← Chapters

တာအိုအရှင်များ ရောက်ရှိလာမှု

Vol. 65 Ch. 973

တာအိုအရှင်များ ရောက်ရှိလာမှု

Vol. 65 Ch. 973

အသွန်းတစ်ရာဂိုဏ်းတွင်..

တာအိုအရှင်အဆုံးစွန်မီးသည် သူ၏ ပုံသွင်းခြင်းဖြစ်စဉ်ကို အဆုံးသတ်ခါနီးနေပြီဖြစ်ပြီး ဆက်လက်၍ အန္တရာယ်မရှိနိုင်တော့ပေ။ သူလုပ်စရာရှိသည့် တစ်ခုတည်းသော အရာမှာ စောင့်ဆိုင်းဖို့ပင်။

ဆူဇီမိုက တိတ်တဆိတ် ထွက်ခွာလာခဲ့လေသည်။

ခန်းမအပြင်ဘက်တွင်.. တာအိုအရှင်ကြယ်သွေးနီနှင့် အသွန်းတစ်ရာဂိုဏ်းမှ အခြားသော ကျင့်ကြံသူများက စောင့်ကြပ်နေရုံသာမကဘဲ မျှော်လင့်မထားသော အန္တရာယ်များကို ကြိုတင်ကာကွယ်ဖို့အတွက် အကြီးအကဲကူက အစီအရင်ဝင်္ကပါတစ်ခုကို ကိုယ်တိုင်ပင် ခင်းကျင်းပေးထားလေသည်။

ဆူဇီမိုသည် လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မည်သည့်အရာကိုမှ မမြင်နိုင်ပေ။

သို့သော်လည်း ခန်းမ၏ တစ်ထောင့်တစ်နေရာတိုင်းတွင် စွမ်းအားကြီးသော သက်ရှိများ ရှိနေသည်ကို သူက ဝိုးတဝါး ခံစားမိလေသည်။ တကယ်ဆို.. တိတ်တဆိတ်နှင့် စောင့်ကြပ်နေသူများက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင် ဖြစ်နိုင်လေသည်။

တာအိုအရှင်အဆုံးစွန်မီး၏ မွေးဖွားပေါ်ထွက်လာမည်ကို လူတိုင်းက စောင့်ဆိုင်းနေကြလေသည်။

တကယ်ဆို ဆူဇီမိုသည် ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ ပြိုင်စံရှားအချို့ကို သတ်ဖြတ်ခဲ့ပြီးနောက် ထွက်ခွာသွားဖို့ ပြင်ဆင်ခဲ့လေသည်။ သူက သူ့အတွက်ကြောင့် အသွန်းတစ်ရာဂိုဏ်းကို မငြိစွန်းစေလိုပေ။

ပြီးခဲ့သည့် နှစ်များအတွင်း.. သူက ဆန်းကြယ်တောင်ထွတ်သို့ ပြန်မသွားခဲ့သည်မှာလည်း ထိုအကြောင်းကြောင့်ပင်။ သူ့အတွက်ကြောင့် သူတို့ကို ဒုက္ခမရောက်စေလိုပေ။

သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးက သူ့ကို ဆွဲထားဆဲဖြစ်လေသည်။

“ဂိုဏ်းချုပ်.. အာဏာရှင်ဧကရာဇ်တောင်တန်းက တာအိုအရှင်ကျားနီက ဒီကို အလည်အပတ်ရောက်ရှိလာပါတယ်”

သိပ်မကြာမီ.. အသွန်းတစ်ရာဂိုဏ်းကျင့်ကြံသူတစ်ယောက်က သတင်းစကား ပေးပို့လာလေသည်။

“သူ့ကို အရှေ့ဘက်ခန်းမထဲမှာ နေရာချပေးထားလိုက်”

တာအိုအရှင်အဖြူရောင်မီးတောက်က အဲဒါကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး အမိန့်တစ်ခု ပေးလိုက်လေသည်။

အာဏာရှင်ဧကရာဇ်တောင်တန်းသည် အဆင့်မြင့်ဂိုဏ်း ၁၀၈ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်ပြီး ကျင့်ကြံရေးလောကတွင် သူတို့၏ အဆင့်အတန်းက တစ်သီးပုဂ္ဂလလေးအုပ်စု၏ အောက်မှာ ဖြစ်လေသည်။ အသွန်းတစ်ရာဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူက သူတို့ကို ကိုယ်တိုင်ဧည့်ခံပေးလိမ့်မည် မဟုတ်ပေ။

