ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်း
Vol. 65 Ch. 971
လက်ဖက်ရည်ဧည့်ခံပွဲက ပြီးဆုံးသွားပြီး လူတိုင်းက လူစုခွဲလိုက်ကြလေသည်။
တာအိုအရှင်ကြယ်သွေးနီက ဆူဇီမိုကို ပြောလိုက်လေသည်။
“ဆရာဦးလေး... ဆရာဘိုးဘိုးက ခင်ဗျားကို အမြန်ပြန်လာစေချင်နေတယ်”
“အင်...”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
ဤနေရာတွင် ကြီးကြီးမားမား ကိစ္စများဖြစ်ပျက်ခဲ့သောကြောင့် တာအိုအရှင်အဆုံးစွန်မီးက သူ၏ ဘေးကင်းလုံခြံမှုအတွက် စိုးရိမ်နေပေလိမ့်မည်။ ဆူဇီမိုက ပြောလိုက်လေသည်။
“အဲ့ဒါဆိုလည်း ဒီညပဲ ပြန်ကြတာပေါ့...”
ဖက်တီးလေး ၊ လမ့်ရိုနှင့် အခြားသူများသည် ဆူဇီမိုနှင့် မတွေ့ရသည်မှာ နှစ်တစ်ရာကြာသွားပြီးနောက် ခွဲခွာရမည်ကို ဝန်လေးနေကြလေသည်။ လက်ဖက်ရည်ဧည့်ခံပွဲပြီးနောက် သူတို့မှာ တခြားလုပ်စရာမရှိသည့်အတွက် ဆူဇီမိုနှင့်အတူ အသွန်းတစ်ရာဂိုဏ်းသို့ လိုက်ပါဖို့ ဆုံးဖြတ်လိုက်လေသည်။
သူတို့အပြင် အဲ့ဒီမှာ ရှန်ကွမ်ကျီ ၊ အကြီးအကဲကူနှင့် အဘိုးအိုကောတို့လည်း ပါလာကြလေသည်။
ရှန်ကွမ်ကျီက အဖြူရောင်တိမ်စိုင်တစ်ခုကို ဆင့်ခေါ်ပြီး အသွန်းတစ်ရာဂိုဏ်းဆီသို့ အမြန်နှုန်းအပြည့်ဖြင့် လူတိုင်းကို ဦးဆောင်သွားခဲ့လေသည်။
တာအိုသက်ရှိယွီတင်းသည် အသွန်းတစ်ရာဂိုဏ်းကနေ ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ လူတိုင်းကို ဦးဆောင်လာတုန်းက သူတို့သည် နေ့ဝက်နီးပါးအချိန်ယူခဲ့ရလေသည်။
သို့သော် ယခုအခါမှာတော့ ပေါင်းစည်းခန္ဓာတစ်ယောက်သည် အမြန်နှုန်းအပြည့်ဖြင့် ကျင့်ကြံသူများအားလုံးကို ခေါ်ဆောင်လာခဲ့ပြီး ဆယ်မိနစ်မပြည့်ခင်မှာပင် အသွန်းတစ်ရာဂိုဏ်းသို့ ရောက်ရှိလာခဲ့လေသည်။
ဤအမြန်နှုန်းက တကယ့်ကိုကြောက်စရာကောင်းလေသည်။
အသွန်းတစ်ရာဂိုဏ်းမှ ကျင့်ကြံသူများစွာသည် မြင့်မားသော စိတ်ဝိညာဥ်များဖြင့် သူတို့၏ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာကြလေသည်။ သူတို့သည် ကြိုးကြာတစ်ထောင်လက်ဖက်ရည်ဧည့်ခံပွဲမှာ ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ဂိုဏ်းအတွင်းမှာ ပြန်လည်ပြောပြကြဖို့ မစောင့်နိုင်အောင် ဖြစ်နေကြလေသည်။
ဆူဇီမိုသည် လမ့်ရိုနှင့်အခြားသူများကို သူ၏ လိုဏ်ဂူခန်းဝါသို့ ခေါ်ဆောင်သွားခဲ့လေသည်။ တစ်ယောက်ကိုတစ်ယောက် နှစ်တစ်ရာကြာအောင် မတွေ့ခဲ့ရသည့်အတွက် သူတို့မှာပြောစရာစကားများစွာ ရှိနေကြလေသည်။
