ဂိုဏ်းချုပ်တစ်ယောက် တည်ခင်းဧည့်ခံပေးသော လက်ဖက်ရည်
Vol. 65 Ch. 969
ထိုသည်ကို ကြားပြီးနောက် တာအိုအရှင်လန်ယွဲ့က ထိတ်လန့်တကြား ဖြစ်သွားခဲ့လေသည်။
“ဟီးဟီး.. လန်ယွဲ့ကို ပြောရမတဲ့လား”
အကြီးအကဲကူက လှောင်ရယ်မောလိုက်လေသည်။
“သူမက ငါတို့ရဲ့ခေါင်းတွေကို ဖြတ်မပစ်ဘူးဆိုရင်တောင် ဘုရားသခင်ကို ကျေးဇူးတင်ရဦးမယ်”
“ရှန်ကွမ်.. မင်းမှာ ဂိုဏ်းချုပ်ရွေးဖို့ လူအဲလောက်တောင် ရှားနေပြီလား”
အကြီးအကဲကောက နှုတ်ခမ်းစူလိုက်လေသည်။
“ဟမ့်..”
ရှန်ကွမ်ကျီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့လေသည်။ သူမက မျက်လုံးကို မှေးကျဉ်းပြီး သူမ၏ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်လေသည်။ တဖြည်းဖြည်းနှင့် သူမက တစ်စုံတစ်ရာ ထူးခြားနေသည်ကို သတိထားမိသွားလေသည်။
အစက သူမသည် ဘေးပတ်လည်တွင်ရှိသော ဓမ္မဝိသေသ တာအိုအရှင်များကို မြင်သောအခါ.. သူမ၏ အရင်ဆုံး ထင်မြင်ယူဆချက်မှာ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကြောင့် သူတို့က ရောက်ရှိလာသည်ဟုပင်။
သို့သော် ယခုအခါမှာတော့ ကိစ္စများက ထိုထက်ပိုပုံရလေသည်။
တာအိုအရှင်လန်ယွဲ့၏ စိတ်က ယောက်ယက်ခတ်သွားပြီး သူမက ကြိုးစား၍ ပြုံးပြလိုက်လေသည်။
“ဆရာ.. ဒီက စီနီယာနှစ်ယောက်က ဆရာ့ရဲ့မိတ်ဆွေတွေဆိုတာ ကျွန်မ တကယ်.. တကယ်.. “
“ပါးစပ်ကို ပိတ်ထား”
ရှန်ကွမ်ကျီက တာအိုအရှင်လန်ယွဲ့ကို ဖြတ်အော်လိုက်ပြီး သူမ၏နောက်တွင်ရှိသော ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်ကို လှည့်ကြည့်လိုက်လေသည်။ သူမက ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။
“နင်တို့နှစ်ယောက်.. စောစောက ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကို အကုန်ပြောပြစမ်း”
ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် အကြည့်ချင်း ဖလှယ်ပြီးနောက် အကျပ်ရိုက်နေဟန်ဖြင့် တွေဝေတုံ့ဆိုင်းနေကြလေသည်။
ရှန်ကွမ်ကျီက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“နင်တို့က တစ်ခုခုကို ဖုံးကွယ်ထားမယ်ဆိုရင် ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးခံရလိမ့်မယ်”
သူတို့နှစ်ယောက်သည် ရင်တစ်ချက်ထိတ်သွားကြလေသည်။ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူတို့သည် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းကို အသေးစိတ် အချက်အလက်တစ်ခုမကျန် ပြန်ပြောပြကြလေသည်။
ပထမတော့ ရှန်ကွမ်ကျီက နှစ်ကြိမ် အင်းလိုက်လေသည်။
နောက်ပိုင်းတွင် သူမက တိတ်ဆိတ်ငြိမ်သက်သွားပြီး အမူအရာ ကင်းမဲ့လာလေသည်။ သို့သော်လည်း သူမ၏အကြည့်က ပို၍အေးစက်လာပြီး သူမ၏ဘေးတွင် မတ်တတ်ရပ်နေသော တာအိုအရှင်လန်ယွဲ့သည် ရင်ထဲမှာ တဒိန်းဒိန်းခုန်လာလေသည်။
