မွန်းကျပ်ဖွယ်ရာကောင်းသော တန်ပြန်တိုက်ခိုက်မှု
Vol. 65 Ch. 964
ဆူဇီမိုသည် ဓမ္မစွမ်းအားများကို ထိုးသွင်းပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ပစ်ထုတ်လိုက်လေသည်။
ဖန်တီးခြင်းကြာပဒုမ္မာက အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကစဉ့်ကလျားအမြုတေဂိုဏ်းမှ မူလနတ္ထိဆီသို့ ချက်ချင်းပင် ရောက်ရှိလာခဲ့လေသည်။
ဘုန်း..
ဖျတ်ခနဲဆို ဆူဇီမိုက တာအိုသက်ရှိ ချီကိုင်နှင့် ကောင်းကင်စင်ရော်ဂိုဏ်းမှ မူလနတ္ထိဆီသို့ ပြေးဝင်သွားလေသည်။ သူ ဖြတ်သန်းသွားရာတစ်လျှောက် သဲများနှင့် ကျောက်စရစ်ခဲများက လွင့်ပျံသွားခဲ့လေသည်။
လေထဲတွင် ဆူဇီမိုက ဓားလက်ညိုးတစ်ခုကို စုဖွဲ့ပြီး သူ၏နှာရောင်ကို ညင်သာစွာထိ၍ ဓားဂိုဏ်းမှ မူလနတ္ထိရှိရာဘက်သို့ ထိုးညွန်လိုက်လေသည်။
ဝှစ်.. ဝှစ်.. ဝှစ်
အစိမ်းရောင် အလင်းရောင်ခြည်တန်း ၄၅ခုက သူ၏နှာရောင်ထဲကနေ ထွက်ပေါ်လာပြီး ဓားဂိုဏ်းမှ မူလနတ္ထိဆီသို့ တိုးဝင်သွားခဲ့လေသည်။
အဲဒါက ကြာစေ့ ၄၅စေ့ ဖြစ်လေသည်။
အရာရာတိုင်းက လျှပ်တပြက်အတွင်းမှာ ထွက်ပေါ်လာခဲ့လေသည်။
တစ်ချိန်တည်းမှာပင်.. ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး အရောင်မတူ အော်ရာမတူသော မီးတောက်နှစ်ခုကို သူ၏လက်ဖဝါးပေါ်မှာ ဖြစ်ပေါ်လာစေလေသည်။
အဲဒါက သွေးနီရောင် မီးလုံးတစ်လုံးနှင့် ရွှေရောင်မီးလုံးတစ်လုံး ဖြစ်လေသည်။
သူတို့က အင်မော်တယ်နှင့် ဗုဒ္ဓတာအိုမီးတို့ ဖြစ်ကြလေသည်။
သူ၏ အသိစိတ်အတွင်းမှာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ၎င်း၏ အကန့်အသတ်အထိ တွန်းတင်ထားခဲ့လေပြီ။
အကန့်အသတ်မဲ့သော ဓမ္မစွမ်းအားများက တာအိုမီးတောက်နှစ်ခုထဲသို့ တလိပ်လိပ် စိမ့်ဝင်သွားလေသည်။
“စုဖွဲ့စမ်း”
ဆူဇီမိုက မီးတောက်နှစ်ခုကို ထိကပ်ပြီး ထိပ်တန်းလျှို့ဝှက်အတတ်တစ်ခုကို အသက်သွင်းကာ နှစ်ရောင်စပ် တာအိုမီးလုံးတစ်ခုအဖြစ် ပေါင်းစည်းလိုက်လေသည်။
သမာဓိတာအိုမီး..
