ထိုးချက်တစ်ချက်
Vol. 65 Ch. 963
မိုးကြိုးလေပြေနန်းတော်၊ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အခြားသော ဂိုဏ်းသုံးဂိုဏ်းမှ မူလနတ္ထိများသည် နောက်ပိုင်းမှ တိုက်ခိုက်ခဲ့သော်လည်း သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များက အရင်ရောက်ရှိလာခဲ့လေသည်။
နဂါးအသွင်ပြောင်းလဲပြီးနောက် ဆူဇီမိုသည် မင်းဝမ်ဆုတောင်းပုတီးကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
ဇီ..
သူ၏ ဘယ်ဘက်လက်ကောက်ဝတ်က တဖျပ်ဖျပ် တလက်လက် ရွှေရောင်အလင်းဖြင့် တောက်ပလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။
တစ်ခဏအတွင်းမှာပင်.. သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ တလက်လက်တောက်ပနေသော ရွှေရောင်အလင်း အကာအရံတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ ၎င်းအပေါ်တွင် ရှေးကျ၍ လျှို့ဝှက်ဆန်းကျယ်သော ဂါထာမန္တန်စာလုံးများက ပေါ်ထွက်လာခဲ့လေသည်။ အဲဒါက အပြစ်ကင်းစင်ပြီး နတ်ဘုရားဆန်နေလေသည်။
“အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်လား”
တာအိုသက်ရှိ ချီကိုင်နှင့် အခြားသူများ၏ မျက်လုံးများက ဝင်းလက်သွားကြလေသည်။
ဓမ္မလက်နက်များကြားမှာ အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်များက အရှားပါးဆုံးဖြစ်လေသည်။
ဒါ့အပြင် သူတို့ အကဲခတ်ကြည့်ရသလောက် ဆူဇီမို၏ လက်ကောက်ဝတ်ပေါ်ရှိ ဓမ္မလက်နက်က အတော်လေး အဆင့်မြင့်ပုံရပြီး ရှားရှားပါးပါး ရတနာတစ်ခု ဖြစ်ပုံရလေသည်။
သူတို့၏ မျက်လုံးများထဲတွင် လောဘရမ္မက်များက တက်လာကြလေသည်။
ဆူဇီမိုထံတွင် ရတနာများစွာ ရှိနေလေသည်။
ထိုသူ့ကို သတ်ဖြတ်ပြီးနောက်.. သူ၏ရတနာများကို ခွဲဝေယူဖို့အတွက် နောက်ထပ် ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲ သေချာပေါက် ဖြစ်လာပေလိမ့်မည်။
ဖန်တီးခြင်းကြာပဒုမ္မာက ကိုယ်တော်ရွှမ်မင်း၏ လက်ထဲသို့ ရောက်ရှိနေလေသည်။
သူတို့က ကျန်ရှိနေသော ရတနာများကို အရယူနိုင်ရပေမည်။
ဘန်း.. ဘန်း.. ဘန်း..
ရွှေရောင်အကာအရံလွှာက ဖြစ်ပေါ်လာသည့် ခဏမှာပင် အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ် ၅ခုကနေ ထွက်ပေါ်လာသော စိတ်ဝိညာဉ်အသိစိတ်များက ဆင်းသက်လာခဲ့လေသည်။
စိတ်ဝိညာဉ်အသိစိတ် ၅ခုဖြင့် ဆူဇီမိုက သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
ရွှေရောင်အကာအရံလွှာက တုန်ခါသွားပြီး ဂါထာမန္တာန်စာလုံးများကလည်း အရောင်မှိန်ကျသွားလေသည်။
မတူညီသော စွမ်းအင်နှစ်ခုက ခဏမျှ အေးခဲသွားပြီးနောက်.. ရွှေရောင်အကာအရံလွှာက ချက်ချင်း ပေါက်ကွဲထွက်သွားလေသည်။
သို့သော်လည်း စိတ်ဝိညာဉ်အသိစိတ် ၅ခု၏ စွမ်းအားများကလည်း ထက်ဝက်လျော့ကျသွားခဲ့လေသည်။
ရွှစ်..