အဲ့ဒီမှာ နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်ကိုတစ်ယောက် မတွေ့မြင်ရသော ရှန်ကွမ်ကျီ ၊ အကြီးအကဲကူနှင့် အဘိုးအိုကောတို့မှာဆိုရင် ပြောစရာစကားပိုလို့တောင် ရှိနေကြလေသည်။
ရှန်ကွမ်ကျီနှင့်အခြားသူများသည် အသွန်းတစ်ရာဂိုဏ်းသို့ ရောက်ရှိလာပြီးနောက် စိတ်လှုပ်ရှားတက်ကြွသောအမူအရာများဖြင့် အသွန်းတစ်ရာခန်းမဆီသို့ တန်း၍သွားကြလေသည်။
ဆူဇီမို ၊ လမ့်ရို၊ ဖက်တီးလေးနှင့် အခြားသူများသည် ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း ဖြစ်ပျက်ခဲ့သည့်အရာရာတိုင်းကို ပြန်ပြောင်းပြောဆိုကာ တစ်ညလုံးမအိပ်စက်ကြပေ။
သူတို့၏ ရယ်သံက လိုဏ်ဂူခန်းဝါထဲမှာ စဲမသွားခဲ့ပေ။ ဖက်တီးလေးသည် စိတ်လှုပ်ရှားမှုဖြင့် တစ်ညလုံးခုန်ပေါက်နေလေသည်။
လူတိုင်းသည် သူတို့ဆန်းကြယ်တောင်ထွတ်မှာ ရှိခဲ့သည့်အချိန်များဆီသို့ ပြန်လည်ရောက်ရှိသွားသည်ဟု ထင်ရလေသည်။
မနက်ခင်းတွင် ဆူဇီမိုနှင့် အခြားသူများသည် တစ်ညလုံးမအိပ်ခဲ့ရသော်လည်း သူတို့က စွမ်းရည်များပြည့်ဝနေပြီး စိတ်ဝိညာဥ်များ မြင့်မားနေကြလေသည်။
သိပ်မကြာမီ တာအိုအရှင်ကြယ်သွေးနီက ရောက်ရှိလာပြီး တာအိုအရှင်အဆုံးစွန်မီးနှင့် တွေ့ရန် အသွန်းတစ်ရာခန်းမဆီသို့ ဆူဇီမိုကို ခေါ်လိုက်လေသည်။
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိပဲ တာအိုအရှင်ကြယ်သွေးနီနှင့်အတူ ခန်းမဆီသို့ လိုက်ပါသွားလေသည်။
တာအိုအရှင်ကြယ်သွေးနီက အပြင်ဘက်မှာ ရပ်စောင့်ကျန်နေခဲ့ပြီး ဆူဇီမိုတစ်ယောက်တည်း ဝင်ရောက်သွားခဲ့လေသည်။
ခန်းမ၏ အနက်ပိုင်းထဲတွင်.. အဲ့ဒါက ပိတ်လှောင်နေလေသည်။
ရှည်လျားသော စင်္ကြံလမ်းကို ဖြတ်သန်းလာပြီးနောက် သူသည် အတွင်းဆုံးပိုင်းသို့ ရောက်ရှိလာကာ သူ့ရှေ့တွင်ရှိသော အရာရာတိုင်းက ပွင့်ဟသွားလေသည်။
အဲ့ဒီမှာ ကြီးမားသော အမိုးခုံးတစ်ခုနှင့် လျှို့ဝှက်ခန်းတစ်ခု ရှိနေလေသည်။
လျှို့ဝှက်ခန်းထဲတွင် ဘယ်ဘက်မြေပြင်မှ ချစ်ချစ်တောက်ပူလောင်သော မီးတောက်များက အဆက်မပြတ် လျှံထွက်နေလေသည်။
ညာဘက်တွင်တော့ မရေမတွက်နိုင်သော စိတ်ဝိညာဥ်ဆေးမြစ်ဆေးပင်များ မြုပ်လိုက်ပေါ်လိုက်ဖြစ်သော ဧရာမစိတ်ဝိညာဥ်ရေကန်တစ်ကန် ရှိလေသည်။ အဲ့ဒီမှာရှိသည်မှာ အင်မော်တယ်စိတ်ဝိညာဥ်ပန်း ၊ အဇူရာနေသစ်ကိုင်း ၊ နဂါးဖီးနစ်ကြာပန်း ၊ ရွှမ်ယွမ်မြက် ၊ နှစ်တစ်သောင်းသွေးဂျင်ဆင်း စသည်ဖြင့်...။
