မုန်တိုင်းတစ်ခုစတင်လာခြင်း
Vol. 65 Ch. 972
“လွန်ခဲ့တဲ့နှစ်တစ်ရာက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ် ဆူဇီမိုက ပြန်ရောက်လာပြီတဲ့...”
“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ ဆူဇီမိုက ယဲ့ထျန်းချန်၊ ပကတိအရှင်ဖန်းလန်နဲ့ နိုးထဝိညာဥ်ပြိုင်စံရှားတွေအများကြီးကို တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်... မူလနတ္ထိတာအိုသက်ရှိတွေတောင်မှ သူ့ကိုရှုံးနိမ့်ခဲ့ရတယ်.. အခုသူက နံပါတ်တစ်ပကတိအရှင်ဘွဲ့ကို ခံယူသွားပြီ”
“နှစ်တစ်ရာကြာအောင်မတွေ့ရတဲ့နောက် အဲ့ဒီပြန်ဝင်စားမွန်းစတားက အရင်ကထက်တောင် ပိုပြီး ကြောက်စရာကောင်းလာတာပဲ... သူက လက်ဖက်ရည်ဧည့်ခံပွဲမှာ သီယင်းကိုတောင် စစ်ကြေညာခဲ့တယ်”
“ကစဉ့်ကလျားအမြုတေဂိုဏ်းရဲ့ ပြိုင်စံရှားနှစ်ယောက်ထဲမှာ တစ်ယောက်ပဲ ကျန်တော့တယ်...”
ထိုသတင်းများက အလယ်ပိုင်းတိုက်၏ ကျင့်ကြံရေးလောကတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြလေသည်။
ထိုအခိုက်အတန့်တွင် အလယ်ပိုင်းတိုက်တစ်ဝှမ်းမှ ကျင့်ကြံသူများနှင့် အဖွဲ့အစည်းများသည် ထိုကိစ္စကိုသာ ဆွေးနွေးနေကြလေသည်။
“အဲ့လူက နှစ်တစ်ရာကြာအောင် ငြိမ်သက်နေခဲ့ပြီးတော့ အခုပြန်ရောက်လာတော့လည်း သူ့ရဲ့သွင်ပြင်လက္ခဏာက လုံးဝမပြောင်းလဲပါလား... သူက ပေါ်ပေါ်လာခြင်းပဲ အဖွဲ့အစည်းပေါင်းစုံကို ဆန့်ကျင်ခဲ့တယ်... ငါထင်တာတော့ သူက သိပ်ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်လောက်ဘူး”
“အဲ့လိုတော့ ပြောလို့မရလောက်ဘူး... ငါကြားတာ အသွန်းတစ်ရာဂိုဏ်းက သူ့ကိုအပြည့်အဝကာကွယ်ချင်စိတ်ရှိကြပုံပဲ”
“ဟီးဟီး.... အသွန်းတစ်ရာဂိုဏ်းက တစ်နေ့ထက်တစ်နေ့ကျဆင်းလာတာ... သူတို့ကိုယ်သူတို့တောင် ကာကွယ်နိုင်မှာမဟုတ်တော့ဘူး.. တခြားဘယ်သူ့ကို သူတို့က ကာကွယ်ပေးနိုင်ဦးမှာလဲ”
“အမှန်ပဲ... ထိပ်သီးဂိုဏ်းကြီးအချို့က တစ်ပြိုင်နက်တည်း ဖိအားပေးလာကြမယ်ဆိုရင် အသွန်းတစ်ရာဂိုဏ်းကလည်း အညံ့ခံရမှာပဲ... မဟုတ်ရင်.အသွန်းတစ်ရာဂိုဏ်းက ဖျက်ဆီးချေမှုန်းခံရလိမ့်မယ်”
“မင်းတို့ပြောတာက မပြည့်စုံသေးဘူး... ငါသတင်းအချို့ကြားထားတာ ရှိတယ်.. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပျောက်ဆုံးခဲ့တဲ့ ဓမ္မဝိသေသပညာရှင်တစ်ယောက်က အခု ပြန်ရောက်လာပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို တည်ဆောက်နေတယ်တဲ့...”