ကြွင်းကျန်နေသော စိတ်ဝိညာဉ်အသိစိတ် ၅ခုက ဆူဇီမို၏ နှာရောင်ထဲသို့ ချက်ချင်းပင် တိုးဝင်သွားခဲ့လေသည်။
ထိုသည်ကိုကြည့်ပြီး မူလနတ္ထိ တာအိုသက်ရှိ ၅ယောက်က စိတ်ထဲကနေ လှောင်ရယ်လိုက်လေသည်။
သူ့မှာ အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခု ရှိတယ်ဆိုတော့ရော ဘာဖြစ်လဲ။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားသေးသည့်အတွက် သူက ထိုဓမ္မလက်နက်၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် အဲဒါက သူတို့ ၅ယောက် အတူတကွ ပူးပေါင်းထုတ်ဖော်လိုက်သော အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်တစ်ခု ဖြစ်လေသည်။
အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်က စွမ်းအားအများစုကို ခုခံတားဆီးနိုင်ခဲ့မည်ဆိုလျှင်တောင် ကြွင်းကျန်နေသော စိတ်ဝိညာဉ်အသိစိတ်များက ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်ပြီး သူ့ကို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။
စိတ်ဝိညာဉ်အသိစိတ် ၅ခုက ဆူဇီမို၏ အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာပြီးနောက် ရေလှိုင်းလုံးများကဲ့သို့ သူ၏ အမြုတေစိတ်ဝိညာဉ်ဆီသို့ ပြေးဝင်လာခဲ့လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက ကိုယ်တော်ရွှမ်မင်း၏ လက်ထဲသို့ ရောက်နေသော်လည်း ကြာစေ့ ၄၅စေ့က ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်နေပြီး သူ့နားကနေ တစ်ခါမှ ထွက်မသွားခဲ့ပေ။
ဖန်တီးခြင်းကြာပဒုမ္မာက စိတ်ဝိညာဉ်အသိစိတ်များ၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကြာစေ့များကတော့ အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်များ ဖြစ်လေသည်။
ကြာစေ့ ၄၅စေ့က အလင်းတန်းများအသွင် ပြောင်းလဲသွားပြီး ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ ကြောက်စရာကောင်း၍ စူးရှသော အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။
စိတ်ဝိညာဉ်အသိစိတ် ၅ခုက ဆင်းသက်လာသည့် ခဏမှာပင် ကြာစေ့ ၄၅စေ့က သူတို့ကို ထိုးဖောက်လှီးဖြတ်လိုက်ပြီး သူတို့၏ စွမ်းအားများကို ကုန်ခမ်းသလောက်နီးပါး ဖြစ်သွားစေလေသည်။
ကြွင်းကျန်နေသော စိတ်ဝိညာဉ်အသိစိတ်များက နဂါးကြေးခွံများဖြင့် ဖုံးအုပ်နေသော ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ပေါ်သို့ ဆင်းသက်လာချိန်တွင် အဲဒါက မည်သည့် လှိုင်းဂယက်ကိုမှ ဖြစ်ပေါ်မလာစေဘဲ တိတ်တဆိတ် ပျက်ပြယ်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ဗုဒ္ဓကျောင်းတော်များမှ ကိုယ်တော်သုံးပါး၏ တိုက်ခိုက်မှုများက ရောက်ရှိလာခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် ဆူဇီမိုက စိတ်ဝိညာဉ်အသိစိတ် ၅ခု၏ တိုက်ခိုက်မှုကို ခုခံထားကာစဖြစ်ပြီး သူ့အနေဖြင့် ကိုယ်တော်သုံးပါး၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက် နောက်ကျလွန်းသွားလေပြီ။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ကိုယ်တော်သုံးပါးက ခဏမျှ ရပ်တန့်၍ သူ့ကို တုံ့ပြန်ချိန်ပေးမှသာလျှင် ဖြစ်လေသည်။