နန်းကုန်လင်း၊ လျှိုဟန်ယန်နှင့် ရူရွှမ်တို့က တုန်လှုပ်မှုဖြင့် မျက်လုံးများ ပြူးကျယ်လာကြလေသည်။
ဂမ္ဘီရခြံဝန်းတစ်ခုလုံးမှာ ထိုဓမ္မပညာရပ်ကို မှတ်မိနိုင်သောသူက အနည်းအကျဉ်းမျှသာ ရှိလေသည်။
သူတို့သုံးယောက်သည် တာအိုအရှင်ကြယ်သွေးနီ၏ အမွေခံတပည့်များ ဖြစ်ကြပြီး သမာဓိတာအိုမီးကို ကျင့်ကြံထားကြလေသည်။ သို့သော်လည်း သူတို့က အဲဒါက အခုအချိန်ထိ မအောင်မြင်နိုင်သေးပေ။
သူတို့အတွက်တော့ ဆူဇီမို အသုံးပြုလိုက်သော လျှို့ဝှက်အတတ်သည် သမာဓိတာအိုမီးပင် ဖြစ်လေသည်။
သို့သော်လည်း အဲဒါက သူတို့ ထင်မြင်ယူဆထားသော သမာဓိတာအိုမီးနှင့် ကွဲပြားခြားနားမှု ရှိနေလေသည်။
အကြီးဆုံး ကွာခြားချက်မှာ သမာဓိတာအိုမီးက မီးတောက်သုံးခုရှိရမည် ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမိုက မီးတောက်လုံး နှစ်လုံးကိုသာလျှင် စုဖွဲ့ထားလေသည်။
ဒါ့အပြင် သမာဓိတာအိုမီးတောက်များသည် အရောင်အသွေးတူညီပြီး သွေးနီရောင်ဖြစ်ကာ မည်သည့်ရွှေရောင်မှ မပါရှိပေ။
သူတို့ တကယ်တမ်း တုန်လှုပ်၍ တွေဝေရှုပ်ထွေးသွားရသည့် အချက်မှာ ဆူဇီမို၏ လက်ဖဝါးထဲတွင် မီးတောက်လုံးနှစ်လုံးသာ ရှိသော်လည်း ထိုတာအိုမီးတောက်နှစ်ခုကို ပေါင်းစည်းခြင်းမှ ဖြစ်ပေါ်လာသော တာအိုမီးသည် သူတို့သိထားသော သမာဓိတာအိုမီးထက် ပို၍ပင် ကြောက်စရာကောင်းသည်ဟု ထင်ရလေသည်။
သမာဓိတာအိုမီး၏ သဘောသဘာဝက ဆူဇီမို၏ လက်ထဲတွင် လုံးဝ ပြောင်းလဲသွားခဲ့သည်ကို သူတို့သုံးယောက်က မသိရှိကြပေ။
သမာဓိ၏ မူလအဓိပ္ပာယ်က အမြုတေ၊ ချီနှင့် စိတ်ဝိညာဉ်တို့ကို သုံးမျိုးတစ်ခုအဖြစ် ပေါင်းစည်းထားခြင်း ဖြစ်လေသည်။ သို့သော်လည်း အဲဒါက ဆူဇီမိုထံသို့ ရောက်ရှိသောအခါ.. အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုမီး သုံးခုအဖြစ် အဓိပ္ပာယ်ဖော်ဆောင်ခြင်း ခံရလေသည်။
သူ၏ နားလည်မှုအဆင့်၌ ထိုဓမ္မပညာရပ်က နဂိုကထက်ပို၍ မြင့်မားတိုးတက်လာခဲ့လေသည်။
မူလသမာဓိတာအိုမီးသည် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်တွင် ပါရှိသော ထိပ်တန်းအဆင့် ဓမ္မပညာရပ်တစ်ခုဖြစ်ပြီး တာအိုအရှင်အဆုံးစွန်မီး၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်လေသည်။
ဆူဇီမို၏ သမာဓိတာအိုမီးသည် နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားသော ဓမ္မပညာရပ်တစ်ခု ဖြစ်လာခဲ့လေသည်။
၎င်း၏ စွမ်းအားကို မည်သူကမှ တွေ့မြင်ဖူးခြင်း မရှိသည့်အတွက် အဲဒါက ဘာနဲ့တူမလဲဆိုတာ သူတို့က စဉ်းစားလို့ပင် မရပေ။
အဲဒါကြောင့် ဆူဇီမိုသည် အစစ်အမှန် သမာဓိတာအိုမီးကို စုဖွဲ့ခြင်း မဟုတ်ဘဲ အင်မော်တယ်နှင့် ဗုဒ္ဓ တာအိုမီးနှစ်ခုကိုသာ ပေါင်းစည်းခြင်း ဖြစ်သော်လည်း ၎င်း၏စွမ်းအားက ကြောက်မက်ဖွယ်ရာကောင်းနေဆဲပင်။
“သွား”