“ဂိုဏ်းတစ်ဂိုဏ်းရှင်သန်ဖို့အတွက် ဓမ္မဝိသေသပညာရှင်တွေက ဘယ်လောက်ထိ အရေးပါနိုင်မှာမို့လဲ..”
တစ်စုံတစ်ယောက်က အထင်သေးစွာဖြင့် သရော်လိုက်လေသည်။
“အဲ့ဒီဓမ္မဝိသေသပညာရှင်က အရမ်းထူးခြားနေလို့ပေါ့... ငါကြားတာ လွန်ခဲ့တဲ့ နှစ်ငါးထောင်က သူ့ရဲ့ဘွဲ့က တာအိုအရှင်အဆုံးစွန်မီးလို့ပြောတယ်...”
“တာအိုအရှင်အဆုံးစွန်မီးက ဘယ်သူလဲ... ငါသူ့ကို တစ်ခါမှမကြားဖူးဘူး”
“အဲ့ဒါသူပေါ့... လွန်ခဲ့တဲ့နှစ်ငါးထောင်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပုဂ္ဂိုလ်ပဲ... သူက အသက်ရှင်နေသေးတာပဲ”
ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲတွင် ဖြစ်ပျက်ခဲ့သောအကြောင်းများနှင့် ပတ်သက်သည့်သတင်းများသည် ပျံ့နှံသွားပြီး ထိုအချက်အလက်များမှ အမှန်တရားကို ကောက်ချတ်ချဖို့ သိပ်မခက်ခဲပေ။
ဘာပဲပြောပြော ရှေးဟောင်းအစီအရင်ဂိုဏ်းနှင့် ယန်ဆေးဂိုဏ်းမှ နှစ်ထောင်ပေါင်းများစွာ တစ်ကိုယ်တော်ကျင့်ကြံနေခဲ့ကြသော အကြီးအကဲနှစ်ယောက်နှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်သည် စာတစ်စောင်စီဖြင့် ဖိတ်ခေါ်ခြင်းခံခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် ဓားဂိုဏ်းတွင်...
အင်မော်တယ်တာအိုဓား၏ စံအိမ်...
တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်တို့၏ ကိုယ်ပွားများသည် သားရဲတစ်ထောင်တောင်ကြားမှာ ဖျက်ဆီးခံခဲ့ရပြီးနောက် သူတို့သည် တာအိုအရှင်အင်မော်တယ်ဓားနှင့် သူတို့၏ တာအိုနည်းစနစ်အသိပညာများကို ဖလှယ်ကြရင်း ထိုနေရာမှာ သုံးလကျော်ကြာအောင် နေထိုင်ခဲ့ကြလေသည်။
ပြီးခဲ့သည့်ရက်အနည်းငယ်တွင် သူတို့နှစ်ယောက်က ထွက်ခွာသွားဖို့ စိတ်ကူးမရှိကြသေးပေ။
သို့သော်လည်း သတင်းများက ဓားဂိုဏ်းသို့ တစ်ခုပြီးတစ်ခုရောက်ရှိလာပြီး သူတို့၏ အနားယူနေမှုကို ဟန့်တားနှောက်ယှက်ခဲ့လေသည်။
တာအိုအရှင်အင်မော်တယ်ဓားက အေးစက်စက်အမူအရာတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“တာအိုအရှင်အဆုံးစွန်မီးသာ မသေသေးဘူးဆိုရင် သားရဲတစ်ထောင်တောင်ကြားမှာ ငါတို့ကို တိုက်ခိုက်ခဲ့တဲ့သူက သူပဲ ဖြစ်လိမ့်မယ်”
“အံ့ဩစရာမရှိတော့ဘူးပဲ...”
တာအိုအရှင်တိမ်လွှာမိုးစက်က ပြောလိုက်လေသည်။
“မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဥ်တွေ တိုက်ခိုက်ကြတုန်းက အဲ့ဒီလူက မိုးပျံမြွေနဂါးမီးတောက်နတ်ဘုရားအမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်ခဲ့တာပဲ...”