သို့သော်လည်း အဲဒါက မဖြစ်နိုင်ပေ။
လိုဏ်ခေါင်းကျောင်းတော်နှင့် ပညာဉာဏ်အလင်းကျောင်းတော်မှ ကိုယ်တော်နှစ်ပါးသည် စိတ်ထဲကနေ သက်ပြင်းချပြီး စာနာသနားသည့် အမူအရာတို့ကို ထုတ်ပြလာလေသည်။ သူတို့က သူတို့၏ခွန်အားကို တတ်နိုင်သလောက် ပြန်လည်ရုတ်သိမ်းလိုက်လေသည်။
သို့သော်လည်း ပုံသဏ္ဍာန်မဲ့ကျောင်းတော်မှ ကိုယ်တော်ရွှမ်မင်းသည် ဆူဇီမို၏ ဖန်တီးခြင်းကြာပဒုမ္မာကို လုယူခြင်းမှာ သူ့ဘက်က မှားသည်ဆိုတာကို သိထားလေသည်။
ဆူဇီမိုကို သတ်ဖြတ်ခြင်းဖြင့်သာ ဖန်တီးခြင်းကြာပဒုမ္မာကို ပိုင်ရှင်မဲ့အောင် ပြုလုပ်နိုင်ပေမည်။
ထိုသို့အတွေးဖြင့် ကိုယ်တော်ရွှမ်မင်း၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ချက် ဖျပ်ခနဲ လက်သွားခဲ့လေသည်။ သူ၏လက်နှစ်ဖက်ထဲတွင် ဆင့်ခေါ်ထားသော အနှိုင်းမဲ့ဓမ္မချိပ်စည်းက ပို၍ပင် ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။
ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ပါးစပ်ကို ဖွင့်ဟပြီး အလွန်တရာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“ဂါး..”
ကောင်းကင်နှင့် မြေကြီးက ယိမ်းထိုးလှုပ်ခါသွားလေသည်။
ထိုဟိန်းဟောက်သံက ခမ်းနားထည်ဝါ၍ စွမ်းအားကြီးမားပြီး သတ္တုနှင့်ကျောက်များကို ထိုးဖောက်သွားခဲ့လေသည်။ အဲဒါက ကောင်းကင်ထက်ရှိ ကြယ်များကို ချေမွဖျက်ဆီးချင်သည့်အလား အကန့်အသတ်မဲ့သော အမျက်ဒေါသနှင့်အတူ အလွန်တရာ ရှေးကျသော အော်ရာတစ်ခုကို ထုတ်ပေးလာလေသည်။
အဲဒါက လူတစ်ယောက်၏အသံ လုံးဝမဟုတ်ပေ။ အဲဒါက နဂါးဟိန်းသံ ဖြစ်လေသည်။
အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
နဂါးဟိန်းသံ ထွက်ပေါ်လာပြီးနောက် လောကတစ်ခုလုံးက ငြိမ်သက်သွားသည်ဟု ထင်ရလေသည်။
ဆူဇီမို၏ သွေးချီအရ.. နဂါးဟိန်းသံ၏ အဖျက်စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းပြီး ပထမဆုံး ထိခိုက်ခံစားရသူများမှာ မူလနတ္ထိ ကိုယ်တော်သုံးပါး ဖြစ်လေသည်။
သူတို့သုံးယောက်သည် မိုးကြိုးပစ်ချခံရသည့်အလား တဆတ်ဆတ် တုန်ယင်သွားကြလေသည်။ သူတို့၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူတို့၏စိတ်များက ယာယီအားဖြင့် ဗလာကျင်းသွားခဲ့လေသည်။
လိုဏ်ခေါင်းလက်ညိုးနှင့် ဉာဏ်အလင်းလက်ဝါးက ယာယီအားဖြင့် ရပ်တန့်သွားခဲ့လေသည်။
ကိုယ်တော်ရွှမ်မင်း၏ ပုံသဏ္ဍာန်မဲ့ ဓမ္မချိပ်စည်းကလည်း ဟိန်းဟောက်သံကြောင့် ကြေမွလုနီးပါး ဖြစ်သွားရလေသည်။
သူတို့သုံးယောက်သည် နိုးထဝိညာဉ် ပြိုင်စံရှားများကို စောင့်ရှောက်ဖို့အတွက် ဤနေရာအထိ လိုက်ပါလာသောကြောင့် သူတို့၏ခွန်အားကို အထင်သေးလို့ မရပေ။