အဲ့ဒါက သိပ်သည်းအားကောင်းသော ရှင်သန်နိုင်စွမ်း စိတ်ဝိညာဥ်ချီတို့ဖြင့် ပြည့်နှက်နေပြီး ကြွယ်ဝသောအသက်ဓာတ်အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။ ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွားခဲ့လေသည်။
ဤစိတ်ဝိညာဥ်ဆေးပင်များထဲမှ တစ်ခုကိုပင်လျှင် သာမန်အားဖြင့် မြင်တွေ့ရဖို့ခဲယဥ်းလေသည်။ တောင့်တင်းခိုင်မာသည့် အခြေခံအုတ်မြစ်နှင့် ခွန်အားကိုပိုင်ဆိုင်ထားသော အသွန်းတစ်ရာဂိုဏ်းသာလျှင် ဤမျှများပြားသည့် စိတ်ဝိညာဥ်ပစ္စည်းများကို စုဆောင်းနိုင်ပေလိမ့်မည်။
တာအိုအရှင်အဆုံးစွန်မီး၏ အမြုတေစိတ်ဝိညာဥ်က မလှမ်းမကမ်းလေထဲမှာ ရပ်နေလေသည်။
“လက်ဖက်ရည်ဧည့်ခံပွဲမှာ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို ငါကြားပြီးပြီ... နောက်ပိုင်းကိစ္စတွေအတွက်တော့ အဲ့ဒါကို ငါကိုင်တွယ်လိုက်မယ်.. မင်းက စိုးရိမ်ပူပန်နေစရာမလိုဘူး”
တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို နှစ်သိမ့်လိုက်လေသည်။
“ငါဒီနေ့... ဒီနေရာကို မင်းကို ခေါ်လိုက်ရတဲ့အကြောင်းအရင်းက အရိုးနဲ့ခန္ဓာကိုယ်ပုံသွင်းခြင်း ဖြစ်စဥ်တစ်ခုလုံးကို မင်းကိုမြင်တွေ့စေချင်လို့ပဲ..”
တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်လေသည်။
“အရင်တုန်းက ငါက မင်းကို စကားနဲ့ပဲ ရှင်းပြခဲ့တာ... အဲ့ဒီမှာ မင်းနားမလည်သေးတဲ့ အရာတွေ ရှိနေဦးမယ်ဆိုတာ ငါပြောရဲတယ်... ဒီနေ့ ငါက အဲ့ဒါကို နောက်တစ်ခါ သရုပ်ပြပေးမယ်.. မင်းက အသေးစိတ်အချက်အလက်တစ်ခုချင်းစီကို မှတ်သားထားရမယ်”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။
တကယ်တော့ သူ၏လက်ရှိခန္ဓာကိုယ်က ပြီးပြည့်စုံနေသည်ဟု ဆိုနိုင်လေသည်။ သူသည် မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး နဂါးမျိုးနွယ်မှ မျိုးဆက်သွေးနှင့် ပေါင်းစည်းထားလေသည်။ သူ၏ သွေးချီက ကြောက်စရာကောင်းလေသည်။
ကမ္ဘာဦးမျိုးနွယ် ၉ စု၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးပင်လျှင် သူ့ကိုမယှဥ်နိုင်ပေ။
ဆူဇီမိုသည် ခန္ဓာကိုယ်တစ်ခုကို မည်သို့ဖလှယ်ရယူရမလဲ လုံးဝမသိပေ။ သူ၏ လက်ရှိခန္ဓာကိုယ်အရ သူက အဲ့ဒါကို လိုအပ်သည်ဟုလည်း မခံစားရပေ။
သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးက တစ်ခုခုကို သွယ်ဝိုက်နေပြီး သူ့ကို အာရုံစိုက်ခိုင်းထားသည်ဟု သူက ခံစားမိနေလေသည်။
“ဒီမီးတောက်ကတော့ မြေကမ္ဘာအမြုတေမီးပဲ... အဲ့ဒါက အရမ်းကို ပူပြင်းပြီးတော့ တွင်းထွက်ပစ္စည်းတော်တော်များများကို အရည်ကျိုနိုင်တယ်...”