လက်ဖက်ရည်ဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းကို ကြားရသည်မှာ တာအိုအရှင်ကြယ်သွေးနီ၊ အကြီးအကဲကူနှင့် အကြီးအကဲကောတို့အတွက်လည်း ပထမဆုံးအကြိမ်ဖြစ်ပြီး သူတို့က အလွန်တရာ စိတ်လှုပ်ရှားနေကြလေသည်။
အဘိုးအိုနှစ်ယောက်သည် ဆူဇီမိုကို လှည့်ကြည့်ပြီး သူတို့၏မျက်လုံးထဲရှိ ချီးကျူးလိုမှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ မကြာမကြာ ခေါင်းညိတ်ပြလေသည်။
ဆူဇီမိုက စိတ်ထဲကနေ ရေရွတ်လိုက်လေသည်။
“ဒီက အဘိုးအိုနှစ်ယောက်ရဲ့ နောက်ခံကို အကဲခတ်ကြည့်ရသလောက်.. သူတို့က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပညာရှင်တွေ ဖြစ်ရမယ်.. တာအိုအရှင်ကြယ်သွေးနီက သူ့ရဲ့ အဆင့်အတန်းအရ သူတို့ကို သွားပြီး ခေါ်လာနိုင်မှာ မဟုတ်ဘူး.. ဖြစ်နိုင်တာက.. “
သိပ်မကြာမီ.. ဓမ္မဝိသေသ တာအိုအရှင်နှစ်ယောက်သည် လက်ဖက်ရည်ဧည့်ခံပွဲအတွင်း ဖြစ်ပျက်ခဲ့သည့် ပဋိပက္ခများ အားလုံးကို ပြန်ပြောင်းပြောပြလို့ ပြီးသွားကြလေသည်။
ထိုသည်ကို ကြားပြီးနောက် ရှန်ကွမ်ကျီက အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
လေထုက မုန်တိုင်းမလာခင် တည်ငြိမ်နေသည့်အလား အလွန်တရာ တင်းကျပ်လာခဲ့လေသည်။
“လန်.. ရွဲ့.. “
ခဏနေပြီးနောက်.. ရှန်ကွမ်ကျီက သက်ပြင်းတစ်ချက်ချပြီး အေးစက်စွာဖြင့် တစ်လုံးချင်းပြောလိုက်လေသည်။
“နင်.. ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ”
တာအိုအရှင်လန်ယွဲ့သည် ရင်တစ်ချက်ထိတ်သွားပြီး မြေပြင်ပေါ်မှာ ဒုတ်ခနဲ ဒူးထောက်ချလိုက်လေသည်။ တုန်လှုပ်ချောက်ချားနေသော အမူအရာဖြင့် သူမက အလောတကြီး ပြောလိုက်လေသည်။
“ဆရာ.. ကျွန်မ.. ကျွန်မ ရှင်းပြပါရစေ.. “
ရှန်ကွမ်ကျီက ပြောလိုက်လေသည်။
“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲရဲ့ ရည်ရွယ်ချက်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာရှိတဲ့ နိုးထဝိညာဉ် ပြိုင်စံရှားတွေကို ဖိတ်ခေါ်ပြီးတော့ ဂိုဏ်းပေါင်းစုံနဲ့ ချစ်ကြည်ရေး တည်ဆောက်ဖို့ပဲ.. ကြိုးကြာတစ်ထောင်ဂိုဏ်း ပြုလုပ်ပေးရမယ့် တစ်ခုတည်းသောအရာက တရားမျှတမှု ရှိစေဖို့ပဲ”
“နင့်ကိုယ်နင် အရိုးသားဆုံး ပြန်မေးကြည့်စမ်းပါ.. နင့်ရဲ့ လုပ်ရပ်တွေက တရားမျှတမှု ရှိရဲ့လား”
တာအိုအရှင်လန်ယွဲ့သည် တဆတ်ဆတ် တုန်ယင်သွားပြီး ပြောစရာ စကားများ ပျောက်ဆုံးကုန်လေသည်။
ရှန်ကွမ်ကျီက ဆက်ပြောလိုက်လေသည်။
“နင်က ကစဉ့်ကလျား အမြုတေဂိုဏ်းရဲ့ ထောက်ပံ့မှုကို ရရှိဖို့အတွက် နင့်ရဲ့တပည့်ကိုတောင် စွန့်လွှတ်စတေးပြီးတော့ လက်ထပ်မင်္ဂလာပွဲကို အတင်းအကျပ် စီစဉ်ခဲ့တယ်.. အဲဒါက တကယ်ပဲ ကြိုးကြာတစ်ထောင်ဂိုဏ်း ဂုဏ်ယူရဖို့အတွက်လား.. ဟမ်..”
