← Chapters

လန်ယွဲ့၏ စိတ်သဘောထား

Vol. 65 Ch. 966

လန်ယွဲ့၏ စိတ်သဘောထား

Vol. 65 Ch. 966

ဂမ္ဘီရခြံဝန်းတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

ကျင့်ကြံသူများသည် တိုက်ပွဲနယ်မြေကို ငေးကြောင်စွာဖြင့် ကြည့်နေကြလေသည်။ တိုက်ပွဲနယ်မြေ၏ ​အလယ်ရှိ မြင့်မား၍ ကြောက်စရာကောင်းသောပုံရိပ်က သူတို့ကို ခဏမျှ အသက်ရှုဖို့ မေ့လျော့သွားစေလေသည်။

အဲ့ဒါကို ကိုယ်တိုင်တွေ့မြင်ရခြင်းမရှိလျှင် ထိုရလဒ်ကို မည်သူက ယုံကြည်ပါမည်နည်း။

နှင်းပုံတောင်ကြားမှ နိုးထဝိညာဥ်ပြိုင်စံရှား လင်းပိုင်သည် ကြောင်အမှင်တက်နေပြီး သူ၏မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်နေလေသည်။ နတ်မိမယ်လောရွှယ်၏ စကားလုံးများက သူ၏စိတ်ထဲတွင် ပြန်လည်ကြားယောင်လာခဲ့လေသည်။

သူက ဒီနေရာမှာရှိနေမှတော့ ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက် ဝင်မပါသရွေ့ ဘယ်သူကမှ သူ့ကိုခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး...

အဲ့ဒါကရှေ့ဖြစ်ဟောကိန်းတစ်ခုလိုပင်။

မူလနတ္ထိတာအိုသက်ရှိ ၈ ယောက်၏ ဝန်းရံတိုက်ခိုက်မှုကို ဤလူက အလွယ်တကူ ဖျက်ဆီးပစ်ခဲ့လေသည်။ သူတို့ထဲမှ ၆ ယောက်က သေဆုံးခဲ့ပြီး နှစ်ယောက်က ဒဏ်ရာရအပြင်းအထန် ရရှိသွားခဲ့လေသည်။

အဲ့ဒါက အစစ်အမှန်နံပါတ်တစ်ပကတိအရှင် ဖြစ်လေသည်။

နန်းကုန်လင်း ၊ လျှိုဟန်ယန်နဲ့ ရူရွှမ်တို့သည် တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားကြလေသည်။

ယခင်က သူတို့သည် လေတိမ်မြို့တော်အပြင်ဘက်မှာ အန္တရာယ်တစ်ခုနှင့်ကြုံတွေ့ခဲ့ရပြီး ငရဲမီးစံအိမ်မှ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က သူတို့ကို ပြန်ပေးဆွဲသွားခဲ့လေသည်။ သို့သော်လည်း နောက်ပိုင်းမှာ သူတို့သည် ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်လွတ်မြောက်လာခဲ့လေသည်။

အစကတော့ ကျင့်ကြံမှုအဆင့်မြင့်မားသော ပညာရှင်တစ်ယောက်က သူတို့ကို ကယ်တင်ခဲ့ခြင်းဖြစ်မည်ဟု တွေးခဲ့ကြလေသည်။

ယခုကြည့်ရသည်မှာ ထိုပညာရှင်က ဆူဇီမိုဖြစ်ဖို့များလေသည်။

“ဆူဇီမိုက... တကယ်ပဲ မိစ္ဆာသားရဲတစ်ကောင်ပဲ...”