“အဲ့လိုလည်းမဟုတ်လောက်ဘူး...”
နတ်မိမယ်နှင်းပွင့်က သူမ၏ခေါင်းကို ခါယမ်းလိုက်လေသည်။
“တာအိုအရှင်အဆုံးစွန်မီးက သူ့ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်နေတုန်းလို့ပြောတယ်... အဲ့ဒီတုန်းက ငါတို့တွေ့ခဲ့တဲ့လူက အသွေးအသားခန္ဓာကိုယ်တစ်ခုရှိတယ် ... အဲ့ဒါက သူမဖြစ်နိုင်ဘူး အဲ့ဒါက သိပ်ပြီးတော့ အဓိပ္ပါယ်ရှိမနေဘူး”
“ဒီနေရာမှာ တခြားတစ်စုံတစ်ယောက်ရှိမယ်ဆိုရင်တော့ သူက ဖြစ်ပျက်သမျှကို ရှင်းပြနိုင်လောက်တယ်... “
တာအိုအရှင်အင်မော်တယ်ဓား၏ အကြည့်က တဖျပ်ဖျပ်ဖြစ်သွားပြီး သူကမသိမသာ သွယ်ဝိုက်ပြောလိုက်လေသည်။
“ခင်ဗျားက ဘာကိုပြောချင်တာလဲ...”
နတ်မိမယ်နှင်းပွင့်နှင့် တာအိုအရှင်တိမ်လွှာမိုးစက်က သူ့ကိုလှည့်ကြည့်လိုက်ကြလေသည်။
“ဆူဇီမို.....”
တာအိုအရှင်အင်မော်တယ်ဓား၏ သွားကြားထဲမှ နာမည်တစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
နတ်မိမယ်နှင်းပွင့်နှင့် တာအိုအရှင်တိမ်လွှာမိုးစက်တို့က မျက်မှောင်ကြုတ်လိုက်ကြလေသည်။
“မကြာသေးခင်က နာမည်အကြီးဆုံးဖြစ်လာတဲ့ နံပါတ်တစ်ပကတိအရှင်ကိုပြောတာလား...”
တာအိုအရှင်တိမ်လွှာမိုးစက်က မျက်မှောင်ကြုတ်လိုက်လေသည်။
“သူပြန်ရောက်လာတဲ့အချိန်နဲ့ အဆုံးစွန်မီးပြန်ရောက်လာတဲ့အချိန်က တကယ့်ကို သွားပြီးတိုက်ဆိုင်နေတယ်... ဒါပေမယ့်လို့ အဲ့ဒါက သူနဲ့ဘာပတ်သက်လို့လဲ”
တာအိုအရှင်အင်မော်တယ်ဓားက သူ၏မျက်လုံးကိုမှေးကျဥ်းပြီး တင်းမာခက်ထန်စွာဖြင့် ပြောလိုက်လေသည်။
“ဒီ့အရင်က ပြန်ဝင်စားမွန်းစတားဆူဇီမိုက ပြန်ရောက်လာပြီးတဲ့နောက် အလွန်တရာကြောက်စရာကောင်းတဲ့ ဓားပညာရပ်တစ်ခုကို တတ်မြောက်ထားတယ်လို့ ငါတို့ဓားဂိုဏ်းက တပည့်တွေပြောတာ ငါကြားခဲ့ရတယ်”
“ကျန့်ဝူကျုံးနဲ့ ဟန်ချိုးယွီလို ဓားဂိုဏ်းက ထိပ်တန်းအဆင့် ပြိုင်စံရှားတွေတောင် သူ့ရဲ့ဓားချက်မှာ အသက်ခံရလုနီးပါးပဲ... “
သူတို့နှစ်ယောက်က တွေဝေရှုပ်ထွေးနေဆဲဖြစ်သည်ကို တာအိုအရှင်အင်မော်တယ်ဓားမြင်သောအခါ သူက ခဏမျှ စဥ်းစားချင့်ချိန်ပြီးနောက် လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။
“ကိစ္စက ဒီအခြေအနေထိရောက်လာမှတော့ ငါမင်းတို့ကို ဆက်ပြီးတော့ ဖုံးကွယ်မထားတော့ပါဘူး”
“အရင်တုန်းက သားရဲတစ်ထောင်တောင်ကြားမှာရှိတဲ့ ရတနာအတွက်တိုက်ခိုက်ဖို့ ခင်ဗျားတို့နှစ်ယောက်ကို ကျုပ်အကူအညီတောင်းခဲ့တယ်မလား... တကယ်တော့ အဲ့ဒါက ဓားပညာရပ်တစ်ခုပဲ.. အဲ့ဒါက ရှေးဟောင်းဓားပညာရပ်သုံးခုထဲက တစ်ခုပဲ...”