“ဟားဟား.. ကြည့်ရတာတော့ အဆင့်မြင့်ဂိုဏ်း အချို့ကတောင် အခြေအနေအပေါ် အမြတ်ထုတ်ဖို့ ကြိုးစားနေကြပြီပဲ”

တာအိုအရှင်ကြယ်သွေးနီက လှောင်ရယ်လိုက်လေသည်။

ခဏနေပြီးနောက်.. နောက်ထပ် အသွန်းတစ်ရာဂိုဏ်းသားတစ်ယောက်က လှမ်းဝင်လာပြီး လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“ဂိုဏ်းချုပ် ဒြပ်စင်ငါးမျိုးဂိုဏ်းက တာအိုအရှင် ကောင်းကင်ပင်လယ်က အလည်အပတ် ရောက်ရှိလာပါတယ်”

“အင်း.. သူတို့ အကုန်လုံးကို အရှေ့ဘက်ခန်းမထဲမှာ နေရာချပေးလိုက်”

တာအိုအရှင်အဖြူရောင်မီးတောက်က ခေါင်းညိတ်လိုက်လေသည်။

သိပ်မကြာမီ.. နောက်ထပ် အသွန်းတစ်ရာဂိုဏ်းသား ကျင့်ကြံသူတစ်ယောက်က ရောက်ရှိလာပြီး သတင်းစကား ပေးပို့လိုက်လေသည်။

“ဂိုဏ်းချုပ်.. မိုးကြိုးလေပြေနန်းတော်က တာအိုအရှင်မီးတိမ်က ဒီကိုရောက်ရှိလာပါတယ်”

တာအိုအရှင်အဖြူရောင်မီးတောက်၊ တာအိုအရှင်ကြယ်သွေးနီနှင့် အခြားသူများသည် ရင်တစ်ချက်ထိတ်သွားကြလေသည်။

သူတို့က နောက်ဆုံးမှာ ရောက်ရှိလာခဲ့လေပြီ။

အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်းမှ ဓမ္မဝိသေသများက ရန်လိုသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်လေသည်။

“ဂိုဏ်းချုပ်.. ကောင်းကင်စင်ရော်ဂိုဏ်းက တာအိုအရှင် ပျက်စီးခြင်းကောင်းကင်ကလည်း ဒီကိုရောက်ရှိလာပါတယ်”

“ဂိုဏ်းချုပ်.. ကစဉ့်ကလျားအမြုတေဂိုဏ်းက တာအိုအရှင်နေတိမ်ကလည်း ဒီကိုရောက်ရှိလာပါတယ်”

“ပုံသဏ္ဌာန်မဲ့ကျောင်းတော်က ကိုယ်တော်ခုန်းဝမ်ကလည်း ဒီကိုရောက်ရှိလာပါတယ်”

“ပညာဉာဏ်အလင်းကျောင်းတော်က ကိုယ်တော်လျောင်မင်းကလည်း ဒီကိုရောက်ရှိလာပါတယ်”

ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် ထိပ်သီးဂိုဏ်းကြီးများ ရောက်ရှိလာမှုကို ကြားရပြီးတာတောင်.. တာအိုအရှင်အဖြူရောင်မီးတောက်က ဣန္ဒြေရနေဆဲပင်။

“ဂိုဏ်းချုပ်.. တာအိုအရှင် အင်မော်တယ်ဓား၊ နတ်မိမယ်နှင်းပွင့်နဲ့ တာအိုအရှင် တိမ်လွှာမိုးစက်တို့က အတူတကွ ရောက်ရှိလာကြပါတယ်”

နောက်ထပ် သတင်းတစ်ခုက ထပ်မံရောက်ရှိလာခဲ့လေသည်။

နောက်ဆုံးမှာတော့.. တာအိုအရှင်အဖြူရောင်မီးတောက်၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

ရှေ့တွင် ရောက်ရှိလာကြသော ဓမ္မဝိသေသများသည် နာမည်တစ်ခုရှိကြသော်လည်း သူတို့က ဤပုဂ္ဂိုလ်သုံးယောက်နှင့် မနှိုင်းယှဉ်နိုင်ပေ။

တာအိုအရှင် တိမ်လွှာမိုးစက်သည် လွန်ခဲ့သည့် နှစ်ငါးထောင်က ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တွင် ဒုတိယပုဂ္ဂိုလ် ဖြစ်လေသည်။