“အမှန်ပဲ... သူက အမှန်တရားကို သိပ်ကြာကြာဖုံးကွယ်မထားနိုင်ပါဘူး”

“အဲ့ဒါက ဘယ်လိုမိစ္ဆာသားရဲမျိုးပါလိမ့်... သားရဲထုတ်ဖော်ကြေးမုံကတောင် သူ့ရဲ့အစစ်အမှန်ပုံစံကိုမပြပေးနိုင်ဘူး”

တဖြည်းဖြည်းနှင့် လူအုပ်ကြီးသည် တတွတ်တွတ်တီးတိုးဆွေးနွေးလာကြလေသည်။

ကျင့်ကြံသူများသည် ကြိုးကြာတစ်ထောင်ဂိုဏ်းချုပ် တာအိုအရှင်လန်ယွဲ့ကို အလိုလိုလှည့်ကြည့်လာကြလေသည်။

ထိုအခိုက်အတန့်တွင် တာအိုအရှင်လန်ယွဲ့၏ အမူအရာက အလွန်တရာပျက်ယွင်းနေခဲ့လေသည်။

စောစောက မူလနတ္ထိ ၈ ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်ကြသောအခါ သူမသည် သူတို့ကို လျစ်လျူရှုပြီး လက်ရှောင်နေခဲ့လေသည်။ တကယ်ဆို သူမ၏ မျက်လုံးနှစ်ဖက်ကိုပင် မှိတ်ထားခဲ့လေသည်။

သူမမှာ အစီအစဥ်ကောင်းတစ်ခုရှိလေသည်။

​ဆူဇီမိုက များစွာသော ထိပ်သီးဂိုဏ်းကြီးများကို ဆန့်ကျင်ခဲ့ပြီး သူ့မှာအလွန်ဆုံး ကျဆင်းလာသော အသွန်းတစ်ရာဂိုဏ်း၏ နောက်ခံသာလျှင် ရှိလေသည်။

အသွန်းတစ်ရာဂိုဏ်းက သူတို့ကိုယ်သူတို့ပင် အနိုင်နိုင်ရုန်းကန်နေရပြီး ဆူဇီမိုကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်ပါ့မလဲ။

​ဆူဇီမိုက ဤနေရာမှသေဆုံးသွားမည်ဆိုလျှင်တောင် အဲ့ဒါက အဆင်ပြေလေသည်။ သူမကို သို့မဟုတ် ကြိုးကြာတစ်ထောင်ဂိုဏ်းကို မည်သူကမှ ပြဿနာလာရှာလိမ့်မည်မဟုတ်ပေ။

ထိုသို့ဖြင့် သူမသည် ယဲ့ထျန်းချန် ၊ ပကတိအရှင်ဖန်းလန်နှင့် အခြားသူများ၏ သေဆုံးမှုကို ဖြေရှင်းပြီးသားဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း သူမမျက်စိမှိတ်ထားပြီး သိပ်မကြာမီ လောကကို လှုပ်ခါသွားစေသော အလွန်တရာရှေးကျသည့် ဟိန်းဟောက်သံတစ်သံကို ကြားလိုက်ရလေသည်။ သူမ၏ စိတ်ကိုပင် လှုပ်ခတ်သွားစေလေသည်။

“နဂါးဟိန်းသံလား....”

တာအိုအရှင်လန်ယွဲ့က ခဏမျှကြောင်အနေပြီးနောက် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။ ဂမ္ဘီရခြံဝန်းထဲမှာ နဂါးတစ်ကောင်က ဘယ်လိုလုပ်ရှိနေရတာလဲ။

သူမ၏ မျက်လုံးနှစ်ဖက်ကို အလိုလိုဖွင့်လိုက်ချိန်တွင် ဗုဒ္ဓကျောင်းတော်မှ မူလနတ္ထိနှစ်ယောက်က အပြင်းအထန်ဒဏ်ရာရရှိသွားပြီး ကိုယ်တော်ရွှမ်မင်းက သေဆုံးသွားသည်ကို မြင်လိုက်ရလေသည်။

အဲ့ဒီနောက် ကစဉ့်ကလျားအမြုတေဂိုဏ်း ၊ ဓားဂိုဏ်းနှင့် ငရဲမီးစံအိမ်မှ မူလနတ္ထိများကလည်း သေဆုံးကုန်ကြလေသည်။