“အဲ့ဒါအပြင်.. “
ရှန်ကွမ်ကျီက ဆူဇီမိုကို လက်ညိုးထိုးပြီး အော်ပြောလိုက်လေသည်။
“ဒီကလေးက ကျင့်ကြံသူလား မိစ္ဆာသားရဲလား ငါဂရုမစိုက်ဘူး.. ကြိုးကြာတစ်ထောင်ဂိုဏ်းက သူ့အပေါ်မှာ အသက်ကြွေးတင်နေတယ်ဆိုမှတော့ ငါတို့က သူ့ကို ထိလို့မရဘူး.. ဒါပေမဲ့လို့ နင်က ဘာတွေလုပ်ခဲ့တာလဲ”
“ကျွန်မ.. ကျွန်မက သူ့ကို ဂိုဏ်းမှာ.. ဧည့်.. ဧည့်သည်တစ်ယောက်အဖြစ်နဲ့ နေစေချင်ရုံ..”
တာအိုအရှင်လန်ယွဲ့၏ အသံက ကြောက်ရွံ့မှုဖြင့် တုန်ရီနေလေသည်။
ဖြောင်း..
ရှန်ကွမ်ကျီက သူမ၏လက်ကိုလွှဲပြီး တာအိုအရှင်လန်ယွဲ့၏ ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
မည်သို့ပင်ဆိုစေ.. တာအိုအရှင်လန်ယွဲ့က ဂိုဏ်းချုပ်တစ်ယောက် ဖြစ်လေသည်။ ယခု လူတိုင်း၏ ရှေ့မှောက်မှာ ဤကဲ့သို့ အပြစ်ပေးခံရခြင်းဖြင့် အနာဂတ်တွင် ကျင့်ကြံရေးလောကမှာ သူမ၏ ဂုဏ်သတင်းက သေချာပေါက် မှေးမှိန်သွားရပေမည်။
လက်ရှိ မည်သည့်ကျင့်ကြံသူကမှ သူမကို မသနားကြပေ။
ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် ဓားဂိုဏ်းမှ ကျင့်ကြံသူများသည် ဆူဇီမိုကို ဖိနှိမ်ဖို့အတွက် အချိန်မီ မတိုက်ခိုက်ခဲ့သည့်အတွက် သူမကို အပြစ်တင်ကြလေသည်။
ဆူဇီမိုဘက်မှ ဖက်တီးလေး၊ ကျိချန်းရှန်နှင့် အခြားသူများကလည်း သူမကို သေချာပေါက် သနားလိမ့်မည် မဟုတ်ပေ။
လမ့်ရိုတစ်ယောက်သာလျှင်.. အဲဒါကို မကြည့်ရက်ဘဲ ရှေ့သို့ ခြေလှမ်းဝက် တိုးလိုက်လေသည်။ သူမက သူမ၏လက်ကို အနည်းငယ်မြှောက်ပြီး တစ်စုံတစ်ရာ ပြောချင်သော်လည်း ရပ်တန့်လိုက်လေသည်။
ရှန်ကွမ်ကျီက ခေါင်းခါပြီး ပြောလိုက်လေသည်။
“နင်က ငါ့ရှေ့မှာတောင် စကားကို ကုလားဖန်ထိုးချင်နေသေးတာလား.. ငါ အရင်တုန်းက နင့်ကို ခေါ်လာခဲ့တာ မှားသွားပြီနဲ့တူတယ်”
“စိတ်လျှော့စမ်းပါ ရှန်ကွမ်”
အကြီးအကဲကူက ပြောလိုက်လေသည်။
“ငါတို့က နင့်အတွက် သတင်းကောင်းပေးမလို့ ဒီကိုရောက်လာကြတာ”
တာအိုအရှင်ကြယ်သွေးနီက ရှေ့သို့ ကပျာကယာတက်ပြီး စာတစ်ခုကို ကမ်းပေးကာ ညင်သာစွာ ပြောလိုက်လေသည်။
“ဒါကတော့ အသွန်းတစ်ရာဂိုဏ်းက စီနီယာတစ်ယောက်ကိုယ်တိုင် ရေးပေးလိုက်တဲ့စာပါ”
“တကယ်ပဲကိုး”
ဆူဇီမိုက စိတ်ထဲကနေ သူ့ဘာသာသူ ရေရွတ်လိုက်လေသည်။
မျှော်လင့်ထားသည့်အတိုင်း.. ဤစာသည် တာအိုအရှင်အဆုံးစွန်မီး ရေးသားခဲ့တာ ဖြစ်ရပေမည်။
သူ့ရှေ့ရှိ အဘိုးအိုနှစ်ယောက်ကိုလည်း တာအိုအရှင်အဆုံးစွန်မီးက ဖိတ်ခေါ်ခဲ့တာ ဖြစ်ရပေမည်။
“ရှန်ကွမ်ကျီအတွက်သာလျှင်..”