နတ်မိမယ်နှင်းပွင့်သည် လွန်ခဲ့သည် နှစ်နှစ်ထောင်က ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လေသည်။

တာအိုအရှင် အင်မော်တယ်ဓားသည် ယခင် ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ပေါ်က နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လေသည်။

ဒါ့အပြင် သူတို့သုံးယောက်သည် တိမ်လွှာမိုးစက်ဂိုဏ်း၊ နှင်းပုံတောင်ကြားနှင့် ဓားဂိုဏ်းတို့၏ မည်ကာမတ္တတပည့်များ ဖြစ်ကြလေသည်။

“တာအိုအရှင် အင်မော်တယ်ဓား ဒီကိုရောက်လာတာက နားလည်လို့ရတယ်.. ဒါပေမဲ့လို့ နတ်မိမယ်နှင်းပွင့်နဲ့ တာအိုအရှင် တိမ်လွှာမိုးစက်က ဘာလို့ ပါလာရတာလဲ”

တာအိုအရှင်ကြယ်သွေးနီက မျက်မှောင်ကြုတ်လိုက်လေသည်။

တာအိုအရှင်အဖြူရောင်မီးတောက်က လူတိုင်းဘက်ကိုလှည့်၍ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်လေသည်။

“ဒီကိစ္စကို ကျုပ် သွားကိုင်တွယ်ရမယ်.. အားလုံးပဲ ဒီကနေ စောင့်နေကြပါ”

“မင်းက အရင်ဆုံး ထွက်မလာနဲ့ဦး.. ဆရာဘိုးဘိုး အဆုံးစွန်မီး ရောက်လာတာကို စောင့်နေလိုက်”

တာအိုအရှင်အဖြူရောင်မီးတောက်က မထွက်ခွာခင် ဆူဇီမိုကို သတိပေးလိုက်လေသည်။

“ကျုပ်က ခင်ဗျားနဲ့ လိုက်ခဲ့မယ်”

တာအိုအရှင်ကြယ်သွေးနီက ထိုသို့ပြောရင်း တာအိုအရှင်အဖြူရောင်မီးတောက်နှင့်အတူ အရှေ့ဘက်သို့ ထွက်ခွာသွားလေသည်။

အရှေ့ဘက်ခန်းမတွင်..

ခန်းမက အလွန်တရာ ကျယ်ဝန်းပြီး သတ္တုများဖြင့် ပြုလုပ်ထားကာ သန့်စင်နေလေသည်။ အဲဒါက သတ္တုဆန်သော အသွင်အပြင်များဖြင့် ပြည့်နှက်နေပြီး ဖျက်ဆီးလို့ မရနိုင်သည့်ပုံပေါ်လေသည်။

များစွာသော ကျင့်ကြံသူများက ခန်းမထဲမှာ နေရာယူထားကြလေပြီ။

သူတို့တစ်ယောက်ချင်းစီသည် စွမ်းအားကြီးသော အော်ရာများနှင့် အထင်မသေးဝံ့သော စွမ်းအားများ ရှိကြလေသည်။

အသွန်းတစ်ရာဂိုဏ်းမှ တပည့်ဂိုဏ်းသားများသည် လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံပေးနေကြလေသည်။ သူတို့သည် ဤအရေးကြီးသော ပုဂ္ဂိုလ်များကို ဆန့်ကျင်မိမည် စိုးရိမ်သောကြောင့် တုန်တုန်ရီရီ ဖြစ်နေကြလေသည်။

နန်းကုန်လင်း၊ လျှိုဟန်ယန်နှင့် ရူရွှမ်တို့ကလည်း ခန်းမထဲမှာ ရှိနေကြလေသည်။

ရောက်ရှိလာသော ဓမ္မဝိသေသ တာအိုအရှင်များသည် ထိုင်ခုံအသီးသီးမှာ နေရာယူထားကြလေသည်။

အမြင့်ဆုံးတွင်ရှိသော ထိုင်ခုံများမှာ​ နေရာယူထားကြသူများက တာအိုအရှင် အင်မော်တယ်ဓား၊ နတ်မိမယ်နှင်းပွင့်နှင့် တာအိုအရှင် တိမ်လွှာမိုးစက်တို့ ဖြစ်ကြလေသည်။

တိမ်လွှာမိုးစက်ဂိုဏ်းသည် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း လက်ရှိ ဓမ္မဝိသေသ တာအိုအရှင်များထဲ မည်သူကမှ တာအိုအရှင် တိမ်လွှာမိုးစက်ကို ရန်စပြောဆိုရဲခြင်း မရှိပေ။