“အာ....”
နတ်မိမယ်နှင်းပွင့်နှင့် တာအိုအရှင်တိမ်လွှာမိုးစက်တို့က တုန်လှုပ်မှုဖြင့် အံ့အားတသင့်ရေရွတ်လိုက်လေသည်။
ရှေးဟောင်းဓားပညာရပ်သုံးခုက အရမ်းကို နာမည်ကြီးကျော်ကြားလေသည်။
တာအိုအရှင်အင်မော်တယ်ဓားက မုန်းတီးစွာဖြင့် ပြောလိုက်လေသည်။
“ငါထင်ထားတဲ့အတိုင်းပဲ... အဲ့ဒီဓားပညာရပ်က ဆူဇီမိုရဲ့လက်ထဲကို ရောက်သွားတာဖြစ်ရမယ်”
“ငါသိပြီ...”
တာအိုအရှင်တိမ်လွှာမိုးစက်က နားလည်သဘောပေါက်သွားခဲ့လေသည်။
“သားရဲတစ်ထောင်တောင်ကြားမှာ ငါတို့ကိုတိုက်ခိုက်ခဲ့တာက ဆူဇီမိုရဲ့ ခန္ဓာကိုယ်နဲ့ တာအိုအရှင်အဆုံးစွန်မီးရဲ့ အမြုတေစိတ်ဝိညာဥ်လို့ ခင်ဗျားပြောချင်တာမလား...”
“အမှန်ပေါ့...”
တာအိုအရှင်အင်မော်တယ်ဓားက ခေါင်းညိတ်လိုက်လေသည်။
“ကျုပ်ရဲ့ သားရဲချိပ်စည်းကားချပ်က အဲ့ဒီလူရဲ့ ဓမ္မစွားအားကြောင့် ဖိနှိမ်ခံခဲ့ရတာမဟုတ်ဘူး... အဲ့ဒီအစား ဆူဇီမိုရဲ့ နတ်ဖီးနစ်အရိုးကြောင့် ဖိနှိမ်ခံခဲ့ရတာပဲ... အဲ့ဒါကြောင့် သားရဲချိပ်စည်းကားချပ်က အလွယ်တကူပါသွားခဲ့တာ”
“ဒီဂျူနီယာက တော်တော်သတ္တိကောင်းနေတာပဲ..”