ရှန်ကွမ်ကျီသည် ထိုစာကို သာမန်ကာလျှံကာယူပြီး စာအိတ်ပေါ်တွင်ရှိသော စကားလုံးများကို တစ်ချက်ကြည့်ပြီးနောက်.. သူမ၏အကြည့်က အေးခဲသွားခဲ့လေသည်။
“ဒီ လက်ရေးက.. “
သူမ၏လက်က အနည်းငယ် တုန်ယင်လာလေသည်။ သူမသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူမ၏ နှလုံးသားက ယိမ်းယိုင်လာခဲ့လေသည်။
သူမသည် စာအိတ်ကို ကပျာကယာဖွင့်ပြီး အာရုံစိုက် ဖတ်လိုက်လေသည်။
စာပေါ်တွင်ရှိသော ပထမဆုံးစာကြောင်းမှာ - ‘ရှန်ကွမ်.. ငါက အသက်ရှင်နေသေးတယ်.. အခု ငါပြန်ရောက်လာပြီ’
ထိုသည်ကို ကြည့်ပြီးနောက် ရှန်ကွမ်ကျီ၏ မျက်လုံးများက စိုစွတ်လာပြီး သူမ၏ အမြင်အာရုံက ဝေဝါးလာလေသည်။
ဤနေရာမှာ ကျင့်ကြံသူများစွာ ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် သူမသည် သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်ဘဲ မျက်ရည်များ စီးကျလာပေလိမ့်မည်။
များစွာသော ကျင့်ကြံသူများသည် ရှန်ကွမ်ကျီ၏ စိတ်ခံစားချက် အတက်အကျကို သတိထားမိလိုက်လေသည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို သူမ၏ စိတ်ခံစားချက်များ မထိန်းချုပ်နိုင်အောင်ပင် ထိုစာထဲမှာ ဘာတွေရေးထားသလဲ မည်သူကမှ မစဉ်းစားတတ်ကြပေ။
“အဲဒါက အမှန်ပဲလား..”
ရှန်ကွမ်ကျီက အကြီးအကဲကူနှင့် အဘိုးအိုကောကို မယုံကြည်နိုင်သည့်ဟန်ဖြင့် လှည့်ကြည့်လိုက်လေသည်။
လူအိုကြီးနှစ်ယောက်က ခေါင်းညိတ်ပြလိုက်လေသည်။
အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် ရှန်ကွမ်ကျီသည် သူမကိုယ်သူမ ဣန္ဒြေဆည်ကာ စာတစ်ခုလုံးကို ပြီးဆုံးအောင် ဖတ်ပြီးနောက် အလွန်တရာ တန်ဖိုးရှိသည့် တစ်စုံတစ်ရာအလား.. အဲဒါကို သေချာသိမ်းဆည်းလိုက်လေသည်။
ရှန်ကွမ်ကျီသည် နွေးထွေးပျူငှာသော အကြည့်တစ်ခုဖြင့် ဆူဇီမိုကို လှည့်ကြည့်လိုက်လေသည်။ အဲဒီမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ မောက်မာမှု သို့မဟုတ် စီးပိုးခြယ်လှယ်မှုတို့ လုံးဝ မရှိတော့ဘဲ သူမက ညင်သာစွာ မေးလိုက်လေသည်။
“မင်းက ဆူဇီမိုလား”
“ကျုပ်က ဆူဇီမိုပါ.. စီနီယာကို နှုတ်ဆက်ပါတယ်”
ဆူဇီမိုက ရှေ့သို့ အလောတကြီးတက်ပြီး ဦးညွတ်လိုက်လေသည်။
“မင်းဆရာနဲ့ ငါက.. အမ်း.. မိတ်ဆွေကောင်းတွေပေါ့.. အဲ့လိုမျိုး တခမ်းတနားတွေ လုပ်နေစရာ မလိုပါဘူး”
ရှန်ကွမ်ကျီက ပြုံးပြလိုက်ပြီး သူမ၏ အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်း၍ ဆူဇီမိုကို ထူမပေးလိုက်လေသည်။
ရှန်ကွမ်ကျီက ပြောလိုက်လေသည်။
“မင်းဆရာရဲ့ စာထဲကနေ အသင်္ချေနယ်မြေမြို့တော်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ငါသိပြီးပါပြီ.. ငါတို့ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. မရေမတွက်နိုင်တဲ့ ပြိုင်စံရှားတွေက အသက်ချမ်းသာရာရပြီး လူသားမျိုးနွယ်ရဲ့ နောက်ဆုံးလက်ကျန် ဂုဏ်သိက္ခာကို ကာကွယ်နိုင်ခဲ့တာပဲ”
လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။
အဲဒါက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။
ပုံမှန်အားဖြင့် သူတို့ ဘဝသက်တမ်းတစ်လျှောက် မည်သူကမှ ထိုပုဂ္ဂိုလ်မျိုးကို တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါမှာတော့ ဤပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က နိုးထဝိညာဉ်တစ်ယောက်ကို ကျေးဇူးတင်နေလေသည်။
အဲဒါဆို လွန်ခဲ့တဲ့ နှစ်တစ်ရာက တိုက်ပွဲက လုံးဝကို မှန်ကန်နေခဲ့တာပေါ့..။
“လက်ဖက်ရည်ဧည့်ခံပွဲရဲ့ ဒီနေရာအရောက်မှာ မင်းက နံပါတ်တစ် ပကတိအရှင်ဆိုတာ ဘယ်သူကမှ မေးခွန်းမထုတ်ရဲလောက်တော့ပါဘူး”
ရှန်ကွမ်ကျီက ပြောလိုက်လေသည်။
“ဒီ ထိပ်တန်းအဆင့် ဂမ္ဘီရလက်ဖက်ရည်ကို သောက်ဖို့က မင်းတစ်ယောက်ပဲ အဆင့်မီလိမ့်မယ်”
ထိုသို့ပြောပြီးနောက်.. ရှန်ကွမ်ကျီသည် သူမ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းပြီး ဂမ္ဘီရလက်ဖက်ပင် ထိပ်ဖျားတွင်ရှိသော တစ်ရွက်တည်းကျန်ရစ်နေသည့် လက်ဖက်စိမ်းရွက်ကို လက်ဖက်ရည်ခွက်ထဲသို့ ကြွေကျလာစေလေသည်။
အဲဒီနောက် သူမက ဆူပွက်နေသော စိမ့်စမ်းရေကို လောင်းထည့်ပြီး မွှေးပျံ့သော လက်ဖက်ရည်တစ်ခွက်ကို အဆင်သင့်ပြင်ပေးလိုက်လေသည်။
“လန်ယွဲ့.. လက်ဖက်ရည်နဲ့ ဧည့်ခံပေးလိုက်”
ရှန်ကွမ်ကျီက လက်ဖက်ရည်ခွက်ကို တာအိုအရှင်လန်ယွဲ့၏ လက်ထဲသို့ ထည့်ပေးပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။ ထိုအခိုက်အတန့်တွင် တာအိုအရှင်လန်ယွဲ့၏ အမူအရာက အလွန်တရာ ပျက်ယွင်းလာခဲ့လေသည်။
ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူမက နိုးထဝိညာဉ်တစ်ယောက်ကို လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပေးရပေတော့မည်။
အဲဒါက သူမ၏ ဘဝတစ်လျှောက် ဘယ်တော့မှ မမေ့လျော့နိုင်မည့် အရှက်ခွဲခံရမှု ဖြစ်လေသည်။
လူအုပ်ကြီးက အားကျငေးမောသွားကြလေသည်။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က လက်ဖက်ရည်ဖျော်ပေးပြီး ဂိုဏ်းချုပ်တစ်ယောက်က တည်ခင်းဧည့်ခံပေးနေလေသည်။ ထိုကဲ့သို့သော ပြုမူဆက်ဆံခံရမှုကို မည်သူက အားမကျဘဲ နေပါမည်နည်း။
တာအိုအရှင်လန်ယွဲ့က မနာခံဘဲ မနေရဲဘဲ လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို တရိုတသေ လက်ခံယူလိုက်လေသည်။ သူမက ဆူဇီမိုထံသို့ အမူအရာကင်းမဲ့စွာဖြင့် လျှောက်လှမ်းသွားပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။
“ကျေးဇူးပြုပြီး..”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ဆူဇီမိုက ညင်သာစွာ ပြုံး၍ လက်ဖက်ရည်ခွက်ကို ယူပြီး မော့သောက်လိုက်လေသည်။
ဆူဇီမိုက လက်ဖက်ရည်ကို မော့သောက်နေသည့် အချိန်တွင် တာအိုအရှင်လန်ယွဲ့၏ မျက်လုံးအနက်ပိုင်းထဲတွင် ရက်စက်ကြမ်းကြုတ်မှု တစ်စွန်းတစ်စက ဖျတ်ခနဲ လက်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည်ပျောက်သွားခဲ့လေသည်။