ကျင့်ကြံရေးလောကတွင် ခွန်အားကသာ အရာရာဖြစ်လေသည်။

များစွာသော ဓမ္မဝိသေသ တာအိုအရှင်များ ဤနေရာမှာ စုဝေးလာကြသည့်အတွက် အဲဒီမှာ အပြန်အလှန် နှုတ်ဆက်ပြောဆိုမှုများ ရှိကြလေသည်။

တကယ်တော့ သူတို့ ဤနေရာကို ရောက်နေရသည့် အကြောင်းရင်းကို လူတိုင်းက သိထားကြလေသည်။ စကားစမြည် အနည်းငယ် ပြောဆိုပြီးနောက် သူတို့က တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။

သူတို့အားလုံး၏ အမူအရာများက သုန်မှုန်နေကြလေသည်။

ခန်းမထဲရှိ လေထုက အနည်းငယ် တင်းကျပ်လာခဲ့လေသည်။

ဒေါင်..

ရုတ်တရက်.. အာဏာရှင်ဧကရာဇ်တောင်တန်းမှ တာအိုအရှင်ကျားနီက သူ၏ ကြီးမားသည့် လက်ဝါးဖြင့် သတ္တုစားပွဲပေါ်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

လက်ဖက်ရည်ဖြင့် ဧည့်ခံပေးနေသော ရူရွှမ်သည် အထိတ်တလန့် ဖြစ်သွားလေသည်။ သူမက လက်ဖက်ရည်ခွက်ကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ်သို့ လွတ်ကျ၍ ကွဲကြေသွားခဲ့လေသည်။

“မင်းတို့ရဲ့ အသွန်းတစ်ရာဂိုဏ်းက ဘာတွေလုပ်နေတာလဲ”

တာအိုအရှင်ကျားနီက တောင့်တင်းခိုင်မာသော တည်ဆောက်ပုံရှိပြီး သူ၏ခန္ဓာကိုယ်ကို နှစ်ပေါင်းများစွာ မီးဆေးထားခဲ့လေသည်။ သူသည် အလွန်တရာ အရပ်မြင့်မားပြီး ခွန်အားဗလတောင့်တင်း၍ သူ၏ မျက်လုံးများက ကြေးခေါင်းလောင်းများနှင့် ဆင်တူနေလေသည်။ သူက ဘေးနားတွင်ရှိသော ရူရွှမ်ကို စိုက်ကြည့်ပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ငေါက်ငမ်းလိုက်လေသည်။

“ဒီလောက်များတဲ့ ဓမ္မဝိသေသ တာအိုအရှင်တွေက အသွန်းတစ်ရာဂိုဏ်းကို အလည်လာတာတောင် ငါတို့ကို ဧည့်ခံဖို့အတွက် နင်တို့လို ကလေးတွေကိုပဲ စေလွှတ်ရသလား.. အသွန်းတစ်ရာဂိုဏ်းက ဧည့်သည်တွေကို ဘယ်လိုမျိုး ပြုမူဆက်ဆံနေတာလဲ”

တာအိုအရှင်ကျားနီ၏ စကားသံက ရူရွှမ်၏နားထဲတွင် ခေါင်းလောင်းထိုးသံကဲ့သို့ တဝီဝီမြည်နေပြီး သူမ၏ခေါင်းက မူးဝေနောက်ကျိလာလေသည်။

နန်းကုန်လင်းနှင့် လျှိုဟန်ယန်သည် သူတို့၏ စိတ်ခံစားချက်များကို သည်းခံပြီး ရူရွှမ်ကို ကပျာကယာ ဖေးမလိုက်လေသည်။

“ဂျူနီယာတွေကို အနိုင်ကျင့်ရတာ မင်းတို့ကိုယ်မင်းတို့ ရှက်စရာကောင်းတယ်လို့ မခံစားရဘူးလား”

ခန်းမအပြင်ဘက်ကနေ အေးစက်စက် လှောင်ရယ်သံတစ်သံက ထွက်ပေါ်လာပြီး တာအိုအရှင်ကြယ်သွေးနီက လျှောက်လှမ်းဝင်ရောက်လာခဲ့လေသည်။

ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်က သူ၏တပည့်ကို အနိုင်ကျင့်နေသည်ကို မြင်သောအခါ.. တာအိုအရှင်ကြယ်သွေးနီက ဒေါသထွက်သွားပြီး သူ၏လေသံက မာဆတ်ဆတ် ဖြစ်နေလေသည်။

“ဟီးဟီး.. အဲ့လိုမှမဟုတ်ရင် အသွန်းတစ်ရာဂိုဏ်းက မင်းတို့တွေက ဘယ်လောက်ကြာကြာ ပုန်းကွယ်နေကြမလဲ ဘယ်သူသိမှာလဲ”

တာအိုအရှင်ကျားနီက ရယ်မောလိုက်လေသည်။

ဒြပ်စင်ငါးမျိုးဂိုဏ်းမှ တာအိုအရှင် ကောင်းကင်ပင်လယ်ကလည်း ထူးဆန်းသော လေသံဖြင့် ထပ်ပြောလိုက်လေသည်။

“အဲဒါ အမှန်ပဲ.. အသွန်းတစ်ရာဂိုဏ်းက သတ္တိကြောင်ပြီးတော့ ပုန်းကွယ်နေမယ်ဆိုရင် ငါတို့ ဒီကိုရောက်လာတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”

“ကောင်းကင်ပင်လယ်.. ကျားနီ.. မင်းတို့ အခုရောက်နေတာ အသွန်းတစ်ရာဂိုဏ်းနော်.. မင်းတို့ရဲ့ စကားတွေကို ဆင်ခြင်ပြော”

တာအိုအရှင် အဖြူရောင်မီးတောက်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ဟာ.. တော်တော် အထင်ကြီးစရာ ကောင်းတာပဲ”

တာအိုအရှင်မီးတိမ်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းက ဖျပ်ခနဲလက်သွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“အသွန်းတစ်ရာဂိုဏ်းက တစ်လောကလုံး ပြစ်တင်ရှုံ့ချနေတာတောင် မိစ္ဆာသားရဲတစ်ကောင်ကို လက်ခံထားရဲတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ”

“တာအိုရောင်းရင်း မီးတိမ်.. ခင်ဗျားက ဘာကိုပြောချင်တာလဲ”

တာအိုအရှင် အဖြူရောင်မီးတောက်က မှင်သေသေဖြင့် မေးလိုက်လေသည်။

“ဟန်ဆောင်မနေစမ်းပါနဲ့”

ကောင်းကင်စင်ရော်ဂိုဏ်း၏ တာအိုအရှင် ပျက်စီးခြင်းကောင်းကင်က ဖြည်းဖြည်းချင်း ထရပ်​ပြီး ပြောလိုက်လေသည်။

“အဖြူရောင်မီးတောက်.. ဆူဇီမိုကို ထုတ်ပေး.. အဲဒါဆိုရင် အသွန်းတစ်ရာဂိုဏ်းက တစ်သီးပုဂ္ဂလလေးအုပ်စုထဲကနေ တစ်စုအနေနဲ့ မင်းတို့ရဲ့ ဂုဏ်အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ကောင်း ထိန်းသိမ်းထားနိုင်လိမ့်မယ်.. မဟုတ်ရင်တော့ အသွန်းတစ်ရာဂိုဏ်းက ဖျက်ဆီးခံရလိမ့်မယ်”

“အော်မီတောဖော”

ပုံသဏ္ဌာန်မဲ့ကျောင်းတော်မှ ကိုယ်တော်ခုံးဝမ်က သူ၏လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီး မျက်လွှာချကာ ပြောလိုက်လေသည်။

“ဒကာ အဖြူရောင်မီးတောက်.. ကျုပ်တို့ ဗုဒ္ဓဂိုဏ်းတွေက တခြားသူတွေနဲ့ တိုက်ခိုက်ဖို့ အမြဲရှောင်ရှားခဲ့တယ်”

“ဒါပေမဲ့လို့ အဲဒီ ဆူဇီမိုက သေချာပေါက် လူကောင်းတစ်ယောက် မဟုတ်ဘူး.. သူက လူသားမျိုးနွယ်ရဲ့ ပြိုင်စံရှားတွေကို ထင်တိုင်းကြဲ သတ်ဖြတ်ခဲ့ပြီးတော့ ဗုဒ္ဓဂိုဏ်းတွေရဲ့ အထွတ်အထိပ် ရတနာတစ်ခုဖြစ်တဲ့ ဖန်တီးခြင်းကြာပဒုမ္မာကိုတောင် သူ့ကိုယ်ကျိုးအတွက် ယူဆောင်သွားခဲ့တယ်.. သူက သေသင့်တယ်”