ဆူဇီမိုက ညင်သာစွာ အော်ဟစ်လိုက်လေသည်။
ဒေဝဓိ တာအိုမီးလုံးက လွင့်မျောသွားပြီး ငရဲမီးစံအိမ်မှ မူလနတ္ထိရှိရာသို့ တိုးဝင်သွားခဲ့လေသည်။ (သမာဓိတာအိုမီးသည် စွမ်းအားသုံးမျိုး ပေါင်းစည်းထားခြင်းကို ဆိုလိုပြီး ဒေဝဓိ တာအိုမီးက စွမ်းအားနှစ်မျိုး ပေါင်းစည်းထားခြင်းကို ဆိုလိုလေသည်။)
ထိုအခိုက်အတန့်မှာပင် ဆူဇီမိုသည် တာအိုသက်ရှိ ချီခိုင်နှင့် ကောင်းကင်စင်ရော်ဂိုဏ်းမှ မူလနတ္ထိတို့ရှေ့သို့ ရောက်ရှိလာခဲ့လေပြီ။ သူက သူ၏လက်ဝါးကို ဆန့်ထုတ်ပြီး သူတို့နှစ်ယောက်အပေါ်ကို အုပ်မိုးလိုက်လေသည်။
အဲဒါက လုံးဝကို ကြောက်စရာကောင်းလေသည်။
ကျင့်ကြံသူများ အားလုံးသည် တုန်လှုပ်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်လာကြလေသည်။
အစကတော့.. တာအိုသက်ရှိ ယွီတင်းသည် ဆူဇီမိုကို ကူညီဖို့ ပြေးသွားချင်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူက ဘယ်နေရာကနေစ၍ ကူညီရမလဲ နားမလည်နိုင်တော့ပေ။
အစကတော့.. နတ်မိမယ်လောရွှယ်သည်လည်း ရှေ့သို့ထွက်ရပ်ပြီး ဆူဇီမိုကို ကူညီချင်မိလေသည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမက ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်လေသည်။
နိုးထဝိညာဉ်တစ်ယောက်ဖြစ်သော ဆူဇီမိုသည် မူလနတ္ထိ ၈ယောက်၏ ဝန်းရံပိတ်ဆို့ တိုက်ခိုက်မှုကနေ ရုန်းထွက်လာနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
ဒါ့အပြင် သူ၏ တန်ပြန်တိုက်ခိုက်မှုက အရမ်းကို ကြမ်းကြုတ်ခက်ထန်ပြီး မွန်းကျပ်ဖွယ်ရာ ကောင်းနေလေသည်။
သူသည် မူလနတ္ထိ ကိုယ်တော်နှစ်ပါးကို ဒဏ်ရာအပြင်းအထန် ဒဏ်ရာရရှိစေ၍ ကိုယ်တော်ရွှမ်မင်းကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် ကျန်ရှိနေသော မူလနတ္ထိ ၅ယောက်ကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်တိုက်ခိုက်လိုက်လေသည်။
မူလနတ္ထိ ၅ယောက်စလုံးက သူ၏တိုက်ခိုက်မှု ဧရိယာအတွင်း သက်ရောက်ခြင်း ခံလိုက်ရလေသည်။
အဲဒါက နံပါတ်တစ် ပကတိအရှင်၏ ရဲဝံ့မှု ဖြစ်လေသည်။
အဲဒါက နံပါတ်တစ် ပကတိအရှင်၏ နည်းလမ်းများ ဖြစ်လေသည်။
သူတို့က သူ့ကို သတ်ဖြတ်ချင်မှတော့ သူကလည်း သူတို့ကို ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။
ပထမဆုံး ထိတွေ့ရိုက်ခတ်ခြင်း ခံရသူမှာ ကစဉ့်ကလျားအမြုတေဂိုဏ်းမှ မူလနတ္ထိ ဖြစ်လေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ မူလနတ္ထိသည် ဖန်တီးခြင်းကြာပဒုမ္မာက ချဉ်းကပ်လာသည်ကို မြင်သောအခါ.. သူက နမော်နမဲ့ မပြုမူရဲပေ။ သူ၏သိုလှောင်အိတ်ကို ပုတ်၍ ငွေရောင်ဒိုင်းကာတစ်ခုကို ထုတ်ယူပြီး သူ၏ရှေ့မှာ ပိတ်ကာလိုက်လေသည်။
ဓမ္မစွမ်းအားများကို ထိုးသွင်းပြီးနောက် ဒိုင်းကာ၏ အော်ရာက တလိပ်လိပ် ထိုးတက်လာခဲ့လေသည်။
ဝှစ်..