တာအိုအရှင်အဆုံးစွန်မီးက သရုပ်ပြရင်း ဆူဇီမိုကို ရှင်းပြနေလေသည်။
“အရင်ဆုံး... မီးဒြပ်စင်ပစ္စည်း ၉ မျိုးကို ပေါင်းစပ်လိုက်ကြတာပေါ့”
တာအိုအရှင်အဆုံးစွန်မီးက မြေကမ္ဘာအမြုတေမီးပေါ်တွင် ပန်းပဲမီးဖိုကို တင်ပြီး ဖီးနစ်သွေးသတ္တုရိုင်း ၊ နေကျောက်တုံး ၊ ချော်ခဲသလင်းကျောက် ၊ သားရဲတစ်ထောင်သွေးကျောက်တုံးနှင့် အခြားသော ထိပ်တန်းအဆင့်ပစ္စည်းများကို ပန်းပဲမီးဖိုထဲသို့ထည့်ပြီး သူတို့ကို ဖြည်းဖြည်းချင်း အရည်ကျိုလိုက်လေသည်။
အဲ့ဒီနောက် သူသည် လိုအပ်သော အရိုးများကို ပုံသွင်းဖို့အတွက် ထိုအရည်များကို အသုံးပြုရလေသည်။
အဲ့ဒါက ရှည်ကြာပြီး ရှုပ်ထွေးပွေလီသော ဖြစ်စဥ်တစ်ခုဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် အလွန်တရာစိတ်ရှည်နေပြီး မီးဆေးနေစဥ်အတွင်း အသေးစိတ်အချက်အလက် တစ်ခုချင်းစီကို ရှင်းပြနေလေသည်။
ဆူဇီမိုက အရာရာတိုင်းကို မှတ်သားထားလေသည်။
အရိုးစုတစ်ခုကို ဖန်တီးနိုင်ဖို့အတွက် သုံးရက်တိတိကြာမြင့်ခဲ့လေသည်။ အရိုးစု၏ အစိတ်အပိုင်းတစ်ခုချင်းစီမှာ သဘာဝအလျောက်ဖြစ်ပေါ်လာသော မီးဒြပ်စင်အင်းကွက်တစ်ခုစီရှိနေပြီး သူတို့က ချစ်ချစ်တောက်ပူလောင်သော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေလေသည်။
ထိုအရိုးစုက ပြီးပြည့်စုံသည်ဟုဆိုနိုင်ပြီး ၎င်း၏ အစိတ်အပိုင်းတစ်ခုချင်းစီသည် အလွန်တရာလက်ရာမြောက်သော ကျောက်စိမ်းလက်ကောက်များကဲ့သို့ ချောမွတ်စွာကွေးညွတ်နေလေသည်။ အဲ့ဒါက တကယ့်ကို အံ့ဩချီးကျူးစရာကောင်းသော နတ်ဘုရားလက်ရာတစ်ခုဖြစ်လေသည်။
ထိုအရိုးစုနှင့်ဆိုပါက မီးကိုအခြေခံသော ဓမ္မပညာရပ်များ၏ စွမ်းအားကို သေချာပေါက် မြင့်တက်လာစေပေလိမ့်မည်။
တာအိုအရှင်အဆုံးစွန်မီးသည် အရိုးပုံသွင်းခြင်းဖြစ်စဥ် ပြီးမြောက်သွားသောအခါ စွမ်းအင်တော်တော်များများကို စုပ်ယူခဲ့လေသည်။
သူသည် အနားယူနေစဥ်အတွင်း ဆူဇီမိုကို အသေးစိတ်အချက်အလက်များ ဆက်ရှင်းပြနေခဲ့လေသည်။
“နောက်လာမယ့်ဖြစ်စဥ်ကတော့... ခန္ဓာမီးဆေးခြင်းပဲ...”