တာအိုအရှင် အဖြူရောင်မီးတောက်က လှောင်ရယ်မောလိုက်လေသည်။

“ကိုယ်တော်ခုံးဝမ်.. ခင်ဗျားက တကယ့်ဘုန်းကြီးအစစ်​ကော ဟုတ်ရဲ့လား.. ဆူဇီမိုက အသင်္ချေနယ်မြေမြို့တော်မှာ လူသားဧကရာဇ်နဲ့ နတ်မိမယ်လင်းလုံရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတယ်.. သူက ပြိုင်စံရှားတွေရဲ့ ကပ်ဘေးကို တစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းခဲ့တယ်.. သူက သေချာပေါက် လူသားတစ်ယောက်ပဲ”

“နောက်ပြီး ဖန်တီးခြင်းကြာပဒုမ္မာဆိုတာ ပဟေဠိနန်းတော်ကနေ သူ့ကို ဆုလာဘ်အဖြစ် ချီးမြှင့်ခဲ့တဲ့ ရတနာတစ်ခုပဲ.. အဲဒါက ဘယ်လိုဖြစ်လို့ ဗုဒ္ဓဂိုဏ်းတွေ ပိုင်ဆိုင်တဲ့ တစ်စုံတစ်ရာ ဖြစ်သွားရတာလဲ”

“အဖြူရောင်မီးတောက်..”

ရုတ်တရက် တာအိုအရှင် အင်မော်တယ်ဓားက ပြောလိုက်လေသည်။

ချက်ချင်းပင် ခန်းမတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်ပေါ်ရှိ နံပါတ်တစ် တာအိုအရှင်ကို မည်သူကမှ မထင်မသေးရဲကြပေ။

“သူ့ကို ထုတ်ပေး.. အသွန်းတစ်ရာဂိုဏ်းက သူ့ကို မကာကွယ်နိုင်ဘူး”

တာအိုအရှင် အင်မော်တယ်ဓားက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ပြောရမယ်ဆိုရင် ငါက အသွန်းတစ်ရာဂိုဏ်းကို အခုပဲ အတင်းဝင်ရောက်ပြီးတော့ သူ့ကို ခေါ်ထုတ်သွားရလိမ့်မယ်.. ဘယ်သူ ငါ့ကို တားရဲမလဲ.. ဘယ်သူ ငါ့ကို တားနိုင်မလဲ”

သူ၏ စကားလုံးများက အလွန်တရာ စီးပိုးခြယ်လှယ်သော်လည်း မည်သူကမှ သူ့ကို မေးခွန်းမထုတ်ရဲကြပေ။

တာအိုအရှင် အင်မော်တယ်ဓား၏ တိုက်ခိုက်ရည်ခွန်အားအရ သူက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုပင် တိုက်ခိုက်နိုင်ကောင်းလေသည်။

တာအိုအရှင် တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်တို့က သူနှင့်အတူ ပူးပေါင်းတိုက်ခိုက်မည်ဆိုလျှင် သူတို့၏ တိုက်ခိုက်ရေးခွန်အားက အလွန်တရာ ကြောက်စရာကောင်းလာပေလိမ့်မည်။ အသွန်းတစ်ရာဂိုဏ်းက အဲဒါကို ခံနိုင်ရည်မရှိဘူးဆိုလျှင် ကြီးကြီးမားမား နစ်နာဆုံးရှုံးရပေလိမ့်မည်။

ဒါ့အပြင် တာအိုအရှင် အင်မော်တယ်ဓားသည် ဓားဂိုဏ်း၏ မည်ကာမတ္တ တပည့်တစ်ယောက်ဖြစ်ပြီး ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ်လည်း ဖြစ်လေသည်။ အသွန်းတစ်ရာဂိုဏ်းက သူ့ကို သတ်ဖြတ်ရဲခြင်း မရှိပေ။

“မင်းက အသွန်းတစ်ရာဂိုဏ်းထဲကို အတင်းဝင်ရောက်လာရဲရင်.. ငါက မင်းကို သတ်..ပစ်မယ်”

ထိုစဉ်မှာပင် အေးစက်၍ စွမ်းအားကြီးသော အသံတစ်သံက ခန်းမ၏ အပြင်ဘက်ကနေ ထွက်ပေါ်လာခဲ့လေသည်။

All Chapters