ကြောက်စရာကောင်းသော အော်ရာနှင့်အတူ သွေးနီရောင်ကြေးခွံများ တစ်ကိုယ်လုံးဖုံးအုပ်နေသော မြင့်မားသန်မာသည့် ပုံရိပ်တစ်ခုက တာအိုသက်ရှိချီကိုင်နှင့် မိုးကြိုးလေပြည်နန်းတော်မှ မူလနတ္ထိတို့ထံပြေးဝင်သွားသည်ကို သူမမြင်လိုက်ရလေသည်။

နဂါးမျိုးနွယ်လား....

တာအိုအရှင်လန်ယွဲ့က ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

သူမရှေ့ရှိ မြင့်မားသောပုံရိပ်က နဂါးတစ်ကောင်၏ အသွင်သဏ္ဍာန်နှင့်မတူသော်လည်း သူ့ထံမှ ဖြာထွက်နေသော အော်ရာက နဂါးတစ်ကောင်၏ အော်ရာနှင့် လုံးဝမခြားနားပေ။

သူမ အံ့ဩမှင်တက်နေစဥ်မှာပင် ကောင်းကင်ဇင်ယော်ဂိုဏ်းမှ မူလနတ္ထိသည် မီးပဒေသာနဂါးမျက်လုံးကြောင့် သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။

အဲ့ဒီနောက် ​တာအိုသက်ရှိချီကိုင်ကလည်း ထိုသူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။

ထိုအခါမှသာလျှင် နဂါးကြေးခွံများ ၊ နက်-နီရောင်မျက်လုံးတို့နှင့် မြင့်မားသောပုံရိပ်က ဆူဇီမိုဖြစ်နေကြောင်းကို တာအိုအရှင်လန်ယွဲ့က နားလည်သဘောပေါက်သွားခဲ့လေသည်။ အရာရာတိုင်းက နောက်ကျသွားခဲ့လေပြီ။

သူမ၏ မျက်လုံးများကို မှိတ်ထားပြီး ပြန်ဖွင့်လိုက်သည့်ခဏမှာပင် တိုက်ပွဲက ပြီးဆုံးသွားခဲ့လေပြီ။

တာအိုအရှင်လန်ယွဲ့က ဖြည်းဖြည်းချင်းထရပ်လာပြီး အလွန်တရာစွမ်းအားကြီးသော အော်ရာတစ်ခုကို ထုတ်ပေးလာလေသည်။ သူမက အရာရာတိုင်းကို ဖိနှိပ်ပြီးနောက် သားရဲထုတ်ဖော်ကြေးမုံကို ဆင့်ခေါ်လိုက်လေသည်။

ဝှစ်....

အလင်းတန်းတစ်ခုက တောက်ပလာပြီး ဆူဇီမိုအပေါ်ကို ထိုးဆင်းလာခဲ့လေသည်။

အတွေးတစ်ချက်နှင့်အတူ ဆူဇီမိုက သူ၏အမြုတေစိတ်ဝိညာဥ်နှစ်ခုကို ပြန်ခွဲထုတ်ပြီး သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်ကို သူ၏အသိစိတ်အတွင်းမှာ ကွယ်ဝှက်ထားလိုက်လေသည်။

ဖြောက်.....

တစ်ခဏအတွင်းမှာပင် ဆူဇီမိုသည် ပုံမှန်အနေအထားသို့ပြန်ရောက်သွားပြီး ကြော့ရှင်းချောမောသော ကျင့်ကြံသူတစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့လေသည်။

သားရဲထုတ်ဖော်ကြေးမုံကလာသော အလင်းတန်းအောက်မှာပင် သူ၏အမူအရာက ပမာမခန့်နှင့် ရှိနေလေသည်။

ထိုပြောင်းလဲမှုက သူမကို အရူးလုပ်နေသည်ဟု တာအိုအရှင်လန်ယွဲ့က ခံစားရလေသည်။ သူမ၏ အမူအရာက လုံးဝညိုမည်းလာခဲ့လေသည်။

“ဆူဇီမို... နင်က လူသားပဲဖြစ်ဖြစ် သားရဲပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး... နင်က ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ရဲမှတော့ အဲ့ဒါက....”