သူတို့က သာမန်မူလနတ္ထိများသာ ဖြစ်မည်ဆိုလျှင် ထိုဟိန်းဟောက်သံကြောင့် သူတို့၏ ဝိညာဉ်က ဖျက်ဆီးခံရနိုင်လေသည်။
သို့သော်လည်း ခဏမျှ ရပ်တန့်သွားခြင်းက ဆူဇီမိုအတွက် လုံလောက်လေသည်။
အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် ဆူဇီမို၏သွေးချီက ရုန်းကြွလာပြီး သူက လျှပ်စီးလို အမြန်နှုန်းဖြင့် မူလနတ္ထိ ကိုယ်တော်သုံးပါးဆီသို့ ထိုးချက်သုံးချက် ပစ်သွင်းလိုက်လေသည်။
ဘန်း.. ဘန်း.. ဘန်း…
အသားစနှင့် သွေးများက နေရာတိုင်းမှာ ပြန့်ကျဲသွားခဲ့လေသည်။
မူလနတ္ထိ ကိုယ်တော်များပင်လျှင် ဆူဇီမို၏ ကိုယ်ကာယခွန်အားကို ခုခံနိုင်ခြင်း မရှိပေ။
ဒါ့အပြင် သူ၏ နဂါးအသွင်သို့ ပြောင်းလဲပြီးနောက် သူ၏သွေးချီက အပြည့်အဝ လှည့်ပတ်စီးဆင်းလာခဲ့လေပြီ။ သူ ထုတ်ဖော်လိုက်သော စွမ်းအားက ဖျက်ဆီးအား အလွန်မြင့်မားသည်ဟုသာ ဖော်ပြရပေမည်။
လိုဏ်ခေါင်းကျောင်းတော်မှ ကိုယ်တော်၏ လိုဏ်ခေါင်းလက်ညိုးသည် ဆူဇီမို၏ ထိုးချက်ဖြင့် ကြေမွသွားပြီး သူ၏ လက်ဝါးတစ်ဖက်စလုံးက ကြေမွပျက်စီးသွားခဲ့လေသည်။
ပညာဉာဏ်အလင်းကျောင်းတော်မှ မူလနတ္ထိကိုယ်တော်၏ ရလဒ်ကလည်း ဆင်တူနီးပါးပင်။
ဉာဏ်အလင်းလက်ဝါးက ဆင်းသက်လာသည့် ခဏမှာပင် အဲဒါသည် ဆူဇီမို၏ ထိုးချက်ဖြင့် ကြေမွသွားပြီး သူ၏လက်တစ်ဖက်လုံးက သွင်သွင်ကျိုးသွားခဲ့လေသည်။ သူ၏လက်က လုံးဝကို ဖျက်ဆီးခံလိုက်ရလေသည်။
မူလနတ္ထိ ကိုယ်တော်နှစ်ပါးသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူတို့၏မျက်နှာများက ဖြူဖပ်ဖြူလျော်ဖြစ်သွားကြလေသည်။ သူတို့သည် အလွန်တရာ ဆိုးဆိုးဝါးဝါး ပုံစံဖြင့် လူအုပ်ကြီးထဲသို့ နောက်ပြန်လွင့်စင်သွားခဲ့လေသည်။
ဆူဇီမိုက သနားညှာတာမှုကို ပြသထားခြင်း ဖြစ်လေသည်။
သူက နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲထားသော်လည်း သူ၏ ဆင်ခြင်တုံတရားကို မဆုံးရှုံးသေးပေ။
စောစောက မူလနတ္ထိ ကိုယ်တော်နှစ်ပါးသည် စာနာသနားမှုကို ပြသခဲ့ပြီး သူတို့၏ ခွန်အားကို ရုတ်သိမ်းခဲ့လေသည်။ အပြန်အလှန်အားဖြင့် သူတို့၏ စာနာသနားမှုက သူတို့ကို ပြန်လည်ကယ်တင်ပေးခဲ့ခြင်း ဖြစ်လေသည်။
ဆူဇီမိုသည် သတ်ဖြတ်ရာမှာ ပြတ်သားသော်လည်း သွေးဆာရက်စက်သူတစ်ယောက် မဟုတ်ပေ။
သူက မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးဟူသော ဥပဒေသကို ဆုပ်ကိုင်ထားလေသည်။
သူက သေသင့်သေထိုက်သူများကိုသာ သတ်ဖြတ်မည် ဖြစ်လေသည်။
သူ သတ်ဖြတ်ရမည့် သေသင့်သေထိုက်သူက ကိုယ်တော်ရွှမ်မင်း ဖြစ်လေသည်။
ဆူဇီမိုသည် ထိုးချက်သုံးချက်ကို ဆက်တိုက်ထုတ်ဖော်ခဲ့လေသည်။ သူတို့ထဲမှ ထိုးချက်နှစ်ချက်က လိုဏ်ခေါင်းလက်ညိုးနှင့် ပညာဉာဏ်အလင်းလက်ဝါးကို ဖျက်ဆီးပစ်ခဲ့လေသည်။
သို့သော်လည်း တတိယထိုးချက်ကတော့ ကိုယ်တော်ရွှမ်မင်း၏ ဦးခေါင်းပေါ်သို့ တည့်တည့်ဆင်းသက်လာခဲ့လေသည်။
ဖောင်း..