တာအိုအရှင်အဆုံးစွန်မီးက မလှမ်းမကမ်းတွင်ရှိသော စိတ်ဝိညာဥ်ရေကန်ကို လက်ညိုးထိုးပြလိုက်လေသည်။
“အဲ့ဒီစိတ်ဝိညာဥ်ရေကန်ထဲမှာ အသက်ဓာတ်အဆီအနှစ်ကို ထောက်ပံ့ပေးနိုင်တဲ့ စိတ်ဝိညာဥ်ဆေးပင်နဲ့ ဆေးလုံးတွေပါတယ်”
“လူတစ်ယောက်ရဲ့မျိုးဆက်သွေးကို အားဖြည့်ဖို့အတွက် ဒီအရိုးစုကို သုံးရမယ်... အဲ့ဒါက သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါနဲ့ တခြားအင်္ဂါတွေကို ဒီစိတ်ဝိညာဥ်ရေကန်ထဲမှာ ပျိုးထောင်နိုင်လိမ့်မယ်”
“ဒီဖြစ်စဥ်က အရမ်းကိုရှည်ကြာပြီးတော့... အရိုးစုပုံသွင်းခြင်းထက် ပိုပြီးတော့ကြာမြင့်လိမ့်မယ်”
တာအိုအရှင်အဆုံးစွန်မီးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် သူ့ဘေးတွင်ရှိသော အသစ်စက်စက် သိုလှောင်အိတ်တစ်အိတ်ကို လက်ညိုးထိုးပြလိုက်လေသည်။
“ဒီသိုလှောင်အိတ်ကို ယူထားလိုက်....”
ဆူဇီမိုက သိုလှောင်အိတ်ကို ကောက်ယူပြီး တစ်ချက်ကြည့်ကာ မူးဝေမတတ် ဖြစ်သွားရလေသည်။
ထိုသိုလှောင်အိတ်ထဲတွင် စိတ်ဝိညာဥ်ရေကန်ထဲရှိ ပစ္စည်းများနှင့် ထပ်တူညီသော စိတ်ဝိညာဥ်ဆေးပင်များနှင့်ဆေးလုံးများ မရေမတွက်နိုင်အောင် ရှိနေလေသည်။
ထိုမျှသာမက ဤသိုလှောင်အိတ်ထဲမှာ ထိပ်တန်းအဆင့် အရိုးမီးဆေးသတ္တုရိုင်းအချို့လည်း ရှိနေလေသည်။
“ဒါက.....”