“ဂိုဏ်းချုပ်...”

တာအိုအရှင်လန်ယွဲ့က ပြီးဆုံးအောင်မပြောနိုင်ခင်မှာပင် ဆူဇီမိုက သူမကို ဖြတ်အော်လိုက်လေသည်။

“ကျုပ်သူတို့ကို ဘာ့ကြောင့်သတ်ရသလဲဆိုတာ ဒီမှာရှိတဲ့ ကျင့်ကြံသူတိုင်းမြင်တယ်... အဲ့ဒါက မှန်လား မှားလားဆိုတာ လူတိုင်းက သက်သေပြပေးနိုင်တယ်”

ခဏမျှ ရပ်တန့်ပြီးနောက် ဆူဇီမိုက ဆက်ပြောလိုက်လေသည်။

“နောက်ပြီး အဲ့ဒီဖြစ်ရပ်က ရှောင်လွှဲလို့ရနိုင်ခဲ့တယ်... တစ်စုံတစ်ယောက်ကတော့ အဲ့ဒါကို လျစ်လျူရှုပြီး လက်ရှောင်နေဖို့ရွေးချယ်ခဲ့တယ်.. ပြီးတော့မှ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့အတွက် ကျုပ်ကိုလာပြီး အပြစ်တင်မနေနဲ့”

“နင်က ငါ့ကို စွပ်စွဲနေတာလား...”

တာအိုအရှင်လန်ယွဲ့၏အကြည့်က အေးစက်လာပြီး သူမက ခက်ထန်စွာဖြင့် မေးလိုက်လေသည်။ သူမ၏ စိတ်ရှည်နိုင်မှုက ကုန်ဆုံးသွားခဲ့လေပြီ။

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ၏ ဤနေရာအရောက်၌ သူမသည် အကြိမ်ကြိမ်အရှက်ကွဲခဲ့ရလေသည်။

ထိုအရှက်ကွဲမှုများအားလုံးက လူတစ်ယောက်ထဲကြောင့်ဖြစ်လေသည်။ အဲ့ဒါက သူမရှေ့တွင်ရှိသော ဆူဇီမိုပင်ဖြစ်လေသည်။

“ကျုပ်က ခင်ဗျားကို စွပ်စွဲနေတယ်လို့ မပြောနိုင်ဘူး.. ဒါပေမယ့်လို့... ကျုပ်က ခင်ဗျားနဲ့ဆွေးနွေးချင်တဲ့အရာတစ်ခုရှိတယ် ဂိုဏ်းချုပ်....”

ဘေးတွင်ရှိသောလမ့်ရိုကို တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြကာ ဆူဇီမိုက သူ၏အသံကိုမြှင့်၍ ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်လန်ယွဲ့.... ခင်ဗျားက ကစဉ့်ကလျားအမြုတေဂိုဏ်းနဲ့ မိတ်ဆွေဖြစ်ချင်ပြီးတော့ သူတို့ရဲ့အထောက်အပံ့ကို ရယူချင်လို့ ပူးပေါင်းခြင်းလက်ထပ်မင်္ဂလာပွဲကို ပြုလုပ်ချင်​တာက အဆင်ပြေသေးတယ်.. ဒါပေမယ့်လို့... ခင်ဗျားက အနည်းဆုံးတော့ လမ့်ရိုရဲ့ စိတ်သဘောထားကို လေးစားမှုထားသင့်တယ်...”