ငွေရောင်ဒိုင်းကားပေါ်တွင် တဖျပ်ဖျပ် တလက်လက် အလင်းရောင် ၄ခုက တောက်ပလာခဲ့လေသည်။
အဲဒါက ထိပ်တန်းအဆင့် တာအိုသက်ရှိ ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
သူ၏ အစီအစဉ်အရ.. သူသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ တိုက်ခိုက်မှုကို အရင်ဆုံး ခုခံပြီး အဲဒါကို သိမ်းယူကာ တန်ပြန်တိုက်ခိုက်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လေသည်။ သို့သော်လည်း သူက ဖန်တီးခြင်းကြာပဒုမ္မာနှင့် ဆူဇီမို၏ခွန်အားကို အမှန်တကယ်ပင် အထင်သေးမိခဲ့လေသည်။
အဲဒါက အဆင့် ၅ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်ပြီး မူလတာအိုသက်ရှိ ဓမ္မလက်နက်များနှင့် နှိုင်းယှဉ်နိုင်လေသည်။
သူ၏ ဒိုင်းကာက အဲဒါကို လုံးဝ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် ဖန်တီးခြင်းကြာပဒုမ္မာသည် ဆူဇီမို၏ မူပိုင်ဓမ္မလက်နက်ဖြစ်ပြီး ပို၍ပင် စွမ်းအားကြီးလာခဲ့လေသည်။ ဆူဇီမိုက အဲဒါကို အစွမ်းကုန်ထုတ်၍ ပစ်ပေါက်ခဲ့ခြင်း ဖြစ်လေသည်။
၎င်းကနေ ရုန်းကန်ထွက်ပေါ်လာသော စွမ်းအားက ဥက္ကာခဲတစ်ခု ကျဆင်းလာခြင်းနှင့် မခြားနားပေ။
ဘုန်း..
ဖန်တီးခြင်းကြာပဒုမ္မာက ငွေရောင်ဒိုင်းကာကို ပစ်တိုက်ပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ထွက်ပေါ်လာစေလေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်းမှ မူလနတ္ထိ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့လေသည်။
ထိတွေ့ရိုက်ခတ်ခြင်းမှ စွမ်းအားကို ခံစားမိပြီး သူက တစ်စုံတစ်ရာ လွဲမှားနေသည်ဆိုတာကို ရုတ်တရက် နားလည်သွားခဲ့လေသည်။
ကံမကောင်းစွာဖြင့်ပင် သူ၏အသိက နောက်ကျသွားခဲ့လေပြီ။
ချက်ချင်းဆိုသလိုပင် ငွေရောင်ဒိုင်းကာက ပေါက်ကွဲထွက်သွားပြီး ဖန်တီးခြင်းကြာပဒုမ္မာက ရှေ့သို့တိုးဝင်ကာ ကစဉ့်ကလျားအမြုတေဂိုဏ်းမှ မူလနတ္ထိကို ပစ်တိုက်ချလိုက်လေသည်။
“အား.. “
သူက အော်သံတစ်ချက်သာ ထွက်လိုက်နိုင်ပြီး ဖန်တီးခြင်းကြာပဒုမ္မာကြောင့် သူ၏ဦးခေါင်းက ကြေမွသွားခဲ့လေသည်။
သူ၏ အမြုတေစိတ်ဝိညာဉ်က ထွက်မပြေးနိုင်ခင်.. နေရာမှာတင် ဖျက်ဆီးခံလိုက်ရလေသည်။
အကယ်၍ သူက သူ၏ မူပိုင်ဓမ္မလက်နက်ကို အသုံးပြုပြီး ထိုတိုက်ခိုက်မှုကို သူ၏ အစွမ်းကုန်ရှိသမျှ ခုခံမည်ဆိုလျှင် သူက အသက်ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်ပေလိမ့်မည်။
ကံမကောင်းစွာနှင့်ပင် သူက ဖန်တီးခြင်းကြာပဒုမ္မာကို အထင်သေးမိရုံသာမက.. ဆူဇီမိုကိုပါ လျှော့တွက်ခဲ့မိလေသည်။