တာအိုအရှင်အင်မော်တယ်ဓား၏ အမူအရာက အေးစက်လာပြီး သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားပေ။
သူ၏ကိုယ်ပွားသည် ဖျက်ဆီးခံခဲ့ရပြီး လက်ဗလာနှင့် ပြန်လာခဲ့ရလေသည်။ သူသည် နတ်မိမယ်နှင်းပွင့်နှင့် တာအိုအရှင်တိမ်လွှာမိုးစက်တို့ကို ဖိတ်ခေါ်ဖို့အတွက် ရတနာများစွာကိုပင် အသုံးပြုခဲ့ရလေသည်။ ဤရက်များအတွင်း သူ့စိတ်ထဲမှာ စုစည်းလာခဲ့သော မကျေမချမ်းမှုများအားလုံးကို ဆူဇီမိုပေါ်သို့ ပုံချလိုက်လေသည်။
“ဘာလဲ... ခင်ဗျားက အဲ့ဒီကောင်လေးနဲ့ စာရင်းသွားရှင်းချင်နေတာလား”
တာအိုအရှင်တိမ်လွှာမိုးစက်က မျက်ခုံးပင့်ပြီး ပြုံးစစဖြင့် မေးလိုက်လေသည်။
တာအိုအရှင်အင်မော်တယ်ဓားက အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်လေသည်။
“ကျုပ်အဲ့ဒါကို အရင်ကလည်း ပြောပြီးပြီပဲ... အဲ့ဒီလူဘယ်သူဆိုတာ ကျုပ်သိမယ်ဆိုရင် သူ့ကိုဘယ်လိုပဲဖြစ်ဖြစ် ကျုပ်သတ်ရမယ်”
“အဲ့ဒါဆိုလည်း ခင်ဗျားက မြန်မြန်လှုပ်ရှားမှ ဖြစ်မယ်”
တာအိုအရှင်တိမ်လွှာမိုးစက်က ညင်သာစွာပြုံးလိုက်လေသည်။
“ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲပြီးတဲ့နောက် အဲ့ဒီကောင်လေးက ကြီးမားတဲ့ကပ်ဘေးတစ်ခုကို အမှန်တကယ်ပဲဖြစ်စေခဲ့တယ်... ယဲ့ထျန်းချန်၊ ပကတိအရှင်ဖန်းလန်နဲ့ မူလနတ္ထိတွေတောင်မှာ သေဆုံးခဲ့ရတယ်... အင်မော်ဂိုဏ်းတွေက အခုဆိုရင် လှုပ်ရှားမှုစနေလောက်ပြီ”
“တာအိုအရှင်အဆုံးစွန်မီးနဲ့ အသွန်းတစ်ရာဂိုဏ်းတဲ့လား...”
တာအိုအရှင်အင်မော်တယ်ဓားက လှောင်ရယ်လိုက်လေသည်။
“အဲ့ဒီကို ငါကိုယ်တိုင်သွားလည်မယ်... အသွန်းတစ်ရာဂိုဏ်းက ဘယ်လိုမျိုးတုံ့ပြန်လာမလဲ ကြည့်ရသေးတာပေါ့... ထိပ်သီးဂိုဏ်းကြီးတွေရဲ့ ဖိအားကို သူတို့က ခံနိုင်ရည်ရှိမယ်လို့တော့ ငါမထင်ဘူး”
“ညီကိုတိမ်လွှာမိုးစက်... ခင်ဗျားရော ကျုပ်နဲ့လိုက်ခဲ့ပါလား...”
တာအိုအရှင်အင်မော်တယ်ဓားက စိတ်ရင်းမှန်ကန်သော အမူအရာတစ်ခုဖြင့် လှည့်မေးလိုက်လေသည်။
တာအိုအရှင်အင်မော်တယ်ဓားသည် သူ၏အရှိန်အဝါကို ငှားရမ်းအသုံးပြုချင်သည့်အတွက် သူ့ကိုဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း တာအိုအရှင်တိမ်လွှာမိုးစက်က သိထားလေသည်။ သို့သော်လည်း သူက မငြင်းပယ်ခဲ့ပေ။
သူက ဆူဇီမိုကိုစိတ်မဝင်စားပေ။
သို့သော်လည်း နှစ်ငါးထောင်ကြာမြင့်ပြီးနောက် တစ်ခါက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်နေရာကို ရယူခဲ့ပြီး သူ့ကိုဖိနှိမ်ခဲ့ဖူးသော တာအိုအရှင်အဆုံးစွန်မီးက ဘာတွေပြုလုပ်နေမလဲ သူက တွေ့မြင်ချင်လေသည်။
“နှင်းပွင့်... ခင်ဗျားမှာ တခြားလုပ်စရာမရှိဘူးဆိုရင် ခင်ဗျားလည်း ကျုပ်တို့နဲ့လိုက်ခဲ့ပါလား...”
တာအိုအရှင်အင်မော်တယ်ဓားက နတ်မိမယ်နှင်းပွင့်ကိုပါ ဖိတ်ခေါ်လိုက်လေသည်။
“ဒါပေါ့...”