“နင်က... ဘာတွေပြောနေတာလဲ”

တာအိုအရှင်လန်ယွဲ့က မလုံမလဲနှင့်ငေါက်ငမ်းလိုက်လေသည်။

အဲ့ဒါက ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စတစ်ခုမဟုတ်ပဲ ဘာတွေဖြစ်ပျက်ခဲ့သည်ကို လူတိုင်းက သိထားလေသည်။

သို့သော်လည်း 'သိသာသိစေ မမြင်စေနှင့်' ဆိုသောစကားကလည်းရှိလေသည်။

“ဒီမှာရှိတဲ့ကျင့်ကြံသူတိုင်းက အရူးတွေမဟုတ်ဘူး... ခင်ဗျားက ဘာလုပ်ဖို့ကြိုးစားနေလည်းဆိုတာ ဘယ်သူကမပြောနိုင်ပဲနေပါ့မလဲ”

ဆူဇီမိုက ထူးမခြားနားပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

“လမ့်ရိုက ကြိုးကြာတစ်ထောင်ဂိုဏ်းရဲ့ တပည့်ဂိုဏ်းသားတစ်ယောက်ပဲ... သူမက ခင်ဗျားတို့ဂိုဏ်းကို ဝင်ရောက်ခဲ့တာ သူမရဲ့ အမှားမဟုတ်ဘူး ဒါပေမယ့်လို့.... ခင်ဗျားက သူမရဲ့ အနာဂတ်ကို စိတ်ကြိုက်ခြယ်လှယ်ခွင့်မရှိဘူး... ခင်ဗျားက သူမကို မီးပုံထဲကို တွန်းပို့နေတာပဲ...”

လမ့်ရိုက ဆူဇီမိုကိုကြည့်ပြီး သူမ၏မျက်လုံးထဲရှိ အေးစက်မှုက တဖြည်းဖြည်းပျက်ပြယ်လာလေသည်။

ဆူဇီမိုကသူမအတွက် ထိုစကားကိုပြောပေးနေခြင်းဖြစ်ကြောင်း သိထားလေသည်။

အဲ့ဒါက သူမ၏ရင်ထဲမှ စကားလုံးများဖြစ်သော်လည်း သူမက အဲ့ဒါကို ထုတ်ဖော်ပြောဆိုရဲခြင်းမရှိပေ။

ဆူဇီမိုသာ ရောက်မလာခဲ့ဘူးဆိုရင် သူမ၏ အနာဂတ်က မည်သို့မည်ပုံဖြစ်လာမလဲ တွေးမကြည့်ရဲအောင်ပင်။

ဆူဇီမိုက သူ၏ခေါင်းကိုခါပြီး လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်လေသည်။

“နောက်ပြီး... ခင်ဗျားရဲ့ အကဲဖြတ်နိုင်စွမ်းက ဘယ်လောက်တောင်ညံ့ဖျင်းသလဲဆိုတာ ဒီဖြစ်ရပ်က သက်သေပဲ... ယဲ့ထျန်းချန်က အံ့မခန်း ပြန်ဝင်စား မွန်းစတားတစ်ယောက်လည်းမဟုတ်ဘူး ... မဟုတ်လို့လည်း သူက ကျုပ်သတ်လို့ သေသွားပြီ”

“ခင်ဗျားက ကစဉ့်ကလျားအမြုတေဂိုဏ်းဘက်ကို ပြေးကပ်ရတဲ့အကြောင်းရင်းက ဒီဘက်မျိုးဆက်မှာပေါ်ထွက်လာတဲ့ ပြိုင်စံရှားနှစ်ယောက်ကြောင့်မလား... အခုတော့ သူတို့ထဲကတစ်ယောက်က သေပြီ... ကျန်တဲ့တစ်ယောက်ကလည်း သိပ်ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်​ဘူး...”