ကိုယ်တော်ရွှမ်မင်း၏ ဦးခေါင်းက အပိုင်းပိုင်း ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရလေသည်။
သူသည် နဂါးဟိန်းသံကြောင့် တုန်လှုပ်နေပြီး အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။ သူက ခုခံတိုက်ခိုက်ဖို့ မည်သည့် အခွင့်အရေးမှ မရှိဘဲ ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။
လူအုပ်ကြီးက တုန်လှုပ်သွားရလေသည်။
တိုက်ပွဲနယ်မြေတွင်ရှိသော အရာရာတိုင်းက ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။
မူလနတ္ထိ ၈ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်ပြီးနောက် သူတို့ထဲမှ နှစ်ယောက်က ဒဏ်ရာအပြင်းအထန် ရရှိပြီး တစ်ယောက်က သေဆုံးသွားလိမ့်မည်ဟု မည်သူကမှ မျှော်လင့်မထားပေ။
အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..။
မူလနတ္ထိ ၅ယောက်ရဲ့ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များက အဲဒီလူကို မသတ်ဖြတ်နိုင်ခဲ့ဘူးလား..။
အဲဒီလူက ခုခံတိုက်ခိုက်ဖို့တောင် ခွန်အားကျန်ရှိနေသေးတာပဲ။
လူအုပ်ကြီးက တွေဝေရှုပ်ထွေးနေရုံသာမက.. မိုးကြိုးလေပြေနန်းတော်၊ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် အခြားဂိုဏ်း သုံးဂိုဏ်းမှ မူလနတ္ထိ ၅ယောက်ကလည်း တူညီစွာ တွေဝေရှုပ်ထွေးနေကြလေသည်။
သူတို့ ၅ယောက်သည် နဂါးဟိန်းသံကြောင့် တုန်လှုပ်သွားကြသော်လည်း သူတို့၏ ငေးငိုင်နေရာကနေ သိပ်မကြာမီ နိုးထလာခဲ့လေသည်။
ထို့နောက် ချက်ချင်းပင် သူတို့ ၅ယောက်သည် အိုးတိုးအမ်းတမ်း ဖြစ်လာပြီး သူတို့၏ မျက်လုံးများထဲတွင် တွေဝေရှုပ်ထွေးမှုများက ဝင်ရောက်လာခဲ့လေသည်။
ဆူဇီမိုသည် လိုဏ်ခေါင်းကျောင်းတော်နှင့် ပညာဉာဏ်အလင်းကျောင်းတော်မှ ကိုယ်တော်နှစ်ပါးကို အပြင်းအထန် ဒဏ်ရာရရှိစေပြီး ကိုယ်တော်ရွှမ်မင်းကို ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခဲ့လေသည်။ သူက ရပ်နားခြင်း မရှိဘဲ ဖန်တီးခြင်းကြာပဒုမ္မာကို ပြန်လည်ထုတ်ယူလိုက်လေသည်။
“မင်းတို့ ၅ယောက်.. အသက်ကို ဖက်နဲ့ထုပ်ထားလိုက်တော့”
ရုတ်တရက်.. ဆူဇီမိုက တာအိုသက်ရှိ ချီကိုင်နှင့် အခြားသူများဘက်သို့ လှည့်၍ စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်လေသည်။ သူက သွားဖြီး၍ အလွန်တရာ အားကောင်းသော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ကာ ယခုတင် ငရဲ၏အနက်ပိုင်းထဲကနေ တက်လှမ်းလာသော သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးနှင့် ဆင်တူနေသည်။