နတ်မိမယ်နှင်းပွင့်က ခေါင်းညိတ်၍ ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။
“ဒါပေမယ်လို့ ကျွန်မက ရှင့်ကိုကူညီချင်လို့ အဲ့ဒီကို လိုက်ခဲ့မှာမဟုတ်ဘူးနော်.. ဆူဇီမိုနဲ့ တာအိုအရှင်အဆုံးစွန်မီးကို ကျွန်မက စပ်စုကြည့်ချင်ရုံပဲ”
“ကဲ... အချိန်ဖြုန်းနေလို့မဖြစ်ဘူး.. အခုပဲလှုပ်ရှားကြရအောင်”
တာအိုအရှင်အင်မော်တယ်ဓားသည် သူ၏စံအိမ်ထဲကနေ အပြင်သို့ခုန်ထွက်လိုက်လေသည်။
သူအပြင်ဘက်သို့ ရောက်ရှိသည့်ခဏမှာပင် ခပ်လှမ်းလှမ်းကနေ ဓားအလင်းတန်းတစ်ခုက ပျံသန်းလာပြီး တာအိုအရှင်အင်မော်တယ်ဓား၏ ရှေ့မှာဆင်းသက်လိုက်လေသည်။ အဲ့ဒါက တဖျပ်ဖျပ်လွင့်နေသော အဖြူရောင်ဝတ်ဆုံနှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမ၏ ကျောထက်တွင် ဓားရှည်တစ်လက်ကို လွယ်ထားလေသည်။ သူမက ချောမောလှပပြီး သူရဲကောင်းဆန်သော အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။ အဲ့ဒါက ဓားဂိုဏ်း၏ ဓမ္မဝိသေသပညာရှင် ချင်ဖျန်ရန်ဖြစ်လေသည်။
“စီနီယာအစ်ကို... ကျွန်မတို့ဂိုဏ်းက တာအိုသက်ရှိဟန်ကျန်းက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ အသတ်ခံခဲ့ရတယ်... အသွန်းတစ်ရာဂိုဏ်းကိုသွားပြီး တရားခံကို ခေါ်လာခဲ့ဖို့ ဆရာက ကျွန်မကိုပြောလိုက်တယ်”
ချင်ဖျန်ရန်က နတ်မိမယ်နှင်းပွင့်ကို ရန်လိုစိတ်တစ်စွန်းတစ်နှင့်ကြည့်ရင်း ထိုစကားကို ပြောလိုက်လေသည်။
တာအိုအရှင်အင်မော်တယ်ဓားက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်လေသည်။
“အဲ့ဒါဆိုလည်း ကျုပ်တို့အတူသွားကြတာပေါ့... မင်းလည်းလိုက်ခဲ့လေ..”
ဘာစကားမှပြောမနေပဲ သူတို့လေးယောက်သည် သူတို့၏ ဓမ္မလက်နက်များကို ဆင့်ခေါ်ထုတ်ပြီး မိုးကုပ်စက်ဝိုင်းတစ်နေရာဆီသို့ ပျံသန်းသွားကြလေသည်။ သိပ်မကြာမီ သူတို့သည် ဓားဂိုဏ်းအထက်ကနေပျောက်ကွယ်သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဇင်ယော်ဂိုဏ်း ၊ ကစဉ့်ကလျားအမြုတေဂိုဏ်းနှင့် မိုးကြိုးလေပြည်နန်းတော်မှ ဓမ္မဝိသေသတာအိုအရှင်များသည် သတ်ဖြတ်လိုသောအော်ရာများနှင့်အတူ ပေါ်ထွက်လာပြီး အသွန်းတစ်ရာဂိုဏ်းဘက်သို့ ထွက်ခွာသွားကြလေသည်။
အခြားသောဂိုဏ်းများနှင့် အဖွဲ့အစည်းများကလည်း ထူးဆန်းစွာပြုမူလှုပ်ရှားနေကြလေသည်။
အလယ်ပိုင်းတိုက်မှာ မုန်တိုင်းတစ်ခုက အစပျိုးလာခဲ့လေပြီ…