သေမင်းတံစဉ်က သူ၏လည်ပင်းပေါ်မှာ ရစ်ဝဲနေသည့်အချိန်တွင် သူက တန်ပြန်တိုက်ခိုက်ဖို့ပင် စဉ်းစားနေခဲ့သေးလေသည်။
သူက လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။
ကစဉ့်ကလျားအမြုတေဂိုဏ်း၏ မူလနတ္ထိသည် ယခုတင် သေဆုံးသွားပြီး ဆူဇီမို၏ အခြားတိုက်ခိုက်မှုများက ရောက်ရှိလာခဲ့လေသည်။
ကြာစေ့ ၄၅စေ့က ဓားဂိုဏ်းမှ မူလနတ္ထိ၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့ထားလိုက်လေသည်။
ဓားဂိုဏ်း၏ မူလနတ္ထိက ကြာစေ့များ၏ တိုက်ခိုက်မှုကို ခုခံဖို့အတွက် အဆောင်လက်ဖွဲ့ အချို့ကို ပစ်ထုတ်ချင်မိလေသည်။
သို့သော်လည်း သူ၏ မျက်လုံးထောင့်ကနေ ကစဉ့်ကလျားအမြုတေဂိုဏ်းမှ မူလနတ္ထိ သေဆုံးမှုကို မြင်တွေ့သွားပြီး ကြီးမားစွာ တုန်လှုပ်သွားရလေသည်။
ချက်ချင်းပင် ဓားဂိုဏ်း၏ မူလနတ္ထိက သုန်မှုန်နေသော အမူအရာတစ်ခုဖြင့် နမော်နမဲ့ မပြုမူရဲတော့ပေ။ သူက ခုခံရေး အဆောင်လက်ဖွဲ့ အချို့ကို ချိုးချေပြီး သူ၏ မူပိုင်ဓမ္မလက်နက်ကိုပါ ချက်ချင်း ဆင့်ခေါ်လိုက်လေသည်။
ဇီ..
သူ့လက်ထဲရှိ ဓားက တဝီဝီအော်မြည်၍ တုန်ခါလာခဲ့လေသည်။
အဲဒါက ပကတိ တာအိုသက်ရှိ ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
ထိုဓားက နှစ်ပေါင်းများစွာ သူ့နောက်သို့ လိုက်ပါခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ဖြင့် နှစ်ပေါင်းထောင်ချီ မီးဆေးခြင်း ခံထားရလေသည်။ အဲဒါက အရမ်းကို စွမ်းအားကြီးလေသည်။
သူက ကြာစေ့ ၄၅စေ့ကို မပြောနှင့်.. ဖန်တီးခြင်းကြာပဒုမ္မာကိုပင် ထိုဓားဖြင့် ခုခံနိုင်သည်ဟု ယုံကြည်ထားလေသည်။
သူသည် မည်သည့် အပိုလှုပ်ရှားကွက်မှ မပြုလုပ်ဘဲ သူ၏လက်ကောက်ဝတ်ကို ညင်သာစွာ လှုပ်ရှားလိုက်လေသည်။ တောက်ပ၍ အေးစက်နေသော ဓားအလင်းတန်းများက ရုန်းကန်ထွက်ပေါ်လာပြီး သူ၏ ဘေးပတ်လည်မှာ ဓားချီ အကာအရံလွှာတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။
ချွင်.. ချွမ်..
ဓားချီ အကာအရံလွှာက ထိုးဖောက်၍ မရနိုင်ဘဲ ကြာစေ့ ၄၅စေ့ကို အပြင်ဘက်မှာ ပိတ်ဆို့တားဆီးထားလေသည်။
လူတိုင်း၏ မျက်လုံးက ဝင်းလက်သွားကြလေသည်။
ဓားဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဆိုသည့်အတိုင်းပင်။
ထိုဓားနည်းစနစ်က တကယ့်ကို ပြိုင်ဘက်ကင်းလေသည်။
ဆူဇီမို၏ သတ်ဖြတ်ကွက်သည် ဓားချက်တစ်ချက်ဖြင့် ပျက်ပြယ်သွားရလေသည်။
ထိုစဉ်မှာပင် ဟန်ချိုးယွီသည် တစ်စုံတစ်ရာကို သတိထားမိသွားပြီး သူ၏ သူငယ်အိမ်က တင်းကျပ်လာကာ ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
“စီနီယာအစ်ကို.. သတိထား..”