“ဆူဇီမို... မင်းက ဘယ်လောက်တောင်ဇောင်းကြွနေနိုင်မလဲ ကြည့်ရသေးတာပေါ့”

ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ပကတိအရှင်တစ်ယောက်က ထရပ်လာပြီး တည်တံ့စွာဖြင့် ပြောလိုက်လေသည်။

“ဂိုဏ်းချုပ်လန်ယွဲ့... ဆူဇီမိုက မိစ္ဆာသားရဲတစ်ကောင်ပဲ သူက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ လူသားကျင့်ကြံသူတွေကို ထင်တိုင်းကြဲ သတ်ဖြတ်ခဲ့တယ်... ခင်ဗျားက အဲ့ဒါအတွက် ​တာဝန်မယူပေးဘူးဆိုရင် အင်မော်တယ်ဂိုဏ်းအချို့က ဒီကိစ္စကို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး”

ဓားဂိုဏ်းမှ ပကတိအရှင်တစ်ယောက်ကလည်း သူ၏သတ္တိကိုစုစည်းပြီး အော်ပြောလိုက်လေသည်။

“ကျုပ်က သတင်းပို့ကြိုးကြာတစ်ကောင်ကို စေလွှတ်ခဲ့ပြီးပြီ... ဓားဂိုဏ်းက အဲ့ဒီသတင်းကိုရရှိတာနဲ့ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်က ဒီကိုကိုယ်တိုင်ရောက်လာလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့ ကြိုးကြာတစ်ထောင်ဂိုဏ်းက ကိစ္စတွေကို ဘယ်လိုမျိုးရှင်းပြမလဲ ကြည့်ရသေးတာပေါ့”

“အဲ့ဒါအမှန်ပဲ... “

ကောင်းကင်ဇင်ယော်ဂိုဏ်းမှ ပကတိအရှင်ကလည်း အံကိုကြိတ်လိုက်လေသည်။

“ကျုပ်တို့ဂိုဏ်းက ဓမ္မဝိသေသပညာရှင်တွေကလည်း သိပ်မကြာခင် ဒီကိုရောက်လာလိမ့်မယ်”

“ဟင့်အင်း...ဆရာ”

လမ့်ရိုကအလောတကြီးပြောလိုက်လေသည်။

“သားရဲထုတ်ဖော်ကြေးမုံရဲ့အောက်မှာ ဆူဇီမိုက ထူးခြားတာ ဘာမှမှ မရှိတာ... သူက လူသားတစ်ယောက်ပဲ စောစောက အသွင်ပြောင်းခဲ့တာက သူကျင့်ကြံထားတဲ့ လျှို့ဝှက်ပညာရပ်တစ်ခုကြောင့်ပဲ”

“နောက်ပြီးအဲ့ဒါက... သူ့အမှားလည်း လုံးဝမပါဘူး”

နတ်မိမယ်လောရွှယ်ကလည်း မတ်တတ်ထရပ်လာပြီး လက်သီးနှစ်ဖက်ကို ယှက်လိုက်လေသည်။

“ဂိုဏ်းချုပ်လန်ယွဲ့... လွန်ခဲ့တဲ့နှစ်တစ်ရာက အသင်္ချေနယ်မြေမြို့တော်က ဖြစ်ရပ်ကိုလည်း မမေ့လိုက်နဲ့ ကြိုးကြာတစ်ထောင်ဂိုဏ်းက ဆူဇီမိုအပေါ်မှာ အသက်ကြွေးတင်နေတယ်”

ဂိုဏ်းချုပ်လန်ယွဲ့၏ အကြည့်ကအေးစက်လာပြီး သူမက ဘာတစ်ခုမှ ပြောဆိုခြင်းမရှိပေ။

လူတိုင်းက သူမကို လှည့်ကြည့်လာပြီး သူမ၏ စိတ်သဘောထားကို စောင့်ဆိုင်းနေကြလေသည်။

သူမ၏ စိတ်သဘောထားက ဆူဇီမို၏ သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးလာနိုင်လေသည်။

All Chapters