှန်ကန်သလိုပင် ပြုမူပြောဆိုနေလေသည်။
“ခင်ဗျားက ကျုပ်ပိုင်တဲ့ပစ္စည်းတစ်ခုကို ဘယ်လိုတောင်လုယူရဲတာလဲ..”
ဆူဇီမို၏ အကြည့်ကအေးစက်လာပြီး သူကဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“ခင်ဗျားက.... အသက်ရှင်ရတာ.. ပင်ပန်းနေပြီထင်တယ်...”