ဆူဇီမိုက တာအိုအရှင်အဆုံးစွန်မီးကို ကြည့်လိုက်လေသည်။
ဤလက်ဆောင်က အရမ်းကိုတန်ဖိုးကြီးမားလေသည်။
သူက ဆန်းကြယ်တောင်ထွတ်မှာ ရှိသည့် ရတနာများအားလုံးကို ရောင်းချမည်ဆိုလျှင်တောင် ဤသိုလှောင်အိတ်လောက် တန်ဖိုးကြီးလိမ့်မည် မဟုတ်ပေ။
“သူတို့ ဒီပစ္စည်းတွေကို စုဆောင်းတုန်းက အသွန်းတစ်ရာဂိုဏ်းကို ပစ္စည်းနှစ်စုံစာစီ စုဆောင်းထားဖို့ ငါက အထူးတလည် ညွှန်ကြားခဲ့တယ်”
တာအိုအရှင်အဆုံးစွန်မီးက အဓိပ္ပါယ်ပါပါပြောလိုက်လေသည်။
“အဲ့ဒါကို ယူထားလိုက်... နောင်တစ်ချိန်ကျရင် မင်းက အဲ့ဒါကို လိုအပ်ချင် လိုအပ်လာလိမ့်မယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်လေသည်။
“ကောင်းပြီလေ.... အရိုးပုံသွင်းခြင်းပြီးရင်.. ခန္ဓာမီးဆေးခြင်း လာတယ်”
တာအိုအရှင်အဆုံးစွန်မီး၏ အမြုတေစိတ်ဝိညာဥ်က တဖျပ်ဖျပ်ဖြစ်သွားပြီး အရိုးစု၏ဦးခေါင်းပေါ်သို့ ရောက်ရှိသွားလေသည်။ သူက အရိုးစုကို ထိန်းချုပ်ပြီးစိတ်ဝိညာဥ်ရေကန်ထဲသို့ ဝင်ရောက်ကာ တင်ပျဥ်ခွေထိုင်ချလိုက်လေသည်။
ရွှစ်....
အကန့်အသတ်မဲ့သော အသက်ဓာတ်အမြုတေစီးကြောင်းတစ်ခုက သွေးနီရောင်အရိုးစုထဲသို့ တိုးဝင်လာလေသည်။
တစ်ချိန်တည်းမှာပင် တာအိုအရှင်အဆုံးစွန်မီးသည် သူ၏အမြုတေစိတ်ဝိညာဥ်နှင့်အတူ သူ၏ ဓမ္မစွမ်းအားများကို ထိန်းချုပ်ပြီး သူ၏ အရိုးများကို အဆက်မပြတ် တုန်ခါလာစေလေသည်။
ဝေါ....
ရိုးတွင်းခြင်ဆီ၏ စီးဆင်းသည့်အသံများကို သူ၏အရိုးထဲကနေ ကြားလိုက်ရသည်။
ခြင်ဆီရှင်းလင်းခြင်း...
ဆူဇီမိုသည် ထိုမြင်ကွင်းနှင့် အလွန်တရာရင်းနှီးလေသည်။
အန္တိမသားရဲနတ်ဆိုးကျင့်စဥ်မှာ ခြင်ဆီရှင်းလင်းခြင်းအပိုင်း ပါရှိလေသည်။
ကျားနှင့်ကျားသစ်တို့၏ အသံကိုသုံးပြီး သူ၏ခြင်ဆီကို သန့်စင်ကာ အသစ်စက်စက်မျိုးဆက်သွေးတစ်ခုကို ဖန်တီးနိုင်ခဲ့လေသည်။
သွေးနီရောင်အရိုးစုပေါ်တွင် ပုစဥ်းရင်ကွဲတောင်ပံများကဲ့သို့ ပါးလွှာသော ပန်းရောင်အသားစများက တဖြည်းဖြည်းပေါ်ထွက်လာခဲ့လေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏အရိုးများပေါ်ရှိအသားများက တဖြည်းဖြည်း ထူထဲလာခဲ့လေသည်။
တာအိုအရှင်အဆုံးစွန်မီး၏ ပုံသဏ္ဍာန်က တဖြည်းဖြည်းရုပ်လုံးပေါ်လာခဲ့လေသည်။
လျှို့ဝှက်ခန်းမက တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ထိုအချိန်တွင် အလယ်ပိုင်းတိုက်ရှိ ကျင့်ကြံရေးလောကမှာ သတင်းများက တစ်ခုပြီးတစ်ခု ပျံ့နှံ့သွားပြီး ရုတ်ရုတ်သဲသဲဖြစ်လာခဲ့ကြလေသည်။